အခန်း ၁၃၅
Vol. 14 Ch. 135
အခန်း (၁၃၅) မင်းကို ဒီလို ရေတွက်ဖို့ ဘယ်သူက သင်ပေးလိုက်တာလဲ။
ဖန်းထျန်းလှံရှည်၏ ဖော်ပြချက်ကို မြင်ပြီးနောက် လင်းဖန်က ၎င်းကို ချက်ချင်းပင် ဖျက်စီးပစ်ချင် သွားခဲ့၏။ သို့သော် သူ အပင်ပန်းခံ ဖန်တီးထားရသည့်အရာကို ဖျက်ဆီးပစ်ရမည်က နှမြောစရာကောင်း သည်ဟု သူ တွေးခဲ့လိုက်မိသည်။
ထို့ကြောင့် သေချာစဉ်းစားပြီးနောက် မှော်လက်နက်၏ အားနည်းချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားကာ အသံထွက်တူသည့် တိုက်ခိုက်ရေးအမိန့်တစ်ခုကို ဖန်တီးလိုက်ခြင်းပင်ဖြစ်၏။ အသံထွက်တူသည့် တိုက်ပွဲ ဝင်အမိန့်ဖြစ်နေလျှင်တောင် လင်းဖန်ကတော့ ၎င်းကို သေချာပေါက် အသုံးပြုမည်မဟုတ်ပေ။
သူခိုးကို ကိုယ့်အဖေအဖြစ် မှားယွင်းသတ်မှတ်ရလောက်အောင် ငတုံးဖြစ်သူတွေက ဖောက်သည်တွေပဲ ဖြစ်ပါစေလေ။
[ဖန်းထျန်းလှံရှည် (မြည်းတံဆိပ်) - တတိယအဆင့် မှော်လက်နက်။]
[မိတ်ဆက် - အမျိုးသားများထဲတွင် လွီပု၊ မြင်းများထဲတွင် သွေးနီရောင်မြင်းပျံ။ လှံရှည်ကို ကိုင်ဆောင် ထားကာ သူ၏မွေးစားဖခင်ကို လုပ်ကြံခြင်းအတွက် လူသိများသည်။]
[လုပ်ဆောင်ချက် - "ခေါင်းကိုင်ဖခင်" ဟု အော်ဟစ်အမိန့်ပေးခြင်းဖြင့် ပြိုင်ဘက်၏ အရေးကြီးသော အားနည်းချက်များကို အလိုအလျောက် တိုက်ခိုက်ပေးမည်ဖြစ်သည်။]
[ဘေးထွက်ဆိုးကျိုး - ထုတ်ဖော်ပြောဆိုရန် ခက်ခဲသော အမိန့်စကားကပင် ဘေးထွက်ဆိုးကျိုး ဖြစ်သည်။]
ပရိသတ်များက အမိန့်စကားများနှင့်ပတ်သက်၍ သံသယဝင်လာကြသည်ကို ကြားသောအခါ လင်းဖန် က လျင်မြန်စွာ ကြားဖြတ်ပြောလိုက်သည်။
"အဟမ်း... တတိယအဆင့် မှော်လက်နက် ဖန်းထျန်းလှံရှည်အကြောင်းကို အားလုံးကို ရှင်းရှင်း လင်းလင်း သရုပ်ပြပြီးပါပြီ…။"
"စတင်မယ့် ဈေးနှုန်းက အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ပါ။ လိုချင်တဲ့သူတွေ အခုပဲ စတင်လေလံဆွဲနိုင်ပါပြီ….။"
ထို့နောက် လင်းဖန်က လေလံပွဲ စတင်ကြောင်း ကြေညာလိုက်လေသည်။
အခန်းတွင်းရှိ တီးတိုးပြောဆိုသံများက အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့လေ သည်။ ထို့နောက် လေလံဈေးခေါ်သံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေတော့သည်။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၁၀၀)…။"
"ငါ (၁၂၀၀) ပေးမယ်…။"
"တစ်ခါခေါ်ရင် (၁၀၀) တည်း တိုးခေါ်နေတာ တော်တော်ကပ်စေးနှဲတာပဲ။ ငါ (၁၅၀၀) ပေးမယ်…။"
လီစီစီ - "ဒုတိယထပ်က အထူးဧည့်သည်တော်တွေက (၁၅၀၀) လို့ ဈေးခေါ်ထားပါတယ်။ ထပ်ပြီး တော့..."
လီစီစီ စကားပင် မဆုံးသေးခင် လေလံဈေး အသစ်တစ်ခုကြောင့် သူမ၏စကားက ပြတ်တောက်သွား ခဲ့ရလေသည်။
ထူးခြားသော လုပ်ဆောင်ချက်များ ပါဝင်သည့် တတိယအဆင့် မှော်လက်နက်တစ်ခုက ဤမျှ ဈေးပေါမည်မဟုတ်သည်မှာ သေချာလှ၏။
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀၀၀)။"
"ငါ (၃၀၀၀)ပေးမယ်။"
"..."
"အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်း…။"
အဆက်မပြတ် လေလံဆွဲမှုများနှင့်အတူ ဖန်းထျန်းလှံရှည်၏ ဈေးနှုန်းမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းအထိ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ဤဈေးနှုန်းမှာ သာမန် တတိယအဆင့် မှော်လက်နက်တစ်ခုအတွက် ကန့်သတ်ချက်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။
သို့သော် ဖန်းထျန်းလှံရှည်ကဲ့သို့သော အထူး တတိယအဆင့် မှော်လက်နက်တစ်ခုအတွက်မူ ဤသည်မှာ ကန့်သတ်ချက် မဟုတ်သည်မှာ သေချာနေသည်ပင်။ နောက်ထပ် လေလံဆွဲသူများအားလုံးက တတိယထပ်နှင့်အထက်မှ ဖောက်သည်များသာ ဖြစ်သည်။
သူတို့အားလုံးက အနိုင်ရရှိရန်အတွက် တန်သည်၊ မတန်သည်ကို ဂရုမစိုက်ကြတော့သော ချမ်းသာ ကြွယ်ဝသူများ ဖြစ်ကြ၏။
"ငါ (၁၅,၀၀၀) ပေးမယ်….။ လူကြီးမင်းတို့... ဒီထက်ပိုရင် မတန်တော့ဘူး။ ဒါကြောင့် ငါ့ကိုပဲ ပေးလိုက်ကြပါ..။"
"ဟမ့်... တန်တယ်၊ မတန်ဘူးဆိုတာကို မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်း…။"
များပြားလှသော ခွေးကြီးပိုင်ရှင်များက ဆက်လက်၍ လေလံဆွဲနေကြစဉ် နောက်ဆုံး၌ ဤလှံရှည်၏ ဈေးနှုန်းမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) တွင် ရပ်တန့်သွားခဲ့၏။
သူတို့ တတ်နိုင်၍ မဟုတ်ပေ။ ထို့ထက်ပိုပြီး ဈေးတက်သွားလျင် သူတို့တွေ အလိမ်ခံရသလို ဖြစ်သွားမည်ဟု ခံစားရခြင်းကြောင့်သာ ဖြစ်လေသည်။
ပထမဆုံး အနိုင်ရသူ ဖြစ်ချင်သော်လည်း ငတုံးတစ်ယောက်ဆိုသော နာမည်ဆိုး ကျန်ခဲ့ရမည်ဆိုပါက မတန်တော့ပေ။
လီစီစီ - "ဝိုး... ပဉ္စမထပ်က လျူမိသားစုရဲ့ အထူးသီးသန့်အခန်းကနေ (၁၀၀,၀၀၀) ပေးထားပါတယ်။ အခြား လေလံဆွဲမယ့်သူတွေ ရှိပါသေးလား…။"
"ဒါက ပထမနေရာကို ရဖို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုပါပဲ။ ဒီထက်ပိုပေးမယ့်သူ တကယ် မရှိတော့ပါဘူးလား…။"
"တစ်အထိ ကျွန်မ ရေတွက်လိုက်တော့မယ်နော်။ တူလေး ကျတော့မယ်။ တကယ်ကြီး ကျတော့မယ် နော်..."
"သုံး... နှစ်... ရှစ်ဆယ်…."
လူတိုင်း ကြောင်တောင်တောင်ဖြစ်သွားလေသည်။
*ဒါဆို နံပါတ် (၂) ပြီးရင် (၈၀) လာတာပေါ့လေ..။*
"မင်းကို ဒီလို ရေတွက်ဖို့ ဘယ်သူက သင်ပေးလိုက်တာလဲ…။"
လီစီစီ၏ နောက်ပြန်ရေတွက်မှုကြောင့် လင်းဖန်အပါအဝင် လူတိုင်းမှာ ဆွံ့အသွားခဲ့ကြသည်။ လူတွေကို ဤကဲ့သို့ စိတ်လှုပ်ရှားအောင် လုပ်နေသည်က ပြဿနာတက်သွားပေလိမ့်မည်။ သို့သော် လီစီစီက လည်း အပြစ်ကင်းစင်ဟန်ရှိနေသည်ကို မြင်သောအခါ ပြဿနာကို လင်းဖန် ချက်ချင်း နားလည်သွားခဲ့ သည်။
ပြဿနာက အဲ့ဒီတူလေးဆီမှာ ရှိနေခြင်းပင်။ ဤတူမှာ ရတနာသေတ္တာထဲမှ လင်းဖန် ရထားသော တူလေးပင်ဖြစ်သည်။ ထိုတူလေးကို ကြည့်ရင်း ကျောက်ရွှင်း၏ နောက်စေ့ကို ရိုက်ရန် အသုံးပြုခဲ့စဉ်က အချိန်ကို လင်းဖန် ရုတ်တရက် ပြန်သတိရသွားသည်။
*အဲ့ဒီတုန်းက ငါက "ရှစ်ဆယ်.." လို့ အော်မိခဲ့တယ်လေ…။*
*ငါ သတိလက်လွတ် အော်လိုက်တာ မဟုတ်ဘဲ ဒီတူလေးကပဲ နောက်ကွယ်ကနေ လုပ်နေတာများ လား…။*
ထိုအချင်းအရာကို တွေးမိလိုက်သောအခါ လင်းဖန်က လူတိုင်းကို အလျင်အမြန် ရှင်းပြလိုက်သည်။
"အဟမ်း... အားလုံးပဲ အထင်လွဲနေကြပြီ။ နတ်သမီးလီက မင်းတို့ကို စိတ်လှုပ်ရှားအောင် လုပ်ချင်လို့ မဟုတ်ပါဘူး..။"
"သူမက 'ရှစ်ဆယ်' လို့ အော်လိုက်တာ မဟုတ်ဘူး။ 'ပါးရှီး' လို့ အော်လိုက်တာ…။"
"ဒါက ဒေသသုံးစကားတစ်ခုဖြစ်ပြီး 'သင့်တော်တယ်' လို့ အဓိပ္ပာယ်ရပါတယ်။ ချီးကျူးစကားတစ်ခုလို့ လည်း သတ်မှတ်လို့ရပါတယ်…။"
"သူမက ဒီမှော်လက်နက်အတွက် (၁၀၀,၀၀၀) ပေးတာက အရမ်းကို သင့်တော်တဲ့ ပမာဏဖြစ်တယ်လို့ ဆိုလိုတာပါ…။"
လင်းဖန်၏ ရှင်းပြချက်အပြီးတွင် အခန်းတွင်းရှိ လူတိုင်းမှာ သူ့ကို မယုံဘဲ မနေနိုင်အောင် ဖြစ်သွား ကြသည်။ ဘာပဲဖြစ်ဖြစ် ဤနေရာက လင်းဖန်၏ နယ်မြေဖြစ်ပြီး အဓိပ္ပာယ်ဖွင့်ဆိုခွင့်က သူ၏လက်ထဲ တွင်သာ ရှိသည်မဟုတ်ပါလား။
သူ့ဘေးတွင် အတိဒုက္ခအဆင့် အစောင့်အရှောက်တစ်ဦး ရပ်နေသည်ကို မမြင်ကြဘူးလား။
သူ ဘာပြောပြော အတည်ပဲလေ။
သူ၏ရှင်းပြချက်ကို လူတိုင်း ယုံကြည်သွားသည်ကို မြင်သောအခါ လင်းဖန်က လီစီစီအတွက် တူကို လဲလှယ်ပေးရန် ပျင်းသွားခဲ့သည်။ လေလံပွဲအတွက် ပြင်ဆင်နေစဉ်က တူတစ်ချောင်း ပြင်ဆင်ရန် သူတို့ မေ့သွားခဲ့ကြလေသည်။ ၎င်းကို ယာယီဖြေရှင်းချက်တစ်ခုအနေနဲ့ သူတို့ အသုံးပြုနေခဲ့ခြင်းပင်။
လဲလှယ်ချင်တယ်ဆိုလျင်ပင် အသစ်တစ်ချောင်း ပြန်လည်သန့်စင်ရပေဦးမည်။ ပြန်လည်သန့်စင်ထား သော တူက ဤတူလောက်ပင် ယုံကြည်စိတ်ချရမည်မဟုတ်ကြောင်းကိုလည်း လင်းဖန် စိုးရိမ်နေခဲ့ ခြင်းပင်ဖြစ်သည်။
ပထမဆုံး ပစ္စည်းကို ရောင်းချပြီးသွားပြီဖြစ်ရာ လင်းဖန်က ၎င်းကို လျူမိသားစု၏ သီးသန့်အခန်းသို့ ပို့ဆောင်ပေးရန် ပြင်ဆင်လိုက်စဉ် စင်အောက်ရှိ တစ်သီးပုဂ္ဂလ ပရိသတ်များက စတင်မေးခွန်းထုတ် လာခဲ့ကြသည်။
"ဒီမှော်လက်နက်ရဲ့ လုပ်ဆောင်ချက်တွေကို လက်တွေ့သရုပ်ပြပေးလို့ ရမလား…။"
"ဟုတ်တယ်... အဲ့ဒါက တကယ်ပဲ အံ့သြစရာကောင်းသလားဆိုတာကို ငါတို့လည်း မြင်ချင်တယ်…။"
"ငါတို့ရဲ့ မျက်စိတွေကို အမြင်ကျယ်သွားအောင် ပြပေးပါ..။"
လင်းဖန်ကလည်း သူတို့၏ အကြံပြုချက်ကို တကယ်ကို သဘောတူမိလေသည်။ဘာပဲဖြစ်ဖြစ် မှော်လက်နက်၏ အံ့ဖွယ်စွမ်းရည်များကို သရုပ်ပြခြင်းက နောက်ထပ် လေလံပစ္စည်းများအတွက် ကြော်ငြာခြင်းတစ်မျိုးလည်း ဖြစ်နေနိုင်ပေသည်။
သို့သော် ဤလှံရှည်က ယခုအခါ လျူမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်သွားပြီဖြစ်သည်။ထို့ကြောင့် လင်းဖန်က ခွင့်တောင်းသည့် အကြည့်ဖြင့် လျူမိသားစု၏ သီးသန့်အခန်းဆီသို့ ကြည့်လိုက်သည်။ လျူမိသားစု၏ ဘိုးဘေးဖြစ်သူ လျူဘန်ရှန်းက လင်းဖန်ကို မျက်နှာသာပေးဆဲပင်။
လင်းဖန်၏ အကြည့်ကို မြင်သောအခါ သူ ဘာဆိုလိုသည်ကို ချက်ချင်း နားလည်သွားခဲ့သည်။
"ဆိုင်ရှင်လင်း... လူတိုင်းက ဒီလောက်တောင် စိတ်ဝင်စားနေကြမှတော့ သရုပ်ပြပေးလိုက်ကြတာ ပေါ့….။"
ပြောပြီးနောက် လျူဘန်ရှန်းက လျူကျန့်ဟွာနှင့် သူ၏သား လျူချွမ်းဖုတို့ကို ကြည့်လိုက်သည်။
"ကျန့်ဟွာ... မင်းသား ချွမ်းဖုကို ခေါ်သွားပြီး အဲ့ဒီလှံရှည်က ဘယ်လိုစွမ်းရည်တွေ ရှိလဲဆိုတာကို လူတိုင်း ကို ပြသပေးလိုက်ပါလား…။"
လျူဘန်ရှန်း၏ အမိန့်ကို ကြားသောအခါ သူတို့သားအဖနှစ်ယောက်က နာခံလျက် သီးသန့်အခန်းထဲမှ ထွက်ခွာလာကာ ပင်မခန်းမဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။
သူတို့သားဖနှစ်ယောက် လင်းဖန်၏ဘေးသို့ ရောက်ရှိလာပြီးနောက် လျူကျန့်ဟွာက လှံရှည်ကို စိတ်လှုပ်ရှားစွာ ယူလိုက်ပြီး သူ၏ဘေးရှိ လျူချွမ်းဖုကို ကြည့်လိုက်လေသည်။
၎င်းကိုမြင်သောအခါ လင်းဖန်က သူ၏ နောက်ထပ်လှုပ်ရှားမှုကို လျင်မြန်စွာ တားဆီးလိုက်သည်။
"အမ်း... တာအိုရောင်းရင်း ကျန့်ဟွာ၊ ရှောင်ဖုကို မင်းအပေါ် လှုပ်ရှားခိုင်းတာ ပိုကောင်းမယ်လို့ ငါထင် တယ်…။"
"မင်းသာ လှုပ်ရှားလိုက်ရင် ရှောင်ဖုလေးက ချက်ချင်း ပျောက်ကွယ်သွားမှာကို ငါ စိုးရိမ်လို့ပါ…။"
လင်းဖန်၏ အကြံပေးစကားကို ကြားသောအခါ လျူကျန့်ဟွာက ဂရုမစိုက်စွာ ပြောလိုက်သည်။
"တာအိုရောင်းရင်းလင်း... စိတ်ပူစရာ မလိုပါဘူး။ ရှောင်ဖုက မိုးကောင်းကင် ပျံဝဲဝတ်ရုံကို ဝတ်ဆင် ထားတာပဲ။ အလွန်ဆုံး သူ ခွေးတစ်ကောင်ဖြစ်သွားရုံပဲ ရှိမှာပါ။ သူ့အတွက် ဘာအန္တရာယ်မှ မရှိနိုင် ပါဘူး….။"
"ဒီနည်းနဲ့ ငါတို့က မှော်ရတနာ နှစ်ခုရဲ့ စွမ်းရည်တွေကို တစ်ပြိုင်နက်တည်း ပြသနိုင်တာပေါ့။ ပြီးပြည့်စုံ မနေဘူးလား…။"
ထိုစကားကိုကြားသောအခါ လင်းဖန်မှာ ခဏတာ မှင်သက်သွားခဲ့မိလေသည်။
*မင်းက တကယ့်ကို လူကောင်းတစ်ယောက်ပဲ…။*
တစ်ဖက်လူ၏ စကားများက သူ့ကို ဖျောင်းဖျနိုင်ခဲ့ကြောင်း လင်းဖန် ဝန်ခံပါသည်။သို့သော် လင်းဖန် သဘောတူရန် ပြင်လိုက်စဉ်မှာပင် လျူဘန်ရှန်း၏ အသံက သီးသန့်အခန်းထဲမှ ထွက်ပေါ်လာခဲ့သည်။
"ကျန့်ဟွာ... ဆိုင်ရှင်လင်း စကားကို နားထောင်လိုက်ပါ။ ဒီဖန်းထျန်းလှံရှည်ကို ရှောင်ဖုလေးပဲ သရုပ်ပြပါစေ…။"
သူ့မိသားစုဝင်များကို လင်းဖန်၏ အမြင်နှင့် ဆန့်ကျင်ဘက် မလုပ်စေချင်သည်မှာ ထင်ရှားလေသည်။ သို့သော် သူ မသိခဲ့သည်မှာ လင်းဖန်က ဖျောင်းဖျခံလိုက်ရပြီ ဆိုသည်ကိုပင်။ သူ၏ မလိုအပ်သော စကားများက လင်းဖန်ကို စိတ်အနှောင့်အယှက် ဖြစ်သွားစေရုံသာ။
သူ့မျက်နှာပေါ်ရှိ အမူအရာကလည်း အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ လျူဘန်ရှန်း၏ စကားကို ကြားသောအခါ လျူကျန့်ဟွာမှာ ရွေးချယ်စရာမရှိတော့ဘဲ နာခံလိုက်ရကာ ဘေးတွင်ရပ်နေ သော လျူချွမ်းဖုထံ လှံရှည်ကို ကမ်းပေးလိုက်ရလေတော့သည်။
ထိုအချိန်တွင် လျူချွမ်းဖုက ဘိုးဘေးရှိနေသော သီးသန့်အခန်းဆီသို့ ကျေးဇူးတင်လှိုက်လှဲနေသော မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။
"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ကျွန်တော်..."
သို့သော် လျူချွမ်းဖုက သူ၏ ကျေးဇူးတင်စကားကို အဆုံးမသတ်နိုင်ခင်မှာပင် သီးသန့်အခန်းထဲရှိ လျူဘန်ရှန်းက ထပ်မံ၍ စကားပြောလာခဲ့သည်။
"ရှောင်ဖု သရုပ်ပြပြီးသွားရင် မင်း ထပ်ပြီး သရုပ်ပြလို့ ရပါသေးတယ်…။"
ဤစကားများက လျူချွမ်းဖု၏ ကျေးဇူးတင်စကားများကို ပြန်လည်မျိုချသွားစေခဲ့သည်။
*ဘုရားရေ... ငါက ခွေးဖြစ်ရမယ့် ကံကနေ မလွတ်မြောက်နိုင်သေးပါလား…။*
လျူဘန်ရှန်း၏ စကားကို ကြားသောအခါ လင်းဖန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ပေါက် လာခဲ့သည်။
လျူမိသားစု၏ သီးသန့်အခန်းအတွင်း၌မူ လျူဘန်ရှန်းက လင်းဖန်၏ မျက်နှာပေါ်သို့ ပြန်လည်ရောက်ရှိ လာသော အပြုံးကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
"ဟီးဟီး... လူတွေရဲ့ မျက်နှာအမူအရာကို ဖတ်တဲ့နေရာမှာ ငါက အတော်ဆုံးပဲ…။"
လင်းဖန်၏ အမူအရာကို မြင်ပြီးနောက် သူက နောက်ဆုံးစကားကို ထပ်မံဖြည့်စွက်ပြောဆိုခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားနေသည်ပင်။