← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း (၁၂၇) အတိဒုက္ခအဆင့် ကျင့်ကြံသူဆိုတာ အေးအေးဆေးဆေး ကိုင်တွယ်လို့ ရတာမျိုးပါ

အကြောင်းမှာ သုန်ယွဲ့အင်ပါယာရှိ အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် ကျောက်ရွှင်းကဲ့သို့ မျိုးဆက်သစ်များရှေ့တွင် အခုမြင်နေရသော အစောင့်အရှောက်ရုပ်သေးကဲ့သို့ အစေခံတစ်ဦးနှယ် ပြုမူကြမည် မဟုတ်သောကြောင့် ဖြစ်သည်။

"ဆိုင်ရှင်... ငါတို့ ခွင့်ပြုချက်မရဘဲ ရောက်လာတဲ့အတွက် တောင်းပန်ပါတယ်။ မင်းနဲ့ မင်းရဲ့ တာအို မိတ်ဆွေတွေ စိတ်မရှိကြဖို့ မျှော်လင့်ပါတယ်…။"

မိမိရှေ့မှ ကျောက်စုန်းအန်းကို ကြည့်ရင်း လင်းဖန်လည်း အတော်ပင် စိတ်ဝင်စားမိသည်။ တကယ်တော့ ဤအဘိုးအိုမှာ လင်းဖန် တွေ့ဖူးသမျှထဲတွင် ဒုတိယမြောက် အတိဒုက္ခအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ပထမဆုံး တွေ့ဖူးသူမှာ လီယွမ်ဖေး၏ ဆရာဖြစ်ပြီး သူက အတိဒုက္ခအဆင့်သို့ စတင်ဝင်ရောက်ကာစ သာ ရှိသေးသည်။

မိမိရှေ့မှ ကျင့်ကြံသူမှာမူ လီယွမ်ဖေး၏ ဆရာထက် ပို၍ အစွမ်းထက်လှသည်မှာ ထင်ရှားသည်။ သူ သည် အတိဒုက္ခ မည်မျှကို ကျော်ဖြတ်ပြီးပြီလဲဆိုသည်ကိုမူ မသိနိုင်ပေ။

"စီနီယာက သုန်ယွဲ့အင်ပါယာ တော်ဝင်မိသားစုဝင် ဖြစ်ရမယ်၊ ဟုတ်တယ်မလား….။"

ကျောက်စုန်းအန်းက လင်းဖန်၏ ခန့်မှန်းချက်ကို မငြင်းဘဲ မေးခွန်းတစ်ခု ပြန်မေးလိုက်သည်။

"ဆိုင်ရှင် ခန့်မှန်းတာ မှန်ပါတယ်။ ငါတို့ လာရတဲ့ အကြောင်းရင်းကိုလည်း မင်း ခန့်မှန်းမိမှာပါ၊ ဟုတ်တယ်မလား…။"

ထိုစကားကို ကြားသော် လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။

"အရှင်မင်းသား ကျောက်ရွှင်းအတွက် လာတာလား…။"

ပြောရင်းနှင့် လင်းဖန်က ကျောက်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး-

"စီနီယာ့ရဲ့ ရုပ်ရည်ကို ကြည့်ရတာ ကျောက်ရွှင်းရဲ့ ဖခင်များလား…။"

လင်းဖန်က မေးလာသည့်အခါ ကျောက်ယွမ်က တွေဝေမနေဘဲ ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ မင်း ခန့်မှန်းတာ မှန်တယ်…။"

စကားဝိုင်းက ဤမျှအထိ ရောက်လာပြီ ဖြစ်သဖြင့် လင်းဖန်၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်၏။ 'ဟုတ်တယ်' နှင့် 'မှန်တယ်' ဆိုသော စကားလုံးနှစ်ခုစလုံးမှာ လိုအပ်ချက်ကို ပြည့်မီသွားစေသည်။ ဤမျှ လွယ်လွယ်ကူကူ ဖြစ်သွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။ နောက်ထပ် ဘာလုပ်ရမည်ကို စဉ်းစားရင်း လင်းဖန်၏ မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာခဲ့သည်။

လင်းဖန် စကားပြောမလာတော့ဘဲ ထူးဆန်းစွာ ပြုံးနေသည်ကို မြင်သဖြင့် ကျောက်ယွမ်နှင့် သူ၏ အဖော်တို့ ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့ တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင်...

လင်းဖန်၏ ပါးစပ်မှ သူတို့ နားမလည်နိုင်သော စကားတစ်ခွန်းကို အကျယ်ကြီး အော်လိုက်သံ ကြားလိုက်ရသည်။

"ပိတ်ကြမ်းအိတ်…"

လင်းဖန်၏ စကားအဆုံးတွင် ကျောက်ယွမ်နှင့် ကျောက်စုန်းအန်းတို့သည် ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။

"ဟားဟားဟား... အတိဒုက္ခအဆင့် ကျင့်ကြံသူဆိုတာလည်း အေးအေးဆေးဆေး ကိုင်တွယ်လို့ ရတာမျိုးပါပဲလား…။"

ထိုအချိန်တွင် ထဲကျူးမှာလည်း လူနှစ်ဦး ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် ကြောင်အသွားသည်။

"အရှင်... သူတို့ ဘယ်ရောက်သွားတာလဲ…။"

လင်းဖန်က ရယ်မောရင်း ပြောလိုက်သည်။

"ငါ့ရဲ့ သန့်စင်ရာမြေထဲကို ထည့်လိုက်တာပေါ့။ လာ... ငါတို့လည်း အထဲဝင်ပြီး စီးပွားရေးအကြောင်း သွားပြောရအောင်…။"

ကျောက်ယွမ်နှင့် ကျောက်စုန်းအန်းတို့ကို ဟင်းလင်းပြင် သန့်စင်ရာမြေထဲသို့ ထည့်လိုက်သည်နှင့် လင်းဖန်၏ အစောင့်သည်လည်း ပျောက်ကွယ်သွားလေ၏။ ထို့နောက် လင်းဖန်က ထဲကျူးကို ခေါ်ကာ သန့်စင်ရာမြေထဲသို့ အတူဝင်ခဲ့လိုက်ကြလေသည်။

ဟင်းလင်းပြင် သန့်စင်ရာမြေအတွင်း၌...

ရောက်ရှိလာသော ကျောက်ယွမ်နှင့် ကျောက်စုန်းအန်းတို့မှာ အကြီးအကျယ် ကြောင်သွားကြသည်။ ထို့နောက် ပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် သူတို့၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ အစားထိုးဝင်ရောက်လာခဲ့သည်။

"ဒါ... ဒါ ဘယ်နေရာလဲ….။"

လင်းဖန်သည် သန့်စင်ရာမြေထဲသို့ ဝင်ဝင်ချင်း ကျောက်စုန်းအန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

"ငါ့ရဲ့ ဟင်းလင်းပြင် သန့်စင်ရာမြေကနေ ကြိုဆိုပါတယ်…။"

လင်းဖန်၏ အသံကို ကြားသည်နှင့် ဤကိစ္စမှာ လင်းဖန်၏ လက်ချက်ဖြစ်မှန်း သူတို့ နားလည်သွား ကြသည်။ အတိဒုက္ခအဆင့် ကျင့်ကြံသူများသည် အဆင့်တစ်ခုသို့ ရောက်လျှင် ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်စွမ်း ရှိကြသည်။ ကျောက်စုန်းအန်းသည် ချက်ချင်းပင် ဟင်းလင်းပြင်ကို ဖောက်ထွက် ကာ ဤမလုံခြုံဟု ခံစားရသော နေရာမှ လွတ်မြောက်ရန် ကြိုးစားတော့သည်။ သို့သော် သူ မည်မျှပင် ကြိုးစားစေကာမူ ဤနေရာရှိ ဟင်းလင်းပြင်မှာ တစက်လေးမျှပင် မလှုပ်ခတ်ပေ။

အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်သည့်အခါ ကျောက်စုန်းအန်း၏ မျက်နှာမှာ ဖြူဖျော့သွား တော့သည်။ လင်းဖန်ကတော့ ကျောက်စုန်းအန်း၏ လုပ်ရပ်ကို အေးအေးဆေးဆေးပင် ကြည့်နေသည်။ သူသည် မိမိ၏ သန့်စင်ရာမြေကို အပြည့်အဝ ယုံကြည်မှု ရှိသည်။ ထို့ကြောင့် ကျောက်စုန်းအန်းကို အလဟဿ ကြိုးစားခွင့် ပေးထားလိုက်ခြင်း ဖြစ်သည်။ အကယ်၍ လင်းဖန်သာ အလိုရှိပါက ယခုပင် သူတို့၏ အသက်ကို အချိန်မရွေး ယူနိုင်သည်ပင်။

သို့သော် လင်းဖန် ထိုသို့ မလုပ်ပေ။ တစ်ဖက်လူမှာ ထဲကျူး၏ အကြီးအကဲများ ဖြစ်နိုင်သည်ကို ထည့်မတွက်ထားဦးတော့ အကျိုးအမြတ်အရ ကြည့်လျှင်ပင် ရွှေဥဥပေးသော ငန်းကို သတ်စားခြင်း ထက် ရေရှည် အကျိုးအမြတ်ကို ယူခြင်းက ပို၍ ကောင်းသည် မဟုတ်ပါလား။

သူတို့ကို သတ်လိုက်လျှင် သိုလှောင်လက်စွပ် နှစ်ကွင်းသာ ရမည်ဖြစ်သည်။ သို့သော် ထဲကျူးနှင့် ပတ်သက်သော ဤဆက်နွှယ်မှုကို အသုံးချနိုင်လျှင် နောင်တွင် အကျိုးအမြတ်များစွာ စီးဆင်းလာ နိုင်လေသည်။

ထဲကျူး ကြီးပြင်းလာလျှင် သုန်ယွဲ့အင်ပါယာကို ဆက်ခံခွင့် ရကောင်း ရနိုင်ပေသည်။ ထဲကျူးမှာ ဟင်းလင်းပြင် သန့်စင်ရာမြေ၏ လူဖြစ်သဖြင့် သူပိုင်ဆိုင်သော အင်ပါယာမှာလည်း သန့်စင်ရာမြေ၏ အင်ပါယာ ဖြစ်လာပေလိမ့်မည်။ သို့သော် ထိုအရာများမှာ အနာဂတ် အစီအစဉ်များသာ ဖြစ်ပြီး ယခု လောလောဆယ်တွင်မူ အကျိုးအမြတ် အနည်းငယ် ယူရန် လိုအပ်ပေသည်။

လင်းဖန်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"လူကြီးမင်းတို့နှစ်ယောက်က ဧည့်သည်အဖြစ် လာတာပဲ၊ ဘာလို့ လက်ဗလာနဲ့ လာရတာလဲ။ သူတစ်ပါး အိမ်ကို လာရင် လက်ဆောင် ပါလာရမယ်ဆိုတဲ့ ရိုးရာယဉ်ကျေးမှုကို မသိကြဘူးလား…။"

လင်းဖန်၏ ပြောင်ပြောင်တင်းတင်း လက်ဆောင်တောင်းမှုကို ကြားသော် ကျောက်စုန်းအန်းနှင့် ကျောက်ယွမ်တို့မှာ နာခံရန်မှတစ်ပါး အခြားမရှိတော့ပေ။ အခြေအနေအရ သူတို့သည် ပစ္စည်းဥစ္စာနှင့် အသက်အန္တရာယ် မည်သည်က ပိုအရေးကြီးကြောင်းကို ကောင်းကောင်း ခွဲခြားနိုင်ကြပေသည်။

"ဆိုင်ရှင်... ငါတို့ကို အားနာအောင် လုပ်နေပြီပဲ။ ဒီလို ယဉ်ကျေးမှုမျိုးကို ငါတို့ ဘယ်လိုလုပ် မေ့မှာလဲ။ လာတုန်းက နည်းနည်း အလောတကြီး ဖြစ်သွားလို့ လက်ဆောင်ကို ထုတ်ဖို့ အချိန်မရလိုက်တာပါ…။"

ပြောရင်းနှင့်ပင် ကျောက်စုန်းအန်းက သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ လင်းဖန်ထံ ကမ်းပေး လိုက်လေသည်။ ၎င်းကို မြင်သော် လင်းဖန်၏ မျက်နှာတွင် ချက်ချင်း ပြုံးပန်းများဝေသွားတော့သည်။

"အို... ဝေးဝေးလံလံ လာရတာကို ဘာလို့ လက်ဆောင်တွေ ယူလာတာလဲ၊ အားနာစရာကြီးဗျာ…။"

ပြောသာပြောနေသော်လည်း လင်းဖန်၏ လက်ကတော့ တစ်ဖက်လူ၏ လက်ထဲမှ သိုလှောင်လက်စွပ် ကို လုယူပြီးသား ဖြစ်နေ၏။ သူတို့ ရှေ့မှာပင် လက်စွပ်အတွင်းရှိ အရင်းအမြစ်များကို စတင် စစ်ဆေး လိုက်တော့သည်။

"ဟား... တကယ့် သူဌေးကြီးပဲဟေ့…။"

လင်းဖန်၏ အော်ဟစ်သံကြောင့် ကျောက်ယွမ်တို့ လူနှစ်ဦးမှာ စကားပင် မပြောနိုင် ဖြစ်သွားရသည်။ တကယ်တော့ လင်းဖန်ကို အပြစ်တင်၍ မရပေ၊ သူတို့ ပေးလိုက်သည့် ပမာဏမှာ အတော်ပင် များပြား နေခဲ့သည်ပင်။

"ဂုဏ်သရေရှိ ဧည့်သည်တော်တို့... အထဲကို ကြွကြပါဦး…။"

လင်းဖန်က သူတို့နှစ်ဦးကို အိမ်ထဲသို့ လမ်းပြခေါ်ဆောင်သွားရင်း ထဲကျူးကို လှမ်းအော်လိုက်သည်။

"ထဲကျူး... ဧည့်သည်နှစ်ယောက်ကို ရေ... ရေပဲ တိုက်လိုက်တော့…။"

ဟင်းလင်းပြင် သန့်စင်ရာမြေထဲတွင် လက်ဖက်ရည် မရှိသဖြင့် ရိုးရိုးရေသာ တိုက်နိုင်သည်။ သို့သော် ကျောက်ယွမ်တို့ကတော့ လင်းဖန်တွင် လက်ဖက်ရည် မရှိမှန်း မသိကြပေ။ လင်းဖန်က ကပ်စေးနှဲလွန်း သဖြင့် လက်ဖက်ရည်တောင် မတိုက်ချင်ဘူးဟုသာ သူတို့ ထင်မှတ်လိုက်ကြသည်။

"မလိုပါဘူး ဆိုင်ရှင်၊ ငါတို့ မဆာပါဘူး၊ အလုပ်ရှုပ်မခံပါနဲ့တော့…။"

ထိုစကားကို ကြားသော် အလုပ်ရှုပ်ရမှာ ပျင်းသော လင်းဖန်ကလည်း ဇွတ်မတိုက်တော့ပေ။

"ကောင်းပြီ... ဒါဆို ထဲကျူး မသွားနဲ့တော့….။"

စကားပြောရင်းနှင့် အားလုံး အိမ်ထဲသို့ ရောက်လာကြသည်။ အထဲရှိ ဗလာကျင်းနေသော အခန်းကို မြင်သောအခါ ကျောက်စုန်းအန်းတို့မှာ ပို၍ပင် ဆွံ့အသွားကြသည်။ ထိုင်စရာ ခုံတောင် မရှိသည့်အတွက် အထဲဝင်လာခြင်းနှင့် အပြင်မှာ နေခြင်းက ဘာမှ မထူးခြားပေ။ နောက်ဆုံးတွင် အားလုံး မတ်တတ် ရပ်လျက်သာ စကားပြောကြရလေတော့သည်။

ကျောက်စုန်းအန်းက အရင်စကားစလိုက်သည်။ သို့သော် လင်းဖန်ကို မဟုတ်ဘဲ ထဲကျူးကို စိုက်ကြည့် ကာ မေးလိုက်ခြင်း ဖြစ်သည်။

"ဒီလူငယ်လေးရဲ့ နာမည်က ထဲကျူး မဟုတ်လား…။ မင်းရဲ့ မျိုးရိုးနာမည်က ဘာလဲဆိုတာ မေးပါရစေ။"

ထဲကျူးသည် အဖြေကို စိတ်ထဲတွင် သိထားပြီး ဖြစ်သဖြင့် တွေဝေမနေဘဲ ချက်ချင်း ဖြေလိုက်သည်။

"ကျွန်တော့်မျိုးရိုးက ကျောက် ပါ၊ ကျောက်ဖျင်အန်းရဲ့ ကျောက် ပါ။ ကျွန်တော့်နာမည်ပြောင်ကတော့ ထဲကျူး ပါ…။"

ထဲကျူးက "ကျောက်ဖျင်အန်းရဲ့ ကျောက်" ဟု ပြောသည့်အခါတွင် အလေးအနက်ထား၍ ပြောလိုက် ခြင်း ဖြစ်၏။ ထိုစကားကြောင့် ကျောက်စုန်းအန်းနှင့် ကျောက်ယွမ်တို့ မျက်မှောင်ကြုတ်သွားကြသည်။ လင်းဖန်ကလည်း ထဲကျူးကို အံ့ဩစွာ ကြည့်လိုက်မိသည်။

*'ကျောက်ဖျင်အန်းရဲ့ ကျောက်' ဟုတ်လား..။ ထဲကျူးက ဘာလို့ ဤစကားကို အလေးပေး ပြောရသ နည်း။ သူသည် သုန်ယွဲ့တော်ဝင်မိသားစုသို့ ပြန်ရန် အစီအစဉ် မရှိဘူးလား…။*

ထဲကျူး၏ ဆုံးဖြတ်ချက်u မည်သို့ပင် ဖြစ်စေ လင်းဖန်ကတော့ လေးစားရန် ဆုံးဖြတ်လိုက်သည်။

ထဲကျူး တော်ဝင်မိသားစုသို့ မပြန်ပါက နောင်တွင် သုန်ယွဲ့အင်ပါယာကို ထိန်းချုပ်မည့် လင်းဖန်၏ အစီအစဉ် ပျက်သွားနိုင်သော်လည်း ၎င်းမှာ ပြဿနာ မဟုတ်ပေ။ လင်းဖန်တွင် အခြားသော ဖြေရှင်းနည်းများ ရှိပြီးသား ဖြစ်သည်။

"ထဲကျူး... မင်းရဲ့ ဇစ်မြစ်အကြောင်း မင်း သိပြီးပြီ မဟုတ်လား…။"

ကျောက်စုန်းအန်းက မေးလိုက်ရာ ထဲကျူးက အေးစက်စက်ပင် ပြန်ဖြေလေသည်။

"သခင်လေး ကျောက်ရွှင်းက ကျွန်တော့်ကို အကုန်ပြောပြပြီးပါပြီ။ ဒါပေမဲ့ သိရလို့ရော ဘာထူးမှာလဲ။ ကျွန်တော် အခုလည်း အဆင်ပြေပြေ နေနေတာပဲ။ ကျွန်တော့်ရဲ့ ဘိုးဘေးတွေကို ပြန်ပြီး အသိအမှတ်ပြု ဖို့ စိတ်ကူး မရှိပါဘူး…။"

ထဲကျူး၏ စကားကြောင့် ကျောက်စုန်းအန်းတို့ နှစ်ဦးမှာ တိတ်ဆိတ်သွားကြသည်။ သူတို့၏ စိတ်ထဲတွင် မူ ထဲကျူးကို တော်ဝင်မိသားစုသို့ ပြန်ခေါ်သွားချင်ကြသည်။ တစ်ဖက်တွင်မူ ကျောက်မိသားစုက သုန်ယွဲ့ အင်ပါယာကြီးကို ထိန်းချုပ်ထားရသဖြင့် မိသားစုဝင် များများရှိလေ ကောင်းလေ ဖြစ်သည်။ အခြားတစ် ဖက်တွင်မူ ဆိုင်တံခါးဝတွင် ထဲကျူးကို စစ်ဆေးခဲ့စဉ်က သိခဲ့ရသော သူ၏ ပါရမီအရ ထိုကဲ့သို့ အဆင့် (၈) ကျင့်ကြံခြင်း ပါရမီရှင်မျိုးကို သူတို့ အဆုံးရှုံးမခံနိုင်ပေ။

All Chapters