အခန်း ၁၂၈
Vol. 13 Ch. 128
အခန်း (၁၂၈) သခင်လေးကြောင့် ငါ့ဆိုင်က ကုန်ပစ္စည်းတွေ အများကြီး ဆုံးရှုံးသွားရတယ်
ထဲကျူးသာ ကြီးပြင်းလာပါက သူသည် တော်ဝင်မိသားစု၏ အဓိက အင်အားစုကြီး တစ်ခု ဖြစ်လာပေ လိမ့်မည်။
ခဏအကြာတွင် ကျောက်စုန်းအန်းက ထပ်မံ၍ စကားဆိုလာခဲ့သည်။
"ထဲကျူး... မင်းအဖေ ကွယ်လွန်သွားပြီ ဆိုပေမဲ့ သူထားခဲ့တဲ့ စီးပွားရေး လုပ်ငန်းတွေက ရှိနေဆဲပါ။ မင်းက အဲ့ဒီ လုပ်ငန်းတွေကို ဆက်ခံရမယ့် အမွေစားအမွေခံပဲ။ မင်းရဲ့ ပါရမီရယ်၊ ဒီလုပ်ငန်းတွေရယ်၊ ပြီးတော့ သုန်ယွဲ့အင်ပါယာ တော်ဝင်မိသားစုရဲ့ နောက်ခံရယ် ပေါင်းလိုက်ရင် မင်းရဲ့ တိုးတက်မှုက အဆ ပေါင်းများစွာ ပိုမြန်မလာပေဘူးလား…။"
ဘေးမှ နားထောင်နေသော လင်းဖန်ပင်လျှင် ကျောက်စုန်းအန်း၏ စကားကြောင့် စိတ်လှုပ်ရှားသွားမိ လေသည်။ သို့သော် ထဲကျူးမှာမူ အေးအေးဆေးဆေးပင် ရှိနေသဖြင့် လင်းဖန် တစ်ယောက် စိတ်ပျက် သွားခဲ့ရသည်။
*ငါနဲ့ ဒီလောက်ကြာကြာ နေခဲ့တာတောင် သူက အခုထိ ပိုက်ဆံကို တန်ဖိုးမထားတတ်သေးဘူးလား…*
ထဲကျူးက တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်သည်။
"ကျွန်တော့်ကို အရှင်က စောင့်ရှောက်ပေးထားသလို ဟင်းလင်းပြင် သန့်စင်ရာမြေထဲကိုလည်း ဝင်ခွင့် ရထားပြီးသားပါ။ ဒီလို ပတ်ဝန်းကျင်မှာ ကျင့်ကြံရတာလည်း နှေးမှာ မဟုတ်ပါဘူး…။"
ကျောက်စုန်းအန်းနှင့် ကျောက်ယွမ်တို့မှာ ထဲကျူး၏ စကားကို မချေပနိုင်ကြပေ။ အမှန်တကယ်ပင် သူတို့သည် ဤနေရာ၏ ပတ်ဝန်းကျင် အခြေအနေကို ကိုယ်တိုင် ခံစားဖူးပြီးပြီ ဖြစ်သည်။ သုန်ယွဲ့ တော်ဝင်မိသားစုတွင်ပင် ဤကဲ့သို့သော အခြေခံကောင်းများ ရှိ၊ မရှိ သူတို့ကိုယ်သူတို့ ပြန်မေးနေမိ သည်။ ထို့ကြောင့် ထဲကျူး၏ စကားကြောင့် သူတို့ ခဏမျှ ဆွံ့အသွားကြရလေသည်။
အခြေနေက ရုတ်တရက် တင်းမာသွားသဖြင့် လင်းဖန်က အခြေအနေကို အမြန်ပင် ထိန်းညှိပေးလိုက် သည်။
"ကဲ... ဒါတွေကို နောက်မှ အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့ လောစရာ မလိုပါဘူး။ အရင်ဆုံး သခင်လေး ကျောက်ရွှင်းရဲ့ ကိစ္စကို အရင် ပြောရအောင်…။"
လင်းဖန်၏ စကားကို ကြားမှ ကျောက်ယွမ်သည် သူ မေ့လုနီးပါး ဖြစ်နေသော သားဖြစ်သူကို သတိရ သွားသည်။
"အော်... ဟုတ်သားပဲ၊ ရွှင်းအာအကြောင်း ပြောရအောင်။ အခု ရွှင်းအာ ဘယ်မှာလဲ…။"
အလုပ်ကိစ္စ စပြောပြီ ဖြစ်သဖြင့် လင်းဖန်၏ မျက်နှာက တည်ကြည်သွားသည်။
"အဟမ်း… အဲ့ဒီ သခင်လေး ကျောက်ရွှင်းက ကျွန်တော့်ဆိုင်မှာ တစ်ယောက်တည်း စောင့်နေတဲ့ ထဲကျူး ကို အကြောင်းမဲ့ ပြန်ပေးဆွဲသွားခဲ့တယ်။ အဲ့ဒီအတွက် ကျွန်တော့်ဆိုင်မှာ လူမရှိဘဲ ဖြစ်သွားပြီးတော့ ကုန်ပစ္စည်းတွေ အများကြီး ပျောက်ဆုံးသွားခဲ့ရတယ်။ ဒီဆုံးရှုံးမှုအတွက် လူကြီးမင်းတို့ ဘယ်လိုပြန် လုပ်ပေးမလဲ…။"
လင်းဖန်၏ စကားကို ကြားသော် ကျောက်ယွမ်နှင့် ကျောက်စုန်းအန်းတို့၏ နှုတ်ခမ်းများ တွန့်သွားကြ သည်။ မြို့တော်၏ လုံခြုံရေးက ဤမျှ ကောင်းမွန်နေပါလျက် ဆိုင်မှာ လူမရှိတုန်း ပစ္စည်းခိုးခံရသည် ဆိုခြင်းမှာ ဖြစ်နိုင်ပါ့မည်လား။ ပစ္စည်းတွေ ဆုံးရှုံးသွားတယ် ဆိုဦးတော့၊ ခင်ဗျားရဲ့ ဆိုင်သေးသေးလေး မှာ တန်ဖိုးရှိလှသော ဘာပစ္စည်းတွေများ ရှိနေမှာမို့လို့လဲ။
သို့သော် သူတို့ဘက်က မှားနေသည်မှာ အမှန်ပင်။ ထို့ပြင် အခုက တစ်ဖက်လူ၏ နယ်မြေထဲ ရောက်နေ ခြင်း ဖြစ်သဖြင့် အလုပ်မရှုပ်စေရန် ပိုက်ဆံပေး၍သာ ရှင်းလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူတို့ မိသားစုသည် အရှေ့ဘက်ဒေသကို အုပ်ချုပ်လာသည်မှာ ကြာပြီ ဖြစ်သဖြင့် စည်းစိမ်ဥစ္စာများမှာ ရေတွက်၍ မရနိုင်ပေ။ ထို့ကြောင့် ဤလျော်ကြေးလေးကို သူတို့ သိပ်ဂရုမစိုက် ကြခြင်းပေ။
"ဆိုင်ရှင်... ဒါက တကယ်ပဲ ငါတို့ အမှားပါ။ မင်းဆိုင်က ဆုံးရှုံးမှုတွေအတွက် ငါတို့ အပြည့်အဝ လျော်ပေးပါ့မယ်။ ပျောက်ဆုံးသွားတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးကိုသာ ပြောပြပါ…။"
တစ်ဖက်လူက အခြေအမြစ်မရှိသော ဆုံးရှုံးမှုများကို လျော်ပေးမည်ဟု ပြောလိုက်သဖြင့် လင်းဖန်၏ မျက်လုံးများ တောက်ပသွားသည်။ သို့သော် သူက စိတ်ဝိညာဉ်ကျောက်တုံး ပမာဏကို တိုက်ရိုက် မပြောသေးပေ။
"ဟူး... ဒါက ကျောက်တုံးတွေနဲ့တင် ဆိုင်တာ မဟုတ်ဘူးဗျ။ ကျွန်တော့်ဆိုင်က သေးတယ် ဆိုပေမဲ့ အထဲက ဆေးလုံးတွေနဲ့ မှော်ရတနာတွေဟာ ဈေးကွက်မှာ ရှာလို့မရတဲ့ ရှားပါးပစ္စည်းတွေကြီးပဲ။"
တစ်ဖက်လူက မယုံသလို ကြည့်နေသည်ကို မြင်သဖြင့် လင်းဖန်က ဆက်ပြောလိုက်သည်။
"ခင်ဗျားတို့ မယုံရင် ဒီနားက မိသားစုကြီးတွေကို မေးကြည့်လို့ ရပါတယ်၊ ကျွန်တော် ပြောတာ အမှန် လား မဟုတ်ဘူးလား ဆိုတာ။"
"ဥပမာ - 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' ဆိုတာ ရှိတယ်၊ အဲ့ဒါက ကျင့်ကြံသူရဲ့ ပါရမီကို မြှင့်တင်ပေး နိုင်တာ။ ဒါကို တန်ဖိုးမရှိဘူးလို့ ခင်ဗျားတို့ မပြောနိုင်ဘူး မဟုတ်လား…။ အဲ့ဒီ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးတွေတင် အလုံးပေါင်း (၁၀၀) ကျော်လောက် သခင်လေးကြောင့် ပျောက်သွားတာဗျ…။"
ပြောရင်းနှင့် လင်းဖန်က သူကိုယ်သူ ခိုးဆိတ်လိုက်ပြီး မျက်နှာတွင် နာကျင်နေဟန် အမူအရာကို လုပ်လိုက်သည်။ လင်းဖန်၏ စကားကို ကြားသော် ကျောက်စုန်းအန်းတို့သာမက ဘေးမှ ထဲကျူးပင် မှင်တက်သွားရသည်။
ထဲကျူးမှာမူ လင်းဖန် ပြောလိုက်သော ဆုံးရှုံးမှု ပမာဏကြောင့် အံ့ဩသွားခြင်း ဖြစ်သော်လည်း ကျောက်စုန်းအန်းတို့ လူနှစ်ဦးမှာမူ "ပါရမီကို မြှင့်တင်ပေးနိုင်ခြင်း" ဆိုသော စကားလုံးကြောင့် တုန်လှုပ် သွားကြခြင်း ဖြစ်သည်။
"ဆိုင်ရှင်... မင်းရဲ့ ဆိုင်မှာ ပါရမီကို မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိတာလား။ အလုံး (၁၀၀) တောင် လား…။ မင်း မှားပြောနေတာတော့ မဟုတ်ဘူးမလား…။"
သံသယဝင်နေသည်ကို မြင်သဖြင့် လင်းဖန်က စိတ်လှုပ်ရှားဟန်ဖြင့်-
"ခင်ဗျားတို့က ဘာကို ဆိုလိုတာလဲ…။ ကျွန်တော့်ကို အထင်သေးနေတာလား…။ မယုံရင် ဒီနားက လီမိသားစု၊ လျူမိသားစုနဲ့ ကျောက်မိသားစုတွေကို သွားမေးကြည့်လိုက်ပါ။ သူတို့တွေ အကုန်လုံး လွန်ခဲ့တဲ့ ရက်ပိုင်းက ကျွန်တော့်ဆီက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးတွေကို ဝယ်သွားကြတာ…။"
ဘေးတွင် ရပ်နေသော ထဲကျူးကလည်း အလျင်အမြန် ဝင်ပြောလိုက်သည်။
"ကျွန်တော်လည်း သက်သေခံနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ပါရမီ အဆင့် (၈) အထိ တက်လာတာဟာ အဲ့ဒီ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို သောက်ခဲ့လို့ပါပဲ…။"
လင်းဖန်နှင့် ထဲကျူးတို့၏ ယုံကြည်ချက်ရှိလှသော စကားများကို ကြားရသောအခါ ကျောက်စုန်းအန်း စတင် ယုံကြည်လာတော့သည်။ ဆေးအလုံး (၁၀၀) ဆိုသည်မှာ ဟုတ်၊ မဟုတ် သေချာ မသိရသော် လည်း ပါရမီကို မြှင့်တင်ပေးနိုင်သော ဆေးလုံး ရှိသည်ဆိုသည်မှာတော့ အမှန် ဖြစ်ဟန်တူသည်။
ဤနေရာတွင် သူသည် ပြန်ရောက်လျှင် သတင်းထောက်လှမ်းရေး အဖွဲ့ကို ကောင်းကောင်း ဆုံးမရန် ဆုံးဖြတ်လိုက်တော့သည်။ မြို့တော်ထဲတွင် ဤကဲ့သို့သော ဆေးလုံး ပေါ်နေသည်ကိုပင် သူတို့ မသိကြ ဘူးလား။
အမှန်တော့ သတင်းထောက်လှမ်းရေးအဖွဲ့၏ အပြစ်လည်း မဟုတ်ပေ။ လင်းဖန်သည် ပြန်လည်ရှင်သန် ခြင်း ဆေးလုံး (၃) လုံးသာ ထုတ်ရောင်းခဲ့ပြီး လူအနည်းငယ်သာ သိထားကြခြင်း ဖြစ်သည်။ ထို့ပြင် ထိုမိသားစုကြီး အနည်းငယ်မှလွဲ၍ အခြားလူများ ကြားလျှင်ပင် အတည်ဟုမထင်မှတ်ကြပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ကျောက်စုန်းအန်းက ဆုံးဖြတ်ချက် ချလိုက်သည်။
"ငါတို့ကို ပြင်ဆင်ဖို့ အချိန်နည်းနည်း ပေးပါ၊ မင်း ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု ငါတို့ ပေးပါ့ မယ်…။"
ကျောက်စုန်းအန်း၏ အစီအစဉ်မှာ ပြန်ရောက်လျှင် ထိုမိသားစုများထံ ဆက်သွယ်၍ ပြန်လည်ရှင်သန် ခြင်း ဆေးလုံး အမှန်တကယ် ရှိ၊ မရှိ အရင်စုံစမ်းရန် ဖြစ်သည်။ အကယ်၍ အမှန်တကယ်သာ ရှိပါက လင်းဖန်ကို လျော်ကြေးပေးရန် သူ ဝန်လေးမည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူတို့သည်လည်း ဤကဲ့သို့သော ဆေးမျိုးကို အလိုရှိနေကြသည် မဟုတ်ပါလား။ အကယ် ၍ ဤအခြေအမြစ်မရှိသော လျော်ကြေးကို ပေးလိုက်ခြင်းဖြင့် လင်းဖန်၏ မျက်နှာသာပေးမှုကို ရရှိနိုင် မည်ဆိုပါက... နောင်တွင် လင်းဖန်ထံမှ ပါရမီမြှင့်တင်ပေးသော ဆေးလုံးများကို ဝယ်ယူနိုင်မည် ဖြစ် သည်။
လင်းဖန်သည် ကျောက်စုန်းအန်း၏ စကားကို အလွန်သဘောကျသွားသည်။ သူသည် တစ်ဖက်လူကို ယခုချက်ချင်း ကျောက်တုံးများ ထုတ်ပေးရန် မရည်ရွယ်ပေ။ အကယ်၍ တစ်ဖက်လူက တန်ဖိုး မေးလာ လျှင်ပင် သူကိုယ်တိုင်လည်း မည်မျှ တောင်းရမည်ကို မသိသေးပေ။ တစ်ဖက်လူ ပြန်သွားပြီး ပြန်လည် ရှင်သန်ခြင်း ဆေးလုံး၏ အာနိသင်ကို အတည်ပြုပြီးလျှင်မူ သူတောင်းဆိုသည်ထက်ပင် ပို၍ လျော်ပေး လာနိုင်ပေသည်။
"ဟားဟား... စီနီယာက တကယ်ကို ရက်ရောတာပဲ။ ဒါဆို ဒါကိုပဲ အတည်ပြုလိုက်ကြတာပေါ့။ ခင်ဗျား တို့ ကျောက်တုံးတွေ ယူလာပြီး သခင်လေးကို လာရွေးမယ့်အချိန်ကို ကျွန်တော် စောင့်နေပါ့မယ်…။"
လင်းဖန်၏ စကားမှာ ရှင်းလင်းလှသည်။ လျော်ကြေး မရမချင်း ကျောက်ရွှင်းကို အာမခံပစ္စည်းအဖြစ် ထိန်းသိမ်းထားမည်ဟူ၍ ဖြစ်သည်။ ၎င်းကို ကျောက်စုန်းအန်းတို့ကလည်း မကန့်ကွက်ကြပေ။
"ကောင်းပြီ... မင်းပြောသလိုပဲ လုပ်ကြတာပေါ့ ဆိုင်ရှင်။ ဒါပေမဲ့ ငါတို့ ရွှင်းအာနဲ့ အရင် တွေ့လို့ ရမလား…။"
ကုန်ပစ္စည်းကို အရင်စစ်ဆေးချင်သည်ဟု ကြားသဖြင့် လင်းဖန်ကလည်း မငြင်းပေ။
"ထဲကျူး... သခင်လေး ကျောက်ရွှင်းကို ဒီကို ခေါ်ခဲ့လိုက်စမ်း…။"
ထဲကျူး အခန်းထဲမှ ထွက်သွားသည်ကို မြင်မှ ကျောက်စုန်းအန်းက လင်းဖန်ကို ထပ်မံ ပြောဆိုလာ ခဲ့ သည်။
"ဆိုင်ရှင်... ထဲကျူးကို သူ့မျိုးနွယ်စုဆီ ပြန်လာပြီး ဘိုးဘေးတွေကို အသိအမှတ်ပြုဖို့ မင်းဘက်က ကူညီ ဖျောင်းဖျပေးလို့ ရမလား…။"
လင်းဖန်က တွေဝေနေခြင်းမရှိဘဲ ချက်ချင်းပင် ငြင်းဆိုလိုက်သည်။
"စီနီယာ... ဒါက ခင်ဗျားတို့ မိသားစု ကိစ္စပဲ၊ ကျွန်တော် ဝင်မစွက်ဖက်သင့်ဘူး ထင်တယ်။ ဒါ့ပြင် ထဲကျူး မှာလည်း သူ့ကိုယ်ပိုင် အတွေးအခေါ်တွေ ရှိပြီးသားပါ။ ကျွန်တော့်ကြောင့်နဲ့ သူ စိတ်ပြောင်းသွားလိမ့် မယ်လို့လည်း မမျှော်လင့်ပါနဲ့…။"
လင်းဖန် ငြင်းနေသည်ကို မြင်သဖြင့် ကျောက်စုန်းအန်းတို့ နှစ်ဦးလည်း ထိုအကြောင်းကို ဆက်မပြော ကြတော့ဘဲ အခြားနည်းလမ်းကိုသာ စဉ်းစားကြရတော့သည်။ မကြာမီ ထဲကျူးက ကျောက်ရွှင်းကို အခန်းထဲသို့ ခေါ်လာခဲ့လေသည်။
ကျောက်ရွှင်းမှာ အင်္ဂါခြေလက် မပျက်မစီး ရှိနေသည်ကို မြင်မှ ကျောက်ယွမ် သက်ပြင်းချနိုင်တော့ သည်။ တစ်ချိန်တည်းမှာပင် သူက ကျောက်ရွှင်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မင်းကတော့ တကယ့်ကို အတောင်စုံနေပြီပဲ။ ငါ့ကိုတောင် မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ် ရဲတယ်ပေါ့…။"
အစောင့်ဖြစ်သူက ကျောက်ရွှင်း ဘာလို့ ထဲကျူးကို ဖမ်းရသလဲဆိုသည်ကို မပြောပြခဲ့သော်လည်း သူတို့၏ စိတ်ထဲတွင်မူ သံသယ ရှိနေကြသည်။ ထို့ကြောင့် ကျောက်ရွှင်း ဘာအန္တရာယ်မှ မရှိမှန်း သိလိုက်ရသည့်အခါတွင်မူ သူတို့ကိုယ်တိုင်က ကျောက်ရွှင်းအတွက် အန္တရာယ် ဖြစ်ချင်လာနေကြ ခြင်းပင်။
သို့သော် လက်ရှိ အခြေအနေအရ ထိုကိစ္စကို ခေတ္တ ဆိုင်းငံ့ထားရမည် ဖြစ်သည်။ ကျောက်ရွှင်း အိမ်ပြန် ရောက်သည့်အခါတွင်မူ ကောင်းကောင်း အဆုံးမ ခံရမည်မှာ သေချာလှသည်။
ဤအချိန်တွင် ကျောက်စုန်းအန်းက ကျောက်ယွမ်၏ စကားကို ဆက်လက်၍ ပြောလိုက်သည်။
"မင်းရဲ့ ဒုတိယဦးလေးရဲ့ လုပ်ငန်းတွေကို မင်းကို ခေတ္တ စီမံခိုင်းတာပါ။ မင်းက အဲ့ဒီလုပ်ငန်းတွေကို ကိုယ့်ပိုင်ဆိုင်မှုလို့ တကယ် ထင်နေတာလား။ ဒီနေ့ကစပြီး အဲ့ဒီ ပိုင်ဆိုင်မှုတွေ အားလုံးကို သူ့ရဲ့ တရားဝင် အမွေဆက်ခံသူဖြစ်တဲ့ ထဲကျူးဆီ ပြန်လွှဲပေးရမယ်…။"