အခန်း ၁၂၀
Vol. 12 Ch. 120
အခန်း (၁၂၀) ပြဿနာလာရှာတာလား။
တစ်ဖက်တွင်လည်း သုန်ယွဲ့အင်ပါယာ မြို့တော်၏ နက်ရှိုင်းသော နေရာတစ်ခုရှိ စံအိမ်တော်အတွင်း၌...
ခန့်ညားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်လေးသည် ထဲကျူးကို ဖမ်းဆီးချုပ်နှောင်ထားသည့် အခန်းတံခါးဝသို့ တစ်ဖက်ပြန်ရောက်လာခဲ့သည်။
"သူ နိုးမလာသေးဘူး မဟုတ်လား…။"
လူငယ်၏ မေးခွန်းကို ကြားလိုက်ရသည်နှင့် ကင်းစောင့်နေသော အစောင့်က ချက်ချင်းပင် ရိုသေစွာ ဖြေကြားလိုက်သည်။
"အရှင်မင်းသား... သူ အခုထိ မနိုးသေးပါဘူး၊ ဘာသံမှလည်း မကြားရသေးပါဘူး…။"
ထိုစကားကို ကြားသော် လူငယ်က ခေါင်းညိတ်ပြပြီး တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်သွားလေ သည်။ အစောင့်နှစ်ယောက်ကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ကြသည်။
သို့သော်လည်း သူတို့သုံးယောက် အခန်းထဲသို့ လှမ်းဝင်လိုက်သည့်အခါ သူတို့ရှေ့တွင် မြင်တွေ့လိုက် ရသော ဗလာကျင်းနေသည့် အခန်းကို ကြည့်ပြီး လူငယ်မှာ ဆွံ့အသွားရသည်။ အထူးသဖြင့် စောင့်ကြပ် နေသည့် အစောင့်မှာ ပို၍ပင် အံ့အားသင့်သွားရ၏။ ခဏမျှ ကြောင်အသွားပြီးနောက် ထိုအစောင့်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး ချွေးစေးများပင် ထွက်လာတော့သည်။
"သူ ဘယ်မှာလဲ။ ငါ မင်းကို စောင့်ကြည့်ခိုင်းထားတဲ့သူ ဘယ်ရောက်သွားတာလဲ…။"
လူငယ်၏ ဒေါသတကြီး မေးခွန်းကို ကြားလိုက်ရသောအခါ အစောင့်မှာ တစ်ကိုယ်လုံး တုန်ယင်လျက် ပြောလိုက်သည်။
"အရှင်မင်းသား... အရှင်မင်းသား ထွက်သွားပြီးကတည်းက ကျွန်တော်မျိုး ဒီအခန်းထဲကနေ တစ်ဖဝါးမှ မခွာခဲ့ပါဘူး…။"
"သူ တစ်နေရာရာမှာ ပုန်းနေတာလား…။"
ထိုသို့ပြောပြီးနောက် အစောင့်သည် အခန်းအနှံ့ ချက်ချင်းပင် ရှာဖွေတော့သည်။ မည်သည့်ထောင့်ကိုမျှ မချန်ဘဲ ရှာဖွေသည့်အပြင် စားပွဲပေါ်ရှိ အံဆွဲငယ်လေးများကိုပင် ဆွဲဖွင့်ကြည့်လေသည်။ သို့သော် လည်း သူ မည်မျှပင် ကြိုးစားရှာဖွေပါစေ ထဲကျူး၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။
အံဆွဲများအားလုံးကို မွှေနှောက်ရှာဖွေပြီးနောက် အစောင့်သည် လူငယ်ကို စိုးရိမ်တကြီး ကြည့်လိုက် သည်။ လူငယ်၏ မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များကို မြင်သောအခါ သူ ကြောက်လွန်း၍ စကားပင် မပြောနိုင်တော့ပေ။
ရုတ်တရက် လူငယ်သည် ဒေါသကြောင့်ပင် ရယ်မောလိုက်ပြီး-
"ဟား ဟား... ဒီကောင်လေးက ငါ့မျက်စိအောက်ကနေတောင် လွတ်အောင် ပြေးနိုင်လိမ့်မယ်လို့ မထင် ထားခဲ့ဘူး…။"
"ကြည့်ရတာ မင်း ဒီနှစ်တွေထဲမှာ လျှောက်သွားနေရင်းနဲ့ ထူးဆန်းတဲ့ အခွင့်အရေးတွေ အများကြီး ရခဲ့ပုံပဲ…။"
လူငယ်၏ စကားကို ကြားသောအခါ နောက်မှ လိုက်ပါလာသည့် နောက်ထပ် အစောင့်တစ်ယောက်က ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"အရှင်မင်းသား... ကျွန်တော်မျိုး ထင်တာတော့ သူ အဲ့ဒီဆိုင်ကရတဲ့ ထူးဆန်းတဲ့ မှော်ရတနာတစ်ခုခုကို သုံးပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်ပါတယ်…။"
ထိုအစောင့်၏ စကားကြောင့် 'အရှင်မင်းသား' ဟု ခေါ်တွင်သော လူငယ်က ဇဝေဇဝါဖြင့် ကြည့်လိုက် သည်။ အစောင့်က ဆက်လက် ရှင်းပြလေသည်။
"အရှင်မင်းသား မသိသေးတာ ဖြစ်နိုင်ပေမဲ့ ကျွန်တော်မျိုးတို့ လူသွားဖမ်းခဲ့တဲ့ အဲ့ဒီဆိုင်က အခုတလော မြို့တော်မှာ အရမ်းနာမည်ကြီးနေတာပါ။ အဲ့ဒီဆိုင်အကြောင်း ပြောရင် အရင်ဆုံး ပြေးမြင်ကြတာက ဆိုင်ထဲမှာရှိတဲ့ ထူးဆန်းပြီး အံ့ဩဖို့ကောင်းတဲ့ မှော်ရတနာတွေပါပဲ...။"
အစောင့် စကားမဆုံးခင်မှာပင် လူငယ်က ကြားဖြတ်ပြောလိုက်သည်။
"မင်း ငါ့ကို နောက်နေတာလား။ သူက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူလေးပဲ ရှိသေးတာ။ ဘယ်လောက်ပဲ ထူးဆန်းတဲ့ မှော်လက်နက် ဖြစ်ပါစေဦး၊ သူက သုံးနိုင်လို့လား…။"
စကားဖြတ်ပြောခံလိုက်ရသော်လည်း အစောင့်မှာ မကျေမနပ် မဖြစ်ရဲပေ။ သူက ဆက်လက်၍ ရှင်းပြိလိုက်လေသည်။
"အရှင်မင်းသား... အဲ့ဒီဆိုင်က မှော်ရတနာတွေရဲ့ ထူးခြားချက်တစ်ခုက ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေတောင် သုံးလို့ရတာပါပဲ…။"
ထိုစကားကို ကြားမှ အရှင်မင်းသားမှာ စိတ်ဝင်စားသွားပုံ ရသည်။
"အို... အဲ့ဒီလို ထူးခြားတဲ့ မှော်ရတနာတွေ ရှိတာလား။ ငါ တစ်ခါမှ မကြားဖူးဘူး။ ဆက်ပြောပါဦး…။"
အစောင့်သည် စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်။ 'မင်းက နန်းတော်ထဲမှာပဲ အကြာကြီး နေနေတာ၊ ဘာသိမှာလဲ' ဟု တွေးနေမိသော်လည်း လူငယ်၏ စကားကို လျစ်လျူမရှုရဲဘဲ သူသိသမျှကို အမြန်ဆုံး ပြန်ပြောပြလိုက်သည်။
"အရှင်မင်းသား... ကျွန်တော်မျိုး ကြားသိရသလောက်တော့ မြို့တော်က မိသားစုအချို့ရဲ့ မျိုးဆက် တွေဟာ အဲ့ဒီဆိုင်ကနေ ထူးဆန်းတဲ့ မှော်ရတနာတွေ ရရှိထားကြပါတယ်။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေ သုံးလို့ရတဲ့ ဓားပျံတွေ၊ မှော်ရတနာတွေ၊ လွတ်မြောက်ဖို့အတွက် သုံးရတဲ့ ဖိနပ်တွေ..."
"ဒါနဲ့... ပြီးခဲ့တဲ့ အတောအတွင်း လျိုမိသားစုက သူတို့ခွေးကို မြို့အနှံ့ လိုက်ရှာနေကြတာ အရှင်မင်းသား သိမှာပါ။ အဲ့ဒါ သူတို့မိသားစုက လူငယ်တစ်ယောက် အဲ့ဒီဆိုင်က ဝယ်ထားတဲ့ 'မိုးကောင်းကင် ပျံဝဲ ဝတ်ရုံ' ကို သုံးလိုက်လို့ ဖြစ်သွားတာပါ။ အဲ့ဒီလူငယ်က ခွေးအဖြစ် ပြောင်းသွားပြီး မဟာယာနအဆင့် ကျင့်ကြံသူရဲ့ မြင်ကွင်းအောက်ကနေတောင် လွတ်အောင် ပြေးသွားခဲ့တယ်လို့ ပြောကြပါတယ်…။"
ထိုစကားကို ကြားသောအခါ လူငယ်၏ စိတ်ဝင်စားမှုမှာ ပို၍ပင် မြင့်တက်လာသည်။
"ဒီလိုဆိုရင်တော့ ငါ အဲ့ဒီဆိုင်ကို တကယ်ပဲ စိတ်ဝင်စားသွားပြီ…။"
လင်းဖန်၏ဆိုင်မှာ မကြာသေးမီကပင် အလွန်နာမည်ကြီးလာခဲ့သော်လည်း မြို့တော်ရှိ လူတိုင်း သိရှိ သည့်အဆင့်ထိတော့ မရောက်သေးပေ။ သိသာထင်ရှားသည်မှာ ရှေ့တွင်ရှိသော လူငယ်သည် ထိုဆိုင် အကြောင်းကို တစ်ခါမှ မကြားဖူးခြင်းပင်။
သူ ထိုဆိုင်သို့ ထဲကျူးကို သွားဖမ်းခိုင်းရခြင်း အကြောင်းရင်းမှာ ဆိုင် သို့မဟုတ် လင်းဖန်ကြောင့် မဟုတ်ဘဲ ထဲကျူးကိုယ်တိုင်ကသာ သူ၏ ပစ်မှတ်ဖြစ်နေသောကြောင့် ဖြစ်သည်။
"မင်းတို့နှစ်ယောက် အဲ့ဒီဆိုင်ကို ပြန်သွားကြ။ အဲ့ဒီကောင်လေး အဲ့ဒီကို ပြန်ရောက်နေလားဆိုတာ ကြည့် ခဲ့။ တကယ်လို့ လူကို ရှာမတွေ့ရင် ဆိုင်ရှင်ကို တိုက်ရိုက်ပြောလိုက်။ ဒါဟာ မြို့တော်က တော်ဝင်မိသားစု က လိုချင်တဲ့အရာလို့ ပြောလိုက်စမ်း၊ သူ ငြင်းရဲမှာ မဟုတ်ပါဘူး…။"
"ပြီးတော့... ငါ့အတွက် အံ့ဩဖို့ကောင်းတဲ့ မှော်ရတနာ အချို့ပါ ဝယ်ခဲ့ဦး။ တကယ်ပဲ အဲ့ဒီလောက် စွမ်းသလားဆိုတာ ငါ ကြည့်ချင်တယ်…။"
လူငယ်၏ ညွှန်ကြားချက်ကို ကြားသောအခါ ကင်းစောင့်နေသည့် အစောင့်မှာ အလွန်စိတ်လှုပ်ရှားစွာ ဖြင့် အမိန့်ကို လက်ခံလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော်မျိုး အခုချက်ချင်း သွားဖမ်းခဲ့ပါ့မယ်…။"
သူ စောင့်ကြည့်နေစဉ်အတွင်း လူပျောက်သွားသဖြင့် ဤအခွင့်အရေးကို သုံး၍ အမှားကို အမြန်ဆုံး ပြင်ဆင်နိုင်ရန် သူ မျှော်လင့်နေသည်။
သို့သော်လည်း လူငယ်နောက်မှ လိုက်ပါနေသည့် အစောင့်မှာမူ ထိုမျှအထိ စိတ်မလှုပ်ရှားပေ။ ထိုဆိုင် နောက်ကွယ်တွင် အလွန်အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး ရှိနေသည်ဟုလည်း သူ ကြားဖူးသည်။ ထိုသူ၏ ကျင့်ကြံမှုအဆင့်ကို အတိအကျ မသိရသော်လည်း မြို့တော်ရှိ မိသားစုကြီးများကို ရင်ဆိုင် နိုင်ခြင်းကပင် သူ၏ အဆင့်မှာ မနိမ့်လှကြောင်း ပြသနေသည်။
သို့သော်လည်း သူ၏ အဖော်ဖြစ်သူက အမိန့်ကို လက်ခံပြီး ဖြစ်သဖြင့် သူ ဘာမှမပြောတော့ပေ။ ထို့အပြင် တစ်ဖက်လူမှာ မည်မျှပင် ကျင့်ကြံမှုမြင့်မားပါစေ သုန်ယွဲ့တော်ဝင်မိသားစုကိုတော့ ဆန့်ကျင် ရဲမည်မဟုတ်ဟု သူ ယူဆထားသည်။ ထိုသို့ တွေးတောပြီးနောက် သူတို့နှစ်ဦးမှာ ဟင်းလင်းပြင်ဆိုင် ရှိရာသို့ အမြန်ဆုံး ထွက်ခွာလာခဲ့ကြတော့သည်။
မကြာမီတွင် သူတို့နှစ်ဦး ဆိုင်သို့ ရောက်ရှိလာကြသည်။ သူတို့ ဆိုင်ထဲသို့ ဝင်လာသည်နှင့် လင်းဖန်က ဖောက်သည်များဟု မှတ်ယူကာ ချက်ချင်းပင် ခရီးဦးကြိုဆိုလိုက်သည်။
"ကျွန်တော့်ဆိုင်ကို ကြိုဆိုပါတယ်။ ခင်ဗျားတို့ ဘာများ ဝယ်ယူချင်ပါသလဲ။ ဆေးလုံးလား ဒါမှမဟုတ် မှော်ရတနာလား…။"
လင်းဖန်၏ နှုတ်ဆက်စကားကို အစောင့်တစ်ယောက်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။
"ငါတို့က ဆေးလုံးတွေ၊ မှော်ရတနာတွေ လာဝယ်တာမဟုတ်ဘူး။ လူလာတောင်းတာ…။"
ထိုသူ၏ စကားကြောင့် လင်းဖန် မျက်လုံးများ အနည်းငယ် မှေးသွားသည်။
"ဟဟ... ခင်ဗျားကတော့ နောက်နေပြန်ပြီ။ ကျွန်တော့်ဆိုင်က ဆေးလုံးနဲ့ မှော်ရတနာပဲ ရောင်းတာပါ၊ လူမရောင်းပါဘူး။ ခင်ဗျားတို့ နေရာမှားလာတာ ဖြစ်လိမ့်မယ်။ ဒါမှမဟုတ် နေရာတော့ မမှားဘူး၊ ဒါပေမဲ့ ပြဿနာလာရှာတာလား…။"
လင်းဖန်၏ စကားကို ကြားသောအခါ ပထမဆုံး စကားပြောခဲ့သည့် အစောင့်က သူ၏ ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့် ကျင့်ကြံမှုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ လင်းဖန်အပေါ်သို့ ဖိအားများ သက်ရောက်စေလျက် သူက ဒေါသတကြီး ပြောလိုက်၏။
"မသိနားမလည်တဲ့ ကောင်လေး... မင်း ငါတို့ကို ဘယ်လိုစကားမျိုး ပြောနေတာလဲ။ ငါတို့က ဘယ်သူ တွေလဲဆိုတာ မင်း သိရဲ့လား။ ငါတို့က..."
သို့သော်လည်း ထိုသူ စကားမဆုံးမီမှာပင်...
ရုတ်တရက် ခရမ်းရွှေနတ်နဂါးလှံသည် လင်းဖန်၏ ဘေးတွင် ပေါ်လာပြီး လျှပ်တပြက်အတွင်း ထိုသူ၏ လည်ပင်းကို ထိုးဖောက်သွားလေသည်။ ထိုကျင့်ကြံသူ၏ ရှေးဟောင်းစိတ်ဝိညာဉ် မှာလည်း ခရမ်းရွှေ နတ်နဂါးလှံ၏ ဒဏ်ကြောင့် ပျက်စီးသွားရတော့သည်။
ထိုအချိန်တွင် လင်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မင်းက ဘယ်သူလဲဆိုတာ ငါ မသိဘူး။ ဒါပေမဲ့ မင်းက အခုတော့ လူသေတစ်ယောက် ဖြစ်သွားပြီဆို တာတော့ ငါ သိတယ်…။"
ထို့နောက် လင်းဖန်သည် စကားမပြောဘဲ ကျန်နေခဲ့သည့် အခြားအစောင့်တစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်း ပြောကြည့်စမ်း... ငါ ပြောတာ မှန်သလား၊ မမှန်ဘူးလား…။"
လင်းဖန်၏ ပြတ်သားပြီး လျင်မြန်သော တိုက်ကွက်ကြောင့် ကျန်ရစ်သူ အစောင့်မှာ ထိတ်လန့်တုန် လှုပ်သွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ အရင်စကားမပြောမိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် အခုအချိန်တွင် သူလည်း အလောင်းဖြစ်နေလောက်ပြီ။ သို့သော်လည်း တစ်ဖက်လူက မေးလာပြီဖြစ်ရာ သူ ဆိတ်ဆိတ်မနေရဲတော့ပေ။
"စီ... စီနီယာ... စီနီယာပြောတာ မှန်ပါတယ်ခင်ဗျား…။"
လင်းဖန်၏ တိုက်ခိုက်မှုအရ တစ်ဖက်လူသည် သူတို့နှင့် အဆင့်တူ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ဖြစ်ကြောင်း သိနိုင်သော်လည်း၊ အဆင့်တူ ကျင့်ကြံသူတစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်စွမ်းရှိသဖြင့် သူသည် လင်းဖန်ကို စီနီယာဟုပင် မခေါ်ဘဲ မနေရဲတော့ပေ။
တစ်ဖက်လူက လိမ္မာပါးနပ်စွာဖြင့် 'စီနီယာ' ဟု ခေါ်ဝေါ်သည်ကို မြင်သောအခါ လင်းဖန်မှာ စိတ်ကျေနပ် သွားပြီး သူ့အသက်ကို ခေတ္တချန်ထားရန် ဆုံးဖြတ်လိုက်သည်။ အမှန်စင်စစ် သူ စီနီယာဟု မခေါ်လျှင်ပင် လင်းဖန်အနေဖြင့် သူ့ကို သတ်ဦးမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မေးမြန်းစရာများ ရှိနေသေး သောကြောင့် ဖြစ်သည်။
"မင်း ငါ့ရဲ့ ဆိုင်အကူကို ဖမ်းသွားတာ မဟုတ်လား…။"
"မင်း 'မဟုတ်ပါဘူး' လို့တော့ လုံးဝ မပြောနဲ့ဦး။ မဟုတ်ရင် မင်းရဲ့ အဖော်က အလကား သေသွားရသလို ဖြစ်သွားလိမ့်မယ်…။"
လင်းဖန်သည် ထိုသူများမှာ ထဲကျူးကို ဖမ်းသွားသူများဖြစ်ကြောင်း ခန့်မှန်းမိသော်လည်း အတည်ပြုရန် လိုအပ်သေးသည်။ ဆိုင်ထဲသို့ ဝင်လာစဉ်ကပင် 'လူလာတောင်းတာ' ဟု ပြောဆိုခဲ့သဖြင့် ထိုအစောင့်မှာ ငြင်းဆန်ရန် အခွင့်အရေး မရှိတော့ပေ။