အခန်း ၁၂၂
Vol. 13 Ch. 122
အခန်း (၁၂၂) စီနီယာအစ်ကိုက လူခိုးတော့မလို့လား။
[ လုပ်ဆောင်ချက်အသစ် (၁) - ပိတ်ကြမ်းအိတ်အတွင်း ဝင်ရောက်သွားသူများကို သန့်စင်ရာမြေသို့ တိုက်ရိုက် ပို့ဆောင်ပေးနိုင်သည်။]
[လုပ်ဆောင်ချက်အသစ် (၂) - ပစ်မှတ်ထားခံရသူက "အင်း" ၊ "အာ" ၊ သို့မဟုတ် "အို" ကဲ့သို့သော အာမေဍိတ် အသံများ ထွက်ပေါ်လာပါက၊ သူတို့တွင် ခုခံလိုသော အတွေးရှိနေလျှင်ပင် အမိန့်ပေး စကားလုံးကို အသုံးပြု၍ အတင်းအကျပ် ဖမ်းယူနိုင်သည်။]
[ဘေးထွက်ဆိုးကျိုး - အသုံးပြုသည့်အခါ မှော်လက်နက်၏ နာမည်ကို အမိန့်ပေးစကားလုံးအဖြစ် အော်ဟစ်ရန် လိုအပ်သည်။ ]
လင်းဖန်က ထိုလုပ်ဆောင်ချက်အသစ် နှစ်ခုကို အလွန် ကျေနပ်သွားလေသည်။
ပထမလုပ်ဆောင်ချက်အသစ်က အိတ်၏ အတွင်းဘက် နေရာလွတ် အရွယ်အစားကို အဓိပ္ပာယ်မဲ့သွား စေသည်။ လူများကို ဖမ်းယူပြီးသည်နှင့် ဟင်းလင်းပြင် သန့်စင်ရာမြေသို့ တိုက်ရိုက် ပို့ဆောင်နိုင်ပြီ ဖြစ် ရာ ဟင်းလင်းပြင် သန့်စင်ရာမြေအတွင်းသို့ အကြိမ်ကြိမ် ဝင်ထွက်နေရမည့် လိုအပ်ချက်ကို ဖယ်ရှား ပေးလိုက်သည်။
သန့်စင်ရာမြေ မပြည့်သရွေ့ ဤအိတ်သည်လည်း ဘယ်တော့မှ ပြည့်သွားမည် မဟုတ်ပေ။
ဒုတိယလုပ်ဆောင်ချက်က ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေသေးသည်။
ဤသည်က လူတွေကို သိုလှောင်ရုံသက်သက်သာ လုပ်နိုင်သော ထိုမှော်လက်နက်ကို ရန်သူတွေကို ကာကွယ်ရန်နှင့် ချုံခိုတိုက်ခိုက်နိုင်သော စွမ်းရည်ကို တိုက်ရိုက် ပေးစွမ်းလိုက်ခြင်းပင် ဖြစ်သည်။
စဉ်းစားသာကြည့်လိုက်ပါ၊ စကားပြောတဲ့အခါမှာ ဘယ်သူက အာမေဍိတ်အသံတွေ လုံးဝ မထွက် ပါဘူးလို့ အာမခံနိုင်မှာတဲ့လဲ။
ဒါက "ငါ မင်းနာမည်ကို ခေါ်လိုက်ရင် မင်း ပြန်ထူးရဲလား" လို့ မေးရတာထက် အများကြီး ပိုပြီး အဆင်ပြေနေသေးသည်မဟုတ်ပါလား။
လင်းဖန်က ရန်သူတွေကို စကားပြောဖို့ လှည့်စားလိုက်သည်နှင့် သူတို့၏ စကားထဲမှာ အာမေဍိတ် အသံများက ပါလာတော့မည်ပင်။
လင်းဖန်က တစ်ဖက်လူကို ပိတ်ကြမ်းအိတ်ထဲ အတင်းအကျပ် ထည့်လိုက်ပြီး ချက်ချင်းဆိုသလို သန့်စင် ရာမြေ နေရာလွတ်ဆီကို လွှဲပြောင်းပေးလိုက်လို့ ရပြီပင်။ သန့်စင်ရာမြေထဲ ရောက်သွားပြီဆိုလျင်တော့ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ လင်းဖန်ရဲ့ သနားညှာတာမှုအောက်မှာပဲ ရောက်သွားရတော့မည် ဖြစ်ချေ၏။
ဤသည်ကို တွေးမိပြီး လင်းဖန်က အသံထွက်ပြီး ရယ်မောလိုက်မိတော့သည်။
အကယ်၍ လုပ်ဆောင်ချက်အပိုင်းမှာ ကျင့်ကြံမှုအဆင့် ကန့်သတ်ချက်တွေ မရှိတော့ဘူးဆိုလျင် လင်းဖန်က အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကိုတောင် ဖမ်းနိုင်ပြီ မဟုတ်ပါလား။
ရုတ်တရက် အလွန်အားထားရတဲ့ လျှို့ဝှက်လက်နက်တစ်ခု ရလိုက်ခြင်းကြောင့် လင်းဖန်က ဘယ်လို လုပ် မပြုံးဘဲ နေနိုင်မည်လဲ။ တစ်ခုတည်းသော အားနည်းချက်က ဘေးထွက်ဆိုးကျိုးက ပြောရတာ နည်းနည်း ရှက်စရာကောင်းနေခြင်းသာ ဖြစ်သည်။
သို့ပေမဲ့လည်း ဒီကမ္ဘာကလူတွေက ဘယ်လိုပဲဖြစ်ဖြစ် နားမလည်ကြတာဆိုတော့ အဲဒီစကားလုံး သုံးလုံးကို ရိုးရိုးလေးပဲ အော်လိုက်ရုံသာပင်။
"စီနီယာအစ်ကိုလင်းဖန်... ဘာတွေက ရှင့်ကို ဒီလောက် ပျော်ရွှင်နေစေတာလဲ ရှင်…။"
လင်းဖန် ပျော်ရွှင်စွာ ရယ်မောနေစဉ်မှာပင် သာယာပျော့ပျောင်းသော အသံလေးတစ်ခု ထွက်ပေါ်လာ လေသည်။
လီလဲ့ယန်က လင်းဖန်၏ ရယ်မောသံကြောင့် အနားသို့ ရောက်လာခြင်း ဖြစ်သည်။
ဤကာလအတွင်း သူမက ဟင်းလင်းပြင် သန့်စင်ရာမြေထဲတွင် နေထိုင်ပြီး ကျင့်ကြံနေခဲ့ရာ သူမ၏ ကျင့်ကြံမှုအဆင့်သည်လည်း သိသိသာသာ တိုးတက်လာခဲ့လေသည်။
"ဟားဟား... ဂျူနီယာညီမလေးလဲ့ယန် ငါ တကယ်ကို မိုက်တဲ့ မှော်လက်နက်တစ်ခု ဖန်တီးလိုက်နိုင် လို့ပါ၊ ဒါကြောင့် ပျော်နေတာပေါ့…။"
ဤအချိန်တွင် လီလဲ့ယန်သည် လင်းဖန်၏ အနားသို့ လျှောက်လာခဲ့သည်။ လင်းဖန်၏ လက်ထဲရှိ ပိတ်ကြမ်းအိတ်ကို ကြည့်ကာ သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဒါက ဘယ်လို မှော်လက်နက်မျိုးလဲ…။ သိုလှောင်အိတ်လား။ အဲ့ဒီလိုပုံစံမျိုးနဲ့လည်း မတူပါဘူး…။"
လီလဲ့ယန်၏ အမေးကို ကြားသောအခါ လင်းဖန်က ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ပြုံးလိုက် သည်။
"ဟီးဟီး... ဒါက သိုလှောင်အိတ် မဟုတ်ဘူး၊ ဒါကို ပိတ်-ကြမ်း-အိတ် လို့ ခေါ်တယ်…။"
ရုတ်တရက် လင်းဖန် စကားပြောပြီးသည်နှင့် သူ၏ အပြုံးက အေးခဲသွားတော့သည်။ အဘယ်ကြောင့် ဆိုသော် "ပိတ်ကြမ်းအိတ်" ဟူသော စကားလုံးကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်။
သူ၏ရှေ့မှ ဂျူနီယာညီမလေးလဲ့ယန်သည် ထိုနေရာမှာတင် ချက်ချင်း ပျောက်ကွယ်သွားသော ကြောင့် ပင်။
"ကျစ်... ဂျူနီယာညီမလေးလဲ့ယန်။ သူ ဘယ်ရောက်သွားတာလဲ။ ရုတ်တရက်ကြီး လေထဲ ပျောက်ကွယ် သွားတာလား…။"
ခဏတာ အံ့အားသင့်ကာ ငြိမ်သက်သွားပြီးနောက် လင်းဖန်သည် လီလဲ့ယန် ပျောက်ကွယ်သွားရသည့် အကြောင်းရင်းကို ချက်ချင်း သဘောပေါက်သွားလေသည်။
"မဖြစ်နိုင်ဘူး၊ အမိန့်ပေးစကားလုံးကို အော်ပြောရမှာ မဟုတ်ဘူးလား။ ခုနက ငါ သိပ်ကျယ်ကျယ်ကြီး အော်မပြောလိုက်ပါဘူး…။"
လင်းဖန်သည် စဉ်းစားချိန်ပင်မရဘဲ လီလဲ့ယန် ဘယ်ရောက်နေသည်ကို သိရှိပြီးနောက် သူမကို ပြန်ထုတ် ပေးရန် ပိတ်ကြမ်းအိတ်ကို အမြန်သက်ဝင်လှုပ်ရှားစေလိုက်သည်။ ပြန်ပေါ်လာသည့် လီလဲ့ယန်မှာ တွေဝေငေးမောနေဆဲပင် ဖြစ်သည်။
"စီနီယာအစ်ကိုလင်းဖန်... ခုနက ဘာဖြစ်သွားတာလဲ ရှင်။ ဒီသန့်စင်ရာမြေကြီးရဲ့ ကောင်းကင်က ဘာလို့ ခဏလောက် ရုတ်တရက် မှောင်မိုက်သွားရတာလဲ….။"
လင်းဖန်က အနေရခက်စွာဖြင့်သာ ရှင်းပြလိုက်ရတော့သည်။
"အဟမ်း... ဂျူနီယာညီမလေး ဒါက သန့်စင်ရာမြေကြောင့် မဟုတ်ပါဘူး။ ငါ ဒီမှော်လက်နက်ကို မတော် တဆ အသက်သွင်းမိသလိုဖြစ်သွားလို့ပါ…။"
"မင်းကို ဒီ... ဒီအိတ်ထဲ ထည့်လိုက်မိလို့…။"
ကံကောင်းစွာဖြင့် လင်းဖန်က သူ့စကားလုံးကို အချိန်မီ ပြောင်းလဲလိုက်နိုင်သည်။ မဟုတ်လျှင် လီလဲ့ယန် သည် နောက်ထပ် အမှောင်ထုကို ထပ်မံ ကြုံတွေ့ရဦးမည် ဖြစ်သည်။
ထိုအခါမှသာ လီလဲ့ယန်သည် မမှောင်မိုက်ခင်က လင်းဖန်ပြောခဲ့သော မှော်လက်နက်၏ နာမည်ကို မှတ်မိသွားသည်။
"ပိတ်ကြမ်းအိတ်။ ထူးဆန်းတဲ့ နာမည်လေးပဲ။ ဒီမှော်လက်နက်က လူတွေကို တကယ် ဖမ်းနိုင်တာလား… ။"
လီလဲ့ယန်၏စကားကြောင့် လင်းဖန် လန့်ဖြတ်သွားသည်။ ကံကောင်းစွာဖြင့် တစ်ဖက်လူက ဤ မှော်လက်နက်ကို အသုံးမပြုထားသောကြောင့် သူမ ပြောလိုက်သော အမိန့်ပေးစကားလုံးက အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
စိတ်သက်သာရာ ရသွားပြီးနောက် လင်းဖန်က လီလဲ့ယန်၏ အသံထွက်အမှားများကို စတင် ပြင်ဆင် ပေးလေသည်။
"ဂျူနီယာညီမလေးလဲ့ယန်၊ အဲဒီနာမည်ကို အဲဒီလို အသံထွက်ရတာ မဟုတ်ဘူး။ ပထမစကားလုံးက အသံနိမ့်ရမယ် နောက်စကားလုံး နှစ်လုံးက အသံမြင့်ရမယ်။"
"အာ... ပိတ်... ကြမ်း... အိတ်လား…။"
"အာ... ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲဒီလိုမျိုးပဲ။ နောက်ထပ် နှစ်ခေါက်လောက် ထပ်ပြောကြည့်…။"
"အာ..."
လင်းဖန်က လီလဲ့ယန်အား အသံထွက် လေ့ကျင့်ရန် သင်ကြားပေးနေစဉ်။ မြို့တော်၏ အလယ်ဗဟိုရှိ စံအိမ်ကြီးတစ်ခုအတွင်း၌။
လင်းဖန် လွှတ်ပေးလိုက်သော အစောင့်က ကျောက်ရွှင်းထံ သူ၏ ခရီးစဉ်အတွေ့အကြုံများကို အစီရင်ခံ နေလေသည်။
သူ၏ အစောင့်တစ်ဦး ဆုံးရှုံးသွားကြောင်း သိလိုက်ရသောအခါ ကျောက်ရွှင်းက အလွန်ဒေါသထွက် သွားလေ၏။ သို့သော်လည်း တစ်ဖက်လူက သုံးရက်အကြာတွင် ရှင်းလင်းချက်တောင်းခံရန် သူတို့၏ တံခါးဝသို့ လာရောက်ရဲသည်ဟု ကြားသောအခါ...
*အတိဒုက္ခအဆင့်ကလူတောင် သူ့ကို မကယ်တင်နိုင်ဘူးလို့တောင် ပြောရဲသေးတယ် ပေါ့…။*
၎င်းက ကျောက်ရွှင်းကို အနည်းငယ် စိုးရိမ်မကင်း ဖြစ်သွားစေခဲ့သည်။
"သူတို့ရဲ့နောက်ကွယ်မှာ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတာများလား…။"
"နောက်သုံးရက်နေရင်လား။ ကောင်းပြီလေ… သူ အသက်ရှင်လျက် ပြန်မထွက်သွားနိုင်အောင် ငါ ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ထားလိုက်မယ်…။"
ထိုသို့ပြောပြီးနောက် ကျောက်ရွှင်းက ဆက်သွယ်ရေးအဆောင်ကို ထုတ်ယူကာ မည်သူမှန်းမသိသော သူတစ်ယောက်ထံသို့ သတင်းစကား ပေးပို့လိုက်လေသည်။
သို့သော်လည်း အတိဒုက္ခအဆင့်မှ တစ်ဆင့် ပြန်လမ်းမရှိစေရန် တစ်စုံတစ်ယောက်ကို စေလွှတ်ရဲ သောကြောင့် သူတို့ကိုယ်တိုင်ကလည်း အတိဒုက္ခအဆင့် ကျင့်ကြံသူကို ခေါ်ယူနေခြင်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
ထို့အပြင် သူတို့သည် လျှို့ဝှက်လက်နက်များ ပိုင်ဆိုင်ထားသော အတိဒုက္ခအဆင့် ကျင့်ကြံသူများပင် ဖြစ်နိုင်ခြေရှိသည်။ ကံမကောင်းစွာဖြင့် သူ၏ ကြိုတင်ပြင်ဆင်မှုများက ယခုအခါတွင် အသုံးဝင်မည် မဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် လင်းဖန်က ယခုညပဲ သွားရောက်ရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်က သန့်စင်ရာမြေ နေရာလွတ်ထဲ၌ လီလဲ့ယန်နှင့်အတူ ရှိနေဆဲပင် ဖြစ်သည်။
သူတို့သည် အချိန်ကုန်သွားသည်ကိုပင် မေ့လျော့နေပုံရသည်။အပြင်ဘက်တွင် မှောင်မိုက်သွားသည့် အချိန်ရောက်မှသာ လင်းဖန်က သူ လုပ်စရာ အရေးကြီးကိစ္စ ရှိသေးကြောင်း ရုတ်တရက် သတိရသွား လေသည်။
သူက နဖူးကို ချက်ချင်း ရိုက်လိုက်ကာ အံ့သြတကြီး ရေရွတ်လိုက်သည်။
"သေစမ်း... ငါ့မှတ်ဉာဏ်ကတော့ကွာ…။"
"ဂျူနီယာညီမလေးလဲ့ယန် ညနေတောင် စောင်းနေပြီ။ ငါ အရေးကြီးတဲ့ လုပ်စရာကိစ္စလေး တစ်ခု ရှိသေးတယ်…။"
လင်းဖန် ရုတ်တရက် ထအော်လိုက်သဖြင့် လီလဲ့ယန်၏ သိချင်စိတ်ကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွား သည်။
"အရေးကြီးကိစ္စဟုတ်လား။ ညဘက်ကြီး ဘာလုပ်စရာ ရှိလို့လဲ….။"
လီလဲ့ယန်၏ သိချင်နေသော မျက်နှာထားကို မြင်သောအခါ လင်းဖန်က ရယ်မောလိုက်သည်။
"ဟီးဟီး... ငါ လူတစ်ယောက်ကို သွားခိုးတော့မလို့…။"
ထိုစကားများက လီလဲ့ယန်ကို မှင်သက်သွားစေလေသည်။
"စီနီယာအစ်ကိုက... လူတစ်ယောက်ကို သွားခိုးမလို့... ဟုတ်လား….။"
ဤကာလအတွင်း လင်းဖန်နှင့် စကားပြောဆိုမှုများမှတစ်ဆင့်။ သူ၏ လွှမ်းမိုးမှုအောက်တွင် လီလဲ့ယန် က အရင်ကလို အပြစ်ကင်းစင်သူလေး မဟုတ်တော့ပေ။
"ညဘက်ကြီး လုပ်စရာရှိတယ်" ဟူသော စကားနှင့် "လူခိုးမယ်" ဆိုသည့် စကားများ ပေါင်းစပ်သွား သောအခါ လီလဲ့ယန်၏ အတွေးများက ချက်ချင်းပင် လမ်းကြောင်းလွဲသွားလေတော့သည်။လီလဲ့ယန်၏ မျက်နှာအမူအရာကို အကဲခတ်နေသော လင်းဖန်သည်လည်း ယင်းကို သတိထားမိသွားလေသည်။
"အဟမ်း... မင်း နားလည်မှုလွဲသွားပြီ ဂျူနီယာညီမလေးလဲ့ယန်။ ငါ လူတစ်ယောက်ကို သွားပြီး ပြန်ပေးဆွဲမလို့ပါ…။"
"တိတ်တဆိတ် ပြန်ပေးဆွဲတာ ဒါမှမဟုတ် ရိုးရိုးလေးပဲ လူခိုးတာပေါ့ကွာ…။"
ဤရှင်းပြချက်ကို ကြားသောအခါမှသာ လီလဲ့ယန်သည် သက်ပြင်းချနိုင်သွားတော့သည်။ ခုနကတော့ သူမ လန့်သွားခဲ့ရလေသည်။
ဒီမှာ အဆင်သင့်ရှိနေတဲ့ သူတစ်ယောက်လုံး ရှိနေတာကို ဘာလို့ တခြားလူကို သွားခိုးရမှာလဲဟု သူမ တွေးကာ ဇဝေဇဝါ ဖြစ်သွားခဲ့ခြင်းဖြစ်လေသည်။ သူမ နားလည်မှုလွဲသွားခဲ့တာပဲ ဖြစ်၏။
ထိုသို့တွေးမိသောအခါ လီလဲ့ယန်၏ မျက်နှာပေါ်တွင် ရှက်သွေးဖြာသော အမူအရာလေး ပေါ်လာ လေသည်။
"အို... ဟုတ်ကဲ့ပါ ဒါဆိုရင်လည်း သွားလေ စီနီယာအစ်ကိုလင်းဖန်။ ရှင့်ရဲ့ အရေးကြီးကိစ္စကို အချိန်မဆွဲ ပါနဲ့တော့…။"
ထိုသို့ပြောပြီးနောက် လီလဲ့ယန်က ထွက်ပြေးသွားလေတော့သည်။
လင်းဖန်လည်း အချိန်ဖြုန်းမနေတော့ဘဲ ထယ်ကျူးကို ရှာရန် ထွက်လာခဲ့လေတော့သည်။
ယွမ်မင်းသား၏ စံအိမ်သည် ဟင်းလင်းပြင် ဆိုင်နှင့် အနည်းငယ် ကွာဝေးလေသည်။ လင်းဖန်က ထိုနေရာသို့ လမ်းလျှောက်သွားရန် အချိန်မပေးချင်ပေ။ ထယ်ကျူးကို ဟင်းလင်းပြင် သန့်စင်ရာမြေထဲမှ ထွက်ခိုင်းလိုက်ပြီး သူ၏ ဟင်းလင်းပြင် တိုကင်ပြားကို အသုံးပြုကာ ထိုနေရာသို့ နေရာရွှေ့ပြောင်းသွား ရန်သာ စဉ်းစားလိုက်သည်။
"ထယ်ကျူး... မင်း အခု ထွက်သွားလို့ရပြီ။ ငါ အဲဒီကို အမြန်ဆုံးလာခဲ့ပြီး ဒီညမင်းအတွက် ကလဲ့စားချေ ပေးမယ်…။"
ထယ်ကျူးကို မြင်သည်နှင့် တစ်ပြိုင်နက် လင်းဖန်က ညွှန်ကြားချက်များ စတင်ပေးလေသည်။ ထယ်ကျူးက လင်းဖန်ကို အတော်လေး ယုံကြည်သော်လည်း ထိတ်လန့်တကြားဖြင့် စကားအနည်းငယ် ထွက်သွားခဲ့သည်။
"သန့်စင်ရာမြေသခင်... ခင်ဗျား အဲဒီကို မြန်မြန်လာတာ ပိုကောင်းမယ်…။"
"တစ်ဖက်လူက အထဲမှာ စောင့်နေမယ်ဆိုရင် ကျုပ်ရဲ့ ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံမှုနဲ့ ချက်ချင်း အသတ်ခံလိုက်ရလိမ့်မယ်…။"
၎င်းကို ကြားသောအခါ လင်းဖန်က သူ့အား ပြင်းပြင်းထန်ထန် ဆူပူလိုက်သည်။
"မင်းရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်နေတယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့ ပိုကြိုးစားပြီး ကျင့်ကြံဖို့ မလုပ်ရ တာလဲ…။"
"မင်းကိုယ်မင်း ပြန်ကြည့်စမ်း၊ ဒီသန့်စင်ရာမြေထဲက လူတွေအကုန်လုံးထဲမှာ မင်းက ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးပဲ…။"
သန့်စင်ရာမြေထဲတွင် နေရသောအချိန်က မကြာသေးသော်လည်း။ နဂိုက ချီစုဆောင်းခြင်းအဆင့်တွင် သာ ရှိနေခဲ့သော ချင်းယွင်ဂိုဏ်းနှင့် အခြားဂိုဏ်းများမှ တပည့်အများအပြားသည် သူတို့၏ အရည် အချင်းမှာ သင့်တင့်ရုံသာ ရှိသော်လည်း သူတို့ဘာသာသူတို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ ဝင်ရောက်သွားခဲ့ကြပြီ ဖြစ်သည်။
အရည်အချင်း ပိုနည်းသော ကျန်ရှိနေသည့်သူများပင်လျှင် အနည်းဆုံး ချီစုဆောင်းခြင်း အဆင့် (၈) ၌ ရှိနေကြပြီ ဖြစ်သည်။ ထယ်ကျူးမှာမူ ယခုမှ ချီစုဆောင်းခြင်း အဆင့် (၆) သို့သာ ရောက်ရှိသေးသည်။
"သန့်စင်ရာမြေသခင်... ကျုပ် အန္တရာယ်ကင်းသွားတာနဲ့ သန့်စင်ရာမြေ နေရာလွတ်ထဲမှာပဲ နေပြီး ကြိုးကြိုးစားစား ကျင့်ကြံပါတော့မယ်…။"
"ကျုပ် အခု ထွက်သွားတော့မယ် သန့်စင်ရာမြေသခင်... ကျေးဇူးပြုပြီး ကျုပ်ကို လာကယ်ပါဦး….။"