← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း (၁၄၂) မင်းက တိရစ္ဆာန်စကားတောင် နားလည်တာလား

*ဘုရားရေ... ငါက လူကြောင့် ဒဏ်ရာရတာ မဟုတ်ဘဲ ခွေးကိုက်ခံရလို့ ဒဏ်ရာရတာလား။ အခု ဘယ်သူ့ကို သွားတိုင်ရမှာလဲ…။*

လင်းဖန်က လျူချွမ်းဖုကို နှစ်သိမ့်စကား ပြောရန် ပြင်လိုက်စဉ်မှာပဲ လျူချွမ်းဖုက ရုတ်တရက် အရင် စကားစပြောလာခဲ့၏။

"ဟမ့်... ကျောက်ဖေးသာ ငါ့ကို မတားခဲ့ရင် အဲဒီအသုံးမကျတဲ့ ခွေးတွေကို ငါ့အစွမ်း ဘယ်လောက်ရှိလဲ ဆိုတာ သေချာပေါက် ပြလိုက်မှာ…။"

လျူချွမ်းဖု၏ စကားကို ကြားလိုက်ရသော ကျောက်ဖေးက သူ့နဖူးကို လက်နဲ့အုပ်ပြီး သက်ပြင်းချရင်း ပြောလိုက်လေ၏။

"အစ်ကိုလျူ... ခင်ဗျားက တစ်ယောက်တည်း၊ ဟိုက ခွေးအုပ်ကြီးလေ။ ခင်ဗျားက ခွေးတစ်ကောင် တည်းနဲ့ သူတို့အုပ်စုကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ…။"

သို့ပေမဲ့ လျူချွမ်းဖုကတော့ ဂရုမစိုက်တဲ့ လေသံနဲ့ပင်...

"ငါက ကျင့်ကြံသူတစ်ယောက်ပဲ။ ငါ ခွေးအဖြစ် ပြောင်းသွားပြီး စိတ်ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးသွား ပေမဲ့ ငါ့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံတွေကတော့ ရှိနေတုန်းပဲ။ သူတို့ ဘယ်လောက်များများ၊ ငါ့ကို နည်းနည်းလေးတောင် ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး…။"

လျူချွမ်းဖု၏ ခေါင်းမာမှုကို မြင်ရသောအခါ လင်းဖန်က အမြန်ပဲ ဖျောင်းဖျလိုက်ရလေသည်။

"ချွမ်းဖုလေး... နောက်ခါ ဒီလိုအခြေအနေမျိုး ကြုံလာရင် အရင်ဆုံး ထွက်ပြေးတာ အကောင်းဆုံးပဲ။ ဒါနဲ့ နေပါဦး... အရင်တစ်ခေါက်တွေတုန်းကတော့ အဆင်ပြေနေပြီး ဒီတစ်ခါမှ ဘာလို့ ခွေးအုပ်နဲ့ ပိတ်မိ နေရတာလဲ…။"

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ လျူချွမ်းဖုက ပိုပြီး ဒေါသထွက်သွားခဲ့၏။

"မပြောနဲ့တော့ စီနီယာလင်း။ အဲဒီ ခွေးအုပ်ကို ဦးဆောင်တဲ့ ငတုံးခွေးက ငါ့ကို သူ့ရည်စားကို သွားပိုးပန်း နေတယ်လို့ ဇွတ်အတင်းစွပ်စွဲနေတာ…။"

"စတာနော်... ငါ့ခန္ဓာကိုယ်ကသာ ခွေးဖြစ်သွားတာ၊ ငါ့ရဲ့ အကြိုက်က ပြောင်းသွားတာ မဟုတ်ဘူး။ ငါ့ရဲ့ မျိုးစိတ်အကြိုက်ကလည်း ပြောင်းမသွားဘူး…။"

"ငါက သိချင်စိတ်နဲ့ လှည့်ကြည့်လိုက်ရုံတင်ပါ၊ အဲဒီခွေးက ငါ့ကို အငြိုးထားပြီး သူ့တပည့်တွေကို ငါ့ကို ကိုက်ခိုင်းဖို့ ခိုင်းတော့တာပဲ…။"

လျူချွမ်းဖုရဲ့ စကားကြောင့် လူတိုင်းရဲ့ နှုတ်ခမ်းများက မထိန်းနိုင်ဘဲ တွန့်ကွေးကုန်ကြပါတော့သည်။

ဒီနေ့ လေလံပွဲကတော့ လာရတာ တကယ်ကို တန်ပေ၏။ ဆန်းကြယ်တဲ့ ပစ္စည်းတွေကို တွေ့ရရုံတင် မကဘဲ တကယ်ကို ထူးထူးဆန်းဆန်း ကိစ္စတွေကိုလည်း မြင်တွေ့နေရသည်မဟုတ်ပါလား။

လင်းဖန်လည်း ပြောစရာ စကားမဲ့သွားရသော်လည်း ရုတ်တရက် ပြဿနာတစ်ခုကို သတိထားမိလိုက် လေ၏။

"ချွမ်းဖုလေး... မင်းက ခွေးစကားတွေကို ဘယ်လိုလုပ် နားလည်နေတာလဲ…။"

"ဟို... ငါဆိုလိုတာက ခွေးဟောင်တာတွေက ဘာကို ဆိုလိုတယ်ဆိုတာကို မင်း တကယ်ပဲ နားလည်တာ လား…။"

လျူချွမ်းဖုက ခေါင်းညိတ်ပြီး ပြောလေ၏။

"ဟုတ်တယ် စီနီယာလင်း။ ငါ ခွေးအဖြစ် ပြောင်းနေတဲ့အချိန်မှာ ခွေးဟောင်တာကို နားလည်ရုံတင် မကဘူး၊ တခြား မိစ္ဆာသားရဲတွေ ပြောတာကိုလည်း နားလည်နိုင်စွမ်း ရှိသွားပုံပဲ…။"

လျူချွမ်းဖုရဲ့ အဖြေက လင်းဖန်ကို အံ့ဩစေသလို ဝမ်းလည်း ဝမ်းသာသွားစေခဲ့သည်ပင်။

မထင်မှတ်ဘဲ နောက်ထပ် အကျိုးကျေးဇူးတစ်ခု တိုးလာသည်ပင်။

"လူကြီးမင်းတို့... ကြားလိုက်ကြတယ် မဟုတ်လား….။"

"ကျွန်တော့်ရဲ့ မိုးကောင်းကင် ပျံဝဲဝတ်ရုံဟာ ခင်ဗျားတို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်ရုံတင် မကဘဲ တိရစ္ဆာန်စကားတွေကိုပါ နားလည်တတ်ကျွမ်းသွားစေမှာ ဖြစ်ပါတယ်…။"

"ဒီလောက် အံ့ဩစရာကောင်းတဲ့ ဝတ်ရုံကို ဘာတွေ စောင့်နေကြဦးမှာလဲ။ ထဲကျူးဆီမှာ အမြန်ဆုံး လာရောက် ကြိုတင်မှာယူလိုက်ကြပါတော့….။"

လင်းဖန်က အခွင့်အရေးရတုန်း ကြော်ငြာဝင်လိုက်သည်ကို ကြည့်ပြီး လူတိုင်း ပြောစရာ စကားမဲ့သွား ကြပြန်လေသည်။

သို့သော်လည်း ထိုဝတ်ရုံကတော့ လူတိုင်း၏ စိတ်ဝင်စားမှုကို အမှန်တကယ်ပဲ ဆွဲဆောင်သွားနိုင်ခဲ့ လေ၏။ တကယ်လို့များ တတ်နိုင်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ တစ်ထည်လောက် ဝယ်ထား သင့်တာပေါ့။

ကြော်ငြာပြီးသွားသည့်အခါ၌ လင်းဖန်လည်း အစကတည်းက သူသိချင်နေတဲ့ မေးခွန်းကို မေ့မသွားဘဲ လျူချွမ်းဖုကို ထပ်မေးလိုက်လေ၏။

"ဒါနဲ့ ချွမ်းဖုလေး... ဒီတစ်ခါကျမှ ဘာလို့ မင်းက လူအသွင်ကို ဒီလောက်မြန်မြန် ပြန်ပြောင်းနိုင်သွား ရတာလဲ…။"

ဤမေးခွန်းကို ကြားသောအခါ လျူချွမ်းဖုက ခဏမျှ ကြောင်နေပြီးမှ ကျောက်ဖေးကို လှည့်ကြည့်ပြီး မျက်စောင်းထိုးလိုက်လေ၏။ ကျောက်ဖေးကတော့ အားနာသည့်ပုံဖြင့် ရယ်ပြနေလေသည်။

လျူချွမ်းဖုက ပြောပြလိုက်လေသည်။

"ဒါတွေအားလုံးက ကျောက်ဖေးကြောင့်ပဲ။ သူက ငါ့ကို သူ့ကျောပေါ်မှာ ပိုးပြီး ပြေးလာတာလေ။ သူက ချီစုဆောင်းခြင်းဆေးလုံး သောက်ထားတာကို မေ့နေတာလား မသိဘူး…။"

"အဲဒီ လေလည်သံတွေက တစ်ချက်ပြီးတစ်ချက် တရစပ် ထွက်နေတာ။ ငါ ဘယ်နှစ်ခါလောက် အနံ့ရှုု လိုက်ရလဲဆိုတာ မသိဘူး၊ အဲဒါနဲ့တင် ငါ လူအသွင် ပြန်ပြောင်းသွားတာပဲ…။"

ထိုအဖြေကို ကြားသောအခါ လင်းဖန် စိတ်ထဲကနေ လန့်ဖြန့်ပြီး ရေရွတ်လိုက်မိလေ၏။

* ဟာ... သွားပြီ…လေလည်သံနဲ့ လူအသွင် ပြန်ပြောင်းလို့ ရတယ်ပေါ့ ဟုတ်လား…။*

*ချီစုဆောင်းခြင်းဆေးလုံး သောက်ပြီးနောက် ထွက်လာတဲ့ လေတွေက တကယ်ပဲ ဒီလို အာနိသင် ရှိနေ တာလား။*

ကျောက်ဖေးက ပုခုံးတွန့်ပြပြီး လျူချွမ်းဖုကို ပြန်ရှင်းပြလိုက်လေသည်။

"ငါက မင်းကို ကျောပေါ်မှာမပိုးလို့ လက်ထဲမှာ ပွေ့လာရမှာလား….။"

"မင်းက ခွေးဖြစ်နေရင်တောင် ယောကျ်ားကြီး တစ်ယောက်ပဲလေ။ အဲဒီလို ပွေ့ချီလာဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး မဟုတ်ဘူးလား…။"

လင်းဖန်ကတော့ သူတို့ ငြင်းခုံနေသည်ကို ဂရုမစိုက်တော့ဘဲ ကြေညာချက်ကိုသာ ဆက်ပြောလိုက်ပါ တော့သည်။

"လူကြီးမင်းတို့ ကြားတဲ့အတိုင်းပါပဲ။ ခွေးအဖြစ် ပြောင်းသွားရင်တောင် လူအသွင် ပြန်ပြောင်းနိုင်တဲ့ နည်းလမ်း ရှိပါတယ်…။"

"အကြာကြီး စောင့်နေစရာ မလိုပါဘူး၊ လေတစ်ချက်လည်... အာ…။"

စကားပြောနေရင်း လင်းဖန် ရပ်လိုက်၏။ လူတွေ သူ့ကို ကြည့်နေသော အကြည့်များက ထူးဆန်းနေ သည်ကို သူ သတိထားမိလိုက်သောကြောင့်ပင်။

သူ့မျက်နှာမှာ ဝမ်းနည်းရိပ်များ ယှက်သန်းသွားခဲ့လေသည်။

အထူးသဖြင့် လျူချွမ်းဖုကတော့ ပိုပြီး စူးစိုက်စွာကြည့်နေခဲ့သည်ပင်။

"ဒါကတော့ မှန်ပါတယ်။ လေလည်တာကို ခံရတာကတော့ သိပ်တော့ ခံစားလို့ ကောင်းမှာ မဟုတ်ဘူး ပေါ့…။"

"ဒါပေမဲ့ စိတ်မပူကြပါနဲ့။ ကျွန်တော် ထပ်ပြီး သေချာ သုတေသန လုပ်ပါဦးမယ်။ ဒီထက် ပိုကောင်းတဲ့ နည်းလမ်းကို ရှာတွေ့နိုင်မှာပါ…။"

"ကဲ... ဒီအကြောင်းတွေကို ဒီမှာတင် ရပ်ပြီး လက်အိတ်ကို ဆက်ပြီး စမ်းသပ်လိုက်ကြရအောင်..။"

"သခင်လေးကျောက်နဲ့ သခင်လေးလျူတို့ပဲ သရုပ်ပြပေးလိုက်ပါ။ ခင်ဗျားတို့ သူတို့နှစ်ယောက်ကိုတော့ ယုံကြည်ကြတယ် မဟုတ်လား…။"

လင်းဖန်က အကြောင်းအရာကို အောင်မြင်စွာ ပြောင်းလိုက်နိုင်ပြီးသည့်နောက်မှာတော့ လူတိုင်း၏ မျက်နှာပေးများက ပုံမှန် ပြန်ဖြစ်သွားခဲ့လေသည်။

နောက်တစ်ဆင့် အနေနဲ့ စမ်းသပ်မှုကို စတင်လိုက်လေသည်။

ကျောက်ဖေး၏ လေလည်သံများကြောင့် လျူချွမ်းဖုက အတော်လေး ဒုက္ခရောက်ခဲ့ရခြင်းကြောင့် ကျောက်ဖေးက လျူချွမ်းဖုကို လက်အိတ် အရင် သုံးခွင့်ပေးလိုက်လေသည်။

လက်အိတ်ကို စွတ်ပြီး အသုံးပြုပုံကို သိသွားတဲ့အခါ လျူချွမ်းဖုက စပြောလေတော့၏။

"ဟမ့်... ငါက ခွေးဖြစ်ဖူးတယ်၊ မင်း ဖြစ်ဖူးလား…။"

လျူချွမ်းဖု၏ အစကနဦး စကားကတင် ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပါပင်။ လူတိုင်း တစ်ယောက်ကို တစ်ယောက် အံ့ဩတကြီး ကြည့်လိုက်မိကြလေသည်။

တကယ်တော့ ထိုမိုးကောင်းကင် ပျံဝဲဝတ်ရုံက တစ်ထည်ပဲ ရောင်းရသေးခြင်းဖြစ်သောကြောင့် သူတစ်ယောက်ပဲ ခွေးဖြစ်ဖူးသည်က အမှန်ပင်။

ထိုအချိန်၌ ကျောက်ဖေး၏ မျက်လုံးများက ရုတ်တရက် အရောင်တောက်သွားပြီး အဖြေတစ်ခုကို စဉ်းစားမိသွားပုံ ရလေသည်။

"ဟို... လူပျိုကြီး ဖြစ်တာကလည်း ခွေးဖြစ်တာထဲ ပါသလား။ ပါရင်တော့ ငါလည်း ခွေးဖြစ်ဖူးတာပေါ့။"

ကျောက်ဖေး၏ အဖြေစကားကြောင့် လူတိုင်း ဆွံ့အသွားကြလေသည်။

လင်းဖန်လည်း ဤအဖြေကို ကြားတော့ ကြောင်သွားရလေ၏။

*ဟာ... ဒီလိုလည်း ဖြေလို့ ရတာလား….။*

*ဒါဆို လူပျိုကြီးတွေကို ခွေးလို့ သတ်မှတ်သလား၊ မသတ်မှတ်ဘူးလားဆိုတာ အခု အဖြေပေါ်တော့မှာ ပဲ….။*

လျူချွမ်းဖုက လက်ချောင်းတစ်ချောင်းကို ကွေးလိုက်သောအခါ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား အချို့က ရုတ်တရက် လျော့ကျသွားလေတော့သည်။

ထိုရလဒ်ကို မြင်သောအခါ လင်းဖန် စိတ်ထဲ ထိတ်ခနဲ ဖြစ်သွားလေ၏။

ထိုအဖြေက လူ တော်တော်များများကို စိတ်ဆိုးအောင် လုပ်လိုက်သလို ဖြစ်နေသောကြောင့်ပင်။

"ချွမ်းဖုလေး... မင်းမေးတဲ့ မေးခွန်းက သိပ်ပြီး တိကျမှုမရှိဘူး…။"

"ခွေးဖြစ်တဲ့ အတွေ့အကြုံဆိုတာက ဘာကို ဆိုလိုတာလဲ၊ အဓိပ္ပာယ်က အရမ်းကျယ်ပြန့်လွန်းတယ်…။"

"မင်းကို စကားပြန်ပြင်ပြောဖို့ အခွင့်အရေး တစ်ခါ ထပ်ပေးမယ်…။"

ဤသည်ကို ကြားသော လျူချွမ်းဖုကလည်း ခဏစဉ်းစားပြီး ပြန်ပြောလိုက်ပြန်၏။

"ဟို... ငါက ခွေးခန္ဓာကိုယ် အစစ်အမှန် ဖြစ်ဖူးတယ်၊ မင်း ဖြစ်ဖူးလား…။"

လျူချွမ်းဖုက လက်ချောင်းကို ထပ်ပြီး ကွေးလိုက်တဲ့အခါမှာတော့ ကျောက်ဖေးဆီသို့ ဆုံးရှုံးသွားတဲ့ စိတ်ဝိညာဉ်စွမ်းအား အချို့က လျူချွမ်းဖု၏ ခန္ဓာကိုယ်ထဲကို ပြန်လည် ဖြည့်တင်းသွားခဲ့လေ၏။

၎င်းကို မြင်မှ လင်းဖန်နဲ့ တခြားလူများလည်း သက်ပြင်းချနိုင်လေတော့၏။

"ကောင်းပြီ... ချွမ်းဖုလေး၊ မင်း ကြိုက်သလိုသာ ဆက်မေးတော့…။"

လျူချွမ်းဖု : "ငါက ငါ့အဖေရဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့်နဲ့ အစွမ်းကုန် တိုက်ခိုက်တာကို ခံဖူးတယ်၊ မင်းရော အဲဒီလို အတွေ့အကြုံ ရှိလား…။"

ကျောက်ဖေး : "ဟုတ်လား….။ ခင်ဗျား အခုထိ အသက်ရှင်နေတာ တကယ်ကို အံ့ဩစရာပဲ...။"

လျူချွမ်းဖု : "ငါက ငါ့အဖေရဲ့ နောက်ကျောကို ဓားနဲ့ ထိုးဖူးတယ်၊ မင်းမှာ အဲဒီလို အတွေ့အကြုံ ရှိလား…။"

ကျောက်ဖေး : "အို…ခင်ဗျား... ခင်ဗျား အခုထိ အသက်ရှင်နေသေးတယ် ဟုတ်လား…။"

လျူချွမ်းဖု : "ငါက ငါ့အဖေကို 'ခေါင်းကိုင်ဖခင်’ လို့ ခေါ်ဖူးတယ်၊ မင်းရော ခေါ်ဖူးလား…။"

လျူကျန့်ဟွာ : "မင်း... ဒီကောင်စုတ်လေး။ အဲဒီတုန်းက မင်း ငါ့ကို အမိန့်ပေးနေတာ တစ်ခုခု မှားနေ တယ်လို့တော့ ငါထင်သားပဲ။ ငါအခုမှ အမှန်အတိုင်း သိရတော့တယ်။ မင်းကို ငါ အသေသတ်မယ်..။"

လျူချွမ်းဖုသည် ကျောက်ဖေးဆီမှ စိတ်ဝိညာဉ်စွမ်းအားများကို တရစပ် စုပ်ယူနေရင်း အတော်လေးကို ဘဝင်မြင့်နေခဲ့လေ၏။ သူ့အဖေသည်လည်း ဒီလေလံရုံမှာ ရှိနေခြင်းကို သူ လုံးဝ မေ့သွားသည်ထင်၏။

ခဏအကြာမှာတော့ မာန်မဲသံနဲ့အတူ လျူကျန့်ဟွာက အထူးခန်းထဲကနေ တိုက်ရိုက် ပျံသန်းလာပါ တော့သည်။

ထို့နောက် လျူချွမ်းဖုကို ဆွဲခေါ်သွားပြီး အထူးခန်းထဲကို ပြန်ဝင်သွားလေတော့၏။

ထို့နောက်မှာတော့ အထူးခန်းထဲကနေ လျူချွမ်းဖု၏ အဆက်မပြတ် အော်ဟစ်သံများကိုသာ ကြားနေ ရလေတော့သည်။

သရုပ်ပြမည့်လူက အဖမ်းခံလိုက်ရပြီ ဖြစ်သည့်အတွက် လင်းဖန်လည်း လက်လျှော့လိုက်ရလေ၏။

"ကဲ... ကျွန်တော်တို့ လက်အိတ်ရဲ့ စွမ်းဆောင်ရည်ကို လုံလောက်အောင် ပြသပြီးပါပြီ။ အခု လူတိုင်း ဈေးပြိုင်ပေးနိုင်ပါပြီ…။"

"ကျုံးကျိုးက မိတ်ဆွေ... ကျေးဇူးပြုပြီး လက်အိတ်ကို ပြန်ယူလာပေးပါ၊ ကျွန်တော်တို့ စတင်ပါတော့ မယ်...။"

သို့ပေမဲ့ လင်းဖန် စကားမဆုံးခင်မှာပင်ရုတ်တရက် လျူမိသားစု၏ အထူးခန်းထဲမှ ခွေးတစ်ကောင်၏ စူးစူးဝါးဝါး အော်ဟစ်သံက ထွက်ပေါ်လာခဲ့လေသည်။

*အေးလေ... လျူချွမ်းဖုကတော့ တစ်ခါ ထပ်ပြီး အနှိပ်စက်ခံနေရပြီပေါ့…။*

"အဟမ်း... ဆိုင်ရှင်လင်း၊ အားနာပါတယ်။ ကျွန်တော် နည်းနည်း လက်လွန်သွားလို့ ကျွန်တော့်သားက ခွေးတစ်ကောင်လို ထွက်ပြေးသွားပြန်ပြီ…။"

"ဒီလိုလုပ်ရအောင်၊ ကျွန်တော့် လျူမိသားစုက ဒီလက်အိတ်ကို ရအောင် ဈေးပြိုင်ပေးပါ့မယ်။ ဒါမှ နောက်နောင် ပြဿနာမတက်မှာ…။"

ခဏနားပြီးနောက် လျူကျန့်ဟွာက ထပ်ပြောလိုက်လေ၏။

"ကျွန်တော့် လျူမိသားစုက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀,၀၀၀) ပေးပါ့မယ်…။"

သူတို့က ချက်ချင်းပင် မြင့်မားလှသော ဈေးနှုန်းတစ်ခုကို သတ်မှတ်လိုက်လေတော့၏။

All Chapters