အခန်း ၁၁၉
Vol. 12 Ch. 119
အခန်း (၁၁၉) ထယ်ကျူးကို ဘယ်သူပြန်ပေးဆွဲသွားတာလဲ
ဟင်းလင်းပြင် တိုကင်ကို အသက်သွင်းလိုက်သည်နှင့် တစ်ပြိုင်နက် ထယ်ကျူးသည် အခန်းထဲမှ တိုက်ရိုက် ပျောက်ကွယ်သွားလေတော့သည်။
ဟင်းလင်းပြင် သန့်စင်ရာမြေအတွင်း တိုကင်ကို အသက်သွင်းခဲ့သော ထယ်ကျူးသည် ဤနေရာတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။ ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ ဝင်ရောက်ပြီးနောက် ထယ်ကျူးသည် နောက်ဆုံးတော့ သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။
*ခုနက ငါရောက်နေတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ အန္တရာယ်များများပေါ့။အခုတော့ စိတ်ပူစရာ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဟင်းလင်းပြင် သန့်စင်ရာမြေမှာ အသက်အန္တရာယ်ဆိုတာ မရှိလို့ပဲ…။*
သို့သော်လည်း ဤကိစ္စကို လင်းဖန်ထံ အချိန်မီ သတင်းပို့ရန် လိုအပ်သေးသည်။
သူ၏အမြင်အရ ဤကိစ္စတွင် သူသည် သန့်စင်ရာမြေ သခင်အတွက် အပြစ်ခံပေးရခြင်း ဖြစ်နိုင်ခြေများ သည်။ မည်သို့ပင်ဆိုစေကာမူ မြို့တော်တွင် နေထိုင်ရသော အချိန်အများစုကို သူသည် ဆိုင်ထဲတွင်သာ ဖြတ်သန်းခဲ့သည်။ ပဋိပက္ခဖြစ်နိုင်ခြေ လုံးဝမရှိသလို သဘာဝကျကျပင် ရန်သူလည်း ရှိမည်မဟုတ်ပေ။
သို့သော် အမြဲတမ်း အိမ်ကနေထွက်ပြီး လျှောက်သွားရတာကို သဘောကျတဲ့ သူတို့ရဲ့ သန့်စင်ရာမြေ သခင်ကတော့ မတူနိုင်ပေ။ထို့ကြောင့် ယနေ့ သူကြုံတွေ့ခဲ့ရသည့်ကိစ္စပြီးနောက် တစ်ဖက်လူသည် သူ၏ သန့်စင်ရာမြေ သခင်ကို ပစ်မှတ်ထားနေခြင်းဖြစ်နိုင်ကြောင်း သူ ယုံကြည်သည်။
ထိုသို့တွေးမိပြီးနောက် ထယ်ကျူးသည် ဟင်းလင်းပြင် သန့်စင်ရာမြေအတွင်း လင်းဖန်ကို ချက်ချင်း စတင်ရှာဖွေတော့သည်။ သို့သော် အတန်ကြာ ရှာဖွေပြီးနောက် လင်းဖန်ကို မတွေ့ရဘဲ အလုပ်လုပ်နေ ကြသော ကျန်းလုံ၊ ကျောက်ဟူနှင့် အခြားသူများကိုသာ တွေ့လိုက်ရသည်။
"ကျန်းလုံ... သန့်စင်ရာမြေ သခင် ဘယ်မှာလဲဆိုတာ မင်း သိလား။ ငါ့မှာ အရေးကြီးကိစ္စ ရှိလို့…။"
ထယ်ကျူး၏ စိုးရိမ်တကြီး အမူအရာကို မြင်သောအခါ ကျန်းလုံသည် ချက်ချင်းပင် နားမလည်နိုင်သော အမူအရာကို ပြသလိုက်သည်။
"သန့်စင်ရာမြေ သခင်လား... သူ ဆိုင်ကို ပြန်သွားပြီ မဟုတ်ဘူးလား။ မင်း သူ့ကို မတွေ့ဘူးလား…။"
ကျန်းလုံ၊ ကျောက်ဟူနှင့် ထယ်ကျူးတို့ အားလုံးသည် လင်းဖန်ကို "သန့်စင်ရာမြေ သခင်" ဟု ပြောင်းလဲ ခေါ်ဆိုခဲ့ကြသည်။
သို့သော် ဆိုင်ထဲတွင် ရှိနေချိန်များတွင်တော့ ထယ်ကျူးနှင့် အခြားသူများသည် ယခင်က ခေါ်ဝေါ်ခဲ့သည့် ပုံစံအတိုင်းပင် ဆက်လက်ခေါ်ဝေါ်နေကြဆဲဖြစ်သည်။
ကျန်းလုံ၏ စကားကို ကြားသောအခါ ထယ်ကျူးသည် လင်းဖန်ထံ သတင်းပို့ရန် ဆိုင်ထဲသို့ ချက်ချင်း ပြန်ဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ လှုပ်ရှားတော့မည့်ဆဲဆဲတွင် ရုတ်တရက် ရပ်တန့်သွားသည်။
အဘယ်ကြောင့်ဆိုသော် ထိုစိမ်းသက်နေသော နေရာမှ ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ သူ ဝင်လာ ခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက် သတိရသွားသောကြောင့်ဖြစ်သည်။
အခု အပြင်ထွက်လိုက်ရင် သဘာဝကျကျပဲ အဲဒီအခန်းထဲမှာ ပြန်ပေါ်သွားမှာပေါ့။
"ကျန်းလုံ... ငါ ပြန်ပေးဆွဲခံထားရလို့ အပြင်ထွက်လို့ မရဘူးဖြစ်နေတယ်။ ငါ့ကိုယ်စား သန့်စင်ရာမြေ သခင်ကို သွားပြောပေးလို့ ရမလား…။"
ထယ်ကျူး၏ စကားကို ကြားသောအခါ ကျန်းလုံ၏ မျက်နှာတွင် "မင်း ငါ့ကို နောက်နေတာလား" ဟူသော အမူအရာ ပေါ်လာသည်။
"မင်း ပြန်ပေးဆွဲခံထားရတယ် ဟုတ်လား။ အခု ဒီမှာ အကောင်းကြီး ရှိနေတာ မဟုတ်ဘူးလား…။"
တစ်ဖက်လူက သူ့ကို မယုံကြည်ကြောင်း ကြားသောအခါ ထယ်ကျူးသည် ဒေါသတကြီးဖြင့် ချက်ချင်း အော်လိုက်သည်။
"အိုကွာ... ငါက ဟင်းလင်းပြင် တိုကင်ကို သုံးပြီး ဒီကို ထွက်ပြေးလာတာ။ ဒါကြောင့် အခု ငါ အပြင် ထွက်လိုက်ရင် ပြန်ပေးဆွဲသမားတွေရဲ့ အသိုက်ထဲ ပြန်ရောက်သွားမှာပေါ့…။"
ထိုစကားကို ကြားသောအခါ ကျန်းလုံ အခြေအနေကို နားလည်သွားပြီး ချက်ချင်းပင် အနည်းငယ် ရှက်ရွံ့သွားသည်။
"ဪ... ဒီလိုလား။ ငါ အခုချက်ချင်း အပြင်ထွက်ပြီး သန့်စင်ရာမြေ သခင်ကို သွားပြောလိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် ကျန်းလုံသည် တိုကင်ကို အသက်သွင်းကာ ဆိုင်၏ ခြံနောက်ဘက်သို့ ပြန်သွားလေ သည်။
သူ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းလုံ တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားသည်။
"ကျစ်... ငါက သတင်းလာပြောဖို့ ဘာလို့ အပြင်ထွက်လာရတာလဲ။ တိုကင်ကနေတစ်ဆင့် သတင်း စကား ပို့လိုက်ရင် ရတာကို…။"
"နေပါဦး... ထယ်ကျူးကော သူ့ရဲ့ တိုကင်ကိုသုံးပြီး ကိုယ်တိုင် သတင်းစကား မပို့နိုင်ဘူးလား…"
*ဒါပေမဲ့လည်း အခု အပြင်ရောက်နေပြီဆိုတော့ သိပ်အများကြီး တွေးနေစရာ မလိုတော့ပါဘူးလေ…။*
သူ့အမြင်အရ ထယ်ကျူးက အရမ်းလန့်သွားလို့ ထိုကိစ္စကို မေ့သွားခြင်း ဖြစ်နိုင်လေ၏။ ခြံနောက်ဘက် မှနေ၍ ကျန်းလုံ ဆိုင်ထဲသို့ ဝင်လာပြီးနောက်။ လင်းဖန်က ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ အနားယူ နေသည်ကို တွေ့လိုက်ရသည်။
ထယ်ကျူး ပျောက်ဆုံးသွားခြင်းက သူ၏ စိတ်ခံစားချက်အပေါ် လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။
"သန့်စင်ရာမြေ သခင်... ထယ်ကျူးက သန့်စင်ရာမြေထဲကို ပြန်ရောက်နေပြီ။ သူက ပြန်ပေးဆွဲခံ ရတယ်လို့ ပြောနေတယ်…။"
ပြန်ပေးဆွဲခံရသူက သူ ပြန်ပေးဆွဲခံရတယ်ဆိုတာကို တခြားသူတွေကို ကိုယ်တိုင် ပြန်ပြောနေတဲ့ လုပ်ရပ်ကို ရည်ညွှန်းတာပါ။ ကျန်းလုံကတော့ ဒါကို အတော်လေး အဓိပ္ပာယ်မရှိဘူးလို့ ထင်နေဆဲပါပဲ။ ထို့ကြောင့် ဤသတင်းကို လင်းဖန်အား ပြောပြသောအခါ သူ၏ လေသံမှာ အနည်းငယ် အံ့အားသင့်နေ ဟန်ရှိနေသည်။
ငိုက်မျဉ်းနေသော လင်းဖန်သည် ကျန်းလုံ၏ အသံကြောင့် ချက်ချင်း နိုးလာခဲ့သည်။
"ထယ်ကျူး ပြန်ရောက်လာပြီလား။ မင်း ဆိုင်ကို စောင့်နေလိုက်၊ ဘာဖြစ်တာလဲဆိုတာ ငါ သွားမေး လိုက်မယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ တိုက်ရိုက် ဝင်ရောက်သွား လေသည်။ သန့်စင်ရာမြေထဲသို့ လင်းဖန် ဝင်လာသည်ကို မြင်သောအခါ...
ထယ်ကျူးသည် မတရားခံရသော အမူအရာဖြင့် လင်းဖန်ထံ ချက်ချင်း ပြေးသွားကာ ငိုယိုတော့သည်။
"သန့်စင်ရာမြေ သခင်... ငါ့အတွက် တရားမျှတမှု ရှာပေးရမယ်နော်…။"
"ဒီနေ့ ငါ ဆိုင်စောင့်နေတုန်း ရုတ်တရက် အတိုက်ခိုက်ခံရပြီး သတိလစ်သွားတယ်…။"
"ငါ နိုးလာတော့ မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ ပိတ်လှောင်ခံထားရတယ်…။"
"သန့်စင်ရာမြေ သခင် မသိပါဘူး၊ အဲဒီတုန်းက ငါ အရမ်းကြောက်သွားတာ၊ ငါ..."
ထယ်ကျူး၏ အဆုံးမရှိသော ငိုယိုသံများကို မြင်သောအခါ လင်းဖန် အလျင်အမြန် ဖြတ်ပြောလိုက် လေသည်။
"အဟမ်း... ထယ်ကျူး မင်း မတရားခံခဲ့ရတာတွေအတွက် စိတ်မကောင်းပါဘူး။ စိတ်မပူပါနဲ့ မင်းရဲ့ သန့်စင်ရာမြေ သခင်က မင်းအတွက် တရားမျှတမှု သေချာပေါက် ရှာပေးပါ့မယ်…။"
"ဒါနဲ့ မင်းကို ဘယ်သူဖမ်းသွားတာလဲဆိုတာ သိလား…။"
လင်းဖန်၏ မေးခွန်းကို ကြားသောအခါ ငိုနေတာကို ရပ်လိုက်သော ထယ်ကျူးသည် အလျင်အမြန် စဉ်းစားတော့သည်။ ခေါင်းခြောက်အောင် စဉ်းစားသော်လည်း ဘယ်သူလုပ်တာလဲဆိုသည်ကို အခုထိ စဉ်းစား၍ မရနိုင်သေးချေ။
ရန်သူက သူတို့ရဲ့ သန့်စင်ရာမြေ သခင်နဲ့ ပြဿနာတက်ထားတဲ့ သူတစ်ယောက်ယောက် ဖြစ်နိုင်တယ်ဟု သူ သံသယရှိသော်လည်း ထုတ်တော့ မပြောရဲခဲ့ပေ။ ထို့ကြောင့် သူ ချက်ချင်းပင် သွယ်ဝိုက်သောနည်း ဖြင့် အရိပ်အမြွက် ပြောလိုက်လေသည်။
"ငါ မသိဘူး၊ ဒါပေမဲ့ သူတို့က ငါတို့ဆိုင်ရဲ့ ရန်သူတွေလို့ ငါ ထင်တယ်…။"
"ဆိုင်ရှင်... လတ်တလော ဆိုင်မှာ လူတွေကို လိမ်ရောင်းထားတာမျိုးများ ရှိလား…။"
ထိုစကားကို ကြားသောအခါ လင်းဖန် စိုးရိမ်သွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါတို့ဆိုင်က အမြဲတမ်း ရိုးရိုးသားသား ရောင်းချတာ၊ လူတွေကို ဘယ်တော့မှ မလိမ်ဘူး…။"
"ဒါက ဆိုင်က ဖောက်သည်တစ်ယောက်ယောက် လုပ်တာ သေချာပေါက် မဟုတ်ဘူး…။"
"လူတွေကို ဘယ်တော့မှ မလိမ်ဘူး" ဟူသော စကားကို ကြားသောအခါ ထယ်ကျူး၏ နှုတ်ခမ်းများ ရှုံ့မဲ့သွားသည်။
*လတ်တလော ဒီဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေကြောင့် ဒုက္ခရောက်သွားတဲ့ ဖောက်သည်တွေ အများကြီး ရှိတယ်မဟုတ်ဘူးလား…။*
သို့သော် သူ အပြင်တော့ထုတ် မပြောရဲပေ။
"ငါ မသိဘူး။ သူတို့ ဝင်လာလာချင်း ငါ့ကို ရိုက်ပြီး သတိလစ်သွားအောင် လုပ်လိုက်တာ။ သူတို့ ဘယ်လို ရုပ်မျိုးလဲဆိုတာတောင် ငါ မမြင်လိုက်ရဘူး…။"
ထို့နောက် လင်းဖန်က နောက်ထပ် မေးခွန်းတစ်ခု မေးလိုက်သည်။
"အခု မင်း ဘယ်နေရာမှာ ရှိနေတာလဲဆိုတာကော သိလား…။"
"ငါလည်း မသိဘူး။ မှောင်မည်းနေတဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ ငါ နိုးလာတာ၊ ငါ အများကြီး စူးစမ်း ကြည့်ဖို့တောင် မရဲခဲ့ဘူး။ နိုးလာလာချင်း ငါ ပထမဆုံးလုပ်ခဲ့တာက သန့်စင်ရာမြေထဲကို ပြန်လာ တာပဲ…။"
မေးခွန်းများမှ တိကျသော အဖြေမရနိုင်သည်ကို မြင်သောအခါ လင်းဖန်သည် လက်လျှော့လိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
"ကောင်းပြီ... လောလောဆယ် သန့်စင်ရာမြေထဲမှာ မင်းရဲ့ ကျင့်ကြံမှုကိုပဲ အာရုံစိုက်ထားလိုက်…။"
"မင်း ပျောက်သွားပြီဆိုတာ သူတို့ သိသွားတာနဲ့ နောက်ထပ် လှုပ်ရှားမှုတွေ လုပ်လာလိမ့်မယ်…။"
"သူတို့ရဲ့ နောက်ထပ် လှုပ်ရှားမှုကိုပဲ စောင့်ကြည့်တာပေါ့….။"
တကယ်တော့ အခုချက်ချင်း အသုံးပြုလို့ရနိုင်မယ့် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးသည်။ ဆိုလို သည်မှာ ထယ်ကျူးသည် ယခု ထိုမှောင်မည်းနေသော အခန်းကျဉ်းလေးထဲသို့ ပြန်သွားရန်ဖြစ်သည်။
ထို့နောက် လင်းဖန်သည် ကျောက်ချမှတ် လုပ်ဆောင်ချက်ကို အသုံးပြု၍ ထယ်ကျူးရှိရာ နေရာသို့ ကူးပြောင်းသွားရောက်ရန် ဖြစ်သည်။ ထို့နောက် ဤပြဿနာကို ဖြေရှင်းရန် သူ၏ အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေးကို အသုံးပြု၍ရနိုင်ပေသေးသည်။
သို့သော် လင်းဖန်၏ စိတ်ထဲရှိ သံသယတစ်ခုက ထိုအကြံအစည်ကို ယာယီ စွန့်လွှတ်လိုက်ရန် ဖြစ်စေခဲ့သည်။
*ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင်...ငါ့ရဲ့ အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေးက တစ်ဖက်လူရဲ့ နယ်မြေထဲက ပြဿနာကို သေချာပေါက် ဖြေရှင်းပေးနိုင်မယ်လို့ မပြောနိုင်ဘူး…။*
*ဒီတစ်ကြိမ် လှုပ်ရှားလာသူက သုန်ယွဲ့နိုင်ငံရဲ့ တော်ဝင်မိသားစု ဖြစ်တယ်လို့ ငါ ခန့်မှန်းထားတယ်။ တကယ်လို့ အဲဒီလိုသာဆိုရင် ထယ်ကျူးက သဘာဝကျကျပဲ သူတို့ရဲ့ နယ်မြေထဲကို အခေါ်ခံသွားရတာ ဖြစ်မယ်…။*
သူ့ရဲ့ အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေးမှာ အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံမှုရှိသည် ဆိုပေ မယ့်လည်းသုန်ယွဲ့နိုင်ငံ တော်ဝင်မိသားစုရဲ့ နယ်မြေထဲကနေ အထိအခိုက်မရှိ လွတ်မြောက်နိုင်မယ်လို့ လင်းဖန် တကယ် ယုံကြည်ချက်မရှိပေ။
တစ်ဖက်မှာ အတိဒုက္ခအဆင့် ကျင့်ကြံသူ ငါးယောက် ရှိနေတာကို မပြောနဲ့ဦး။ အရိပ်ထဲမှာ ပုန်းအောင်း နေတဲ့ ဘီလူးအိုကြီးတွေ ရှိမရှိ ဘယ်သူသိမှာလဲ။
ထို့အပြင် တစ်ဖက်လူသည် အရှေ့ဘက်ဒေသကို အချိန်အကြာကြီး လွှမ်းမိုးထားခဲ့သည်ကို ထည့်သွင်း စဉ်းစားပါက သူတို့တွင် ရန်သူများကို ကာကွယ်ရန် ခိုင်မာသော နည်းလမ်းအချို့ ရှိနေရမည်မှာ သေချာ ပေသည်။
ဥပမာအားဖြင့် အရှေ့ယွဲ့ တော်ဝင်မိသားစုမှ အတိဒုက္ခများကို ဖြတ်သန်းပြီးနောက် ကောင်းကင်ဘုံသို့ တက်လှမ်းသွားကြသော အင်မော်တယ်များထဲမှ မည်သူကမျှ ထိတ်လန့်ဖွယ်ကောင်းသော အရေးပေါ် အစီအစဉ်များ ချန်ထားခဲ့ခြင်း မရှိနိုင်ဘူးလား။
ဥပမာအားဖြင့် တစ်ဖက်လူသည် အင်မော်တယ်အဖြစ် တက်လှမ်းရန် ကျရှုံးခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ကာ အောက်ပိုင်းလောကတွင် ကျန်ရစ်နေခဲ့သော လေလွင့်အမြုတေရှင် တစ်ယောက်များ ဖြစ်နေမလား။
ဤအရာများသည် လင်းဖန်၏ လက်ရှိ အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေး၏ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေနိုင်ပေသည်။
သေချာသည်ပေါ့... တစ်ဖက်လူတွင် ထိုကဲ့သို့သော အရင်းအမြစ်များ ရှိနေလျှင်ပင် အလွယ်တကူတော့ အသုံးပြုမည် မဟုတ်ပေ။
အရေးအကြီးဆုံး အချက်တစ်ချက်လည်း ရှိသေးသည်။
လင်းဖန်သည် အတိဒုက္ခအဆင့် ကိုယ်ပွားရုပ်သေး၏ အသုံးပြုချိန်ကို အလွယ်တကူ ဖြုန်းတီးပစ်ချင် စိတ်မရှိပေ။တစ်ဖက်မှ အတိဒုက္ခအဆင့် ကျင့်ကြံသူ ငါးယောက်တည်းနှင့်ပင် ကိုယ်ပွားရုပ်သေးကို အချိန်အတော်ကြာအောင် တားဆီးထားနိုင်ပေမည်။
*တကယ်လို့ သူတို့ထဲမှာ အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူတွေ ပါနေတယ်ဆိုရင် ငါ့ရဲ့ ကိုယ်ပွားရုပ်သေးက အချိန်အလုံအလောက် မရှိတာမျိုး ဖြစ်သွားနိုင်တယ်…။*
လင်းဖန်သည် ကိုယ်ပွားရုပ်သေး၏ အချိန်ကို အားဖြည့်ရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံး အမြောက် အမြား အကုန်အကျ မခံချင်ပေ။
*ဒီကိစ္စကို ပဋိပက္ခမဖြစ်ဘဲ ဖြေရှင်းနိုင်မယ်ဆိုရင် အဲဒါက အကောင်းဆုံး ရလဒ်ပါပဲ။ ဒီကိစ္စကို အရင် မှတ်ထားပြီးတော့ မဟာယာနအဆင့် ဒါမှမဟုတ် အတိဒုက္ခအဆင့်ကို ရောက်တဲ့အခါကျမှ စာရင်းရှင်း လို့ရပါတယ်လေ…။*
ဆုံးဖြတ်ချက်ချပြီးနောက် လင်းဖန်သည် ဆက်မနေတော့ပေ။ ဆိုင်သို့ တိုက်ရိုက်ပြန်သွားပြီး ရန်သူ ဘက်မှ နောက်ထပ် လှုပ်ရှားမှုများ ရှိမရှိ စောင့်ကြည့်ရန် ပြင်ဆင်လိုက်သည်။