← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း (၁၃၂) စီနီယာအစ်ကိုလင်း… မနေ့ညက ကျွန်မကို ဘာတွေများ ခိုးကျွေးလိုက်တာလဲ။

စိတ်ဝိညာဉ်အရည်သည် ဒဏ်ရာများကို သက်သာပျောက်ကင်းစေနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေနိုင်သည့် အခြားလုပ်ဆောင်ချက်များပါဝင်သော အံ့ဖွယ်အရည်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားလေသည်။

တစ်ညတာ ကုန်လွန်ပြီးနောက် လီလဲ့ယန်အနေဖြင့် သူမ၏ဝေဒနာများကို သက်သာစေရန် ဤစိတ် ဝိညာဉ်အရည်ကို သေချာပေါက် အသုံးပြုရန် လိုအပ်သည်ဟု လင်းဖန် ခံစားခဲ့ရသောကြောင့်ဖြစ်၏။ သူကိုယ်တိုင်ကတော့ မယုံနိုင်လောက်အောင် ကျန်းမာသန်စွမ်းနေသည်ဟု ခံစားရသောကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံဖြုန်းတီးပစ်ရန် မလိုအပ်တော့သည်မှာ သဘာဝပင်ဖြစ်သည်။

မကြာမီမှာပင် ရေမိုးချိုးသန့်စင်ပြီးသွားသော လီလဲ့ယန်က လင်းဖန်ကို ပြန်လည်ရှာဖွေတွေ့ရှိသွား သည်။

"စီနီယာအစ်ကိုလင်း... ကျွန်မရဲ့ ကျင့်ကြံမှုအဆင့်က တစ်ညတည်းနဲ့ ဘယ်လိုလုပ် ဒီလောက်အထိ တိုးတက်သွားရတာလဲ….။"

"ကျွန်မ ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာတောင် မသိတော့ဘူး။ အခြေတည်စိတ်ဝိညာဉ်အဆင့် ကိုများ ရောက်သွားတာလား…။"

ယင်းကိုကြားသောအခါ လင်းဖန်မှာ ဆွံ့အသွားခဲ့သည်။ သူ၏လက်ရှိအဆင့်ကရော လက်ခံနိုင်စရာ အနေအထားမျိုးဖြစ်ပါ့မလားဟု သူ တွေးလိုက်မိသည်။ တကယ်တမ်းတော့ လီလဲ့ယန်ကိုလည်း အပြစ်တင်၍မရပေ။

မည်သို့ပင်ဆိုစေ သူမသည် အဆင့်တစ်ဆင့်ချင်းစီကို ဖြည်းဖြည်းမှန်မှန် တက်လှမ်းလာခဲ့ခြင်းမျိုး မဟုတ်ခဲ့ပေ။ ထို့ကြောင့် အဆင့်သစ်တစ်ခုကို တိတိကျကျ နားမလည်နိုင်ခြင်းက ပုံမှန်သာဖြစ် လေသည်။

သူမ၏ ကျင့်ကြံမှုအဆင့်သည် အရင်ကနှင့် လုံးဝကွာခြားသွားကြောင်းကိုသာ သူမ ခံစားသိရှိနေသည်။ သို့သော် သူမ မည်သည့်အဆင့်သို့ ရောက်နေသည်ကိုတော့ အမှန်တကယ်ပင် သေချာမသိပေ။

"ဂျူနီယာညီမလေးလဲ့ယန်... ဂုဏ်ယူပါတယ်။ မင်းက အခုဆို ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံ သူတစ်ယောက် ဖြစ်သွားပြီပဲ…။"

"ကျင့်ကြံမှုအဆင့်ကိုပဲ ကြည့်မယ်ဆိုရင် ဦးလေးလီတောင် မင်းကို စီနီယာလို့ ခေါ်ရတော့မယ်…။"

၎င်းကိုကြားသောအခါ လီလဲ့ယန်၏ မျက်လုံးများမှာ ပန်းကန်ပြားများကဲ့သို့ ပြူးကျယ်သွားခဲ့သည်။

"ဟင်... ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်သွားတာလား…။ မဖြစ်ဘူး.. မဖြစ်ဘူး။ ကျွန်မအဖေ ကို ကျွန်မက ဘယ်လိုလုပ် စီနီယာလို့ အခေါ်ခံနိုင်မှာလဲ။ အဲ့ဒါဆိုရင် မျိုးဆက်အဆင့်အတန်းတွေ ကမောက်ကမဖြစ်ကုန်မှာပေါ့….။"

*ဟေး... မင်းက တကယ်ကြီး အဲ့ဒီလို တွေးလိုက်တာပဲ…။*

လင်းဖန်မှာ အံ့သြသွားသည်။

*ဒီကောင်မလေးက ဒီနေ့ကျမှ ဘာလို့ ရုတ်တရက် ပြန်ပြီး ငတုံးလေးဖြစ်သွားရတာလဲ…။*

*ဖြစ်နိုင်တာက... သိတယ်မလား။ကိုယ်ဝန်ဆောင်ချိန်မှာ သုံးနှစ်လောက် ဉာဏ်ထိုင်းသွားတတ်တယ်ဆို တဲ့ စကားကို သူ ကြားဖူလေသည်။*

*ဒါပေမဲ့ ဒီလောက်တော့ မမြန်သင့်ဘူးလေ…။*

"အဟမ်း... ဂျူနီယာညီမလေး၊ မင်းရဲ့ လက်ရှိကျင့်ကြံမှုအဆင့်ကို ဖော်ပြဖို့အတွက် ငါက ဥပမာ ပေးရုံ သက်သက်ပါ။ ဦးလေးလီကို တကယ်ကြီး စီနီယာလို့ ခေါ်ခိုင်းဖို့ မဟုတ်ပါဘူး…။"

"အို... ဟုတ်သားပဲ။ အဲ့ဒါက သေချာပေါက် မဖြစ်နိုင်ပါဘူးလေ…။"

သူမ၏ဖခင်က သူမအား စီနီယာဟု ခေါ်မည့် အကြံအစည်ကို ငြင်းပယ်ပြီးနောက် လီလဲ့ယန်တွင် အခြား မေးခွန်းတစ်ခု ရှိလာပြန်သည်။

"ကျွန်မက ဘယ်လိုလုပ် ရုတ်တရက်ကြီး ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သွားတာလဲ။ မနေ့ညက စီနီယာအစ်ကိုလင်း ကျွန်မကို ဘာတွေများ ခိုးကျွေးလိုက်တာလဲ…။"

၎င်းကိုကြားသောအခါ လင်းဖန်က ချက်ချင်းပင် အနေခက်စွာ ချောင်းဟန့်လိုက်သည်။

*ဘာကျွေးလိုက်တာလဲတဲ့…။ အဲ့ဒါကို ငါ ဘယ်လိုဖြေရမလဲကွာ…။*

*ဘာမှ မကျွေးဘူးလို့ ပြောလိုက်ပြန်ရင်လည်း ကျင့်ကြံမှုတွေ လျင်လျင်မြန်မြန် တိုးတက်လာရတဲ့ အကြောင်းရင်းကို ရှင်းပြလို့ရမှာ မဟုတ်ပြန်ဘူး…။*

"အဟမ်း... ဂျူနီယာညီမလေးလဲ့ယန်၊ မနေ့က မင်းကို မှော်ရတနာတစ်ခု ငါ ကျွေးလိုက်မိတယ်…။"

"အဲ့ဒါက နှစ်ပေါင်းများစွာ ငါ သိမ်းဆည်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပဲ…။"

လီလဲ့ယန်က လင်းဖန်၏ စကားများကို အတည်မှတ်ပြီး ယုံကြည်သွားခဲ့လေသည်။

"အာ... ဒီလောက် သိသာထင်ရှားတဲ့ ကျင့်ကြံမှု တိုးတက်လာပုံကို ကြည့်ရင် အဲ့ဒီရတနာက မယုံနိုင် လောက်အောင် အစွမ်းထက်မှာပဲ။ စီနီယာအစ်ကိုက အဲ့ဒါကို ကျွန်မကို ဒီအတိုင်းကြီး ပေးလိုက်တာ ပေါ့...။"

လင်းဖန်က ထိုသို့သော အဖိုးတန်ရတနာကို ပေးအပ်ခဲ့ခြင်းကို သိလိုက်ရသည့်အတွက် လီလဲ့ယန်မှာ အလွန်တရာ စိတ်လှုပ်ရှားကြည်နူးသွားခဲ့သည်မှာ အထင်အရှားပင်။

လင်းဖန်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

"အင်း... အဲ့ဒါက ဂျူနီယာညီမလေး မင်းက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို အသုံးမပြုချင်ဘူး ဆိုလို့လေ….။"

"အဲ့ဒီရတနာက ပါရမီနဲ့ ကျင့်ကြံမှုကိုပါ တိုးတက်စေနိုင်တယ်လို့ ထင်လို့ ဂျူနီယာညီမလေးကို ငါ ပေးလိုက်တာပါ….။"

"ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ ပါရမီကို တိုးတက်အောင်လုပ်ဖို့မှ မလိုတော့တာ။ ဒါကြောင့် အဲ့ဒါကို သိမ်းထား လည်း အလကားပဲလေ…။"

လင်းဖန် ရှင်းပြပြီးနောက် သူ၏ ဇာတ်လမ်းကို လီလဲ့ယန် ယုံကြည်သွားစေရန် အောင်မြင်စွာ ဖျောင်းဖျ နိုင်ခဲ့လေ၏။

သို့သော် လီလဲ့ယန်ကို လှည့်စားရန် လွယ်ကူသော်လည်း လီယွမ်ဖေးနှင့် အခြားသူများကိုတော့ လှည့်စား ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။

သေချာ စဉ်းစားပြီးနောက် လင်းဖန်က သူ၏ ထွက်ဆိုချက်ကို လီလဲ့ယန်နှင့် ဦးစွာ ဇာတ်တိုက်ထားရန် ဆုံးဖြတ်လိုက်သည်။

"ဂျူနီယာညီမလေးလဲ့ယန်... ဒီဆေးလုံးက ငါ့မိသားစုက ငါ့ကိုပေးထားတဲ့ ကောင်းကင်ဘုံဆေးစွမ်း ကောင်းတစ်လက်လို့ပဲ ပြောလိုက်နော်…။"

"ပြီးတော့ မနေ့က မင်းကို ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ယူပေးတဲ့အချိန်မှာ ငါ အမှတ်တမဲ့ ဆေးမှားယူ လိုက်မိတယ်လို့ ပြောပေါ့…။"

"အဲ့ဒါကြောင့် မင်း အဲ့ဒီဆေးကို မှားပြီးမျိုချမိသွားတယ်။ ဒါကြောင့် အခုလိုမျိုး ဖြစ်သွားတာပါလို့ ရှင်းပြ လိုက်...။"

လင်းဖန်၏ ရုပ်တည်နှင့် လုပ်ကြံဖန်တီးထားသော ဇာတ်လမ်းကို နားထောင်ရင်း လီလဲ့ယန်က ခေါင်းကို တဆက်ဆက် ငြိမ့်ပြနေခဲ့သည်။

"ကောင်းပါပြီ.. ကျွန်မ နားလည်ပါပြီ။ အဲ့ဒီအတိုင်းပဲ ကျွန်မ ပြောလိုက်ပါ့မယ်…။"

သူတို့နှစ်ဦး ဇာတ်တိုက်ပြီးနောက် လင်းဖန်က ဆက်ပြောလိုက်သည်။

"ဂျူနီယာညီမလေးလဲ့ယန်... မင်းက ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ရောက်သွားပြီဆိုတော့ မင်းရဲ့ မှော်လက်နက်တွေကို အဆင့်မြှင့်တင်ဖို့ အချိန်တန်ပြီ…။"

"ရက်အနည်းငယ်လောက် စောင့်ပါ။ ဒီကိစ္စကို ငါ တာဝန်ယူပါ့မယ်…။"

အပြစ်ရှိသလို ခံစားရခြင်းကြောင့် ဖြစ်နိုင်သည်... ထိုအချိန်တွင် လင်းဖန်က လီလဲ့ယန်၏ ကိစ္စကို နှလုံးသားထဲ မှတ်ကျောက်တင်ထားလိုက်လေတော့သည်။

"စီနီယာအစ်ကို... ဒီဝတ်စုံနဲ့တင် လုံလောက်နေပါပြီ။ ကျွန်မက သိပ်ပြီး တိုက်ခိုက်လေ့မရှိတော့ တကယ် ကောင်းတဲ့ မှော်လက်နက်တွေ မလိုအပ်ပါဘူး…။"

*ကြည့်စမ်း... ကြည့်စမ်း။ ဂျူနီယာညီမလေးလဲ့ယန်လို့ ဆိုရလောက်အောင် ငါနဲ့ စရိုက်ချင်း သွားတူ နေတာပဲ…။*

သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ရတာကို မနှစ်သက်ကြဘူးတဲ့လေ။

"ဂျူနီယာညီမလေးလဲ့ယန်... ငါတို့ မတိုက်ခိုက်ရတာ အကောင်းဆုံးပါပဲ။ ငါလည်း တိုက်ခိုက်ရတာကို သိပ်သဘောမကျပါဘူး…။"

"မင်း လိုအပ်တာ၊ မလိုအပ်တာက တစ်ပိုင်း။ မင်းဆီမှာ ရှိတာ၊ မရှိတာက တစ်ပိုင်းလေ…။"

"ဂျူနီယာညီမလေး.. အဲ့ဒီအကြောင်းကို စိတ်မပူပါနဲ့။ မင်းအတွက် ငါ ပြင်ဆင်ပေးမယ့်အချိန်ကိုသာ စောင့်နေပါ…။"

လင်းဖန်က အလေးနက် ပြောနေသည်ကို မြင်သောအခါ လီလဲ့ယန်က ထပ်မံ မငြင်းဆန်တော့ချေ။

"ကောင်းပါပြီ.. ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုလင်း….။"

ခဏတာ စကားစမြည်ပြောပြီးနောက် နှစ်ယောက်သား လမ်းခွဲခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေ လင်းဖန်တွင် လုပ်စရာကိစ္စများ ရှိနေသေးပြီး လီလဲ့ယန်မှာလည်း တစ်ရက်လုံးနီးပါး ပျောက်ဆုံးနေခဲ့သောကြောင့် သူမ မျက်နှာပြသင့်သည့် အချိန်ရောက်နေခဲ့ပြီဖြစ်၏။

အခန်းထဲတွင်ဖြစ်ပျက်ခဲ့သော ကိစ္စများကို တစ်စုံတစ်ဦးကများ ရိပ်မိသွားနိုင်မည်လားဟု စိုးရိမ်နေ မိသည်။ သို့သော်လည်း ကြီးကြီးမားမား ပြဿနာတော့ မရှိသင့်ဘူးဟု လင်းဖန် ခံစားရသည်။

သူမကိုယ်ပေါ်ရှိ ထိုနတ်သမီးဝတ်စုံကြောင့် အမြင့်ဆုံး အခြေတည်စိတ်ဝိညာဉ်အဆင့်တွင်သာ ရှိနေ သော လီယွမ်ဖေးနှင့် သူ၏ဇနီးတို့၏ ကျင့်ကြံမှုအဆင့်များကို ဆိုထားနှင့်။ အတိဒုက္ခအဆင့် ကျင့်ကြံ သူတစ်ယောက် ရောက်လာလျှင်ပင် သူမအား စစ်ဆေးနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

အလွန်ဆုံး လီလဲ့ယန်၏ အပြုအမူများနှင့် မျက်နှာအမူအရာများမှတစ်ဆင့် တစ်ခုခု မှားယွင်းနေကြောင်း ကိုသာ သတိပြုမိနိုင်ပေမည်။ သို့သော် လီလဲ့ယန်၏ အကောင်းမြင်တတ်သော စရိုက်လက္ခဏာကြောင့် သူမက ဘာကိုမှ ထုတ်ပြမည်မဟုတ်ပေ။

ထို့အပြင် အထူးစိတ်ဝိညာဉ်အရည်ဖြင့် ရေချိုးပြီးနောက် သူမ၏ ခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော အခြေအနေများလည်း ရှိမနေတော့ချေ။ ထို့ကြောင့် အခြားသူများ သတိထားမိရန် ခက်ခဲလိမ့်မည်ဟု လင်းဖန် ခံစားမိလေသည်။

လင်းဖန် ဆိုင်သို့ ပြန်ရောက်သောအခါ ထဲကျူးက ဆိုင်ကို စောင့်ပေးနေခဲ့သည်။ လင်းဖန်ကို မြင်သည် နှင့်တပြိုင်နက် သူက သိချင်စိတ်ဖြင့် ချက်ချင်း မေးလိုက်သည်။

"မြင့်မြတ်သောမြေသခင်... မနေ့ညက ဘာလို့ အနားယူဖို့ ပြန်မလာတာလဲ။ တစ်ညလုံး အလုပ်ရှုပ် နေခဲ့တာလား…။"

ထဲကျူး ပြောနေသည့် အလုပ်ရှုပ်မှုမျိုးသည် မနေ့ညက သူ ကြုံတွေ့ခဲ့ရသော အလုပ်ရှုပ်မှုမျိုးနှင့် လုံးဝ တူညီမည်မဟုတ်ကြောင်း သူ သိနေသော်လည်း။ ၎င်းကိုကြားသောအခါ လင်းဖန်က မနေ့ညက အကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ မနေ့ညက သူ သတိလစ်နေခဲ့သော်လည်း နောက်တစ်နေ့ နိုးလာ ချိန်တွင် သူ ဘယ်လိုခံစားခဲ့ရသည်ကိုတော့ မှတ်မိနေသည်မဟုတ်ပါလား။

"အဟမ်း... ဟုတ်တယ်…။ ငါ့ရဲ့ ကျင့်ကြံမှုက အရေးကြီးတဲ့ အဆင့်တစ်ခုကို ရောက်နေတော့ မနေ့ညက ပိုမြင့်တဲ့ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ ငါ အလုပ်ရှုပ်နေခဲ့တာ…။"

၎င်းကိုကြားသောအခါ ထဲကျူး၏ ဂုဏ်ပြုစကားသံက ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

"ဝိုး... ဂုဏ်ယူပါတယ် မြင့်မြတ်သောသခင်။ သခင့်ရဲ့ ကျင့်ကြံမှုက အဆင့်သစ်တစ်ခုကို ရောက်သွား ပြီပဲ။ သခင့်ရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ရဲ့ မြင့်မြတ်နယ်မြေက အဝေးကြီးအထိ သေချာ ပေါက် ကျော်ကြားလာတော့မှာပါ...။"

(စာဖတ်သူများခင်ဗျား ရှေ့အခန်းတွေမှာ မြင့်မြတ်နယ်မြေအစား သန့်စင်ရာမြေလို့ မှားသုံးမိခဲ့ပါတယ်။ အခုအခန်းကစပြီး မြင့်မြတ်နယ်မြေလို့ ပြန်‌ပြင်ရေးပါတော့မယ်ခင်ဗျာ။)

ထဲကျူး၏ မြှောက်ပင့်ဖော်ရွေမှုများကို ဖြတ်ပြောလိုက်ရင်း လင်းဖန်က အရေးကြီးကိစ္စကို မေးမြန်း လိုက်လေသည်။

"ဟုတ်ပါပြီ.. ငါ့ကို မြှောက်ပင့်နေတာတွေ ရပ်လိုက်တော့…။"

"ဒီနေ့ သုန်ယွဲ့အင်ပါယာရဲ့ တော်ဝင်မိသားစုဆီက ဘယ်သူမှ မလာကြဘူးလား…။"

"အဲ့ဒါက သူတို့ရဲ့ မင်းသားကို မလိုချင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား…။"

ထိုမေးခွန်းကို ကြားသောအခါ ထဲကျူးက တစ်ခုခုကို နောက်ဆုံးတွင် သတိရသွားခဲ့သည်။

"အို... ကျွန်တော် မေ့တော့မလို့။ သူတို့ ဒီကို ရောက်လာခဲ့ကြသေးတယ်…။ ဒါပေမယ့် မြင့်မြတ်သော သခင်ကို မတွေ့တာနဲ့ ခဏစောင့်ပြီးတဲ့နောက် ပစ္စည်းတွေ ချထားခဲ့ပြီး ပြန်သွားကြတယ်…။"

ထိုစကားကိုကြားသောအခါ လင်းဖန်က အနည်းငယ် အံ့သြသွားခဲ့လေသည်။

"အိုဟို... ငါတို့ကို ဒီလောက်တောင် ယုံကြည်တာလား။ လူနဲ့ငွေကို လဲလှယ်မယ်လို့တောင် ငါ တွေးထား တာ…။"

ထိုအချိန်တွင် လင်းဖန်က ထဲကျူးကို ကြည့်လိုက်ပြီး ဖြစ်နေသည်ကို ချက်ချင်း နားလည်သွား ခဲ့သည်။

*တစ်ဖက်လူက ငါ့ထက်စာရင် ထဲကျူးကို ပိုပြီး ယုံကြည်နေပုံရတယ်…။*

ဘာပဲဖြစ်ဖြစ် ဆက်ဆံရေးအရ ကြည့်လျှင် ထဲကျူးက သူတို့လူဖြစ်ပြီး လင်းဖန်ကတော့ အပြင်လူ ဖြစ်နေခဲ့သည်ပင်။ ပစ္စည်းများကို လင်းဖန်ထံ အပ်နှံခြင်းထက် ထဲကျူးထံ အပ်နှံရသည်က ပို၍ စိတ်ချ ရပေသည်။

"မြင့်မြတ်သောသခင်... ဒါက သူတို့ ချန်ထားခဲ့တဲ့ သိုလှောင်လက်စွပ်ပါ။ အထဲက ပစ္စည်းတွေက သူ့ကို ရွေးဖို့ လုံလောက်မယ်လို့ ထင်ပါသလား…။"

ထဲကျူးထံမှ သိုလှောင်လက်စွပ်ကို လက်ခံရရှိပြီးနောက် လင်းဖန်က ၎င်းကို စစ်ဆေးရန် မစောင့်ဆိုင်း နိုင်တော့ချေ။ ပထမဆုံး မျက်စိကျစရာကတော့ အမြောက်အမြားရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး များပင် ဖြစ်ပေသည်။

ဒုတိယအနေဖြင့် ဆေးသန့်စင်ခြင်းနှင့် လက်နက်သန့်စင်ခြင်းတို့အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အများအပြားလည်း ရှိနေခဲ့သည်။ ထို့အပြင် လင်းဖန်၏ အာရုံကို ဖမ်းစားနိုင်သော အခြားအထူးပစ္စည်း တစ်ခုလည်း အတွင်း၌ ရှိနေသေးသည်။

၎င်းမှာ အလွန်သေသပ်လှပစွာ ချုပ်နှောင်ထားသော မှတ်စုစာအုပ်ငယ်လေးတစ်ခုပင် ဖြစ်၏။ လင်းဖန် ဖွင့်ကြည့်လိုက်သောအခါ အတွင်းရှိ အကြောင်းအရာများကိုပါ မြင်တွေ့လိုက်ရသည်။ ထိုအကြောင်း အရာများတွင် စီးပွားရေးလုပ်ငန်းအချို့နှင့် ၎င်းတို့၏ ဆက်စပ်မှုများအကြောင်း မိတ်ဆက်ချက်များ ပါဝင်လေသည်။

ထိုစီးပွားရေးလုပ်ငန်းများထဲတွင် စံအိမ်ကြီးများ၊ ဆိုင်ခန်း ဒါဇင်ပေါင်းများစွာနှင့် မြို့တော်၏ အချက် အချာကျသော နေရာရှိ လေလံရုံတစ်ရုံတို့ ပါဝင်လေသည်။ ထို့ပြင် ယခုအခါမှာ ထိုလုပ်ငန်းများ၏ ပိုင်ရှင်အားလုံးသည် ထဲကျူးတစ်ဦးတည်းသာ ဖြစ်လာခဲ့ပြီဖြစ်၏။

ဤအရာများသည် ထဲကျူး၏ ဖခင် မကွယ်လွန်မီက ပိုင်ဆိုင်ခဲ့သည်မှာ သေချာပြီး ယခုအခါတွင်တော့ ၎င်းတို့က ထဲကျူး၏ ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့ပြီပင်ဖြစ်သည်။

All Chapters