← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) လျှပ်စီးနှင်တံမှာ တခြားအသုံးဝင်မှုတွေ ရှိနေသေးတာလား

လီဒယ်ဟိုင်သည် လင်းဖန်၏ ပါးစပ်မှ "မြင့်မြတ်သောနယ်မြေ" ဟူသော စကားလုံး ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျုံးကျိုးရှိ သန့်စင်ရာမြေများကို သူ ချက်ချင်း သတိရသွားသည်။

"ဆိုင်ရှင်လင်း... ကျုံးကျိုးက သန့်စင်ရာမြေတွေထဲက မြင့်မြတ်သောနယ်မြေတွေကို ပြောချင်တာများ လား…။"

ထိုစကားကို ကြားသောအခါ လင်းဖန်က အလျင်အမြန် ခေါင်းခါပြလိုက်သည်။

"ဒါက သန့်စင်ရာမြေတစ်ခု ဖြစ်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ စီနီယာလီ သိထားတဲ့ သန့်စင်ရာမြေ တွေထဲက တစ်ခုတော့ မဟုတ်ဘူး…။"

"ဘာပဲဖြစ်ဖြစ်... ငါ့ဆီမှာ အဲဒီလို ကျင့်ကြံဖို့နေရာတွေ ရှိတယ်ဆိုတာလောက် သိထားရင် ရပါပြီ..။"

လင်းဖန်၏ စကားကြောင့် လီဒယ်ဟိုင် အတွေးနက်သွားသည်။

ခဏအကြာတွင် လီဒယ်ဟိုင်သည် ဆုံးဖြတ်ချက်ချလိုက်ပုံရပြီး သူ အထူးသိချင်နေသော မေးခွန်းတစ်ခု ကို ချက်ချင်း မေးလိုက်၏။

"ဆိုင်ရှင်လင်း... ဒီနေရာတစ်နေရာစာအတွက် ဘယ်လောက်ပေးရမလဲ…။"

လင်းဖန်သည် စျေးနှုန်းနှင့် ပတ်သက်၍ တွေးထားပြီးသားဖြစ်သည်။

"စီနီယာလီ... တိကျတဲ့ စျေးနှုန်းကတော့ ကျင့်ကြံဖို့ ဝင်ရောက်မယ့်သူရဲ့ ကျင့်ကြံမှုအဆင့်အပေါ် မူတည် ပါတယ်…။"

"ရွှေအမြုတေနဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ဥပမာပေးရရင်- ရွှေအမြုတေအဆင့် အစောပိုင်း ဆိုရင် တစ်ရက်ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံး ပေးရမယ်။ အလယ်အလတ် ပိုင်းဆိုရင် တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး (၂) တုံး၊ နှောင်းပိုင်းဆိုရင် တစ်ရက်ကို စိတ်ဝိညာဉ် ကျောက်တုံး (၃) တုံး ပေးရမယ်….။"

"အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်းဆိုရင် တစ်ရက်ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက် တုံး (၁၀) တုံး၊ အလယ်အလတ်ပိုင်းဆိုရင် (၂၀)၊ နှောင်းပိုင်းဆိုရင် (၃၀) ပေးရမယ်…။"

"အခြေတည်စိတ်ဝိညာဉ်အဆင့်ပြီးနောက်ပိုင်း ကျင့်ကြံသူတွေအတွက်လည်း အဲဒီသဘောတရား အတိုင်းပါပဲ…။"

လင်းဖန် စကားပြောသောအခါတွင် တမင်တကာပင် ယူနစ်ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက် တုံးဟု ပြောင်းပြောလိုက်သည်။ ပမာဏ နည်းနည်းလောက်ပဲ တောင်းဆိုတာက တစ်ဖက်လူအတွက် လက်ခံရ ပိုလွယ်ကူစေလိမ့်မည်ဟု တွေးလိုက်မိသောကြောင့်ဖြစ်သည်။

သို့သော် လင်းဖန်၏ ဉာဏ်နီဉာဏ်နက်လေးက လီဒယ်ဟိုင်ကို ခဏလောက်သာ အံ့သြသွားစေခဲ့သည်။

ငွေလဲလှယ်နှုန်းကို သူ တွက်ချက်ကြည့်ပြီးနောက်တွင်တော့ သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပျောက် ကွယ်သွားလေသည်။

"ဆိုင်ရှင်လင်း... ဒီစျေးနှုန်းကတော့ သာမန် ကျင့်ကြံသူတွေ တတ်နိုင်မယ့် ပမာဏ လုံးဝမဟုတ်ဘူး…။"

လင်းဖန်က ပြုံးကာ ပြန်လည်တုံ့ပြန်လိုက်သည်။

"ဟားဟား... စီနီယာရယ်၊ လူတိုင်းသာ တတ်နိုင်မယ်ဆိုရင် လူတိုင်း အင်မော်တယ်တွေ ဖြစ်သွားကြ တော့မှာပေါ့…။"

"လောကကြီးရဲ့ သဘာဝက ဒီလိုပါပဲ။ ကျင့်ကြံသူ အနည်းစုကသာ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုတွေကို ထိန်းချုပ်ထားပြီး သာမန် ကျင့်ကြံသူတွေ မရနိုင်တဲ့အရာတွေကို ခံစားကြရတာလေ…။"

စျေးကြီးလွန်းသည်ဟု ထင်နေဆဲဖြစ်သော်လည်း လီဒယ်ဟိုင်သည် လင်းဖန်၏ စကားများကို သဘော တူညီကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"မှန်ပါတယ်။ လူတစ်ယောက်က ပိုအစွမ်းထက်လေ၊ အရင်းအမြစ်တွေ ပိုရလေပဲ။ အရင်းအမြစ်တွေ ပိုရလေ၊ သူက ပိုပြီး အစွမ်းထက်လာလေပါပဲ။ ဒါကြောင့်လည်း အင်အားကြီးတဲ့ အဖွဲ့အစည်းတွေက ရေရှည် ရပ်တည်နိုင်ကြတာပေါ့…။"

"ဆိုင်ရှင်လင်း... ငါ့မျိုးနွယ်စုထဲက လူငယ်မျိုးဆက်တွေအတွက် နေရာအနည်းငယ်လောက် ဝယ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ အဲဒီ ကျင့်ကြံဖို့နေရာကို ဘယ်လိုသွားရမလဲဆိုတာ မသိသေးဘူး…။"

အရောင်းအဝယ် အတည်ဖြစ်တော့မည်ကို မြင်သောအခါ လင်းဖန်က အလျင်အမြန် ပြုံးပြလိုက်ပြီး ဟင်းလင်းပြင် တိုကင် တစ်ခုကို ထုတ်ယူလိုက်လေသည်။ တိုကင်သည် မီးခိုးရောင်ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်သော တိုကင်ဖြစ်ကြောင်း ဆိုလိုသည်။

"စီနီယာ... ဒါက မြင့်မြတ်သောနယ်မြေဆီကို သွားနိုင်တဲ့ တိုကင်ပြားပါ…။"

"ခရီးရှည်ကြီး သွားနေစရာ မလိုပါဘူး။ ဒီတိုကင်ကို အသက်သွင်းလိုက်တာနဲ့ မြင့်မြတ်သောနယ်မြေ ထဲကို ချက်ချင်း ရောက်သွားပါလိမ့်မယ်…။"

"ကျင့်ကြံလို့ပြီးလို့ ထွက်လာတဲ့အခါမှာတော့ နဂိုမူလနေရာကိုပဲ ပြန်ရောက်လာပါလိမ့်မယ်…။"

လင်းဖန်သည် တသမတ်တည်းဖြစ်သော ဟင်းလင်းပြင် တိုကင်အတွက် နေထိုင်ခွင့် အချိန်ကို သတ်မှတ် ထားနိုင်ပေသည်။ ထို့ကြောင့် တစ်ယောက်ယောက် ဝင်လာပြီး အချိန်အကြာကြီး နေသွားမည်ကို စိုးရိမ်စရာ မလိုပေ။

လင်းဖန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လီဒယ်ဟိုင်သည် တိုကင်ကို အနည်းငယ် စပ်စုချင်သော မျက်လုံးများဖြင့် ချက်ချင်း ကြည့်လိုက်သည်။

"အရမ်း အံ့သြစရာကောင်းတာပဲ ဆိုင်ရှင်လင်း။ မျိုးနွယ်စုထဲက လူငယ်မျိုးဆက်တွေ သွားကြည့်လို့ရ အောင် တစ်ခုလောက် ဝယ်လို့ရမလား…။"

တစ်ဖက်လူက ပစ္စည်းကို စစ်ဆေးချင်သည်ကို မြင်သောအခါ လင်းဖန် မငြင်းဆန်ခဲ့ပေ။

"ဒါပေါ့... စီနီယာအနေနဲ့ မျိုးနွယ်စုက တပည့်တွေကို အခုပဲ ဝင်ကြည့်ခိုင်းလို့ ရပါတယ်။ စိတ်ဝိညာဉ် ကျောက်တုံးလည်း မယူပါဘူး…။"

*အထဲကို ခဏလောက် ဝင်ကြည့်ရုံပဲလေ။ အနာဂတ် စီးပွားရေးအတွက် သူတို့ဆီက စိတ်ဝိညာဉ် ကျောက်တုံး မယူဘဲ နေလို့ရပါတယ်…။*

လင်းဖန် သဘောတူလိုက်သည်ကို မြင်သောအခါ လီဒယ်ဟိုင်က ချက်ချင်းပင် တစ်ယောက်ယောက်ကို လွှတ်၍ လီချွမ်းကို ခေါ်ခိုင်းလိုက်လေသည်။

သူ့ကို ခေါ်ရသည့် ရည်ရွယ်ချက်ကို လီချွမ်းအား ရှင်းပြပြီးနောက်။ လီချွမ်းသည် ချက်ချင်းပင် တိုကင်ကို အသက်သွင်းလိုက်ရာ ပင်မခန်းမထဲမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

"ဆိုင်ရှင်လင်း... ဒီခရီးစဉ်မှာ ချွမ်းအာအတွက် ဘာအန္တရာယ်မှ မရှိနိုင်ဘူးမလား…။"

လီဒယ်ဟိုင်၏ စိုးရိမ်နေသော အမူအရာကို မြင်သောအခါ လင်းဖန်က ချက်ချင်းပင် သူ့ကို စိတ်အေး စေရန် ပြောလိုက်သည်။

"စိတ်မပူပါနဲ့ စီနီယာ။ အဲဒီ မြင့်မြတ်သောနယ်မြေက ထျန်းယွမ်တိုက်ကြီးမှာ အလုံခြုံဆုံးနေရာဆိုတာ သေချာပါတယ်…။"

ထိုအချိန်တွင် ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ ရုတ်တရက် ရောက်လာသော လီချွမ်းသည် သူ၏ ရှေ့မှ မြင်ကွင်းကြောင့် အနည်းငယ် တွေဝေသွားလေသည်။ သို့သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ အလွန်အမင်း သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအင်များကို ခံစားမိသွားသောအခါ လီချွမ်းသည် ချက်ချင်းပင် လောဘတကြီး ရှူသွင်းလေတော့သည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် သူတို့ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များကို မိမိတို့၏ ခန္ဓာကိုယ်ထဲသို့ အမြန်ဆုံး စုပ်ယူနိုင်မည်ဟု ထင်နေပုံရလေသည်။ အကြိမ်အနည်းငယ် ရှူသွင်းပြီးနောက် လီချွမ်းသည် သူ၏ နဖူးကို ရုတ်တရက် ရိုက်လိုက်မိသည်။

သူ ဘယ်လောက်တောင် အရူးကျနေသလဲဟု စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်ပြီး ကျင့်ကြံရန် ထိုင်ချလိုက်သည်။ သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် ဟင်းလင်းပြင် သန့်စင်ရာမြေထဲမှ တိုက်ရိုက် ပျောက်ကွယ်သွားလေသည်။

ဤအခြေအနေမျိုးတွင် သဘာဝကျကျပင် လင်းဖန်က သူ့ကို သန့်စင်ရာမြေထဲမှ အပြင်သို့ ထုတ်လိုက် ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်နဲ့ လီဒယ်ဟိုင်က သူ့ရဲ့ ခံစားချက်တွေကို ပြန်ပြောပြဖို့ စောင့်နေ တာလေ။ သူ ကျင့်ကြံတဲ့ အခြေအနေထဲ ဝင်သွားအောင် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။

ပင်မခန်းမထဲတွင် ပြန်လည်ပေါ်လာသော လီချွမ်းသည် အသက်ကို ပြင်းပြင်းရှူနေဆဲဖြစ်သည်။

သူ၏ အခြေအနေကို မြင်သောအခါ လီဒယ်ဟိုင်သည် မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး တိုက်ရိုက်ပင် မေးလိုက်သည်။

"ချွမ်းအာ... မင်း ဘာဖြစ်လာတာလဲ…။"

ဘိုးဘေးဖြစ်သူ၏ မေးခွန်းကို ကြားသောအခါမှသာ လီချွမ်းသည် သူ သန့်စင်ရာမြေထဲမှ ပြန်ထွက်လာ ပြီဖြစ်ကြောင်း သတိပြုမိသွားခဲ့သည်။

"ဘိုးဘေး... မြူနှင်းတွေလောက် သိပ်သည်းတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေက အဲဒီမှာ အသက်ရှူလိုက် ရုံနဲ့တင် မျိုးနွယ်စုထဲမှာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံနေရတာထက်တောင် ငါ့အတွက် ပိုပြီး အကျိုးသက် ရောက်မှု ရှိတယ်…။"

လင်းဖန်သည် လီချွမ်း၏ အဖြေကို အတော်လေး ကျေနပ်သွားလေသည်။

လီချွမ်း၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်သောအခါ လီဒယ်ဟိုင်သည် သဘာဝကျကျပင် တစ်ဖက်လူ လိမ်ပြောနေခြင်း မဟုတ်ကြောင်း ယုံကြည်သွားတော့သည်။

"ဆိုင်ရှင်လင်း... ငါ စိတ်ပြောင်းသွားပြီ။ နေရာတွေ ပိုဝယ်ချင်တယ်…။"

ထိုစကားကြောင့် လင်းဖန် အလွန်အမင်း ဝမ်းသာသွားသည်။

"ဟားဟား... ပြဿနာမရှိပါဘူး။ စီနီယာက ဒီလောက် ရက်ရောနေမှတော့ ငါ့ဘက်ကလည်း အဆာ ရှောင်ဆေး တချို့ကို အလကားပေးပါ့မယ်။ အဲဒါတွေက ကျင့်ကြံရာမှာ အထောက်အကူ ဖြစ်ပါလိမ့် မယ်…။"

အရောင်းအဝယ် ပြီးစီးပြီးနောက် မကြာမီပင် လင်းဖန်သည် ပြုံးရွှင်စွာဖြင့် လီမိသားစုမှ ထွက်ခွာလာ ခဲ့လေတော့သည်။

လီမိသားစုမှ ထွက်ခွာလာပြီးနောက် လင်းဖန်သည် ကျောက်မိသားစုသို့ သွားရောက်ခဲ့သည်။

သူတို့ ကျောက်မိသားစု၏ ဝင်ပေါက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် သတင်းရထားပြီးဖြစ်သော ကျောက်မုန်ယာက ဦးဆောင်၍ လာရောက်ကြိုဆိုခဲ့သည်။ သူမနှင့်အတူ စုံတွဲတစ်တွဲလည်း ပါလာပြီး သူတို့ မိတ်ဆက်ပေးပြီးမှသာ သူတို့သည် ကျောက်မုန်ယာ၏ မိဘများဖြစ်ကြောင်း လင်းဖန် သိရှိလိုက် ရလေသည်။

"ဆိုင်ရှင်လင်း... ငါ့ရဲ့ ဘိုးဘေးက ပင်မခန်းမမှာ စောင့်နေပါပြီ။ ဒီဘက်ကို ကြွပါ…။"

တစ်ဖက်လူ၏ လမ်းညွှန်မှုကို ကြားသောအခါ လင်းဖန် ခေါင်းညိတ်လိုက်ပြီး ပင်မခန်းမဘက်သို့ လျှောက်သွားရန် ပြင်လိုက်သည်။ သူ၏ဘေးတွင် ရပ်နေသော ကျောက်မုန်ယာက ရုတ်တရက် စကားပြောလာသည်။

"အဖေ... မလောပါနဲ့ဦး။ ဆိုင်ရှင်လင်းနဲ့ သမီး ဆွေးနွေးစရာ ကိစ္စလေးတစ်ခု ရှိသေးလို့ပါ…။"

ထိုသို့ပြောပြီးနောက် ကျောက်မုန်ယာက လင်းဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဆိုင်ရှင်လင်း... ရှင့်ဆီမှာ လျှပ်စီးငါးချက် နှင်တံတွေ ရှိသေးလား။ ကျွန်မကို နောက်ထပ် တစ်ခုလောက် ရောင်းပါဦး…။"

အရောင်းအဝယ် ရောက်လာသည်ကို မြင်သောအခါ လင်းဖန် ပြုံးလိုက်သည်။

ယခင်က ကျောက်မုန်ယာ မှာကြားထားသော အဆင့်မြင့် လျှပ်စီးငါးချက် နှင်တံအကြောင်းကို လင်းဖန် မေ့မနေခဲ့ချေ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းဖန်သည် လက်နက်အချို့ကို သန့်စင်ခဲ့ရာ ၎င်းတို့ထဲမှ အမြင့်ဆုံးအဆင့်မှာ အဆင့်(၃) အထိ ရောက်ရှိခဲ့လေသည်။

လင်းဖန်က လျှပ်စီးငါးချက် နှင်တံကို ထုတ်ယူတော့မည့်ဆဲဆဲတွင် ကျောက်မုန်ယာက ရုတ်တရက် နောက်တစ်ခု ထပ်ပြောလိုက်ပြန်သည်။

"ကျွန်မအဖေက ကျွန်မဟာကို ယူသွားလို့လေ။ သူ့လို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်က အဆင့်(၁) မှော်လက်နက်ကို ဘာလုပ်ဖို့ လိုချင်နေမှန်းကို မသိပါဘူး…။"

မိဘများ၏ရှေ့တွင် ကျောက်မုန်ယာသည် ရဲရဲဝံ့ဝံ့ပင် တတွတ်တွတ် ညည်းတွားပြောဆိုနေတော့သည်။

ကျောက်မုန်ယာ၏ ညည်းတွားသံကို ကြားသောအခါ သူမ၏ မိဘများမှာ ရုတ်တရက် ရှက်ရွံ့သွားသော အမူအရာကို ပြသလာကြသည်။ အကြောင်းစုံကို ပိုသိနေသော လင်းဖန်သည် သူတို့၏ အမူအရာများကို အကဲခတ်လိုက်ပြီး ကျောက်မုန်ယာ၏ စကားများနှင့် ပေါင်းစပ်တွေးတောလိုက်သည်။

ထို့နောက် လျှပ်စီးငါးချက် နှင်တံ၏ ရည်ရွယ်ချက်ကို သူ ရေးတေးတေး သဘောပေါက်သွားသည်။

ချက်ချင်းပင် လင်းဖန်သည် ထိုစုံတွဲကို အနည်းငယ် ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အဟမ်း... ဒါက လူကြီးတွေ ကိစ္စလေ ကလေးတွေ ဝင်မစွက်ဖက်သင့်ဘူး။ အဖေ သမီးအတွက် နောက်ထပ်တစ်ခု ပြန်ဝယ်ပေးမယ်လေ…။"

ကျောက်မုန်ယာ၏ ဖခင်ဖြစ်သူ ကျောက်မင်ရွှီသည် သူမကို အနေရခက်စွာဖြင့် ဆူပူလိုက်ပြီးနောက် လင်းဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဆိုင်ရှင်လင်း... ငါ မသိတာက..."

တစ်ဖက်လူ စကားမဆုံးမီ လင်းဖန်သည် သူ အချိန်အတော်ကြာကတည်းက ထုတ်ယူချင်နေသော လျှပ်စီးငါးချက် နှင်တံကို ဆွဲထုတ်လိုက်သည်။

"ရှိတယ်၊ သေချာပေါက် ရှိတာပေါ့။ ပြီးတော့ ဒါက အဆင့်(၃) နှင်တံပါ…။"

လင်းဖန်က အဆင့်(၃) လျှပ်စီးနှင်တံကို ထုတ်ယူလိုက်သောအခါ ကျောက်မင်ရွှီ မလှုပ်ရှားနိုင်မီမှာပင် သူ၏ဇနီးဖြစ်သူကမူ ရုတ်တရက် မျက်လုံးများ အရောင်လက်သွားကာ အလိုအလျောက်ပင် လှမ်းယူ လိုက်လေတော့သည်။

All Chapters