← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း (၁၂၆) အတိဒုက္ခအဆင့် ကျင့်ကြံသူများ တိုက်ခိုက်လာခြင်း

နောက်ဆုံးမေးခွန်းကို ဖြေရှင်းပြီးနောက် လင်းဖန်၌ မေးစရာ မရှိတော့ပေ။

"ထဲကျူး... အခု သူက မင်းလက်ထဲမှာပဲ။ သူ့ကို သတ်မလား၊ လွှတ်မလား၊ ဒါမှမဟုတ် ပိတ်လှောင်ထား မလားဆိုတာ မင်းသဘောပဲ…။"

လင်းဖန်၏ စကားကို ကြားသောအခါ ထဲကျူးက ဝေခွဲမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်သည်။

"အရှင်... သူ့မိသားစုကို လျော်ကြေးပေးခိုင်းပြီး ပြန်ရွေးခိုင်းလိုက်ပါမယ်…။"

ထဲကျူး၏ ဆုံးဖြတ်ချက်ကို လင်းဖန် အလွန်သဘောကျသွားလေသည်။

"ကောင်းပြီ... ဒါဆို သူ့ကို ဒီမှာပဲ လောလောဆယ် ပိတ်လှောင်ထားလိုက်ရအောင်…။"

ထို့နောက် လင်းဖန်သည် ထဲကျူးကို ဟင်းလင်းပြင်ဆိုင်သို့ ပြန်ခေါ်လာခဲ့သည်။ ထဲကျူးသည် လျှို့ဝှက် နယ်မြေထဲသို့ သိုလှောင်အိတ် (ပိတ်ကြမ်းအိတ်) ထဲတွင် ပါလာခဲ့ခြင်း ဖြစ်သဖြင့် သူကိုယ်တိုင် ပြန်ထွက် ၍ မရပေ။ ထို့ကြောင့် လင်းဖန်က သူ့ကို အိတ်ထဲပြန်ထည့်ကာ အပြင်သို့ ပြန်ခေါ်လာခဲ့ရသည်။

မြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ နန်းတော်တမျှ ခမ်းနားသော အိမ်ကြီးအတွင်း၌ အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ ညဉ့်နက်နေပြီ ဖြစ်သဖြင့် အိမ်တော်ရှိလူများသည် သူတို့၏ သခင်လေး ပျောက်ဆုံးသွားသည်ကို မသိကြသေးပေ။ နောက်တစ်နေ့ မနက်တွင် အစောင့်များက ကျောက်ရွှင်း၏ တံခါးကို လာခေါက်သော်လည်း ထူးခြားမှု မရှိသည့်အခါမှသာ တစ်ခုခုမှားနေပြီဟု သိလိုက်ကြသည်။

ကျောက်ရွှင်း ပျောက်ဆုံးနေကြောင်း သိသည်နှင့် အစောင့်များက သတင်းကို ချက်ချင်း အစီရင်ခံလိုက် ကြသည်။ မကြာမီမှာပင် ကျောက်ရွှင်း၏ ဖခင်ဖြစ်သူ ကျောက်ယွမ်သည် သတင်းကြားကြားချင်း အိမ်တော်သို့ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

သူ့ဘေးတွင်မူ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်း၍ မရနိုင် သော အဘိုးအိုတစ်ဦး ပါလာသည်။ ထိုသူမှာ သုန်ယွဲ့တော်ဝင်မိသားစု၏ အတိဒုက္ခအဆင့် ကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သည့် 'ကျောက်စုန်းအန်း' ပင် ဖြစ်သည်။

"ဆဌမဦးလေး... ရွှင်းအာရဲ့ အရိပ်အယောင်ကို ရှာတွေ့နိုင်မလား…။"

အဘိုးအိုသည် ပတ်ဝန်းကျင်ကို ခဏမျှ စစ်ဆေးပြီးနောက် ဇဝေဇဝါဖြင့် မျက်လုံးဖွင့်လိုက်သည်။

"ထူးဆန်းလိုက်တာ…လုပ်ကြံတဲ့သူရဲ့ အရိပ်အယောင် တစ်စက်လေးတောင် မကျန်ခဲ့ဘူး။ ရွှင်းအာက လေထဲကို ပျောက်ကွယ်သွားသလိုပဲ…။"

ထိုစကားကို ကြားသော် ကျောက်ယွမ်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

"သတင်းပေးချက်အရဆိုရင် အိမ်တော်ထဲက တန်ဖိုးကြီးပစ္စည်း တော်တော်များများ ခိုးယူခံလိုက် ရတယ်တဲ့။ တချို့လူတွေဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေပါ အခိုးခံလိုက်ရတယ်။ ဒါကို ကြည့်ရင် လုပ်ကြံသူရဲ့ ကိုယ်ယောင်ဖျောက်တဲ့ နည်းလမ်းက တော်တော်လေး အဆင့်မြင့်တာပဲ….။"

အဘိုးအိုက ခဏမျှ စဉ်းစားပြီး နိဂုံးချုပ်လိုက်သည်။

"ရွှင်းအာရဲ့ အသက်ဓာတ်ပြားက အကောင်းအတိုင်းပဲ ရှိနေသေးတာဆိုတော့ တစ်ဖက်လူက ပိုက်ဆံလို ချင်လို့ပဲ ဖြစ်မယ်…။"

သူတို့နှစ်ဦး ဆွေးနွေးနေစဉ်အတွင်း လူအုပ်ထဲရှိ အစောင့်တစ်ဦးက အဘိုးအို၏ အာရုံကို ဖမ်းစားလိုက် သည်။ ထိုအစောင့်မှာ ကျောက်ရွှင်း၏ ဘေးတွင် အမြဲရှိနေတတ်သော အစောင့်ပင် ဖြစ်သည်။ ထိုသူမှာ တစ်ခုခုကို ပြောရန် တုံ့ဆိုင်းနေဟန်ဖြင့် အတော်ပင် စိတ်လှုပ်ရှားနေပုံရသည်။ ဤထူးဆန်းသော အမူ အရာကို ထက်မြက်လှသော အဘိုးအိုက သတိပြုမိသွားခဲ့ခြင်းဖြစ်သည်။

ရုတ်တရက် အဘိုးအိုက လက်ကို ဆန့်ထုတ်လိုက်ရာ လေထဲတွင် စိတ်ဝိညာဉ်စွမ်းအား လက်ဝါးကြီး တစ်ခု ဖြစ်ပေါ်လာပြီး ထိုအစောင့်ကို သူ့ရှေ့သို့ ဆွဲခေါ်လိုက်သည်။ ဘေးတွင်ရှိသော ကျောက်ယွမ်မှာ အဘိုးအို၏ ရုတ်တရက် လုပ်ရပ်ကြောင့် အံ့ဩသွားပုံရသည်။ အဘိုးအိုက တိုက်ရိုက်ပင် ရှင်းပြလိုက် သည်။

"ဒီကောင်လေးရဲ့ အမူအရာက တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ၊ သူ့ကို သေချာ စစ်မေးကြည့်ရအောင်..။"

ကျောက်ယွမ်က သူ့ရှေ့မှ အစောင့်ကို သေချာကြည့်ပြီးနောက် မှတ်မိသွားသည်။

"မင်းက ဘယ်သူလဲ…။ ရွှင်းအာရဲ့ အစောင့်လား…။ ပြောစမ်း... မင်း တစ်ခုခု သိထားတာ ရှိလား…။"

ကျောက်ယွမ်၏ မေးခွန်းကြောင့် အစောင့်မှာ ဘာမှ မဖုံးကွယ်ရဲတော့ပေ။

"အရှင်မင်းသားကို အစီရင်ခံပါတယ်... သခင်လေး ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ သံသယရှိတာ တစ်ခုရှိပေမဲ့ အပြည့်အဝတော့ မသေချာပါဘူး…။"

ထိုစကားကို ကြားသည်နှင့် ကျောက်ယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ချက်ချင်းပင် ခြိမ်းခြောက် လိုက်သည်။

"မင်း အမှန်အတိုင်း ပြောတာ အကောင်းဆုံးပဲ၊ ငါတို့က မင်းရဲ့ ဝိညာဉ်ကို ရှာဖွေစစ်ဆေးတဲ့အထိ မလုပ်ချင်ဘူး…။"

ဝိညာဉ်ရှာဖွေစစ်ဆေးခံရမည်ကို ကြောက်သဖြင့် အစောင့်သည် သူ၏ ထင်မြင်ချက်ကို အလျင်အမြန် ပြောပြလိုက်သည်။

"ကျွန်တော် ထင်တာကတော့ သခင်လေး ပျောက်ဆုံးသွားတာက မြို့တော်ထဲက ဟင်းလင်းပြင်ဆိုင်နဲ့ ပတ်သက်နေမယ် ထင်ပါတယ်...။"

ထို့နောက် အစောင့်သည် ကျောက်ရွှင်းက လူအင်အားဖြင့် ဟင်းလင်းပြင်ဆိုင်သို့ သွားရောက် ဖမ်းဆီးခဲ့ သည့် အဖြစ်အပျက်များကို အသေးစိတ် ပြောပြလိုက်သည်။ ထိုအခါမှ ကျောက်ယွမ်သည် ကျောက်ရွှင်း နောက်ဆုံးပေးခဲ့သော သတင်းစကားကို သတိရသွားသည်။ ထိုသတင်းစကားတွင် ဆွေးနွေးစရာ အရေး ကြီးကိစ္စ ရှိသည်ဟုသာ ပါရှိပြီး ဘာကိစ္စလဲဆိုသည်ကို မဖော်ပြထားပေ။

ထိုစဉ်က ကျောက်ယွမ်သည် အလုပ်များနေသဖြင့် သိပ်ဂရုမစိုက်မိခဲ့ပေ။ သူ့အမြင်တွင်မူ သူ့သားမှာ အသုံးမကျသောသူ တစ်ဦးဖြစ်သဖြင့် မည်သည့်အရေးကြီးကိစ္စကို လုပ်နိုင်မည်နည်းဟု ထင်မှတ်ခဲ့ သည်။ ထို့ကြောင့် အလုပ်ကိစ္စပြီးမှ အိမ်တော်သို့ လာခဲ့မည်ဟုသာ ပြန်ပြောခဲ့ခြင်းဖြစ်သည်။ ယခုကြည့် ရသည်မှာ ထိုကိစ္စပင် ဖြစ်ဟန်တူသည်။

"ရွှင်းအာက ဘာလို့ အဲ့ဒီလူကို ဖမ်းတာလဲ…။ အဲ့ဒီလူက ဘယ်သူလဲ…။"

အစောင့်သည် ထဲကျူး၏ မည်သူမည်ဝါဖြစ်ကြောင်းကို မပြောခဲ့ပေ။ အကြောင်းမှာ ကျောက်ရွှင်းက သတင်းအချက်အလက် ပေါက်ကြားမှုကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသောကြောင့် ဖြစ်သည်။ အရှင်မင်းသား၏ အမိန့်ကို မလွန်ဆန်ရဲသဖြင့် သူသည် ရှောင်လွှဲရန် ကြံစည်နေသေးသည်။ သို့သော် ကျောက်ယွမ်က မေးလာသည့်အခါတွင်မူ သူ မဖြေဘဲ မနေရဲတော့ပေ။

"အရှင်မင်းသား... သခင်လေးက အဲ့ဒီလူဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒုတိယသခင်ကြီးနဲ့ ပတ်သက် နေမယ်လို့ သံသယရှိနေတာပါ…။"

ထိုစကားသည် ကျောက်ယွမ်နှင့် အဘိုးအိုကိုပါ ကြက်သေသေသွားစေခဲ့သည်။

"ငါ့ရဲ့ ဒုတိယညီနဲ့ ပတ်သက်နေတယ် ဟုတ်လား…။ အဲ့ဒါက ဘာကို ဆိုလိုတာလဲ…။"

ကျောက်ယွမ်က သံသယဖြင့် ရေရွတ်လိုက်ပြီးနောက် ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း တွေးမိသွားသည်။ ထို့နောက် သူသည် ဘေးမှ အဘိုးအိုကို ကြည့်လိုက်သည်။ သူတို့နှစ်ဦးမှာ ဘာမှ ထပ်မပြောတော့ဘဲ အစောင့်ပြောပြသော ဟင်းလင်းပြင်ဆိုင် ရှိရာသို့ တိုက်ရိုက် ဦးတည်ထွက်ခွာသွားကြတော့သည်။

ဤအချိန်တွင် ဟင်းလင်းပြင်ဆိုင်အတွင်း၌...

လင်းဖန်နှင့် ထဲကျူးတို့မှာ ဘာမှမဖြစ်ခဲ့သလိုပင် ရှိနေကြသည်။ သူတို့သည် ပုံမှန်အတိုင်း ဆိုင်ဖွင့်ထား ကြသည်။ လင်းဖန်သည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် အိပ်ပျော်ဟန် ဆောင်နေသည်။ ထဲကျူး မှာမူ ယခုအခါ သူသည် သုန်ယွဲ့အင်ပါယာ၏ တော်ဝင်မိသားစုဝင် ဖြစ်ကြောင်း သိနေပြီ ဖြစ်သော်လည်း ယခင်နှင့် မခြားနားပေ။

သူသည် ဆိုင်အကူတစ်ဦး၏ တာဝန်ကိုသာ ဆက်လက် ထမ်းဆောင်နေဆဲ ဖြစ်သည်။ သူသည် ကောင်တာတွင် ထိုင်ရင်း ဆိုင်တံခါးဝကိုသာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက် တစ်ခုခု ရှိနေပုံရသည်။ ဖောက်သည်တစ်ဦးဦး လာမှာကို မျှော်နေခြင်းလား သို့မဟုတ် အခြားတစ်ခုခု လားဆိုသည်ကိုမူ မည်သူမျှမသိနိုင်ပေ။

အရာအားလုံး အေးချမ်းနေစဉ်မှာပင်...

ရုတ်တရက် ဆိုင်အတွင်း၌ ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ လင်းဖန်၏ အတိဒုက္ခ အဆင့်ရှိ အစောင့်အရှောက်ရုပ်သေး သည် ဟင်းလင်းပြင်ထဲမှ ထွက်လာခဲ့လေသည်။ ရုပ်သေး ပေါ်လာ သည်နှင့် အိပ်ချင်ဟန်ဆောင်နေသော လင်းဖန်သည် ချက်ချင်း နိုးကြားလာခဲ့သည်။

"ထဲကျူး... စိတ်ကို ပြင်ဆင်ထားလိုက်တော့၊ သုန်ယွဲ့တော်ဝင်မိသားစုက လူတွေ ရောက်လာပြီ…။"

လင်းဖန်၏ စကားအဆုံးမှာပင် သူတို့ထံသို့ အရှိန်ဖြင့် ပြေးလာနေသော လူရိပ်နှစ်ခုသည် ဆိုင်တံခါးဝ တွင် ချက်ချင်း ရပ်တန့်သွားသည်။ သူတို့နှစ်ဦးမှာ တိုက်ရိုက် ဝင်လာရန် ရည်ရွယ်ထားခြင်း ဖြစ်သော် လည်း ဆိုင်တံခါးဝသို့ ရောက်သည့်အခါတွင်မူ...

ကျောက်စုန်းအန်းသည် ဆိုင်အတွင်းမှ ထွက်ပေါ်နေသော အားကောင်းလှသည့် အတိဒုက္ခအဆင့် အရှိန် အဝါကို ရုတ်တရက် ခံစားလိုက်ရသည်။ ထိုအရှိန်အဝါကြောင့် အတိဒုက္ခအဆင့်တွင် ရှိနေသော သူကိုယ် တိုင်ပင်လျှင် ဖိအားများကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ဤဆိုင်အတွင်း၌ သူ့ထက် ကျင့်ကြံမှုအဆင့် မြင့်မားသော အတိဒုက္ခအဆင့် ကျင့်ကြံသူ ရှိနေသည်မှာ ထင်ရှားလှသည်။

သူသည် ဇွတ်မဝင်ရဲတော့ဘဲ ကျောက်ယွမ်ကို ချက်ချင်း ဆွဲတားကာ သတိနှင့် စောင့်ကြည့်နေလိုက် သည်။ ဘေးမှ ဘာဖြစ်နေမှန်း မသိသော ကျောက်ယွမ်က ကျောက်စုန်းအန်းကို ဇဝေဇဝါဖြင့် ကြည့် လိုက်သည်။

"ဆဌမဦးလေး... ဘာဖြစ်လို့လဲ…။"

"ဆိုင်ထဲမှာ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတယ် သူ့ရဲ့ အဆင့်က ငါ့ထက်တောင် မြင့်နေ သေးတယ်…။"

ထိုစကားကို ကြားသော် ကျောက်ယွမ် အလွန်အမင်း တုန်လှုပ်သွားသည်။ ဆိုင်အတွင်း၌ လင်းဖန်သည် တံခါးဝတွင် မဝင်ဘဲ ရပ်နေသော လူနှစ်ဦးကို မြင်သောအခါ သူတို့သည် သူ၏ အစောင့်ရှောက်ရုပ်သေး ကို ကြောက်နေကြမှန်း နားလည်လိုက်သည်။

"ထဲကျူး... အဲ့ဒီလူနှစ်ယောက်ကို အထဲဝင်ဖို့ သွားဖိတ်လိုက်စမ်း။ သူတို့ အထဲမဝင်လာရင် ငါတို့က ဘယ်လိုလုပ် စီးပွားရေးအကြောင်း ဆွေးနွေးလို့ ရမှာလဲ…။"

ထဲကျူးက ချက်ချင်း ထရပ်ကာ တံခါးဝသို့ လျှောက်သွားလေသည်။ ကျောက်ယွမ်နှင့် သူ၏အဖော်သည် ထဲကျူး ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် မှင်တက်သွားကြသည်။ ထဲကျူး၏ ရုပ်ရည်မှာ သူတို့အတွက် အတိဒုက္ခအဆင့် ကျင့်ကြံသူကို တွေ့ရသည်ထက်ပင် ပို၍ တုန်လှုပ်ဖွယ် ကောင်းနေသည်။

"တူလိုက်တာ... တကယ်ကို တူလွန်းတယ်….။"

ကျောက်ယွမ်၏ စကားကို ကြားသော် ကျောက်စုန်းအန်းသည် ဆိုင်အတွင်းမှ အတိဒုက္ခအဆင့် ကျင့်ကြံ သူကို သတိထားနေရင်းကပင် သွေးသားစစ်ဆေးမှုကို ပြုလုပ်လိုက်သည်။

"ဒါ ငါတို့ ကျောက်မိသားစုရဲ့ သွေးသားရင်းပဲ…။"

"ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်း ပါရမီက အဆင့် (၈) တောင် ရှိတာလား…။"

သူတို့၏ စကားကို ကြားသော် ထဲကျူးသည် သူတို့ ဘာကို ဆိုလိုသည်ကို နားလည်သွားသည်။ သို့သော် ထဲကျူးသည် သူတို့၏ စကားကို လျစ်လျူရှုကာ လင်းဖန် ခိုင်းသည့်အတိုင်းပင် လုပ်ဆောင်လိုက်သည်။

"လူကြီးမင်းတို့... ကျွန်တော်တို့ရဲ့ ဆိုင်ရှင်နဲ့ တွေ့ဖို့ အထဲကို ကြွပါဦး…။"

ထိုသို့ပြောပြီးနောက် ထဲကျူးသည် ဆိုင်ထဲသို့ လှည့်ဝင်သွားသည်။ ထဲကျူး၏ စကားကြောင့် ကျောက်ယွမ်နှင့် သူ၏အဖော်တို့သည် ဆိုင်အပေါ်ထားသော သံသယများ အနည်းငယ် လျော့ပါးသွား သည်။ သို့သော် သတိကိုတော့ အပြည့်အဝ ထားရှိရင်း ဆိုင်ထဲသို့ ဝင်လာလိုက်ကြသည်။

ဆိုင်ထဲသို့ ရောက်သောအခါ ကျောက်ယွမ်တို့ လူနှစ်ဦးသည် လင်းဖန်နှင့် အစောင့်အရှောက်ရုပ်သေးကို တွေ့လိုက်ရသည်။ သူတို့ ခံစားမိခဲ့သော အတိဒုက္ခအဆင့် ကျင့်ကြံသူမှာ ဤမျှ ငယ်ရွယ်နေသည်ကို တွေ့ရသဖြင့် သူတို့ အံ့ဩသွားကြလေသည်။ သို့သော် ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုအတိဒုက္ခ အဆင့် ကျင့်ကြံသူသည် လူငယ်လေးတစ်ဦး၏ နောက်တွင် အစောင့်အဖြစ် ရပ်နေခြင်းပင်။

ထိုအချိန်တွင် သူတို့သည် လင်းဖန်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခိုင်ခိုင်မာမာ ဆုံးဖြတ်လိုက်ကြ သည်။ ဤလူငယ်သည် အင်မော်တယ်ဘုံနှင့် ဆက်နွှယ်နေသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်၊ သူ၏ နောက်ခံမှာ သာမန်မဟုတ်သည်မှာ သေချာလှပေတော့သည်။

All Chapters