အခန်း ၁၁၂
Vol. 12 Ch. 112
အခန်း (၁၁၂) ဂျူနီယာညီမလေး လဲ့ယန်... ငါတို့ ပြန်တွေ့ကြပြန်ပြီနော်
*ကောင်းပြီ၊ လူသစ်စုဆောင်းတာက ပထမဆုံး တာဝန်ပဲ ရှိသေးတယ်။ အတိုင်းအတာကို ချဲ့ထွင်ဖို့ လူသစ်စုဆောင်းရတဲ့ အကြောင်းရင်းက အနာဂတ်မှာ ပိုက်ဆံရှာရ ပိုလွယ်ကူသွားအောင်လို့ပဲ…။*
အနည်းငယ် ရပ်တန့်သွားပြီးနောက် လင်းဖန်သည် သူ၏ အတွေးများကို စုစည်းကာ ဆက်ပြောလိုက် သည်။
"ငါတို့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေကို အနာဂတ်ကျရင် ဌာနခွဲများစွာအဖြစ် ခွဲခြားသွားမယ်…။"
"ဥပမာအနေနဲ့ ပြောရရင် ဆေးရတနာ မျှော်စင်က ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို ရောင်းချဖို့ တာဝန်ယူပြီး၊ အစောင့်အရှောက် မျှော်စင်ကတော့ ပြဿနာဖြစ်စေမယ့် ကိစ္စရပ်တချို့ကို ဖြေရှင်းပေးဖို့ တာဝန်ယူရမယ်…။"
"အနာဂတ်မှာ လုပ်ကြံသတ်ဖြတ်ရေးတာဝန်တွေကို ယူမယ့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တွေ၊ ငါတို့ သန့်စင်ရာမြေရဲ့ အားသာချက်တွေကို အသုံးချပြီး ကုန်ပစ္စည်းတွေ ပို့ဆောင်ပေးမယ့် ပို့ဆောင်ရေး အဖွဲ့တွေလည်း ရှိလာလိမ့်ဦးမယ်..."
"အတိုချုပ်ပြောရရင် ဌာနအားလုံးက ပိုက်ဆံရှာဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ လည်ပတ်ပြီး ငါတို့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေကို အမြတ်အစွန်း အများဆုံးရနိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာ အောင် တည်ဆောက်သွားဖို့ပဲ…။"
လင်းဖန်၏ အဆုံးမရှိသော အနာဂတ် မျှော်မှန်းချက်များကို နားထောင်ရင်း ထယ်ကျူးနှင့် အခြား နှစ်ယောက်တို့သည် မျက်လုံးများ အရောင်လက်ကာ နားထောင်နေကြလေသည်။
မှန်ပေသည်။ ဤမှော်ဆန်လှသော သန့်စင်ရာမြေကို အထောက်အပံ့တစ်ခုအနေဖြင့် အသုံးပြု၍ သူတို့ သည် အကျိုးအမြတ်များသော စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နိုင်ပေသည်။ အထူးသဖြင့် လင်းဖန် ခုနကပြောသွားသော ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပင်ဖြစ်သည်။
ဟင်းလင်းပြင် သန့်စင်ရာမြေ၏ အဖွဲ့ဝင်များသည် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးအနှံ့ ပြန့်ကျဲသွား ပြီးနောက်။ ဟင်းလင်းပြင် သန့်စင်ရာမြေကို ကြားခံအကူးအပြောင်း နေရာတစ်ခုအဖြစ် အသုံးပြုခြင်း ဖြင့် ဒေသဖြတ်ကျော် ကုန်စည်ပို့ဆောင်ခြင်းနှင့် စီးပွားရေး အရောင်းအဝယ်အမျိုးမျိုးကို မယုံနိုင် လောက်အောင် လွယ်ကူသွားစေမည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် သန့်စင်ရာမြေအပေါ် သူတို့၏ သက်ဝင်ယုံကြည်မှုသည် အဆင့် သစ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ ဆိုင်ကို ပိတ်မထားခဲ့သောကြောင့် လင်းဖန်နှင့် အခြားသူများသည် ဟင်းလင်းပြင် သန့်စင်ရာမြေထဲတွင် အကြာကြီး မနေဘဲ ပြန်ထွက်လာခဲ့ကြသည်။
အဖွဲ့ ပြန်ထွက်လာပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ဆိုင်ထဲမှ တိုက်ရိုက်ပင် ထွက်ခွာသွား ကြသည်။သူတို့၏ ဤခရီးစဉ် ရည်ရွယ်ချက်မှာ သူတို့၏ လွတ်လပ်သည့် ကျင့်ကြံသူ သူငယ်ချင်းအချို့ ကို ဆက်သွယ်ပြီး ဟင်းလင်းပြင် သန့်စင်ရာမြေသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ရန်ဖြစ်သည်။
ထယ်ကျူးတွင် သူငယ်ချင်း များများစားစား မရှိသောကြောင့် သဘာဝကျကျပင် သူသည် ဆိုင်စောင့်ရန် ကျန်ရစ်ခဲ့သူ ဖြစ်လာခဲ့သည်။ ဤကိစ္စရပ်များကို စီစဉ်ပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင် သန့်စင် ရာမြေသို့ နောက်တစ်ကြိမ် ပြန်လည် ဝင်ရောက်သွားခဲ့သည်။
သူသည် ကျောက်ချမှတ် လုပ်ဆောင်ချက်ကို စမ်းသပ်ရန် ကျုံးကျိုးသို့ ခရီးတစ်ခေါက်သွားရန် စီစဉ် ထားသည်။ ဤစမ်းသပ်မှုတွင် လင်းဖန်သည် လီလဲ့ယန်၏ ဟင်းလင်းပြင် အဆောင်ပြားကို ပစ်မှတ် အဖြစ် ရွေးချယ်လိုက်သည်။
လင်းဖန်က ကျောက်ချမှတ် လုပ်ဆောင်ချက်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့တွင် အာကာသကူးပြောင်းရေး တံခါးပေါက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ စနစ်ကို ယုံကြည်သောကြောင့် လင်းဖန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လင်းဖန်သည် အာကာသ ကူးပြောင်းရေး တံခါးပေါက်ကို ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့မှ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားခဲ့တော့သည်။
သူ ရပ်နေသော နေရာသည် လိုဏ်ဂူတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ လိုဏ်ဂူတစ်ခုလုံးကို ပန်းရောင်အလှဆင်ပစ္စည်း အမျိုးမျိုးဖြင့် အတော်လေး လှပစွာ ပြင်ဆင်ထားသည်။ ၎င်းသည် ကျင့်ကြံ သူတစ်ယောက် နေထိုင်သင့်သော လိုဏ်ဂူတစ်ခုဖြစ်ကြောင်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲ လှပေသည်။
လိုဏ်ဂူ၏ ပိုင်ရှင်ဖြစ်သော လီလဲ့ယန်သည် အတွင်းတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေလေသည်။
သူမ၏ အမူအရာကို ကြည့်ပြီးနောက် လင်းဖန်သည် သူမ၏ ကျင့်ကြံမှုကို ရုတ်တရက် နှောင့်ယှက်ရန် မရဲပေ။ ထိုသို့လုပ်ဆောင်ပါက ကျင့်ကြံမှု လမ်းလွဲကာ တန်ပြန်သက်ရောက်မှု ဖြစ်စေနိုင်သောကြောင့် ဖြစ်ပေသည်။ ထိုသို့ တန်ပြန်သက်ရောက်မှု ဖြစ်ပေါ်နိုင်ခြေ အလွန်နည်းပါးသော်လည်း လင်းဖန်က စွန့်စားရန် မရဲသေးပေ။
သူ၏ အမြင်တွင် လီလဲ့ယန်သည် အချိန်အကြာကြီး ကျင့်ကြံမှုအပေါ် ဇွဲရှိရှိ တောင့်ခံနိုင်သူ တစ်ယောက် မဟုတ်သေးပေ။
*ဒီနေရာမှာ ခဏလောက် စောင့်နေလိုက်တာပေါ့…။*
ထင်ထားသည့်အတိုင်းပင် နာရီဝက်ခန့် အကြာတွင် ကျင့်ကြံနေသော လီလဲ့ယန်သည် ရုတ်တရက် အကြောဆန့်လိုက်သည်။
ဆိုလိုသည်မှာ သူမ၏ လက်ရှိ ကျင့်ကြံမှု ပြီးဆုံးသွားပြီဖြစ်သည်။
"ဂျူနီယာညီမလေး လဲ့ယန်... ငါတို့ ပြန်တွေ့ကြပြန်ပြီနော်…။"
သူမ၏ နောက်ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လီလဲ့ယန် လန့်သွားခဲ့သည်။ ထို့နောက် သူမ နောက်သို့ အမြန်လှည့်ကြည့်လိုက်၏။
လီလဲ့ယန်သည် လင်းဖန်ဖြစ်နေသည်ကို မြင်သောအခါ မယုံကြည်နိုင်စွာဖြင့် သူမ၏ မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။ သူမ အမြင်မှားခြင်းမဟုတ်ကြောင်း အထပ်ထပ် အတည်ပြုပြီးနောက် လီလဲ့ယန် သည် လင်းဖန် ဤနေရာသို့ မည်သို့ရောက်လာသနည်းဟု တွေးတောနေရန် အချိန်မရှိတော့ပေ။
သူမသည် ချက်ချင်းပင် ဝမ်းသာအားရ ပြေးသွားကာ လင်းဖန်ကို ရင်းနှီးစွာ ဖက်လိုက်လေသည်။
"စီနီယာအစ်ကို လင်းဖန်... ကျွန်မ အိပ်မက်မက်နေတာလား။ ရှင်က ကျွန်မရဲ့ ကျင့်ကြံခြင်းဂူထဲကို ဘယ်လိုလုပ် ရောက်လာတာလဲ…။"
တစ်ဖက်လူ၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ လင်းဖန်က ရိုးရှင်းစွာ ရှင်းပြလိုက် သည်။
"ဟင်းလင်းပြင် တိုကင်ပြားကို မှတ်မိတယ်မလား။ ငါ့ရဲ့ မြင့်မြတ်သောမြေမှာ လုပ်ဆောင်ချက် အသစ် တစ်ခု ရလာတယ်။ အဲဒါက ဘယ်အဆောင်ပြားရှိတဲ့ နေရာကိုမဆို ချက်ချင်း ကူးပြောင်းသွား ရောက်နိုင် တဲ့ လုပ်ဆောင်ချက်ပဲ…။"
လင်းဖန်၏ ရှင်းပြချက်ကို ကြားသောအခါ လီလဲ့ယန် အံ့အားသင့်သွားသော်လည်း သူမ ဆက်မမေး တော့ပေ။
"ဒါ အရမ်းကောင်းတာပေါ့။ ဆိုလိုတာက စီနီယာအစ်ကို လင်းဖန် အနေနဲ့ အင်မော်တယ်တိမ်တိုက် ဂိုဏ်းကို လာချင်တဲ့အချိန်တိုင်း အချိန်မရွေး လာလို့ရပြီပေါ့…။"
"လာပါ... စီနီယာအစ်ကို လင်းဖန်ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်း အနှံ့ အရင်ဆုံး လိုက်ပြပေးမယ်..။"
ထိုသို့ပြောပြီးနောက် လီလဲ့ယန်သည် လင်းဖန်၏ လက်ကိုဆွဲကာ လိုဏ်ဂူထဲမှ ထွက်သွားလေသည်။
"ဂျူနီယာညီမလေး လဲ့ယန်... မလောပါနဲ့ဦး။ ဦးလေးလီနဲ့ တခြားသူတွေကို အရင်သွားနှုတ်ဆက်ပါရစေ။ ကြိုမပြောထားဘဲ ရုတ်တရက်ကြီး ဒီလိုပေါ်လာတာက သိပ်တော့ မသင့်တော်ဘူးလားလို့လေ…"
လင်းဖန်သည် လီယွမ်ဖေးနှင့် အခြားသူများကို အတော်လေး ရင်းနှီးသော်လည်း အင်မော်တယ် တိမ်တိုက်ဂိုဏ်းနှင့်မူ မရင်းနှီးပေ။ ထို့အပြင် လီယွမ်ဖေးနှင့် သူ၏အဖွဲ့က အင်မော်တယ်တိမ်တိုက်ဂိုဏ်း ထဲတွင် မည်သည့် အဆင့်အတန်းမျိုးရှိနေသည်ကိုလည်း မသိရသေးပေ။
*ငါ ရုတ်တရက် ပေါ်လာတာကို ကြိုမပြောထားဘူးဆိုရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လူတွေက ငါ့ကို ကျူးကျော်လာတဲ့ ရန်သူလို့ ထင်သွားနိုင်တယ်…။*
*အဲဒါက ဦးလေးလီနဲ့ တခြားသူတွေကိုတောင် ပြဿနာထဲ ဆွဲသွင်းသလို ဖြစ်သွားနိုင်တယ်…။*
သဘာဝကျကျပင် လီလဲ့ယန်က လင်းဖန်၏ စကားကို ကန့်ကွက်စရာ အကြောင်းမရှိပေ။
"ကောင်းပြီ၊ ဒါဆိုရင် ဒီမှာပဲ စောင့်နေကြတာပေါ့။ ကျွန်မ ဖေဖေ့ကို ချက်ချင်း လာခဲ့ဖို့ အကြောင်းကြား လိုက်မယ်…။"
ထိုသို့ပြောပြီးနောက် လီလဲ့ယန်သည် ဖခင်ဖြစ်သူထံသို့ သတင်းပို့လိုက်လေသည်။
သတင်းစကားကို လက်ခံရရှိပြီး မကြာမီပင် လီယွမ်ဖေးသည် မယုံကြည်နိုင်သော အမူအရာဖြင့် လိုဏ်ဂူ သို့ ရောက်ရှိလာခဲ့လေသည်။
"ရှောင်လင်း... တကယ်ပဲ မင်းကိုး။ ခုနက လဲ့ယန် သတင်းပို့လိုက်တော့ ငါ မယုံနိုင်သေးဘူး ဖြစ်နေတာ။"
အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော လီယွမ်ဖေး၏ ကျင့်ကြံမှုကို မြင် သောအခါ လင်းဖန် အတော်လေး အံ့အားသင့်သွားသည်။
*ဒီလောက် တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ အဆင့်တက်သွားတာပဲ…။*
*ဗဟုသုတနဲ့ အတွေ့အကြုံတွေကို စုဆောင်းထားပြီးမှ သူ့ရဲ့ အစွမ်းအစ အပြည့်အဝကို ထုတ်ဖော်လိုက် တဲ့ အခြေအနေမျိုးများလား…။*
*ဒါမှမဟုတ် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ထူးခြားတဲ့ အခွင့်အရေး တစ်ခုခုများ ရခဲ့တာလား…။*
"ဟားဟား... အခြေတည်စိတ်ဝိညာဉ်အဆင့်ကို တက်လှမ်းသွားတဲ့အတွက် ဂုဏ်ယူပါတယ် ဦးလေးလီ... တကယ်ကို အထင်ကြီးစရာပဲ…။"
လင်းဖန်၏ ဂုဏ်ပြုစကားကို ကြားသောအခါ လီယွမ်ဖေး၏ မျက်နှာပေါ်တွင်လည်း ပျော်ရွှင်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သို့သော် သူ ချက်ချင်းပင် တစ်ခုခုကို သတိပြုမိသွားသည်။
*ငါ အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားတာကို လင်းဖန် ဘယ်လိုလုပ် သိနေတာလဲ…။*
သို့သော် သူ၏ဘေးမှ လီလဲ့ယန်ကို မြင်လိုက်ရသောအခါ သူ နားလည်သွားသည်။ သူ၏အမြင်တွင် သူ့သမီးဖြစ်သူက လင်းဖန်ကို ပြောပြလိုက်ခြင်းဖြစ်မည်ဟု ထင်သွားလေသည်။
"အင်း... အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ပြန်ရောက်လာတာက ငါ့ရင်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေတဲ့ စိတ်အထုံးအဖွဲ့ကို ပြေပျောက်သွားစေတယ်။ ဒါကြောင့် ကျင့်ကြံမှုကလည်း သဘာဝကျကျပဲ တိုးတက် သွားတာပါ…။"
"နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အတွေ့အကြုံတွေရယ်၊ ဆရာ့ဆီက အကူအညီတချို့ရယ်ကြောင့် ငါ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ရောက်သွားတာပါ…။"
"ရှောင်လင်း... ပိုက်ဆံရှာဖို့ တစ်ခုတည်းကိုပဲ အာရုံမစိုက်နေနဲ့၊ မင်းရဲ့ ကျင့်ကြံမှုအဆင့် တိုးတက်ဖို့ကို လည်း ကြိုးစားအားထုတ်ရမယ်နော်…။"
ထိုသို့ပြောပြီးနောက် လီယွမ်ဖေးသည် လင်းဖန်ကို ကြည့်ကာ သူ၏ ကျင့်ကြံမှုအဆင့်ကို စတင် စစ်ဆေး ကြည့်လိုက်လေသည်။ ပုံမှန်အခြေအနေများအောက်တွင် အခြားသူတစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို စူးစမ်းခြင်းမှာ ရိုင်းပျရာကျပေသည်။
သို့သော် လင်းဖန်ကို ဂျူနီယာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သော လီယွမ်ဖေးက လင်းဖန်ကို သူစိမ်းတစ်ယောက်ကဲ့သို့ လုံးဝ သဘောမထားပေ။ ထိုအချိန်က သူ၏ အပြုအမူမှာ လူကြီးတစ်ယောက် က လူငယ်တစ်ယောက်ကို ပညာရေးအခြေအနေအကြောင်း မေးမြန်းနေသည်နှင့် တူနေသည်။
လီယွမ်ဖေး စစ်ဆေးလိုက်သောအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံးက ဖြည်းညင်းစွာဖြင့် သံသယအဖြစ်သို့ ပြောင်းလဲသွားသည်။
"ရှောင်လင်း... ငါ မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို အကဲခတ်လို့ မရဘူးဖြစ်နေတယ်။ မင်းရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားဖို့ မှော်ပစ္စည်းတစ်ခုခု သုံးထားတာလား…။"
"ဟင်... မဟုတ်ပါဘူး။ အော် ဟုတ်သားပဲ ကျွန်တော့ရဲ့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုက ဦးလေးလီထက် ပိုမြင့်နေလို့ ဦးလေး အကဲခတ်လို့ မရတာ ဖြစ်ပါလိမ့်မယ်…။"
ထိုသို့ပြောရင်း လင်းဖန်သည် သူ၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုကို လီယွမ်ဖေးအား ထုတ်ဖော်ပြသလိုက်လေသည်။
လင်းဖန်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုရှိသည့် ရောင်ဝါစွမ်းအင်ကို ခံစားလိုက်ရသောအခါ လီယွမ်ဖေး သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
*ငါ... ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်ခဲ့လို့ တော်တော်လေး အထင်ကြီးစရာ ကောင်းနေပြီလို့ ထင်ထားတာ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ... အပြင်လောကမှာ ဒီလို ကျွမ်းကျင်သူတွေ ရှိနေသေးတာပဲ…။*
လီယွမ်ဖေး၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါ လင်းဖန်မှာလည်း အနည်းငယ် နေရ ခက်သွားမိသည်။
"ဟီးဟီး... ငါ့ရဲ့ ကျင့်ကြံမှုတိုးတက်ဖို့က ဒီလောက် လွယ်ကူလိမ့်မယ်လို့ ငါကိုယ်တိုင်လည်း မထင် ထားခဲ့ဘူး။ ရေအေးအေးလေး သောက်လိုက်ရသလိုပဲ ငါလည်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်သွားတာ…။"
လင်းဖန်၏ ဒေါသထွက်စရာကောင်းလှသော စကားများကို ကြားပြီးနောက် လီယွမ်ဖေးမှာ စိတ်တည် ငြိမ်သွားရန် အချိန်အတော်ကြာ ယူလိုက်ရလေသည်။
"ရှောင်လင်း... မင်း ကျင့်ကြံတာ ဒီလောက်တောင် မြန်နေတာ လျှို့ဝှက်ချက် တစ်ခုခုများ ရှိလို့လား။ ငါတို့ရဲ့ လဲ့ယန်ကို မင်းရဲ့ အတွေ့အကြုံလေးတွေ ဝေမျှပေးလို့ ရမလား…။"
လီယွမ်ဖေး၏ စကားကို ကြားသောအခါ လင်းဖန်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး အကြံတစ်ခု ရလာ သည်။
"ဦးလေးလီ... လျှို့ဝှက်ကျင့်စဉ်တော့ မရှိပါဘူး။ ဒါပေမဲ့ လျှို့ဝှက်နယ်မြေ တစ်ခုတော့ ရှိတယ်…။"
"တကယ်လို့ ဂျူနီယာညီမလေး လဲ့ယန်က သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို တိုးတက်ချင်တယ်ဆိုရင် ငါ့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေကို ပြောင်းလာတာက ပိုမကောင်းဘူးလား…။"
"အဲဒီက ပတ်ဝန်းကျင် အနေအထားအရဆိုရင် ကျင့်ကြံဖို့ မလုပ်နိုင်ရင်တောင် ကျင့်ကြံမှု တိုးတက်လာ တဲ့နှုန်းက ဒီမှာ တံခါးပိတ်ကျင့်ကြံနေရတာထက် အများကြီး ပိုမြန်လိမ့်မယ်…။"