အခန်း ၁၃၄
Vol. 14 Ch. 134
အခန်း (၁၃၄) ပထမဆုံး လေလံပစ္စည်း : လှံရှည်။
ဟင်းလင်းပြင် လေလံရုံမှာ အလွန်ကြီးမားသော အဆောက်အအုံတစ်ခုပင် ဖြစ်၏။ အဆောက်အအုံတွင် အထပ်ငါးထပ် ပါရှိလေသည်။
ပထမထပ်မှာ တစ်သီးပုဂ္ဂလ ခရီးသွားများအတွက် ကြီးမားသော ဧရိယာဖြစ်သည်။ ၎င်းမှာ ကျင့်ကြံမှု အဆင့် အသင့်အတင့်နှင့် ငွေအနည်းငယ်ရှိသော လေလွင့်ကျင့်ကြံသူများကို အဓိက လက်ခံနေရာ ပေးထားခြင်းဖြစ်သည်။
ဒုတိယထပ်မှ ပဉ္စမထပ်အထိမှာမူ အရွယ်အစားအမျိုးမျိုးရှိသော သီးသန့်အခန်းများဖြင့် ပြည့်နှက်နေ လေသည်။ ၎င်းက မိသားစုအမျိုးမျိုး၊ ဂိုဏ်းများနှင့် အခြားအင်အားကြီးမားသော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို နေရာပေးထားခြင်းဖြစ်၏။
လူတန်းစားအမျိုးမျိုးက ဟင်းလင်းပြင် လေလံရုံအတွင်းသို့ ဆက်လက် ဝင်ရောက်လာကြသည် နှင့်အမျှ...
လေလံရုံ၏ သီးသန့်အခန်းများနှင့် အထွေထွေပစ္စည်းများရှိရာ ဧရိယာတို့မှာ တဖြည်းဖြည်း ပြည့်လျှံ သွားခဲ့၏။ ဆိုလိုသည်မှာ လေလံပွဲက မကြာမီ စတင်တော့မည် ဖြစ်သည်။
လေလံပွဲတွင် ပါဝင်သူတစ်ဦးစီသည် သီးသန့်နံပါတ်တစ်ခုစီကို လက်ခံရရှိမည်ဖြစ်သည်။
လေလံပွဲ စတင်သည်နှင့်တစ်ပြိုင်နက် ရှို့ဆယ် လက်ဖက်ရည်ဆိုင်မှ နတ်သမီးလေးက နံပါတ်တစ်ခုစီ အတွက် လေလံဈေးများကို ကြေညာပေးမည်ဖြစ်သည်။
အချိန်နီးကပ်လာပြီဖြစ်ကြောင်း မြင်သောအခါ လင်းဖန်က လေလံပွဲကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် ပြင်ဆင်လိုက်လေသည်။
"ဂုဏ်သရေရှိ ဧည့်သည်တော်များအားလုံး... ဟင်းလင်းပြင် လေလံရုံမှ ကြိုဆိုပါတယ်….။"
"ကျွန်မကတော့ ရှို့ဆယ် လက်ဖက်ရည်ဆိုင်က လီစီစီပါ။ ပြီးတော့ ကျွန်မက ဒီလေလံပွဲရဲ့ လေလံမှူး လည်း ဖြစ်ပါတယ်…။"
လီစီစီ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် လေလံရုံမှာ နှုတ်ဆက်သံများဖြင့် ချက်ချင်း ပြည့်နှက်သွား ခဲ့လေသည်။
သူတို့အားလုံးက ရှို့ဆယ် လက်ဖက်ရည်ဆိုင်သို့ မကြာခဏ သွားရောက်လေ့ရှိသော ဖောက်သည်များ ဖြစ်ပုံရပေသည်။
"ဟင်း.ဟင်း.. အားလုံးရဲ့ စိတ်အားထက်သန်မှုကို ကျွန်မ ခံစားမိပါတယ်။ အားလုံးက ဒီလေလံပွဲကို တကယ်ပဲ မျှော်လင့်နေကြပုံရတယ်…။"
"ကဲ…ဒါဆိုရင် အချိန်ဆွဲမနေတော့ပါဘူး။ ဒီဟင်းလင်းပြင် လေလံပွဲကို အခုပဲ တရားဝင် စတင်လိုက် ပါပြီ….။"
လီစီစီ၏ အဖွင့်စကားအဆုံးတွင် လေလံရုံခန်းမ အလယ်ရှိ လေလံစင်မြင့်ဘေးတွင် တံခါးပေါက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
သေချာပေါက် ဤသည်မှာ လင်းဖန်၏ လက်ရာပင်ဖြစ်သည်။
ထို့နောက် လင်းဖန်က မြင့်မြတ်နယ်မြေနယ်မြေအတွင်းသို့ ဦးစွာပြန်သွားပြီးမှ ဟင်းလင်းပြင် တံခါးမှ တစ်ဆင့် အပြင်သို့ လျှောက်ထွက်လာခဲ့လေသည်။
လင်းဖန်၏ ဝင်ရောက်လာမှုက ရောက်ရှိနေသူများအတွက် အတော်လေး တုန်လှုပ်စရာ ဖြစ်ခဲ့သည်။
သို့သော် ဤနေရာတွင် မပြီးဆုံးသေးပေ။
စူးစမ်းလိုသော အကြည့်များစွာက လင်းဖန်ထံသို့ ကျရောက်လာချိန်မှာပင် လင်းဖန်၏ဘေးတွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့လေသည်။ အစောင့်အရှောက်ရုပ်သေး၏ ပုံရိပ်က ထိုအက်ကွဲကြောင်းထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့၏။
အစောင့်အရှောက်ရုပ်သေးထံမှ ထွက်ပေါ်လာသော ကြီးမားလှသည့် ဖိအားကို အားလုံးလိုလို ခံစား လိုက်ကြရလေသည်။ လေလံရုံမှာ ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့သည်။
လေလံရုံ ချက်ချင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လင်းဖန်က တိတ်တဆိတ် ဝမ်းသာသွား လေသည်။
ဤသည်မှာ ဟင်းလင်းပြင် လေလံရုံအတွက် လျှို့ဝှက်ဆန်းကြယ်မှုကို ထပ်လောင်းပေါင်းထည့်ရန် တမင်တကာ ဖန်တီးထားသော ဝင်ရောက်မှုတစ်ခုဖြစ်သည်။ ဤသည်က ရောက်ရှိနေသူများအပေါ် ပိုမိုနက်ရှိုင်းသော အထင်အမြင်တစ်ခု ချန်ထားရစ်ခဲ့ရန်လည်း ဖြစ်သည်။
ယနေ့ပွဲအပြီးတွင် ဤလေလံပွဲအကြောင်းကို သူတို့ ဆက်လက်ပြောဆိုနေကြစေရန်နှင့် ထိုမှတစ်ဆင့် ဂုဏ်သတင်း ကျော်ကြားလာစေရန်ဖြစ်သည်။ သေချာပေါက်ပင် လင်းဖန်က သူ၏ရည်မှန်းချက်ကို အောင်မြင်ခဲ့လေသည်။
ဟင်းလင်းပြင် တံခါးနှင့် လင်းဖန်ဘေးရှိ အတိဒုက္ခအဆင့် အစောင့်အရှောက် နှစ်ခုလုံးက ရောက်ရှိနေသူ များကြားတွင် ကြီးမားသော သိချင်စိတ်ကို နှိုးဆွပေးနိုင်ခဲ့သည်။ လေလံပွဲပြီးဆုံး၍ ဤလေလွင့်ကျင့်ကြံ သူများ ထွက်ခွာသွားပြီးနောက် ယနေ့ သူတို့မြင်တွေ့ခဲ့ရသည်များကို လျင်မြန်စွာ သတင်းဖြန့်ကြလိမ့် မည်ဟု ယူဆရပေသည်။
ဤသည်မှာလည်း ဤလေလံပွဲအတွက် ကျင့်ကြံမှုအဆင့် သို့မဟုတ် ငွေကြေးအရင်းအမြစ်များနှင့် ပတ်သက်၍ လင်းဖန်က မည်သည့်ကန့်သတ်ချက်မျှ မထားရှိရခြင်း၏ အကြောင်းရင်းဖြစ်လေသည်။ ပရိသတ်ထဲရှိ ဤလေလွင့်ကျင့်ကြံသူများတွင် ဝယ်ယူနိုင်စွမ်း သိပ်မရှိသော်လည်း သူတို့တွင် လုံလောက်သော ကြော်ငြာပေးနိုင်စွမ်း ရှိနေသည်ပင်။
သူတို့ကို ဤနေရာသို့ ခေါ်ဆောင်လာရခြင်း၏ ရည်ရွယ်ချက်မှာ သူတို့မှတစ်ဆင့် ဤလေလံပွဲကို ကြော်ငြာရန်ပင်ဖြစ်သည်။
"ငါ့နာမည်က လင်းဖန်ပါ။ ဒီကနေ့ ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ စီးပွားရေးကို အားပေး ထောက်ခံ ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်…။"
"ဒီကနေ့ လေလံပစ္စည်းတွေကလည်း မင်းတို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်ပါတယ်…။"
အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုစွမ်းအားများ ပါဝင်နေသော အသံက လေလံရုံတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် လင်းဖန်က ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှု အဆင့်ကို ပိုင်ဆိုင်ထားသည်ကို မြင်ရခြင်းက အံ့သြစရာပင်။ ဤသည်က ရောက်ရှိနေသူတိုင်းကို လင်းဖန်၏ နောက်ကွယ်ရှိ အင်အားစုအကြောင်း ပို၍ သိချင်စိတ် ပြင်းပြသွားစေခဲ့သည်။
မည်သူမျှ မခန့်မှန်းနိုင်ခင်မှာပင် လင်းဖန်က ဆက်ပြောလိုက်သည်။
"ဒီနေ့ လေလံပစ္စည်းတွေထဲမှာ အရင်က ဟင်းလင်းပြင် ဆိုင်မှာ ရောင်းချခဲ့ဖူးတဲ့ ပစ္စည်းဟောင်းတွေ ပါဝင်သလို အရင်က တစ်ခါမှ မရောင်းချခဲ့ဖူးတဲ့ ပစ္စည်းအသစ်တွေလည်း ပါဝင်ပါတယ်…။"
"အချိန်မဆွဲတော့ဘဲ လေလံတင်မယ့် ပထမဆုံးပစ္စည်းကို ကြည့်လိုက်ကြရအောင်…။"
ပြောနေရင်းနှင့်ပင် လင်းဖန်က သူ၏ စနစ်သိုလှောင်ခန်းထဲမှ ဖန်းထျန်းလှံရှည်၏ အသေးစားပုံစံကို ထုတ်ယူလိုက်လေသည်။ ထိုလှံရှည်ကို လီစီစီထံ ကမ်းပေးပြီးနောက် သူမက လေလံရုံရှိ ဖောက်သည် များအား ပြသလိုက်လေ၏။
ဤလှံရှည်မှာ တစ်မီတာခန့်သာ ရှည်လျားလေသည်။ အကယ်၍ ဤအရာက အေးစက်သော လက်နက် ခေတ်တွင်သာဆိုလျှင် တစ်လက်မ ပိုရှည်လျှင် ပိုမို အားကောင်းသည်ဟူသော အားသာချက်ကို လုံးဝ ဆန့်ကျင်ထားခြင်းပင် ဖြစ်သည်။
သို့သော် ဤကမ္ဘာက ကျင့်ကြံခြင်းကမ္ဘာ ဖြစ်သည်။ မှော်လက်နက်တစ်ခု၏ အရှည်နှင့် အရွယ်အစားက ကျင့်ကြံသူများအတွက် အရေးမကြီးပေ။
လီစီစီက သူမဝန်းကျင်ရှိ လူတိုင်းကို ပြသပြီးနောက် လင်းဖန်က သူ၏မိတ်ဆက်စကားကို ဖြည်းညင်းစွာ စတင်လိုက်သည်။
"ပထမဆုံး လေလံပစ္စည်းကို အားလုံး မြင်ပြီးပြီ မဟုတ်လား။ အဲ့ဒါက တတိယအဆင့် တိုက်ခိုက်ရေး မှော်လက်နက်တစ်ခုပါ…။"
"ဒီမှော်လက်နက်ကို ဖန်းထျန်းလှံရှည်လို့ ခေါ်ပြီး ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို အသုံးပြုပြီး ငါ ကိုယ်တိုင် သန့်စင်ထားတာပါ…။"
လင်းဖန် မိတ်ဆက်ပေးနေစဉ် ပရိသတ်များက အချင်းချင်း တီးတိုးပြောဆိုလာကြသည်။
"တတိယအဆင့် မှော်လက်နက် ဖန်တီးဖို့ ကုန်ကြမ်းတွေကို ဘာလို့ ဓားတစ်လက် သန့်စင်ဖို့ အသုံးမပြု ရတာလဲ…။"
"ဟုတ်တယ်... ကျင့်ကြံသူအများစုက ပျံသန်းနိုင်တဲ့ ဓားတွေကိုပဲ အသုံးပြုကြတာလေ။ ဒီလိုမျိုး သန့်စင် တာက အလဟဿ ဖြစ်မသွားဘူးလား…။"
"ဒီတတိယအဆင့် လှံရှည်အစား ဒုတိယအဆင့် ဓားပျံကိုပဲ ငါကတော့ ပိုပြီး သုံးချင်တယ်…။"
ပရိသတ်ထဲမှ အသံများက တိတ်ဆိတ်နေသော်လည်း လင်းဖန်၏ နားမှတော့ မလွတ်ကင်းခဲ့ပေ။သူတို့၏ တီးတိုး ဆွေးနွေးမှုများကို ကြားသောအခါ လင်းဖန်က ပြုံးလျက် ဆက်ပြောလိုက်သည်။
"ဒီလှံရှည်ကို ဘယ်သူမှ သိပ်စိတ်မဝင်စားကြဘူး ထင်တယ်။ နှမြောစရာပဲ…။"
"အခြားသူတွေရဲ့ သေစေလောက်တဲ့ အားနည်းချက်တွေကို အထူးသီးသန့် ပစ်မှတ်ထားတဲ့ ဒီမှော် လက်နက်က လေလံပွဲမှာ ရောင်းမထွက်ဘဲ ဖြစ်တော့မယ်ထင်တယ်…။"
လင်းဖန်၏ စကားက ဖောက်သည်များစွာ၏ စိတ်ဝင်စားမှုကို ချက်ချင်း နှိုးဆွပေးလိုက်လေသည်။
ထင်ရှားသည်မှာ ဤစွမ်းရည်နှင့် ယှဉ်လျှင် ၎င်းက ဓားပျံတစ်လက်နှင့် တူ၊ မတူဆိုသည်မှာ အရေးမကြီး တော့ပေ။ ရုတ်တရက် ငါးလွှာမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ဆိုင်ရှင်လင်း... သေစေလောက်တဲ့ အားနည်းချက်ကို တိတိကျကျ ဘယ်လိုတိုက်ခိုက်တာလဲ။ အသေး စိတ် ရှင်းပြပေးလို့ ရမလား…။"
စကားပြောသူမှာ လင်းဖန်၏ အသိအကျွမ်းဖြစ်သော ကျောက်မိသားစု၏ ခေါင်းဆောင်ပင် ဖြစ်၏။ သူ၏အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စင်အောက်ရှိ သာမန် ပရိသတ်များကလည်း ဝိုင်းအော် လေတော့သည်။
"ဟုတ်တယ်.. အဲ့ဒီအကြောင်းကို ပြောပြပေးပါ…။"
"ရန်သူရဲ့ အားနည်းချက်တွေကို တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ရှိတယ်ဆိုရင်တော့ ဒီမှော်လက်နက်က သုံးလို့ ရနိုင်ပါသေးတယ်…။"
"တာအိုရောင်းရင်း... မင်းကိုယ်မင်း အတင်းအကျပ် ပါဝင်ခိုင်းနေတုန်းပဲ။ အဲ့ဒီလောက်တောင် ဝန်လေး နေရင် နောက်ကျရင် လေလံမဆွဲဘဲ အခြားသူတွေကို အခွင့်အရေး ပေးလိုက်ပေါ့…။"
လူတိုင်း၏ သဘောထား ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းဖန်က ပြုံးလျက် သူ၏ မိတ်ဆက် မှုကို ဆက်လက်လုပ်ဆောင်လိုက်သည်။
"ဖန်းထျန်းလှံရှည်က အမိန့်ပေးတာနဲ့ အလိုအလျောက် တိုက်ခိုက်နိုင်တဲ့ စွမ်းရည် ပါဝင်တယ်။ ဒါကြောင့် သူ့ကို ဘယ်သူကမှ ကိုင်တွယ်အသုံးပြုနေစရာ မလိုဘူး…။"
"အမိန့်ပေးလိုက်ရုံနဲ့ အလိုအလျောက် ရန်သူရဲ့ အားနည်းချက်ကို တိုက်ခိုက်ပေးပါလိမ့်မယ်…။"
"ထိန်းချုပ်ရတာ ဒီလောက်ရိုးရှင်းပြီး ဓားပျံတစ်လက်နဲ့ တွဲဖက်လိုက်မယ်ဆိုရင် ပြီးပြည့်စုံမသွားပေ ဘူးလား….။"
လင်းဖန်၏ မိတ်ဆက်စကားကို ကြားသောအခါ အခန်းထဲရှိ ဖောက်သည်များက ပို၍ပင် စိတ်ဝင်စား လာခဲ့ကြလေသည်။
"ချီးတဲ့မှပဲ... ရန်သူတွေကိုတောင် အလိုအလျောက် တိုက်ခိုက်ပေးနိုင်တယ်တဲ့။ တိုက်ပွဲထဲမှာသာ ဒါကို ထုတ်သုံးလိုက်ရင် လျပ်တပျက် တိုက်ခိုက်ဖို့ လွယ်ကူသွားပြီပေါ့…။"
"ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ဖို့တောင် မလိုဘူးထင်တယ်။ ထိပ်တိုက်ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာ နှစ်ဖက် စလုံးက ဓားပျံတွေနဲ့ တိုက်ခိုက်နေချိန်မှာ အလိုအလျောက် တိုက်ခိုက်ပေးနိုင်တဲ့ ဒီအပိုမှော်လက်နက်ကို ကာကွယ်ဖို့ ရန်သူက ဘာကို အသုံးပြုနိုင်မှာလဲ…။"
"တိုက်ခိုက်ရေးအမိန့်က ဘာလဲဆိုတာပဲ ငါ မသိတာ။ ရှုပ်ထွေးနေမလား။ အရမ်းရှုပ်ထွေးနေရင်တော့ ရုတ်တရက် တိုက်ခိုက်ဖို့အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး…။"
ဖောက်သည်တစ်ဦးက တိုက်ခိုက်ရေးအမိန့်ကို မေးမြန်းလိုက်သောအခါ လင်းဖန်က မပြောခင် ခဏမျှ တုံ့ဆိုင်းသွားခဲ့သည်။
"ဒီမှော်လက်နက်အတွက် တိုက်ခိုက်ရေးအမိန့်က အရမ်းရိုးရှင်းပါတယ်။ စကားလုံး နှစ်လုံးတည်းပါ။"
"ရန်သူကို 'အဝတ်အစား' လို့ အော်လိုက်ရုံနဲ့ ဖန်းထျန်းလှံရှည်က ရန်သူရဲ့ အားနည်းချက်ကို အလို အလျောက် တိုက်ခိုက်ပေးပါလိမ့်မယ်…။"
ဤမျှ ရိုးရှင်းသော တိုက်ခိုက်ရေးအမိန့်ကို ကြားသောအခါ ရောက်ရှိနေသူအားလုံးက ဝမ်းသာသွား ကြလေသည်။
"ဒီလောက်တောင် ရိုးရှင်းတာလား။ ဒီလောက်တိုတောင်းတဲ့ အမိန့်က တော်တော်လေး ကောင်းပါ တယ်လေ..။"
"အဝတ်အစား..ဟုတ်လား။ တိုက်ခိုက်ရေးအမိန့်က နည်းနည်းတော့ ထူးဆန်းနေသလိုပဲ…။"
"ငါလည်း ထူးဆန်းတယ်လို့ ထင်တယ်။ အဝတ်အစားက ဒီမှော်လက်နက် ဒါမှမဟုတ် တိုက်ပွဲနဲ့ လုံးဝကို မသက်ဆိုင်ဘူးလေ…။"
စင်အောက်ရှိ ဆွေးနွေးပြောဆိုသံများကို နားထောင်ရင်း လင်းဖန်က သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
"ဘယ်လိုလုပ် မထူးဆန်းဘဲ နေပါ့မလဲ။ ဒီတိုက်ခိုက်ရေးအမိန့်က အသံထွက်တူတဲ့ စကားလုံးတွေကို သုံးပြီး ငါကိုယ်တိုင် ပြုပြင်ပြောင်းလဲထားတဲ့ ရလဒ်လေ…။"
"တကယ့်တိုက်ခိုက်ရေးအမိန့်က အမှန်တော့ "ခေါင်းကိုင်ဖခင်" ဆိုတဲ့ စကားလုံးပဲ။"
"ဒါပေမယ့် ဒီတိုက်ခိုက်ရေးအမိန့်ကို အသံထွက်ပြောလိုက်ရင် ဘယ်သူက ဝယ်ချင်ပါတော့မလဲ…။"
ဘုရားရေ... တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ဖို့အတွက် ရန်သူကို ခေါင်းကိုင်ဖခင်အဖြစ် အရင်အသိ အမှတ်ပြုရမယ်ဆိုရင် ဘယ်သူက လက်ခံနိုင်မှာတဲ့လဲ။
လွန်ခဲ့သော ရက်အနည်းငယ်က မှော်လက်နက်များကို သန့်စင်နေစဉ် ဖန်းထျန်းလှံရှည်က ကြီးစိုး လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ခံစားရသောကြောင့် လင်းဖန်က ၎င်းကို သန့်စင်ခဲ့ခြင်းဖြစ်၏။
ခံညားထည်ဝါ သော အငွေ့အသက်များ ကင်းမဲ့နေပြီး အသုံးမပြုမီ ၎င်း၏ဖခင်ကို အသိအမှတ်ပြုရန် လိုအပ်သည့် အသေးစားပုံစံ ဖန်တီးမိသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။