အခန်း ၁၂၅
Vol. 13 Ch. 125
အခန်း (၁၂၅) ထဲကျူး၏ ဇာစ်မြစ်
သို့သော် ကျောက်ရွှင်းသည် ထဲကျူး ကိုင်ထားသော မိုးကြိုးနှင်တံအကြောင်းကို မေ့သွားခဲ့လေသည်။ ကျောက်ရွှင်းက ဖြစ်ချင်ရာဖြစ်ဆိုပြီး သူ့ထံသို့ အတင်းပြေးဝင်လာသည်ကို မြင်သောအခါ ထဲကျူးက အလိုအလျောက်ပင် မိုးကြိုးနှင်တံကို လွှဲရိုက်လိုက်လေတော့သည်။
ရလဒ်ကတော့ ပြောနေစရာပင် မလိုတော့ပေ။ လင်းဖန်သည် နောက်ထပ် 'နာကျင်စွာ အော်ဟစ်သံ သံစုံတီးဝိုင်း' တစ်ခုကို နားထောင်လိုက်ရပြန်သည်။ ခဏအကြာတွင် လူနှစ်ဦးသား ပြန်လည် ငြိမ်သက် သွားကြပြန်လသည်။
လင်းဖန်၏ အတင်းအဖျင်း သိလိုသောစိတ်က နိုးကြားလာသဖြင့် ကျောက်ရွှင်းကို ဆက်လက် မေးမြန်း လိုက်လေသည်။
"ကဲ... ဆက်ပြောစမ်းပါဦး….။"
တစ်ချိန်တည်းမှာပင် သူက ထဲကျူးဘက်သို့ လှည့်ကာ အမိန့်ပေးလိုက်သည်။
"ငါ့အတွက် နေကြာစေ့သွားယူပေးစမ်း….။"
သို့သော် ထဲကျူး၏ ဝမ်းနည်းကြေကွဲနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ တစ်ခုခု မှားနေပြီ ဟု လင်းဖန် ခံစားလိုက်ရသည်။
"အင်း... ထားလိုက်ပါတော့၊ သွားမယူနဲ့တော့…။"
ထို့နောက် သူက ကျောက်ရွှင်းကို ကြည့်ကာ မေးခွန်းများ ထပ်မေးလိုက်သည်။
"ဆက်ပြောစမ်း... မင်းတို့က အမျိုးတွေဆိုရင် ဘာလို့ ထဲကျူးကို ခမ်းခမ်းနားနား ကြိုမယ့်အစား ပြန်ပေး ဆွဲရတာလဲ…။ ပြီးတော့ သူ့မိဘတွေကရော ဘာလို့ အပြင်မှာ လေလွင့်နေရတာလဲ…။ ဒါနဲ့ ထဲကျူးက တော်ဝင်မိသားစုဝင်ဆိုတော့ သူက 'ချမ်းသာတဲ့ ဒုတိယမျိုးဆက်' ပေါ့ဟုတ်လား….။ မင်းတို့လို လူချမ်းသာသားသမီးတွေမှာ ပိုင်ဆိုင်မှု ဘယ်လောက်တောင် ရှိကြသလဲ…။"
လင်းဖန်၏ ဆက်တိုက် မေးခွန်းများကြောင့် ကျောက်ရွှင်းမှာ စကားပင် မပြောနိုင် ဖြစ်သွားသည်။ ခဏမျှ စဉ်းစားပြီးနောက် ကျောက်ရွှင်းက စကားတစ်ခွန်း ပြောလိုက်ရာ ထဲကျူး တစ်ယောက် ကြောင်အသွားလေတော့သည်။
"သူ့မိဘတွေ နှစ်ယောက်လုံး ကွယ်လွန်သွားကြပြီ…။"
ထိုစကားသည် ထဲကျူးကို မိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရစေသည်။
"သူတို့... မရှိတော့ဘူးလား… ဘယ်လိုဖြစ်လို့လဲ…။"
ထဲကျူးမှာ မယုံနိုင် ဖြစ်နေရှာသည်။ သူသည် သူ၏ မိဘများအကြောင်းကို ခဏခဏ ထုတ်မပြောတတ် သော်လည်း စိတ်ထဲတွင်မူ တစ်နေ့နေ့တွင် မိဘများထံမှ သတင်းကြားရလိမ့်မည်ဟု အမြဲ မျှော်လင့်နေခဲ့ သူ ဖြစ်သည်။ ယခု သတင်းကြားလိုက်ရသည့် အချိန်တွင်မူ သူတို့ ကွယ်လွန်သွားပြီဟူသော သတင်းဆိုး ကိုသာ ကြားလိုက်ရတော့သည်။
"ရန်သူက ဘယ်သူလဲ… ဘယ်သူ သူတို့ကို လုပ်ကြံတာလဲ…။"
ထဲကျူး၏ ပြင်းထန်သော မေးခွန်းကို ကြားသောအခါ ကျောက်ရွှင်းက လှောင်ပြုံးတစ်ချက် ပြုံးလိုက် သည်။
"ဟက်... ရန်သူ ဟုတ်လား…။ အရှေ့ဘက်ဒေသမှာ သုန်ယွဲ့အင်ပါယာရဲ့ တော်ဝင်မိသားစုဝင်ကို ဘယ်သူ ကများ ရန်ပြုရဲမှာလဲ…။"
ထိုသို့ ပြောလိုက်ပြီးမှ ကျောက်ရွှင်းက သူကိုယ်တိုင် အဖမ်းခံထားရသည့် အခြေအနေကို သတိရသွား သည်။
"အခု ငါ့ကိစ္စကတော့ ခြွင်းချက်ပေါ့၊ ဒါက မတော်တဆ ဖြစ်သွားတာ…။"
ထဲကျူး၏ သံသယဝင်နေသော အကြည့်အောက်တွင် ကျောက်ရွှင်းက ဆက်လက် ရှင်းပြလိုက်သည်။
"ငါ့ရဲ့ ဒုတိယဦးလေး၊ ဆိုလိုတာက မင်းရဲ့အဖေပေါ့၊ သူက ခရီးသွားရတာ အရမ်းဝါသနာပါတယ်။ သူက မြို့တော်ကနေ ခဏခဏ ထွက်ပြီး စူးစမ်းလေ့လာရေး ခရီးတွေ သွားတတ်တယ်။ တစ်နေ့မှာ မင်းအဖေရဲ့ အသက်ဓာတ်ပြားက ရုတ်တရက် ကွဲအက်သွားလို့ မိသားစုက လူတွေ ချက်ချင်း လိုက်ရှာကြတယ်…။"
"သူတို့တွေ့တော့ မင်းအဖေက အသက်မရှိတော့ဘူး….။ သူ့ဘေးမှာ အမျိုးသမီးတစ်ယောက်လည်း သေနေတာတွေ့ခဲ့ရတယ်။ အဲ့ဒါ မင်းအမေ ဖြစ်မှာပေါ့။ မင်းက အဲ့ဒီတုန်းက သူတို့နဲ့အတူ မရှိဘူး၊ မျိုးနွယ်စု ကလည်း မင်းရှိမှန်းတောင် မသိခဲ့ဘူး။ သူတို့ သေဆုံးရတဲ့ အကြောင်းရင်းကတော့ လျှို့ဝှက် နယ်မြေ တစ်ခုထဲမှာ မတော်တဆ အဆိပ်မိတာပဲ၊ ဘယ်သူမှ လုပ်ကြံတာ မဟုတ်ဘူး….။"
ထိုစကားကို ကြားသော် ထဲကျူးက မျက်လုံးကို ဖြည်းဖြည်းချင်း မှိတ်လိုက်သည်။ ကျောက်ရွှင်း၏ ဇာတ်လမ်းကို နားထောင်ပြီးနောက် လင်းဖန်မှာ စကားပင် မပြောနိုင်တော့ပေ။
သူသည် တစ်ခါမျှ မတွေ့ဖူးသော ထဲကျူး၏ အဖေကိုသာ စိတ်ပျက်မိတော့သည်။ သူသည် သိသိသာ သာပင် ချမ်းသာသောသားသမီး ဖြစ်သော်လည်း သူ၏ ဘဝကို ဖြုန်းတီးပစ်ခဲ့သည်။ ကိုယ်တိုင် ပျော်ပါး ရုံတင်မကဘဲ ဇနီးနှင့် ကလေးကိုပါ ဒုက္ခပေးခဲ့သည် မဟုတ်ပါလား။ ကလေးရလာလျှင် ပျော်ပါးရန် မသွားမီ ကလေးကို မြို့တော်သို့ အရင်ပြန်ပို့သင့်သည် မဟုတ်ပါလား။ စည်းစိမ်ချမ်းသာများ ခံစားရမည့် ထဲကျူးမှာ သူတို့ကြောင့် အချိန်အတော်ကြာ ဒုက္ခခံနေခဲ့ရရှာပေသည်။
လင်းဖန်အနေဖြင့် ထိုကိစ္စတွင် ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များ ရှိ၊ မရှိကို သေချာမသိသော်လည်း ကျောက်ရွှင်း၏ စကားအရမူ ထဲကျူး၏ မိဘများသည် အတော်ပင် အားကိုးမရသူများ ဖြစ်ကြောင်း ခံစားမိသည်။ သို့သော် ကျောက်ရွှင်းသည် လင်းဖန်၏ အရေးကြီးဆုံး မေးခွန်းကို မဖြေရသေးပေ။
"မင်း ထဲကျူးရဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို ဘယ်လိုသိလဲဆိုတာ ခဏထားဦး။ ပထမဆုံးအနေနဲ့ မင်း ထဲကျူးရဲ့ အကြောင်းကို သိပြီးပြီဆိုရင် ဘာလို့ သူ့ကို ပြန်မခေါ်ဘဲ ပြန်ပေးဆွဲရတာလဲ…။"
ထိုမေးခွန်းကို ကြားသောအခါ ကျောက်ရွှင်း စိတ်မသက်မသာ ဖြစ်သွားသည်။
"သူသာ မိသားစုဆီ ပြန်လာရင် ငါ့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ခွဲဝေယူမှာပေါ့၊ အဲ့ဒါကြောင့် သူပြန်လာတာကို ငါအလိုမရှိဘူး။ သူ့ကို သတ်ဖို့ စိတ်ကူးမရှိပါဘူး သာမန်လူတစ်ယောက်လိုပဲ နေသွား နိုင်အောင် ပိတ်လှောင်ထားဖို့ပဲ ကြံစည်ခဲ့တာ…။"
ထိုစကားကို ကြားမှ လင်းဖန် နားလည်သွားတော့သည်။ နောက်ဆုံးတော့လည်း မိသားစု အမွေလုသည့် ရိုးအီနေသော ဇာတ်လမ်းတစ်ခုသာ ဖြစ်နေသည်။
"ကောင်းပြီ... နောက်မေးခွန်းတစ်ခုကတော့ မင်း ထဲကျူးရဲ့ အကြောင်းကို ဘယ်လိုသိသွားတာလဲ…။"
ကျောက်ရွှင်းက အကြာကြီး စဉ်းစားပြီးမှ ဖြည်းဖြည်းချင်း ပြောပြလေသည်။
"လွန်ခဲ့တဲ့ နှစ်တွေက မြို့တော်ကို ခဏခဏလာပြီး ငါ့ရဲ့ဒုတိယဦးလေးအကြောင်း စုံစမ်းနေတဲ့ ကျင့်ကြံ သူတစ်ယောက် ရှိတယ်။ အဲ့ဒါက ငါ့ကို သတိထားမိစေခဲ့တယ်။ ဒါပေမဲ့ ငါလိုက်စုံစမ်းတဲ့အခါတိုင်း အဲ့ဒီ လူက ပျောက်သွားတတ်တယ်။ ပြီးရင် ပြန်ပေါ်လာလိုက်၊ ပျောက်သွားလိုက်နဲ့ပေါ့…။"
ထိုအချိန်တွင် ငြိမ်နေသော ထဲကျူးက ဝင်ပြောလိုက်သည်။
"အဲ့ဒီလူက ကျန်းတဖူ လား…။"
ထဲကျူး၏ မေးခွန်းကို ကြားသော် ကျောက်ရွှင်းက သူ့ကို တစ်ချက်ကြည့်ကာ ခေါင်းငြိမ့်ပြသည်။
"ဟုတ်တယ်၊ သူက မင်းရဲ့ဆရာ မဟုတ်လား..။ တကယ်တော့ ရယ်စရာကောင်းပါတယ်။ ငါတို့ စုံစမ်း ကြည့်ချက်အရ သူ မြို့တော်ကနေ ခဏခဏ ပျောက်သွားတာက ငါ့ကို ရှောင်နေတာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ကျောက်တုံး ကုန်သွားလို့ မြို့တော်မှာ မနေနိုင်တော့ဘဲ ကျောက်တုံး ပြန်ရှာဖို့ ထွက်သွားတာ။ ကျောက်တုံး ကုန်ရင် မြို့တော်က ထွက်သွားတယ်၊ ကျောက်တုံး ပြန်ရရင် ပြန်လာတယ်…။"
ထိုစကားကြောင့် ထဲကျူး ခေါင်းငြိမ့်လိုက်သည်။
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်ဆရာက ကျွန်တော့်ကို မြို့တော်အနီးကို ခေါ်လာပြီးကတည်းက စိတ်ဝိညာဉ်ကျောက်တုံး ရတိုင်း မြို့တော်ထဲကို သူ ပြေးသွားတတ်တယ်။ ကျွန်တော်က သူ မြို့ထဲမှာ သွားပြီး ပျော်ပါးနေတယ် ထင်ခဲ့တာ၊ တကယ်တော့ သူက...။"
ထိုစကားကို ကြားသော် လင်းဖန်သည် ထဲကျူး၏ ဆရာက မိဘများထက် ပို၍ အားကိုးရသူဖြစ်ကြောင်း ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် နောက်ဆုံးတွင် ဆရာဖြစ်သူမှာ ထဲကျူး၏ ဇစ်မြစ်ကို စုံစမ်း ပေးရန် မြို့ထဲဝင်မည့် ကျောက်တုံးများ ရှာဖွေရင်း ကွယ်လွန်သွားခဲ့ရသည်။
မြို့တော်တွင် နေ့စဉ် လိုအပ်သော ကျောက်တုံး (၁၀၀) ဆိုသည်မှာ နိမ့်ပါးသော လေလွင့်ကျင့်ကြံသူများ အတွက် မတတ်နိုင်သော ပမာဏပင် ဖြစ်သည်။ ထဲကျူးအတွက် ဤမျှအထိ ကြိုးစားပေးခဲ့သော ဆရာမှာ တကယ်ပင် လေးစားဖွယ် ကောင်းလှသည်။
ထဲကျူး ဆိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျောက်ရွှင်းက ဆက်ပြောလေသည်။
"မင်းဆရာက တခြားလူတွေဆီက သတင်းမေးရင်းနဲ့ သတင်းတွေ အများကြီး ပေါက်ကြားခဲ့တာပဲ။ ပြီးတော့ သူနဲ့ ဆက်သွယ်ခဲ့တဲ့ လူတွေကို စုံစမ်းကြည့်တော့ သူက သူ့တပည့်ရဲ့ မူလဇာစ်မြစ်ကို ရှာပေး နေတယ်ဆိုတာ ငါသိသွားတယ်။ ငါ့ဒုတိယဦးလေးတို့ သေဆုံးတုန်းက ပါလာတဲ့ ပစ္စည်းတွေနဲ့ တိုက်ဆိုင် စစ်ဆေးကြည့်တော့ သူတို့မှာ ကလေးကျန်ခဲ့မယ်ဆိုတာ ငါယုံကြည်သွားတယ်….။ "
"အဲ့ဒီနောက်မှာ ငါလည်း စုံစမ်းရေးကို အရှိန်မြှင့်ခဲ့တာပေါ့။ ဒါပေမဲ့ ကျန်းတဖူက ထပ်ပေါ်မလာတော့လို့ စုံစမ်းရေးက ရပ်တန့် သွားခဲ့တယ်။ ငါသိတာက သူ့တပည့်နာမည်က ထဲကျူး ဆိုတာပဲ….။"
ယခုအချိန်တွင် လင်းဖန်သည် နောက်ဆက်တွဲ ဖြစ်ရပ်များကို ခန့်မှန်းမိသွားပြီဖြစ်သည်။ ဤအတော အတွင်း ဟင်းလင်းပြင်ဆိုင်သည် တဖြည်းဖြည်း နာမည်ကြီးလာသည်။ စားပွဲထိုးလေး ထဲကျူး၏ နာမည်သည်လည်း လူအများအကြား ပျံ့နှံ့သွားသည်။ သတင်းစုံစမ်းရန် လွှတ်ထားသော ကျောက်ရွှင်း ၏ လူများသည် ထဲကျူး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သံသယဝင်လာကြခြင်းပင်။ ရုပ်ရည်အားဖြင့် ဖြစ်စေ၊ သွေးသားစစ်ဆေးမှုဖြင့် ဖြစ်စေ ထဲကျူး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိရန်မှာ အလွန် လွယ်ကူလှပေသည်။
ယခုအခါ လင်းဖန်သည် ဖြစ်ပျက်ခဲ့သမျှကို အတော်အတန် နားလည်သွားပြီဖြစ်သည်။ ကျန်ရှိနေသော မေးခွန်းတစ်ခုမှာ ထဲကျူး၏ မိဘများနှင့် သူ၏ဆရာ မည်သို့ သိကျွမ်းခဲ့ကြသနည်း ဆိုသည်ပင်။
"ထဲကျူး... မင်းရဲ့ဆရာက မင်းမိဘတွေအကြောင်း မင်းကို ပြောဖူးလား…။"
ထိုမေးခွန်းကို ကြားသော် ထဲကျူးက ခေါင်းငြိမ့်ပြလေသည်။
"ပြောဖူးတယ်၊ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ သူတို့က မတော်တဆ ဆုံခဲ့တဲ့ သူစိမ်းတွေပဲ ဖြစ် ပြီး ဆရာ့ရဲ့ အသက်ကို ကယ်ခဲ့ဖူးတယ်လို့ ပြောတယ်။ တစ်နေ့မှာ သူတို့က လုပ်စရာ ရှိတယ်ဆိုပြီး ကျွန်တော့်ကို ဆရာ့ဆီမှာ ခဏ အပ်ခဲ့ပြီး ထွက်သွားကြတာတဲ့။ ဒါပေမဲ့ အဲ့ဒီနေ့ကစပြီး သူတို့ ဘယ်တော့ မှ ပြန်မလာတော့ဘူး…။"
ထိုစကားကို ကြားသော် လင်းဖန်က "ဝိုး" ဟု ရေရွတ်လိုက်မိသည်။ ထိုလင်မယားသည် တကယ်ပင် သတ္တိကောင်းလှသည်။ သူတို့၏ ကလေးကို မတော်တဆ ဆုံခဲ့သည့် သူစိမ်းတစ်ယောက်ထံတွင် အပ်နှံခဲ့ သည် မဟုတ်ပါလား။ ကံကောင်းထောက်မစွာဖြင့် ထဲကျူး၏ ဆရာမှာ လူကောင်းတစ်ယောက် ဖြစ်နေ ခဲ့သည်။