အခန်း ၁၄၆
Vol. 15 Ch. 146
အခန်း (၁၄၆) ငါ ကြေညာတယ်... ငါဟာ ပြိုင်ဘက်ကင်း ဖြစ်သွားပြီ
လင်းဖန်၏ စကားများကို ကြားလိုက်ရသောအခါ ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို မရလိုက်သော မိသားစုများသည် နောင်တများနှင့် ပြည့်နှက်သွားလေတော့သည်။ တစ်လုံးလောက် ရလိုက်တဲ့သူတွေ ပင် စိတ်ပျက်နေသော ပုံစံမျိုး ဖြစ်နေကြလေသည်။
တကယ်တော့ သူတို့အားလုံးသည် ဈေးနှုန်းတွေ အဆမတန် မြင့်မားမသွားအောင် လေလံဆွဲတဲ့နေရာ၌ တိတ်တဆိတ် သဘောတူညီမှုလေးတွေ ရှိခဲ့ကြခြင်းပင်။ မြို့တော်က ဒီအင်အားကြီးမိသားစုတွေဟာ ကြိုတင်ညှိနှိုင်းထားတာမျိုး မရှိပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိခဲ့ကြခြင်းပင်။
ထိုကဲ့သို့ လုပ်ရသော အကြောင်းရင်းကတော့ လီစီစီ ဆေးပုလင်းကို ပြလိုက်တဲ့အချိန်မှာ သူတို့တွေက ဆေးပုလင်းထဲမှာ ဆေးလုံး ဘယ်နှစ်လုံးရှိလဲဆိုတာကို ခန့်မှန်းကြည့်နိုင်ခဲ့သောကြောင့်ပင်။ ပြန်လည် ရှင်သန်ခြင်းဆေးလုံး အလုံး (၂၀) တိတိ ရှိနေတာကို သိလိုက်ရတဲ့အခါ သူတို့တွေက အချင်းချင်း ဈေးမပြိုင်တော့ဘဲ တစ်လှည့်စီ ခွဲယူဖို့ တိတ်တဆိတ် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်ပေသည်။
ဒါပေမဲ့ လူတိုင်းကို အံ့ဩသွားစေတာကတော့ လင်းဖန်က စားပွဲကို ရိုက်ချလိုက်ပြီး လေလံပွဲကို ချက်ချင်း ရပ်ပစ်လိုက်ခြင်းပင်။ ထို့ကြောင့် မိသားစုအများအပြား၏ မကျေမနပ် ဖြစ်မှုတွေကြားမှာပဲ လေလံပွဲက ပြီးဆုံးသွားခဲ့လေတော့သည်။
လင်းဖန်ဆီမှာတော့ လေလံမတင်ရသေးသော ပစ္စည်းတွေက အများကြီး ကျန်နေပါသေးသည်။ ဒါတွေ ကိုတော့ နောက်ထပ် လေလံပွဲတွေမှာ ဖောက်သည်တွေကို ဆွဲဆောင်ဖို့အတွက် သိမ်းထားဖို့ သူ စီစဉ် ထားခဲ့ခြင်းပင်။
လူတွေ အကုန် ပြန်ခါနီးအချိန်မှာပဲ ကျောက်ယွမ်က လင်းဖန်၏ ဘေးသို့ ရုတ်တရက် ရောက်လာပြီး မေးခွန်းတစ်ခု မေးလိုက်လေသည်။
"ဆိုင်ရှင်လင်း... တစ်ခုခုကို မေ့နေတာ မဟုတ်လား…။"
ထိုစကားကို ကြားတော့ လင်းဖန် ကြောင်သွားလေ၏။
*ဘာဖြစ်တာလဲ... ဒီလူက ဟိုလျော့နေတဲ့ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး တစ်လုံး အကြောင်းကို ထပ်ပြောဦးမလို့လား…။*
လင်းဖန်ရဲ့ ကြောင်တောင်တောင် ဖြစ်နေသော မျက်နှာကို မြင်တော့မှ ကျောက်ယွမ်က လင်းဖန် တကယ်ကြီး မေ့နေသည်ဟု အသေအချာ ယူဆလိုက်ပြီး အားမလိုအားမရ ဖြစ်နေတဲ့ လေသံနဲ့ သတိပေးလိုက်လေသည်။
"ကျွန်တော် အခုလေးတင် ပြန်လည်ရှင်သန်ခြင်းဆေးလုံး တစ်လုံးကို လေလံဆွဲထားတယ်လေ။ အဲဒါကို ရွှင်းအာရဲ့ အရည်အချင်းကို မြှင့်တင်ပေးဖို့အတွက် ပေးမလို့လေ…။"
ထိုအချိန်ထိပင် လင်းဖန်က တစ်ဖက်လူ ဘာကို ဆိုလိုမှန်း မသိသေးပေ။
*မင်း လေလံဆွဲထားတဲ့ ဆေးလုံးက မင်းပိုင်တာပဲလေ၊ ဘယ်သူ့ပေးပေးပေါ့။ ဒါကို ငါ့ကို လာပြောနေရ တာလဲ…* ဟု သူ စိတ်ထဲက တွေးနေမိ၏။
လင်းဖန်၏ ဇဝေဇဝါ ဖြစ်နေသော ပုံစံကို ကြည့်ပြီး ကျောက်ယွမ် ပြောစရာ စကားမဲ့သွားရလေသည်။
"ရွှင်းအာလေ... ရွှင်းအာ။ အို... ငါ့ရဲ့ ရွှင်းအာ ဘယ်ရောက်သွားပါလိမ့်။ ဆိုင်ရှင်လင်း... ကျွန်တော့်ရဲ့ ရွှင်းအာကို မြင်မိသေးလား…။"
ကျောက်ယွမ်က လင်းဖန်ကို ပတ်ပတ်လည် ကြည့်ပြီး "ရွှင်းအာ" ဟု နှစ်ခါလောက် အော်ခေါ်လိုက် လေ၏။ ပြီးမှ လင်းဖန်ကို ကြည့်ပြီး ပုခုံးတွန့်ပြလိုက်လေသည်။
ထိုအချိန်ကျမှပဲ လင်းဖန် တစ်ခုခုကို သတိရသွားလေတော့သည်။
*ဟာ... သွားပြီ။ ကျောက်ရွှင်းကို င့ါရဲ့ ကိုယ်ပိုင်မြင့်မြတ်နယ်မြေထဲမှာ ပိတ်လှောင်ထားတာပဲ…။*
ပြီးခဲ့တဲ့ ရက်အနည်းငယ်က လေလံပွဲအတွက် ပြင်ဆင်နေတာနဲ့ အရမ်းအလုပ်ရှုပ်နေတော့ ကျောက်ရွှင်း အကြောင်းကို လုံးဝ မေ့နေခဲ့ခြင်းပင်။
သို့ပေမဲ့ သူတို့က လူလာတောင်းနေမှတော့ ပြန်ပေးရမှာပေါ့။ ပြန်ရွေးကြေးလည်း ယူပြီးပြီ၊ လူကိုလည်း မေ့နေတယ်လို့ သူတို့ကို အထင်မခံနိုင်ပေ။ ဒီသတင်းသာ ပြန့်သွားရင် နောင်မှာ ပြန်ပေးဆွဲတဲ့ စီးပွားရေး ကို ဘယ်လို ဆက်လုပ်ရပါမည်လဲ။ ဘယ်သူကများ ပြန်ပေးငွေကို ယုံယုံကြည်ကြည်နဲ့ လာပေးတော့မှာ တဲ့လဲ။
"ဟေး... မိတ်ဆွေ၊ ဒါကိုတော့ မပြောပါနဲ့တော့။ ခင်ဗျားရဲ့ ရွှင်းအာက ကျွန်တော့်ရဲ့ မြင့်မြတ်နယ်မြေမှာ နေရတာ သဘောကျလွန်းလို့ မပြန်ချင်ဘူး ဖြစ်နေတာ…။"
"ဒီရက်ပိုင်းအတွင်းမှာ သူက ကျွန်တော့် မြင့်မြတ်နယ်မြေထဲက စိတ်ဝိညာဉ်စွမ်းအားတွေကို တော်တော် လေး စုပ်ယူထားတာ။ ခင်ဗျား သိတဲ့အတိုင်း ကျွန်တော့် မြင့်မြတ်နယ်မြေမှာ ကျင့်ကြံခွင့်ရဖို့ဆိုတာ ဘယ်လောက် အဖိုးတန်လဲဆိုတာ…။"
"ကောင်းပြီလေ... ထဲကျူး မျက်နှာကို ထောက်ပြီးတော့ပဲ သူ့ရဲ့ ကျင့်ကြံခကို ကျွန်တော် အလကား ပေးလိုက်ပါ့မယ်။ မိတ်ဆွေ... သူ့ကို ခေါ်သွားနိုင်ပါပြီ…။"
ကျောက်ယွမ်ကတော့ လင်းဖန်ပြောသော စကားကို တစ်ခွန်းမှ မယုံကြည်ပေ။
"ဒါဆိုရင်တော့ ကျွန်တော်က ဆိုင်ရှင်လင်းကို ကျေးဇူးတင်ရမှာပေါ့ ဟုတ်လား…။"
"ဟဲဟဲ... ရပါတယ်။ အားမနာပါနဲ့…။"
မကြာခင်မှာပင် အမှောင်ခန်းထဲ၌ ရက်တော်တော်ကြာ ပိတ်လှောင်ခံထားရသော ကျောက်ရွှင်းသည် နောက်ဆုံးမှာတော့ နေ့အလင်းရောင်ကို ပြန်မြင်ရပါတော့သည်။ ကျောက်ယွမ်က သူ့ကို ခေါ်သွားသော အချိန်၌ ကျောက်ရွှင်းရဲ့ မျက်နှာမှာတော့ နာကျည်းမှုများက ပြည့်နှက်နေခဲ့လေသည်။
*စိတ်ဝိညာဉ်စွမ်းအား စုပ်ယူတယ် ဟုတ်လား။ လုံးဝကို အလကား စကားတွေပါ။ သူ့ရဲ့ ကျင့်ကြံမှုကို ချိတ်ပိတ်ခံထားရတာဆိုတော့ ခန္ဓာကိုယ်ထဲကို စိတ်ဝိညာဉ်စွမ်းအား တစ်စက်တောင် မဝင်နိုင်ခဲ့ဘူး။*
ပတ်ဝန်းကျင်မှာ စိတ်ဝိညာဉ်စွမ်းအားတွေ အများကြီး ရှိနေတာကို မြင်နေရပေမဲ့ စုပ်ယူလို့ မရတာဟာ ဘယ်လောက်တောင် နာကျင်စရာကောင်းတဲ့ ခံစားချက်လဲဆိုတာ သူပဲ သိနိူင်ပေလိမ့်မည်။
ကျောက်ယွမ် သားအဖကို ပို့ဆောင်ပြီးသည့်နောက်မှာတော့ လင်းဖန်သည် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ ကို တိုက်ရိုက် ပြန်သွားလေတော့သည်။
ဤလေလံပွဲသည် အရှေ့ဘက်ဒေသမှာ နာမည်ကြီးသွားလေပြီ။ ထဲကျူး၏ အဆင့်အတန်းကလည်း ရှိနေတော့ အရှေ့ဘက်ဒေသက စီးပွားရေးဟာ တော်တော်လေး တည်ငြိမ်သွားပြီဟု ပြော၍ရနိုင်၏။ အခုဆိုလျင် လင်းဖန်အနေနဲ့ ကျုံးကျိုး (အလယ်ပိုင်းဒေသ) ရဲ့ စင်မြင့်ကြီးဆီကို ယုံကြည်မှုအပြည့်နဲ့ တက်လှမ်းနိုင်ခဲ့ချေပြီ။
ကျုံးကျိုး စင်မြင့်ကြီးဆိုတာကတော့... စွမ်းရည်မရှိရင် မလာနဲ့လို့ပင် ပြောရမယ့် နေရာမျိုးပင်။
လင်းဖန်က သူ၏ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုနဲ့ဆိုလျင် မဟာယာနအဆင့်ကို ယှဉ်နိုင်ရင်တောင် ကျုံးကျိုးမှာတော့ အနည်းငယ် လိုအပ်နေသေးသည်ဟု ခံစားနေရလေသည်။ သူ့မှာ အစောင့်အရှောက် ရုပ်သေး ရှိသော်လည်း ဒါတွေက ခုခံဖို့အတွက်ပဲ ကောင်းသည်ပင်။ အကယ်လို့ သူက ကိုယ်တိုင် ပြဿနာသွား ရှာချင်လျင်တော့ ရုပ်သေးတွေက နည်းနည်း လက်ဝင်နေပါလိမ့်မည်။
လို့ကြောင့် ကျုံးကျိုးကို မသွားခင်မှာ မဟာယာနအဆင့်အထိ ရောက်အောင် ကျင့်ကြံပြီး အတိဒုက္ခ အဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ရယူထားရန် လိုအပ်ပေသည်။ ထိုလေလံပွဲကို ကျင်းပရသော နောက်ထပ် ရည်ရွယ်ချက်တစ်ခုကလည်း ကျင့်ကြံမှုအဆင့် တိုးမြှင့်ဖို့အတွက် လိုအပ်တဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ရရှိရန်သာဖြစ်၏။
သုန်ယွဲ့တော်ဝင်မိသားစုဆီက ရသော ပြန်ရွေးကြေးနှင့် လေလံပွဲက ရသော အမြတ်အစွန်းများသည် လင်းဖန်ကို မဟာယာနအဆင့် ရောက်အောင် လုပ်ပေးဖို့ လုံလောက်ပေသည်။
"အသုံးမကျတဲ့ စနစ်... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးစမ်း…။"
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀၀,၀၀၀) ကို အသုံးပြုပြီး ပေါင်းစည်းခြင်းအဆင့် (အလတ်) သို့ မြှင့်တင်ပြီးပါပြီ။]
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀,၀၀၀) ကို အသုံးပြုပြီး ပေါင်းစည်းခြင်းအဆင့် (နှောင်းပိုင်း) သို့ မြှင့်တင်ပြီးပါပြီ။]
[အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၄၀၀,၀၀၀) ကို အသုံးပြုပြီး မဟာယာနအဆင့် (အစောပိုင်း) သို့ မြှင့်တင်ပြီးပါပြီ။]
[ဂုဏ်ယူပါသည် ပိုင်ရှင်... သင်သည် မဟာယာနအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး လုပ်ဆောင်ချက် အသစ်များကို ဖွင့်လှစ်နိုင်ခဲ့ပါပြီ။]
စနစ်၏ အသိပေးချက်ကို ကြားလိုက်ရပြီး မဟာယာနအဆင့်ရဲ့ ပြောင်းလဲမှုတွေကို ခံစားလိုက်ရသော အခါ လင်းဖန်ဟာ အလွန်အမင်း စိတ်လှုပ်ရှားသွားလေတော့သည်။
"ဟားဟားဟား... မဟာယာနအဆင့် ကျင့်ကြံမှုနဲ့ အတိဒုက္ခအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ရှိနေမှတော့ ဒီထျန်းယွမ်တိုက်ကြီးမှာ ငါ့ကို ဘယ်သူကများ ခြိမ်းခြောက်နိုင်ဦးမှာတဲ့လဲ…။"
"ငါ လင်းဖန် ဒီနေ့ကစပြီး ငါကိုယ်ငါ ပြိုင်ဘက်ကင်း ဖြစ်သွားပြီလို့ ကြေညာတယ်…။"
[...]
လင်းဖန်၏ ဝါကြွားနေသော စကားများကို ကြားတော့ စနစ်လည်း ပြောစရာ စကားမဲ့သွားရလေသည်။ သို့ပေမဲ့ စနစ်က လင်းဖန်ကို စေတနာနဲ့ သတိတစ်ခု ပေးလိုက်လေ၏။
[ပိုင်ရှင်... သင်က ပြိုင်ဘက်ကင်း ဖြစ်သေးတာ မဟုတ်ပါဘူး။ အတိဒုက္ခအဆင့်ကို ရောက်အောင် အရင်မြှင့်ပြီးမှ အဲဒီစကားကို ပြန်ပြောပါ။]
လင်းဖန်လည်း သူ စိတ်လှုပ်ရှားသွားလို့ နည်းနည်း ပိုပြောမိသွားမှန်း သိပေသည်။ သူ့ရဲ့ အခုလက်ရှိ စွမ်းအားနဲ့ဆိုလျင် အရှေ့ဘက်ဒေသလို နေရာမျိုးမှာတော့ အနိုင်မရှိလို့ ပြောလို့ရပေသည်။ သို့ပေမဲ့ ထျန်းယွမ်တိုက်ကြီး၏ ကျုံးကျိုးမှာတော့ ထိုစကားပြောရန် စောလွန်းပါသေးသည်။
အဆုံးမှာတော့ ကျုံးကျိုးမှာက အဆင့် (၉) ထက် ကျော်လွန်တဲ့ မြင့်မြတ်နယ်မြေ အင်အားစုတွေ ရှိနေ ခြင်းကြောင့်ပင်။ သူတို့ဆီမှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေမလဲဆိုတာ ဘယ်သူ သိမှာတဲ့လဲ။
ဒါကို ခေတ္တဘေးဖယ်ထားရင်တောင် ကျုံးကျိုးက အဆင့် (၉) အင်အားစုတွေရဲ့ စွမ်းအားဟာ တခြား အရပ်မျက်နှာ လေးခုက အဆင့် (၉) အင်အားစုတွေထက် အများကြီး သာလွန်နေပေသေးသည်။
"ဟမ့်... အတိဒုက္ခအဆင့်ကို ရောက်ဖို့ဆိုတာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ကိုးသန်းပဲ ကုန်မှာပါ၊ သိပ်မများပါဘူး…။"
[ဒါဆိုရင်တော့ ပိုက်ဆံမြန်မြန်ရှာဖို့ပဲ ပြင်ထားပါတော့။ သင် အခု ပြန်ပြီး ဆင်းရဲသွားပြီဆိုတာ မမေ့ပါ နဲ့ဦး။]
[ဘယ်မဟာယာန ကျင့်ကြံသူကိုပဲ ကြည့်ကြည့်... ဘယ်သူကများ သင့်လောက် ဆင်းရဲလို့လဲ။]
ခုနက ကျင့်ကြံမှု မြှင့်တင်လိုက်တာက တကယ်ကို အရသာရှိပေမဲ့ လင်းဖန်ဆီမှာ ရှိသမျှ စိတ်ဝိညာဉ် ကျောက်တုံးများကတော့ အကုန်လုံးနီးပါး ပြောင်သွားခဲ့လေပြီ။
"ဟေး... မင်းက တကယ်ကို အသုံးမကျတဲ့ စနစ်ပဲ။ ဘာလို့ ဆက်ဆံပုံက ဒီလောက်မြန်မြန် ပြောင်းသွား တာလဲ…။"
"ငါ ချမ်းသာတုန်းကတော့ အရမ်း ရိုသေပြပြီး အခု ငါ ဆင်းရဲသွားတော့ကျတော့ ဒီလိုမျိုး ပြောတယ် ပေါ့လေ…။"
"ထားလိုက်ပါတော့... ငါက မင်းနဲ့ အဆင့်ချင်း မပြိုင်ချင်ပါဘူး…။"
စနစ်၏ အမူအရာ ပြောင်းလဲတတ်တာကို လင်းဖန် နေသားကျနေပြီ ဖြစ်သောကြောင့် အာရုံနောက် မခံတော့ဘဲ လုပ်ဆောင်ချက်အသစ်များကိုသာ စစ်ဆေးကြည့်လိုက်ပါတော့သည်။
"ဟေး... ခရမ်းရွှေနတ်နဂါးထီးနဲ့ ရွှေကျီးကန်း သုံးဘီးစက်ဘီးတို့က နောက်ဆုံးတော့ လုပ်ဆောင်ချက် အသစ်တွေ ရလာပြီပဲ…။"
ခရမ်းရွှေနတ်နဂါးထီး၏ လုပ်ဆောင်ချက်အသစ်ကတော့ ခရမ်းရွှေနတ်နဂါး အစီအရင်ပင်ဖြစ်၏။
[ခရမ်းရွှေနတ်နဂါး အစီအရင်- ဂိုဏ်းကို ကာကွယ်ဖို့အတွက် တိုက်စစ်ရော ခံစစ်ပါ ပါဝင်တဲ့ အား ကောင်းတဲ့ စီရင်ထုံးဖြစ်ပြီး စိတ်ကြိုက် အဖွင့်အပိတ် လုပ်နိုင်ပါတယ်။]
[ဖော်ပြချက် - ဒါဟာ အခြေစိုက်စခန်းတစ်ခုလုံးကို လွှမ်းခြုံထားနိုင်ပြီး ဘယ်နေရာမှ မလွတ်အောင် ဘက်စုံကာကွယ်ပေးမှာ ဖြစ်ပါတယ်။]
ထိုလုပ်ဆောင်ချက်အသစ်ကို ကြည့်ပြီး လင်းဖန်လည်း ပြောစရာ စကားမဲ့သွားရလေသည်။
"ဟူး... နောက်ထပ် အသုံးမကျတဲ့ လုပ်ဆောင်ချက် တစ်ခုပေါ့…။"
"ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ဂိုဏ်းစောင့်အစီအရင် လိုအပ်လို့လား…။"
[ဒါကတော့ မဟုတ်သေးပါဘူး။ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက အဓိက အခြေစိုက်စခန်း ဆိုပေမဲ့ လည်း အပြင်ပန်းမှာတော့ တခြားတောင်တစ်ခုခုပေါ်မှာ ဂိုဏ်းတစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။ အဲဒီအချိန် ကျရင် ဒီလုပ်ဆောင်ချက်က အသုံးဝင်လာမှာပါ။]
"မင်း ဆိုလိုတာက ဒီစီရင်ထုံး အသုံးဝင်ဖို့အတွက် ငါက အပြင်မှာ နောက်ထပ် ဂိုဏ်းတစ်ခု ထပ်တည် ထောင်ရမယ် ပေါ့…။"
"ဒါက ရှလကာရည် တစ်ခွက်အတွက်နဲ့ ဖက်ထုပ်တွေ အများကြီး လုပ်နေရသလိုမျိုး မဖြစ်နေဘူးလား။"
စနစ်ကတော့ လင်းဖန်ရဲ့ ပြောဆိုမှုကို ခံလိုက်ရပြီးနောက်မှာ တိတ်ဆိတ်သွားလေ၏။ သို့ပေမဲ့ လင်းဖန် က ထိုကဲ့သို့ ပြောလိုက်သော်လည်း စနစ်၏ အကြံပြုချက်ကိုတော့ စိတ်ထဲမှာ နည်းနည်း တွေးမိသွား လေသည်။
ထိုအတွေးတွေကို ခေတ္တဘေးဖယ်ထားပြီး လင်းဖန်က သုံးဘီးစက်ဘီး၏ လုပ်ဆောင်ချက်အသစ်ကို ဆက်ကြည့်လိုက်လေသည်။
ရွှေကျီးကန်း သုံးဘီးစက်ဘီးရဲ့ လုပ်ဆောင်ချက်အသစ်ကတော့ - လာလာပြေး ကုန်စည်ပို့ဆောင်ရေး ပါပဲ။
[မိတ်ဆက် - တစ်ကနေ နှစ်ဖြစ်၊ နှစ်ကနေ သုံးဖြစ်ပြီး သုံးကနေ အရာခပ်သိမ်းကို ဆွဲဆောင်နိုင်ပါတယ်။]
[လာလာပြေး - ဒါဟာ သုံးဘီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဘယ်အရာကိုမဆို သယ်ဆောင် ပေးနိုင်ပါတယ်။]
လုပ်ဆောင်ချက်အသစ်၌ 'လာလာပြေး' ဆိုသော စာသားကို မြင်လိုက်ရသော လင်းဖန်သည် မယုံနိုင် လောက်အောင် မျက်လုံးများ ပြူးကျယ်သွားလေတော့သည်။
"ဒါ ဘာကြီးလဲ။ မင်း ငါ့ကို နောက်နေတာလား…။"
"ဒါက ငါ့ကို ကုန်တင်ကားသမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြောင်းခိုင်းနေတာလား…။"