အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) ဝိညာဉ်စုပ်လက်အိတ်လား။
"နောက်ထပ်ပစ္စည်းနဲ့ ပတ်သက်ပြီး မိတ်ဆက်ဖို့ သခင်လေးကျောက်က အသင့်တော်ဆုံးပါပဲ။ ခင်ဗျား အနေနဲ့ ကျွန်တော်နဲ့ ပူးပေါင်းပေးဖို့ ကူညီပေးနိုင်မလား…။"
ကျောက်ဖေးက သဘာဝကျစွာပဲ လင်းဖန်၏ တောင်းဆိုမှုကို ငြင်းဆန်ခြင်းမရှိခဲ့ပေ။
"ပြဿနာမရှိပါဘူး စီနီယာလင်း။ ကျေးဇူးပြုပြီး ညွှန်ကြားစရာရှိတာ မြန်မြန်လေး ညွှန်ကြားပေးပါ…။"
တစ်ဖက်လူက သဘောတူလိုက်သည်ကို မြင်သောအခါ လင်းဖန်က နောက်ထပ် လေလံပစ္စည်းအသစ် ကို ထုတ်ယူလိုက်လေတော့သည်။
လင်းဖန်သည် လေလံပစ္စည်းများကို အဟောင်းနဲ့ အသစ် တစ်လှည့်စီဖြစ်အောင် စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။
ပစ္စည်းအသစ်တွေက ဖောက်သည်များ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ရန် အသုံးပြုခြင်းဖြစ်ပြီး တစ်ချိန်တည်းမှာပင် လက်ရှိရှိနေသော ပစ္စည်းဟောင်းများကိုလည်း အရောင်းမြှင့်တင်နိုင်ရန် ဖြစ်လေ ၏။
ဤတစ်ကြိမ်တွင်တော့ လင်းဖန်သည် ပစ္စည်းတစ်စုံကို ထုတ်ယူလာခဲ့လေသည်။
ကောက်ရိုးဖိနပ်တစ်ရန်၊ ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်းနဲ့ အဆိပ်ငွေ့ဆေးလုံး တစ်ပုလင်းတို့ ဖြစ် လေ၏။
ထိုပေါင်းစပ်မှုကို မြင်လိုက်ရတော့မှသာ သူက ဘာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောဖို့ အသင့် တော်ဆုံးဖြစ်နေရတာလဲဆိုတာကို ကျောက်ဖေး နားလည်သွားလေတော့သည်။
ဟုတ်ပေသည်။ သူက ဒီဖိနပ်ကို ပထမဆုံး စမ်းသပ်ခဲ့သူပင်ဖြစ်ချေ၏။
ဖိနပ်နဲ့ ဆေးလုံးတွေ ပေါင်းစပ်လိုက်သည့် အကျိုးသက်ရောက်မှုကို ပထမဆုံး စမ်းသပ်ခဲ့သူကလည်း သူပါပင်။
လင်းဖန်၏ ထူးခြားဆန်းသစ်သော စိတ်ကူး အားလုံးသည် သူ့အပေါ်မှာ အစမ်းသပ်ခံခဲ့ရခြင်း ဖြစ်၏။
"ဒီပစ္စည်းတစ်စုံနဲ့ လူတိုင်း ရင်းနှီးပြီးသားဖြစ်မယ်လို့ ငါယုံကြည်တယ်နော်။ ဟုတ်တယ်မလား…။"
လင်းဖန်ရဲ့ စကားကို ကြားလိုက်ရသောအခါ ပရိသတ်များကလည်း ထောက်ခံလိုက်ကြ၏။
"စိမ်းမနေပါဘူး။ အဲဒီတုန်းက အပြေးပြိုင်ပွဲမှာ ငါကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရတာလေ…။"
"ဝိုး... အဲဒီတုန်းက မြင်ကွင်းက တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ။ နေရာတိုင်းမှာ ဗြောက်အိုးတွေ ပေါက်ကွဲနေပြီး ဗုံသံတွေ မြည်ဟည်းနေတာ…။"
"အဲဒါက ဗြောက်အိုးနဲ့ ဗုံသံတွေဆိုတာ တကယ်သေချာရဲ့လား။ လေလည်တဲ့အသံ ဒါမှမဟုတ် ပေါက်ကွဲတဲ့အသံတွေ မဟုတ်ဘူးလား…။"
"ဟီးဟီး.. အကုန်တူတူပါပဲကွာ။ ဘာပဲဖြစ်ဖြစ် အတော်လေးကို ရှုပ်ယှက်ခတ်သွားတာ။ ငါကြား တာတော့ မြို့တော်ကနေ လာတဲ့သူတွေတောင် အဲဒီပြိုင်ပွဲကြောင့် အပြန်လမ်းတောင် မရှာနိုင်တော့ ဘူးလို့ ပြောကြတယ်…။"
လူအုပ်ကြီးက ထိုပစ္စည်းများနှင့် ရင်းနှီးနေကြခြင်းကို မြင်တော့ လင်းဖန်က ဆက်ပြောလိုက်လေသည်။
"အင်း... ငါ ဒီပစ္စည်းတစ်စုံကို နာမည်တစ်ခု ပေးထားတယ်။ အဲဒါကတော့ 'ထွက်ပြေးခြင်းအသုံး အဆောင်' လို့ ခေါ်ပါတယ်…။"
"အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ဒီအသုံးအဆောင်က တကယ်ကို ရှားပါးတဲ့ အသက်ကယ်ပစ္စည်း တစ်ခု ဖြစ်လာမှာ သေချာပါတယ်...။"
"သခင်လေးကျောက်၊ ဒီအသုံးအဆောင်တွေကို ဘယ်လိုသုံးရမလဲဆိုတာ ပရိသတ်တွေကို သရုပ်ပြပေး နိုင်မလား…။"
လင်းဖန်၏ စကားကို ကြားလိုက်သောအခါ ကျောက်ဖေးက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ မေးလိုက် လေသည်။
"ဒီမှာပဲ... လုပ်ရမှာလား…။"
ကျောက်ဖေး ဘာကို တုံ့ဆိုင်းနေသလဲဆိုတာကို လင်းဖန် သဘာဝကျကျ သိနေပေမဲ့ ဒါက သူ လိုချင် နေတဲ့အရာပဲ ဖြစ်လေသည်။
ဒီရိုးရိုးပွဲကြည့်ပရိသတ်တွေက အကြာကြီး ထိုင်ကြည့်နေခဲ့ကြတာဆိုတော့ ဒီအတိုင်း အလကား ထိုင်ကြည့်ခွင့် ပေးထားလို့တော့ မဖြစ်ဘူးလေ။
စီးပွားရေးသမားတစ်ယောက်အနေနဲ့ လင်းဖန်သည် သူ့ရဲ့ ဖောက်သည်တွေကို လက်ဗလာနဲ့ ပြန်လွှတ် လိုက်ရန် ရည်ရွယ်ချက် မရှိချေ။
ထို့ကြောင့် နောက်လာမယ့် အစီအစဉ်များက ဤကဲ့သို့တစ်ဦးတည်းလာတဲ့ ဧည့်သည်တွေဆီကနေ ပိုက်ဆံနည်းနည်းပါးပါး သုံးစွဲသွားအောင် အထူးပြင်ဆင်ထားခြင်းပင် ဖြစ်လေ၏။
"ဟုတ်တယ်။ ခင်ဗျား ဒီမှာပဲ လုပ်လို့ရတယ်။ နိုင်ထရိုဂျင်ဓာတ်ငွေ့ အရှိန်မြှင့်တင်တာကို စလုပ်တဲ့အခါ တံခါးပေါက်ဘက်ကိုပဲ မျက်နှာမူထားလိုက်ပါ….။"
လင်းဖန်က ကိစ္စမရှိဘူးဆိုသည်ကို မြင်သောအခါ ကျောက်ဖေးလည်း ဘာမှ ထပ်ပြောစရာ မရှိတော့ ချေ။ သူက ဖိနပ်ကိုချွတ်ပြီး ကောက်ရိုးဖိနပ်စီးဖို့ ချက်ချင်း ဝတ်ဆင်လိုက်လေ၏။
ထိုအချိန်မှာပင် လင်းဖန်က နှာခေါင်းစည်းတစ်ခုကို တိတ်တဆိတ် ထုတ်ယူပြီး သူ့မျက်နှာမှာ တပ်လိုက် လေ၏။ တစ်ချိန်တည်းမှာပဲ သူ့ဘေးမှာရှိတဲ့ လီစီစီကို တစ်ခုကမ်းပေးဖို့လည်း သူမမေ့ခဲ့ချေ။
လင်းဖန် ဘာကိုဆိုလိုသလဲဆိုသည်ကို နားမလည်ပေမဲ့လည်း လီစီစီက လင်းဖန်လုပ်သလို လိုက်လုပ်ပြီး နှာခေါင်းစည်းကို တပ်လိုက်လေ၏။
စင်အောက်က ပရိသတ်များကတော့ စင်ပေါ်က လင်းဖန်၏ နားလည်ရခက်စေသော အပြုအမူကြောင့် အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြလေ၏။
သို့ပေမဲ့ လင်းဖန် ဘာကြောင့် ထိုကဲ့သို့လုပ်ခဲ့လဲဆိုသည်ကို သူတို့ သိပ်မကြာခင်မှာပဲ သိလိုက်ရတော့ ၏။
ကျောက်ဖေးက ကောက်ရိုးဖိနပ်ကို အမြန်လဲစီးလိုက်ပြီး သူချွတ်လိုက်တဲ့ ဖိနပ်ကို သိုလှောင်ရေး လက်စွပ်ထဲ ချက်ချင်း ထည့်လိုက်၏။ သို့ပေသော်လည်း သူ ဘယ်လောက်ပဲ မြန်မြန်လှုပ်ရှားပါစေ၊ ပျံ့နှံ့လာသော အနံ့ဆိုးကိုတော့ ထိန်းချုပ်နိုင်ခဲ့ခြင်းတော့မရှိချေ။
စင်အောက်မှ ပရိသတ်များက ကျောက်ဖေး၏ ပုံမှန်မဟုတ်တဲ့ စူးရှလှသော ခြေဆီနံ့ကြီးကို အလိုလိုပင် ရှူရှိုက်မိသွားကြလေတော့၏။
"ဝေါ့…. ဘာအနံ့ကြီးလဲကွာ။ သေလိုက်ပါတော့…။"
"အော့.. ငါ ဆက်သည်းမခံနိုင်တော့ဘူး။ ငါ ဘာလို့ ပထမတန်းမှာ လာထိုင်မိရတာလဲ။ တစ်ယောက် ယောက် ငါ့ကို ကယ်ကြပါဦး…။"
သို့ပေမဲ့ ဒါက အဆုံးသတ်မဟုတ်သေးချေ။ ကျောက်ဖေးက ချီစုဆောင်းခြင်းဆေးလုံးကို သောက်လိုက် ပြီး အဆိပ်ငွေ့ဆေးလုံးတစ်လုံးကိုလည်း ပစ်ပေါက်လိုက်ပြီဖြစ်၏။
ထို့နောက် လေလည်သံတစ်ချက်နှင့်အတူ နိုက်ထရိုဂျင်ဓာတ်ငွေ့ အရှိန်မြှင့်တင်လိုက်ပြီး ကျောက်ဖေးက သူရှိနေတဲ့နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေတော့၏။
မူလက ဧရိယာအသေးလေးမှာသာ ပျံ့နှံ့နေခဲ့သော ခြေဆီနံ့ကြီးနှင့် အဆိပ်ငွေ့ဆေးလုံးဆီမှ ထွက်လာ သော အဆိပ်မြူခိုးများနှင့်အတူ လေလည်လိုက်သော အနံ့ဆိုးကြီးများက ခန်းမတစ်ခုလုံးကို ပျံ့နှံ့ သွားလေတော့သည်။
ပရိသတ်ထဲက မည်သူမှ ဆက်ပြီး ညည်းညူသံ မထွက်ရဲကြတော့ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့ စကားမပြောရဲကြတော့ဘဲ ဘယ်သူက အသက်အကြာဆုံး အောင့်ထား နိုင်မလဲဆိုသည်ကို ယှဉ်ပြိုင်နေကြရခြင်းကြောင့်ပင်ဖြစ်၏။
အချိန်ကိုက်ဖြစ်သွားပြီဆိုသည်ကို မြင်လိုက်သည်နှင့် လင်းဖန်က နှာခေါင်းစည်း တစ်သုတ်ကို ချက်ချင်း ထုတ်ယူလိုက်လေ၏။
"အို ချစ်ရတဲ့ ဖောက်သည်တို့၊ ငါ တကယ်ကို တောင်းပန်ပါတယ်။ မင်းတို့အတွက် ဓာတ်ငွေ့ကာ နှာခေါင်း စည်းတွေ ကြိုတင်ပြင်ဆင်ပေးဖို့ ငါ မေ့သွားခဲ့တယ်…။"
"ဒါပေမဲ့ အခုလည်း နောက်မကျသေးပါဘူး။ ငါတို့ရဲ့ ဓာတ်ငွေ့ကာ နှာခေါင်းစည်းတွေက အလယ် အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံးတည်း ကျသင့်မှာဖြစ်ပြီး နှာခေါင်းစည်း တစ်ခုက အနံ့ဆိုးတွေနဲ့ အဆိပ်မြူတွေကို ကာကွယ်ပေးနိုင်ပါတယ်…။"
"မင်းတို့ ယူကြအုန်းမလား…။"
လင်းဖန်က နှာခေါင်းစည်းတပ်ထားပြီး ဘာမှ မထိခိုက်တဲ့ပုံ ပေါက်နေတာကို မြင်သောအခါ ပွဲကြည့် ပရိသတ် တော်တော်များများက နှာခေါင်းစည်းများက ပေးရတဲ့ဈေးနဲ့ တန်၊ မတန်ဆိုခြင်းကိုပင် စဉ်းစားမနေတော့ချေ။
"ငါ.. အန်ချင်လာပြီ…။"
"အော့.. ငါ့ကို တစ်ခုပေးပါ…။"
လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို လက်ညောင်းသည်အထိ လက်ခံရရှိလိုက်ပြီး စင်အောက် မှ ပွဲကြည့်ပရိသတ်တိုင်း နှာခေါင်းစည်းကိုယ်စီ တပ်ထားလိုက်ကြလေသည်။
ဒုတိယထပ်နှင့် အထက်က သီးသန့်အခန်းများကတော့ အနံ့ဆိုး၏ သက်ရောက်မှုကို လုံးဝ ခံရခြင်းမရှိခဲ့ ပေ။
နှာခေါင်းစည်းများ အကုန်ရောင်းလိုက်ရပြီးနောက် လင်းဖန်က လေလံရုံအတွင်းက လေဝင်လေထွက် လည်ပတ်ရေး အစီအရင်ကို ဖွင့်လိုက်လေ၏။ သိပ်မကြာခင်မှာပင် လေလံခန်းမတစ်ခုလုံး အနံ့အသက် များက လုံးဝ လတ်ဆတ်သွားလေတော့သည်။
လင်းဖန်၏ ထိုလုပ်ရပ်က ပရိသတ်များဆီကနေ မကျေနပ်မှုများကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့၏။
"ဘုရားရေ.. သူတို့က ငါတို့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို လိုချင်ရင် တန်းပြီး တောင်းလိုက်ဖို့ပဲ ကောင်းတယ်။ ဘာလို့ ဒီလို ဒုက္ခခံပြီး လုပ်နေရတာလဲ…။"
ထိုအချိန်ရောက်မှပဲ လေလံရုံထဲဝင်ရာတွင် ဝင်ကြေးဘာလို့ မကောက်ခဲ့ရလဲဆိုသည်ကို သူတို့ နောက်ဆုံးမှာ နားလည်သွားကြတော့၏။
"ဪ.. ဒီအကွက်ကနေ ငါတို့ကို စောင့်နေခဲ့တာကိုး…။"
စင်အောက်မှ ဖောက်သည်များ၏ မျက်နှာပေါ်က အမူအရာများကို ကြည့်ပြီး လင်းဖန်က အနေရခက်စွာ နဲ့ ပြုံးလိုက်လေသည်။
"မင်းတို့ မြင်တဲ့အတိုင်းပဲ၊ ဒီနှာခေါင်းစည်းက အနံ့ဆိုးတွေနဲ့ တချို့သော အဆိပ်ငွေ့တွေကို ကာကွယ်ပေး နိုင်ပါတယ်…။"
"ဒါက လွတ်မြောက်ရေးအသုံးအဆောင်စုံကို ပိုကောင်းအောင် ငါ အသစ်ထပ်မံ ဖြည့်စွက်ထား တာဖြစ် ပြီး အဆိပ်ဖြေဆေးလုံး နေရာမှာ အပြည့်အဝ အစားထိုးနိုင်ပါတယ်…။"
ခဏရပ်ပြီးနောက် လင်းဖန်က ဆက်လက်ရှင်းပြလိုက်၏။
"ငါတို့အားလုံး သိတဲ့အတိုင်းပဲ၊ အရင် အသုံးအဆောင်စုံတုန်းက အရှိန်မြှင့်တင်ဖို့ အဆိပ်ငွေ့ဆေးလုံးကို အသုံးပြုပြီးရင် အဆိပ်ဖြေဖို့အတွက် အဆိပ်ဖြေဆေးလုံးကို လိုအပ်ခဲ့တယ်…။"
"ဒါပေမဲ့ တချို့ဖောက်သည်တွေက အဆိပ်ဖြေဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးကို လက်မခံနိုင်ကြဘူး…။"
"ငါက ဖောက်သည်တွေကို ပိုကောင်းတဲ့ အတွေ့အကြုံပေးနိုင်ဖို့အတွက် အဆိပ်ဖြေဆေးလုံးနေရာမှာ အစားထိုးဖို့ ဒီနှာခေါင်းစည်းကို တီထွင်လိုက်တာပါ….။"
"အခုကစပြီး လွတ်မြောက်ရေးအသုံးအဆောင်ကို သုံးတဲ့အခါ လူတိုင်း နှာခေါင်းစည်းကို တပ်ထားရုံနဲ့ အဆိပ်မိမှာ ဒါမှမဟုတ် အငွေ့တွေကြောင့် မွန်းကျပ်မှာကို ဘယ်သူမှ စိုးရိမ်စရာ မလိုတော့ဘူး…။"
"ဒါ့အပြင် လူတွေက လွတ်မြောက်ရေးအသုံးအဆောင်ကို မသုံးဘူးဆိုရင်တောင် နှာခေါင်းစည်းရဲ့ အဆိပ်ငွေ့ကာကွယ်နိုင်တဲ့ စွမ်းရည်ကို တခြားနေရာတွေ အများကြီးမှာ အသုံးပြုနိုင်ပါသေးတယ်…။"
"ဥပမာအနေနဲ့ လျှို့ဝှက်နယ်မြေတွေကို စူးစမ်းရှာဖွေတဲ့အခါ ဒီနှာခေါင်းစည်းကို တပ်ဆင်ထားခြင်းက အဆိပ်မိမယ့် အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်…။"
ဒီနှာခေါင်းစည်းအတွက် စိတ်ကူးဉာဏ်က တကယ်တော့ ထယ်ကျူး မိဘတွေရဲ့ အတွေ့အကြုံဆီကနေ ရလာခဲ့ခြင်း ဖြစ်လေ၏။ထယ်ကျူ၏ မိဘများသည် လျှို့ဝှက်နယ်မြေထဲတွင် အရောင်အဆင်းနဲ့ အနံ့ အသက်မရှိသော အဆိပ်ငွေ့များကို ရှူရှိုက်မိသောကြောင့် သေဆုံးသွားခဲ့ရခြင်းပင်ဖြစ်၏။
ထို့ကြောင့် လင်းဖန်က ဓာတ်ငွေ့ကာ နှာခေါင်းစည်းများကို ဖန်တီးဖို့ စိတ်ကူးရခဲ့ခြင်း ဖြစ်၏။
ဒီစကားကို ကြားလိုက်ရသောအခါ လူတိုင်း၏စိတ်ထဲ၌ နည်းနည်း ပို၍ အဆင်ပြေသွားခဲ့ကြလေ၏။ ဤရှုထောင့်ကနေ ကြည့်မည်ဆိုပါက သူတို့ စိတ်ဝိညာဉ်ကျောက်တုံးများကို သုံးစွဲလိုက်ရခြင်းက အရှုံးတော့မရှိပေ။
သေချာတာပေါ့၊ လင်းဖန်သာ ထိုလှည့်ကွက်ကို မသုံးခဲ့ဘူးဆိုလျင် သူတို့က သူတို့သဘောဆန္ဒအရ ဘယ်တော့မှ ဝယ်သွားကြမှာ မဟုတ်ဘူးလေ။
"ကောင်းပြီ၊ လွတ်မြောက်ရေးအသုံးအဆောင်စုံကို လေလံတင်မှာ မဟုတ်ပါဘူး။ စိတ်ဝင်စားတဲ့သူတွေ က အော်ဒါမှာယူဖို့ ထယ်ကျူးကို ဆက်သွယ်နိုင်ပါတယ်…။"
"ဆက်ပြီးတော့ ငါတို့ နောက်ထပ်ပစ္စည်းအတွက် လေလံပွဲကို စတင်ပါမယ်…။"
ပြောရင်းဆိုရင်းနှင့်ပင် လင်းဖန်က စနစ်သိုလှောင်ခန်းထဲမှ လက်အိတ်တစ်ဖက်ကို ထုတ်ယူလိုက် လေ၏။
ရှင်းပြဖို့ မစတင်ခင် လင်းဖန်က ထိုလက်အိတ်ကို လီစီစီဆီ ကမ်းပေးလိုက်ပြီး သူမကို ပြသခိုင်း လိုက်လေ၏။
"အခု မင်းတို့ မြင်တွေ့နေရတဲ့ မှော်လက်နက်ကို ဝိညာဉ်စုပ်လက်အိတ် လို့ ခေါ်ပါတယ်…။"
"နာမည်အတိုင်းပါပဲ…၊ အဲဒါက ပစ်မှတ်ရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်ပါတယ်…။"
"မင်းက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေပြီး သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူလိုက်တယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ အဲဒီအခါကျ သူက မင်းကို ဘယ်လိုလုပ်ပြီး တိုက်ခိုက်နိုင်တော့မှာလဲ…။"
မူလက လင်းဖန်က သားနို့စ်ရဲ့ အင်ဖင်နတီ လက်အိတ်ကို ဖန်တီးနိုင်မလားဆိုတာကို စမ်းသပ်ကြည့် ချင်ခဲ့ခြင်း ဖြစ်လေ၏။ ရလဒ်ကတော့ ရှင်းပါတယ်။ အင်ဖင်နတီ လက်အိတ်ကို ဖန်တီးလို့ မရခဲ့ပါဘူး။
ထိုအစား ဤပစ္စည်းသာ ထွက်လာခဲ့ခြင်းဖြစ်လေ၏။
ကံကောင်းစွာဖြင့်ပင် ထိုလက်အိတ်က တော်တော်လေး အသုံးဝင်ပြီး ဈေးကောင်းရနိုင်ပေသည်။
လင်းဖန်၏ ဖော်ပြချက်ကို ကြားပြီးနောက်မှာတော့ လူအုပ်ကြီးက အရင်က အဆင်မပြေမှုများကို မေ့သွားကြပြီး စင်မြင့်ဆီကို စိတ်ဝင်တစားနဲ့ အာရုံပြန်ရောက်သွားကြလေသည်။
"ဒီပစ္စည်းက ကောင်းတယ်..၊ တော်တော်လေး လက်တွေ့ကျတယ်…။"
"ခွန်အားတူညီတဲ့ တိုက်ပွဲတစ်ခုမှာ ဒီလက်အိတ်ကို ပိုင်ဆိုင်ထားတဲ့သူက အနိုင်ရဖို့ သေချာနေတာ မဟုတ်ဘူးလား…။"
"ဒါပေမဲ့ ဒီလက်အိတ်ကို ဘယ်လိုသုံးရမှာလဲ။ တစ်ဖက်လူရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို စုပ်ယူဖို့ သူ့ကို ထိဖို့ လိုအပ်လား…။"
"ဖြစ်နိုင်ပါ့မလား၊ အဲဒီလိုသာဆိုရင် သိပ်ပြီး အဆင်ပြေမှာ မဟုတ်ဘူး…။"
"ဟုတ်တယ်လေ၊ ငါက တစ်ဖက်လူကို ထိနိုင်နေပြီဆိုမှတော့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို ဘာလို့ စုပ်ယူနေဖို့ လိုတော့မှာလဲ…။"