အခန်း ၁၁၄
Vol. 12 Ch. 114
အခန်း (၁၁၄) လျှပ်စီးငါးချက် နှင်တံ
"ဦးလေးလီ... ဘာမှ ဆက်ပြောနေစရာ မလိုတော့ပါဘူး။ ချင်းယွင်ဂိုဏ်းက တာအိုရဲဘော်ရဲဘက်တွေ သာ ငါ့ရဲ့ အင်အားစုအသစ်ထဲကို ဝင်ရောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါက ဝမ်းမြောက်ဝမ်းသာ လက်ခံမှာ ပါ…။"
လင်းဖန်၏ အဖြေကြောင့် လီယွမ်ဖေး၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ရှောင်လင်း... သူတို့ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။"
"စိတ်မပူပါနဲ့၊ သူတို့ ဝင်ရောက်လာပြီးတာနဲ့ လိုအပ်တဲ့ ကန့်သတ်ချက်စည်းမျဉ်းတွေကို မင်း ယုံယုံကြည် ကြည်နဲ့ ချမှတ်နိုင်ပါတယ်…။"
လီယွမ်ဖေး ပြောဆိုသော ကန့်သတ်ချုပ်ချယ်မှု နည်းလမ်းများဆိုသည်မှာ ထိုအင်အားကြီး အဖွဲ့အစည်း များက ဂိုဏ်းအတွင်းရှိ လူတစ်ဦးချင်းစီအပေါ် ကန့်သတ်ချက်များ ပြုလုပ်ရန် အသုံးပြုသော နည်းလမ်း များထက် မပိုပေ။
လင်းဖန်က ပြုံး၍ ပြန်လည်တုံ့ပြန်လိုက်သည်။
"ဦးလေးလီ... ချင်းယွင်ဂိုဏ်းက တာအိုရဲဘော်ရဲဘက်တွေကို ငါ တော်တော်လေး ယုံကြည်ပါတယ်။ အဖွဲ့ဝင်တဲ့အခါမှာ သစ္စာစကားဆိုရုံနဲ့ လုံလောက်ပါပြီ ကန့်သတ်ချက်တွေ မရှိပါဘူး…။"
လင်းဖန်၏ စကားကြောင့် လီယွမ်ဖေး အံ့အားသင့်သွားသည်။
"ရှောင်လင်း... ငါ ချင်းယွင်ဂိုဏ်းက ကလေးတွေကို ယုံကြည်ပေမယ့် ကြီးမားတဲ့ အင်အားစုတစ်ခုအဖြစ် တိုးတက်ချင်တယ်ဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ လိုအပ်တဲ့ နည်းလမ်းတချို့တော့ ရှိဖို့လိုသေးတယ်…။"
"အရင်တုန်းက ငါ သူတို့ကို မကန့်သတ်ခဲ့ရတဲ့ အကြောင်းရင်းက အဲဒီအချိန်တုန်းက ငါ့ရဲ့ အင်အားကို တိုးတက်ဖို့ အာရုံမစိုက်ခဲ့လို့ပဲ…။"
လီယွမ်ဖေး၏ မျက်နှာပေါ်ရှိ အလေးအနက်ဖြစ်နေသော အမူအရာကို မြင်သောအခါ လင်းဖန် ခေါင်းခါ လိုက်သည်။
"ဦးလေးလီ... ဘာမှ ဆက်ပြောစရာ မလိုတော့ပါဘူး။ ဒီကိစ္စကို ဒီမှာပဲ ထားလိုက်ကြရအောင်။ ငါ့ရဲ့ အဖွဲ့အစည်းက ဂိုဏ်းတွေနဲ့ မတူဘူး၊ ကန့်သတ်ချက်တွေ အဲဒီလောက် အများကြီး မရှိပါဘူး…။"
သေချာသည်ပေါ့... လင်းဖန် ဤသို့ပြောရခြင်းမှာ အလုပ်ခန့်ထားမှု စာချုပ်အပေါ် သူ ယုံကြည်မှုရှိ သောကြောင့်ပင်ဖြစ်လေ၏။
လီယွမ်ဖေး မသိသောအရာမှာ လင်းဖန် ပြုလုပ်ခိုင်းသော သစ္စာဆိုခြင်းသည် မည်သည့် ကန့်သတ်ချုပ် ချယ်မှု နည်းလမ်းထက်မဆို များစွာ ပိုမို အစွမ်းထက်သည်ဟူသောအချက်ပင် ဖြစ်သည်။
လင်းဖန် ဤမျှ ပြတ်သားနေသည်ကို မြင်သောအခါ လီယွမ်ဖေး ဆက်မပြောတော့ပေ။
တကယ်လို့ အနာဂတ်မှာ ချင်းယွင်ဂိုဏ်းက တပည့်တွေထဲက တစ်ယောက်ယောက်က သစ္စာဖောက်ဖို့ ကြံစည်လာခဲ့ရင် သူကိုယ်တိုင် ဂိုဏ်းကို သန့်စင်ဖို့ ကိုယ်တိုင်ကိုယ်ကျ အရေးယူဆောင်ရွက်မယ်ဟု သာစိတ်ထဲကနေ တွေးလိုက်သည်။
ထိုသို့ဖြင့် လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ အဖွဲ့ဝင် လေးယောက်သာ ရှိခဲ့သော ဟင်းလင်းပြင် သန့်စင် ရာမြေသည် ကြီးမားကျယ်ပြန့်သော အဖွဲ့အစည်းတစ်ခုအဖြစ် အလျင်အမြန် ကြီးထွားလာခဲ့သည်။
သို့သော် ဒါတင်မကသေးပေ။ လီယွမ်ဖေးတွင် နောက်ထပ် အကြံတစ်ခု ရှိနေပုံရသည်။
"ရှောင်လင်း... ထျန်းဟော်ဂိုဏ်းနဲ့ အင်မော်တယ်စုံတွဲဂိုဏ်းက လူတွေကိုရော မင်း စုဆောင်းဦးမှာလား။"
ဤမေးခွန်းအတွက် လင်းဖန်၏ အဖြေမှာ သေချာပေါက် အပြုသဘောဆောင်ပေသည်။
"ဦးလေးလီက သူတို့ကိုပါ ဝင်လာအောင် ဖိတ်ခေါ်နိုင်မယ်လို့ ယုံကြည်ချက်ရှိလို့လား…။"
လီယွမ်ဖေးသည် အလွန်ယုံကြည်မှုရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့... ငါ ယုံကြည်တာပေါ့။ သူတို့ရဲ့ အခြေအနေကလည်း ငါတို့နဲ့ အတူတူပါပဲ။ မင်း သဘောတူသရွေ့ သူတို့က ဒီလိုကောင်းတဲ့ အခွင့်အရေးမျိုးကို သေချာပေါက် ငြင်းမှာ မဟုတ်ဘူး…။"
လီယွမ်ဖေး၏ ယုံကြည်မှုအပြည့်ရှိသော စကားများကို ကြားသောအခါ။ လင်းဖန်သည် အနည်းငယ်မျှ ပင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်လေတော့သည်။
"ငါက ပါရမီရှင်တွေကို အရမ်းအလိုရှိနေတာလေ…။"
ဤလူများမှာ အရည်အချင်း သိပ်မရှိကြသော်လည်း လင်းဖန်၏ အင်အားစုသည် အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဖြစ်ပြီး တိုက်ခိုက်မှုများ များစွာ ပါဝင်မည်မဟုတ်ပေ။
ထို့အပြင် တိုက်ခိုက်မှုများ ရှိလာခဲ့လျှင်ပင် မတူညီသော အဆင့်များရှိသည့် အစောင့်အရှောက်ရုပ်သေး အချို့ကို အသုံးပြုလိုက်ရုံသာဖြစ်သည်။
ထို့ပြင် လင်းဖန်၏ ဟင်းလင်းပြင် သန့်စင်ရာမြေရှိ စိတ်ဝိညာဉ်စွမ်းအင် သိပ်သည်းဆကို ထည့်သွင်း စဉ်းစား ပါက သူတို့၏ အရည်အချင်း အနည်းငယ် ညံ့ဖျင်းနေလျှင်ပင် ဘာကို ကြောက်ရွံ့စရာ ရှိမည် နည်း။
ထို့အပြင် လင်းဖန်သည် အရည်အချင်းကို မြှင့်တင်ပေးနိုင်သည့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးများကို ဖော်စပ်နိုင်စွမ်း ရှိသည်။ ထိုသို့တွေးမိပြီးနောက် လင်းဖန်သည် လီယွမ်ဖေးအား ထျန်းဟော်ဂိုဏ်းနှင့် အင်မော်တယ်စုံတွဲဂိုဏ်းကို ပိုမိုလွယ်ကူစွာ စည်းရုံးနိုင်ရန် ကူညီပေးချင်သွားသည်။
ထို့ကြောင့် လီယွမ်ဖေးကို ကြီးမားသော ကတိတစ်ခုပေးကာ တစ်ဆင့်စကားဖြင့် သွားရောက်ပြောဆို စေရန် သူတို့ စီစဉ်လိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်အင်အားစု အခြေစိုက်စခန်းသည် အလုပ်ခန့်ထားမှု စာချုပ်ရှိသော ကုမ္ပဏီတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့်ဖြစ်သည်။
*သူဌေးတစ်ယောက်အနေနဲ့ ငါက ကြီးမားတဲ့ ကတိတွေပေးနိုင်တဲ့ အရည်အချင်းမျိုး သေချာပေါက် ရှိဖို့လိုတာပေါ့…။*
"ဦးလေးလီ... ငါ့ရဲ့ မြင့်မြတ်သောနယ်မြေက ဘယ်လိုထူးခြားချက်တွေ ရှိတယ်ဆိုတာ အခု ဦးလေး သိသွားပြီပဲ။ ဒီနေရာက ငါနဲ့ ချိတ်ဆက်ထားပြီး ငါနဲ့အတူ အဆင့်တက်နိုင်တယ်လေ…။"
"ငါ အင်မော်တယ်ဘုံကို တက်လှမ်းသွားတဲ့အခါ ဟင်းလင်းပြင် သန့်စင်ရာမြေက လူအားလုံးကို အင်မော်တယ်ဘုံထဲ ခေါ်သွားနိုင်ကောင်း ခေါ်သွားနိုင်မှာ…။"
"ဒါက ငါတို့ ဟင်းလင်းပြင် သန့်စင်ရာမြေရဲ့ ရည်မှန်းချက်ပဲ။ အဖွဲ့ဝင်တိုင်း ဒါကို သိထားဖို့ လိုအပ်တယ် လို့ ငါ ထင်တယ်…။"
သေချာသည်ပေါ့... လင်းဖန်၏ ကတိစကားကို ကြားသည်နှင့် တစ်ပြိုင်နက် လီယွမ်ဖေး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ သူတို့ ရောက်ရှိနေသော ဤမြင့်မြတ်သောနယ်မြေ၏ အံ့ဖွယ် ကောင်းမှုကို ခံစားကြည့်လိုက်သည်။ လင်းဖန် ပြောသည့်စကားမှာ မဖြစ်နိုင်သောအရာ မဟုတ်ကြောင်း လီယွမ်ဖေး ခံစားလိုက်ရသည်။
"ကောင်းပြီ... ငါ မင်းရဲ့ သတင်းစကားကို သူတို့ဆီ သေချာပေါက် ပါးလိုက်ပါ့မယ်…။"
ထို့နောက် လီယွမ်ဖေးနှင့် လင်းဖန်တို့သည် လီလဲ့ယန် ဟင်းလင်းပြင် သန့်စင်ရာမြေထဲမှ မထွက်ခွာမီ နောက်ထပ် မိနစ်အနည်းငယ်ခန့် စကားစမြည် ပြောဆိုခဲ့ကြသည်။ မထွက်ခွာမီ လင်းဖန်သည် သဘာဝ ကျကျပင် 'သစ္စာစကား' ကို သူ့အား ပြောလေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင် သန့်စင်ရာမြေသို့ ဝင်ရောက်ခြင်းအတွက် သက်သေအထောက် အထား အဖြစ် ဟင်းလင်းပြင် တိုကင် တစ်သုတ်ကို တစ်ဖက်လူအား ပေးရန်လည်း မေ့မသွားခဲ့ပေ။ များစွာ အကျိုးအမြတ် ရရှိခဲ့သောကြောင့် လင်းဖန်သည် ဟင်းလင်းပြင် သန့်စင်ရာမြေထဲတွင် ဆက်၍ မနေတော့ဘဲ ချက်ချင်းပင် ထွက်ခွာလာခဲ့သည်။
လင်းဖန် ဆိုင်သို့ ရောက်သောအခါ ထယ်ကျူး ဖောက်သည်များကို ဧည့်ခံနေသည်ကို တွေ့လိုက်ရသည်။ လင်းဖန် ရောက်လာသည်ကို မြင်သောအခါ ထယ်ကျူးသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့သည်။
"ဆိုင်ရှင်... နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီပဲ။ ဒီဖောက်သည်က မှော်ပစ္စည်းတစ်ခု လာဝယ်တာ၊ ဒါပေမဲ့ သူ ကျေနပ်လောက်မယ့်ဟာ ငါ မရှာပေးနိုင်ဘူး ဖြစ်နေတယ်…။"
ထယ်ကျူး၏ စကားကို ကြားပြီးနောက် လင်းဖန်လည်း ဖောက်သည်ရှိရာသို့ အကြည့်လွှဲလိုက်သည်။
ဤသူမှာ အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်ပြီး သူမ၏ ဝတ်စားဆင်ယင်မှုကို ကြည့်ရသည်မှာ လေလွင့် ကျင့်ကြံသူ တစ်ယောက်တော့ ဖြစ်ဟန်မတူပေ။
*သူမက ချမ်းသာတဲ့ မိသားစုတစ်ခုက သခင်မလေးတစ်ယောက် ဖြစ်ရမယ်…။*
"နတ်သမီးရဲ့ နာမည်က ဘယ်လိုခေါ်ပါသလဲ။ ဘယ်လို မှော်ပစ္စည်းမျိုးကို အလိုရှိတာပါလဲ…။"
"ငါတို့ဆိုင်မှာ စိတ်ကြိုက် မှော်ပစ္စည်းတွေလည်း သန့်စင်ပေးပါတယ်။ နတ်သမီး ကျေနပ်အောင် သေချာ ပေါက် သန့်စင်ပေးနိုင်မယ်လို့ အာမခံပါတယ်…။"
လင်းဖန်၏ မေးခွန်းကို ကြားသောအခါ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာပေါ်ရှိ စိတ်ပျက်နေသော အမူ အရာသည် တဖြည်းဖြည်း မှေးမှိန်သွားလေသည်။
"ငါက ကျောက်ဖေးရဲ့ အစ်မ ကျောက်မုန်ယာ ပါ…။"
"ရှင်တို့ဆိုင်က မှော်ပစ္စည်းတွေက အတော်လေး အံ့သြစရာကောင်းတယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမဲ့ ရှင်တို့ဆီမှာ ဘာလို့ ပျံသန်းနိုင်တဲ့ ဓားပုံစံ တိုက်ခိုက်ရေး မှော်ပစ္စည်းတွေပဲ ရှိနေရတာလဲ…။"
အစကတော့ သူတို့က မှော်လက်နက် အမျိုးအစားနဲ့ ပတ်သက်ပြီး မကျေနပ်ခဲ့ကြဘူးပေါ့။ လင်းဖန်၏ မှော်ပစ္စည်းများသည် သဘာဝကျကျပင် ဓားပျံများသာမက အခြားအရာများလည်း ရှိသည်။ဆိုင်ထဲတွင် ဓားပျံများကိုသာ ပြသထားရခြင်း၏ အကြောင်းရင်းမှာ ဤကမ္ဘာတွင် ဓားပျံများသည် အသုံးအများဆုံး တိုက်ခိုက်ရေး လက်နက်များ ဖြစ်သောကြောင့်ဖြစ်သည်။
*ဒီအရောင်းရဆုံး ပစ္စည်းတွေကို မပြထားဘဲ လူကြိုက်နည်းတဲ့ လက်နက်တွေကို ပြထားရမှာလား..။*
"နတ်သမီး... ငါတို့ဆီမှာ တခြား မှော်ရတနာ အမျိုးအစားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အပြင်မှာတော့ ပြမထားဘူး။ နတ်သမီး တစ်ခုခု လိုချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ငါတို့ကို ပြောပါ…။"
"ငါ ခုနက ပြောခဲ့သလိုပဲ ငါတို့ဆီမှာ အဲဒါ မရှိဘူးဆိုရင်တောင် နတ်သမီးရဲ့ လိုအပ်ချက်တွေနဲ့အညီ ငါတို့ ဆိုင်က စိတ်ကြိုက် သန့်စင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ စျေးနှုန်းကတော့ အနည်းငယ် ပိုကြီးပါလိမ့်မယ်…။"
ထိုစကားကို ကြားပြီးနောက် ကျောက်မုန်ယာ၏ မျက်နှာပေါ်တွင် နောက်ဆုံးတော့ ကျေနပ်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။
"ငါက နှင်တံပုံစံ မှော်လက်နက်တစ်ခု လိုချင်တာ။ ဒါပေမဲ့ သင့်တော်တာကို မရှာတွေ့သေးဘူး။ ဆိုင်ရှင် အနေနဲ့ စိတ်ကြိုက် သန့်စင်ပေးနိုင်မလား မသိဘူး…။"
နှင်တံ ဟူသော အသံကို ကြားသောအခါ လင်းဖန် မျက်ခုံးပင့်လိုက်သည်။
*တိုက်ဆိုင်လိုက်တာ။ စနစ်ဟင်းလင်းပြင်ထဲမှာ တစ်ခု အသင့်ရှိနေတာပဲ…။*
လင်းဖန်သည် မိုးကောင်းကင် ပျံဝဲဝတ်ရုံကဲ့သို့သော ထူးဆန်းပြီး ထူးခြားသည့် ပစ္စည်းအတော်များများ ကို သန့်စင်ခဲ့ဖူးလေသည်။ ထိုနှင်တံမှာလည်း အဲဒီအထဲက တစ်ခုပင်။ သို့သော် ဤကမ္ဘာတွင် နှင်တံ အသုံး ပြုသူ နည်းပါးမည်ဟု လင်းဖန် ထင်ခဲ့ခြင်းကြောင့် စနစ်ဟင်းလင်းပြင်ထဲတွင် ဖုန်တက်ခံရန် ပစ်ထားခဲ့ ခြင်းပင်ဖြစ်သည်။
"နတ်သမီး... ငါ့ဆီမှာ တကယ်ကို အရမ်းအစွမ်းထက်တဲ့ နှင်တံတစ်ခု ရှိပါတယ်။ နတ်သမီးကို သေချာ ပေါက် ကျေနပ်စေရမယ်လို့ ငါ အာမခံတယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် နှင်တံကို ထုတ်ယူလိုက်သည်။
[လျှပ်စီးငါးချက် နှင်တံ (မြည်းတံဆိပ်)- ပထမတန်းစား မှော်လက်နက်။
လုပ်ဆောင်ချက် (၁)- ရန်သူကို သတိလက်လွတ်ဖြစ်စေပြီး ရှောင်တိမ်းနိုင်စွမ်း မရှိအောင် ပြုလုပ်နိုင်ကာ ပစ်မှတ်ကို (၁၀၀%) ထိမှန်စေသည်။
လုပ်ဆောင်ချက် (၂)- လေဖြတ်စေသော အာနိသင်ရှိပြီး ရန်သူများကို လျှပ်စစ်ရှော့တိုက်ခံရသကဲ့သို့ တုန်ရီသွားစေသည်။
ဘေးထွက်ဆိုးကျိုး- နှင်တံသည် လျှပ်ကာပစ္စည်း မဟုတ်သောကြောင့် အသုံးပြုသူသည်လည်း လျှပ်စစ်ရှော့ အနည်းငယ် မိသကဲ့သို့ ခံစားရမည်ဖြစ်သည်။ ]
လင်းဖန် ထုတ်ယူလိုက်သော တုတ်ခိုင်ရှည်လျားသည့် နှင်တံကို မြင်သောအခါ ကျောက်မုန်ယာ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။ သူမသည် နှင်တံကို မြင်မြင်ချင်း သဘောကျသွားသည်မှာ ထင်ရှားလေသည်။
"ဆိုင်ရှင်... ငါ ဒီနှင်တံကို သဘောကျတယ်။ ဒါကိုပဲ ယူလိုက်မယ်…။"
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန် ပြုံးလိုက်သည်။ စျေးမမေးသော ဖောက်သည်များကို သူ သဘောကျသည်။
"နတ်သမီးက အမြင်စူးရှတာပဲ။ နတ်သမီးအနေနဲ့ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂,၀၀၀) ကို ရက်ရက်ရောရော ပေးနိုင်မလား….။"
လင်းဖန် ပြောလိုက်သော စျေးနှုန်းသည် တစ်ဖက်လူအတွက် စျေးဆစ်ရန် နေရာချန်ထားပေးခြင်း ဖြစ်သည်။
မထင်မှတ်ထားဘဲ ကျောက်မုန်ယာသည် မျက်မှောင်ပင်မကြုတ်ဘဲ စိတ်ဝိညာဉ်ကျောက်တုံးများကို တခါတည်း ထုတ်ပေးလိုက်လေတော့သည်။
"ဆိုင်ရှင်... နောက်နောင် အဆင့်ပိုမြင့်တဲ့ နှင်တံတစ်ခုခု ရလာခဲ့ရင် ငါ့အတွက် ဖယ်ထားပေးပါ။ ငါ ယူမယ်…။"
သူမ မည်မျှ ရက်ရောသည်ကို မြင်သောအခါ နောက်တစ်ကြိမ် လက်နက်သန့်စင်သည့်အခါ သူမ ကျေနပ် စေရန် သေချာပေါက် လုပ်ဆောင်ပေးမည်ဟု လင်းဖန် ဆုံးဖြတ်လိုက်လေတော့သည်။