အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈) ထိပ်ပြောင်မြင့်မြတ်နယ်မြေလား။ ဆံပင်အစိမ်းရောင်မြင့်မြတ်နယ်မြေလား။
တစ်ချိန်တည်းမှာပင် အင်မော်တယ်စုံတွဲ တောင်ထွတ်တွင် တက်ကြွပျော်ရွှင်သော လေထုတစ်ခု လွှမ်းခြုံနေလေသည်။
"ငါ ဒီတလော အဆာရှောင်ဆေးတွေ အရမ်းစားနေရတော့ ဆေးယဉ်ပါးသွားပြီထင်တယ်။ ငါ့ရဲ့ ကာမ စိတ်ကြွတဲ့ အာနိသင်တွေတောင် သိပ်မလုပ်ဆောင်တော့သလို ခံစားနေရတယ်…။"
"ဒီ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကရော လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို တိုးလာစေမယ့် အာနိသင် များရှိမလား မသိဘူးနော်…။"
ကျန်တောင်ထွတ်နှစ်ခုမှ တပည့်များ၏ သိသိသာသာ ကွဲပြားနေသော တုံ့ပြန်မှုများကို သူတို့ သတိပြု မိလိုက်ကြလေသည်။
ထိုစဉ် လင်းဖန်သည် ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားပြီး ကာမအားတိုးဆေးသည် သူတို့နှင့် အတော်လေး သင့်တော်မည်ဟု ခံစားလိုက်ရသည်။
သို့သော်လည်း ထိုအချိန်က သူ ဆေးလုံး အလုံး (၅၀) သာ ဖော်စပ်ခဲ့ပြီး ၎င်းတို့ကို သူနှင့် လီလဲ့ယန်တို့ တစ်ထိုင်တည်းနှင့် သုံးစွဲပစ်ခဲ့ကြသည်မဟုတ်ပါလား။
နောက်မှ အချိန်ရရင်တော့ နောက်ထပ်နည်းနည်းလောက် ထပ်ဖော်စပ်ဖို့ စဉ်းစားရပေအုန်းမည်။
"အဟမ်း.. တိတ်တိတ်နေကြ။ အားလုံးပဲ အများကြီး လျှောက်မတွေးကြနဲ့။ ဒီ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးက ချီစုဆောင်းခြင်းဆေးလုံးလို ဘေးထွက်ဆိုးကျိုးမျိုး လုံးဝ မရှိဘူး…။"
"ငါတို့ မြင့်မြတ်နယ်မြေရဲ့ ပတ်ဝန်းကျင်ကိုလည်း နည်းနည်းလေးမှ ထိခိုက်စေမှာ မဟုတ်ဘူး…။"
သို့သော်လည်း လင်းဖန်၏ ဆေးလုံးများအကြောင်းကို ကောင်းကောင်းကြီး သိထားပြီးဖြစ်သူများ ကတော့ လင်းဖန်၏ စကားများကို လုံးဝ မယုံကြည်ကြပေ။
"မြင့်မြတ်နယ်မြေသခင်... ခင်ဗျား ကျုပ်တို့ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြပါ။ ဒီဆေးလုံးရဲ့ ဘေးထွက် ဆိုးကျိုးက အတိအကျ ဘာများလဲ…။"
သူတို့ကို ဆက်ပြီး လှည့်စား၍ မရတော့ကြောင်း မြင်လိုက်ရသဖြင့် လင်းဖန်မှာ အမှန်အတိုင်း ပြောပြရန် မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
"တကယ်တော့ ကြီးကြီးမားမား မဟုတ်ပါဘူး။ ခန္ဓာကိုယ်တစ်ခုလုံးမှာ အမွေးအမျှင်တွေ ပြန်ပေါက်လာ ရုံလေးပါပဲ…။"
"ဒါပေမဲ့ ဒီတစ်ကြိမ်က အားလုံး အတူတူ သောက်ကြမှာဆိုတော့ ဘယ်သူကမှ ဘယ်သူ့ကို လှောင်ရယ် လို့ ရမှာမဟုတ်ဘူးလေ…။"
ဤစကားကို ကြားလိုက်ရသောအခါ အားလုံးမှာ သိသိသာသာ သက်ပြင်းချနိုင်သွားကြသည်။
အမွေးအမျှင်တွေ ပြန်ပေါက်လာရုံလောက်ဆိုလျှင်တော့ လက်မခံနိုင်စရာ မရှိပေ။
သူတို့ တွေးကြောက်နေခဲ့သည့် ကြောက်မက်ဖွယ် ဆိုးကျိုးများထက်တော့ အများကြီး သာပါသေးသည်။
တကယ်တော့လည်း အဆိုးရွားဆုံး အခြေအနေတစ်ခုကို တွေးထားလိုက်ပါက ထိုအဆိုးရွားဆုံးအခြေ အနေသည်ပင် သက်သာသွားသလို ခံစားရတတ်စမြဲပင် မဟုတ်ပါလား။
အားလုံးက ရလဒ်ကို လက်ခံသွားကြပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လင်းဖန်က လီယွမ်ဖေးနှင့် အခြားသူများကို ပြန်လည်ရှင်သန်ခြင်း ဆေးလုံးများ ဝေငှရာတွင် ကူညီပေးရန် အမြန်ပြောလိုက်သည်။
တပည့်များအားလုံး ပြန်လည်ရှင်သန်ခြင်း ဆေးလုံး တစ်လုံးစီ ရရှိသွားပြီးနောက် လင်းဖန်က လီယွမ် ဖေး နှင့် အခြားသူများဘက်သို့ အာရုံစိုက်လိုက်သည်။
"ဦးလေးလီ.. ခင်ဗျားတို့လည်း ဒီအခွင့်အရေးကို ယူပြီး တစ်လုံးစီ စားလိုက်ကြပါ….။"
"အရည်အချင်းတွေ မြင့်တက်သွားပြီးရင် မကြာခင်မှာပဲ ခင်ဗျားတို့ ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်ရှိ လာလိမ့်မယ်လို့ ငါ ယုံကြည်တယ်…။"
အစပိုင်းတွင် လီယွမ်ဖေးနှင့် အခြားသူများမှာ အနည်းငယ် တုံ့ဆိုင်းနေကြဆဲပင်။
သို့သော်လည်း သူတို့နောက်ကွယ်ရှိ မြောက်မြားစွာသော တပည့်များကို လှည့်ကြည့်လိုက်သောအခါ သူတို့ မစားလျှင် ကျန်လူများလည်း စားကြမည့်ပုံ မပေါ်ကြောင်း တွေ့လိုက်ရလေသည်။
လီယွမ်ဖေးနှင့် အခြားသူများမှာ အံကိုကြိတ်ကာ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးများကို လက်ခံယူ လိုက်ပြီး တစ်ကြိုက်တည်း မြိုချလိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးမှာလည်း မတုံ့ဆိုင်းနေတော့ဘဲ ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို စားလိုက်ကြတော့သည်။
ထိုအချိန်မှာပင် ရုတ်တရက် လေပြင်းတစ်ချက်က မြင့်မြတ်နယ်မြေရင်ပြင်ကို ဖြတ်သန်းတိုက်ခတ်သွား လေတော့သည်။
ထိုလေပြင်းကြောင့် လူတိုင်း၏ ဆံပင်များ လွင့်ဝဲသွားကြသည်။ ထို့နောက် ပြောင်လက်နေသော ထိပ်ပြောင်ပြောင်များ တစ်လုံးပြီးတစ်လုံး လင်းဖန်ရှေ့တွင် ပေါ်လာတော့သည်။
"ချီးတဲ့မှပဲ.. လေက ဘယ်ကရောက်လာတာလဲ။ မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်ထဲမှာ လေတိုက်လို့ လား…။"
"ငါ့ဆံပင်တွေ... ဆံပင်တွေ အကုန်ကျွတ်သွားရင် သိမ်းထားပြီး လောလောဆယ် ဆောင်းဖို့ ဦးထုပ်တစ်ခု လုပ်မလို့ စဉ်းစားထားတာကို…။"
မကြာမီမှာပင် တွေဝေသွားသော လူအုပ်ကြီးက သူတို့၏ အာရုံကို လင်းဖန်ထံသို့ လှည့်လိုက်ကြသည်။
လင်းဖန် တစ်ယောက်တည်း တိတ်တိတ်လေး ရယ်မောနေသည်ကို မြင်လိုက်ရသောအခါ ဘာဖြစ်နေ သလဲဆိုသည်ကို အားလုံးက ချက်ချင်း နားလည်သွားကြလေသည်။
ဤလေသည် ယုံကြည်စိတ်ချရမှုမရှိသော သူတို့၏မြင့်မြတ်နယ်မြေသခင် တမင်ဖန်တီးလိုက်ခြင်းမှ လွဲ၍ အခြားမရှိနိုင်ပေ။
"မြင့်မြတ်နယ်မြေသခင်... ဒီမြင်ကွင်းက ငါတို့မြင့်မြတ်နယ်မြေရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ ခင်ဗျား မထင် ဘူးလား…။"
"ဟုတ်တယ်... ငါတို့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက လာမယ့်ရက်အနည်းငယ်အတွင်းမှာ ထိပ်ပြောင် မြင့်မြတ်နယ်မြေ ဖြစ်သွားတော့မှာပဲ…။"
လူအုပ်ကြီး၏ ညည်းညူသံများကို ကြားလိုက်ရသောအခါ လင်းဖန်က ချက်ချင်း ပြန်လည်ချေပ လိုက်လေသည်။
"အဓိပ္ပာယ်မရှိတာ.. ထိပ်ပြောင်မြင့်မြတ်နယ်မြေလို့ ခေါ်တာက လုံးဝကို မသင့်တော်ဘူး….။"
တပည့်များမှာ ဤစကားကို ကြားပြီးနောက် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသည်။
"ငါတို့ မြင့်မြတ်နယ်မြေက လူတိုင်းနီးပါး ထိပ်ပြောင်သွားတာကကော မသင့်တော်ဘူး မဟုတ်လား…။"
ဤသည်ကို ကြားသောအခါ လင်းဖန်က ခန့်မှန်းရခက်စွာ ပြုံးလိုက်လေသည်။
*ရှူး... ဆေးအာနိသင် နည်းနည်းလောက် ထပ်ပြခွင့်ပြုလိုက်ကြစမ်းပါ။*
မကြာမီမှာပင် လူတိုင်း၏ တွေဝေနေသော မျက်နှာအမူအရာများကြားမှ ထိပ်ပြောင်ခေါင်းများမှ အစိမ်းရောင် အညှောက်များ စတင်ထွက်ပေါ်လာလေေတော့သည်။
လူတိုင်း၏ မျက်နှာပေါ်ရှိ အမူအရာများမှာ တွေဝေမှုမှနေ၍ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ မကြာမီမှာပင် သူတို့၏ ထိပ်ပြောင်များပေါ်တွင် အစိမ်းရောင် ဆံပင်များ ဖုံးလွှမ်းသွားတော့သည်။
အကယ်၍ ထိုအချိန်တွင် တစ်စုံတစ်ယောက်က သူတို့အပေါ်မှ ဓားပျံစီးကာ ဖြတ်ပျံသွားမည်ဆိုလျှင် တပည့်များစွာဖြင့် ဖွဲ့စည်းထားသော စတုရန်းပုံစံ လူအုပ်ကြီးသုံးအုပ်ကို မြက်ခင်းပြင် သုံးကွက်အဖြစ် မြင်တွေ့သွားရမည်မှာ အသေအချာပင်။
"ဒါဆို... ဒါက ထိပ်ပြောင်တွေရဲ့ သုခဘုံမဟုတ်ဘဲ ဆံပင်စိမ်းတွေရဲ့ သုခဘုံ ဖြစ်သွားပြီပေါ့…။"
"ဆံပင်ပြန်ပေါက်စေတာ မဟုတ်ဘူးလား။ ဘာလို့ ဆံပင်အရောင်ပါ ပြောင်းသွားရတာလဲ…။"
"ဒီဆံပင်စိမ်းကြီးတွေ ရှိနေမယ့်အစား ထိပ်ပြောင်တာကမှ ပိုကောင်းဦးမယ်…။"
တပည့်များ၏ ရေရွတ်သံများကို ကြားလိုက်ရသောအခါ လင်းဖန်က အမြန်ဝင်ပြောလိုက်သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့ ခေါင်းပေါ်က ဆံပင်စိမ်း.. အဲလေ မြက်တွေကို မဖြတ်ပစ်ကြပါနဲ့…။"
"ဒါက ဆေးအာနိသင်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ အလိုလို ကျွတ်သွားအောင် ထားဖို့ လိုအပ်ပါတယ်…။"
"အားလုံးပဲ စိတ်မပူကြပါနဲ့။ ရက်အနည်းငယ်ကြာလို့ မြက်စိမ်းတွေ ကျွတ်သွားတဲ့အခါ ပြန်ပေါက်လာ မယ့် ဆံပင်တွေက အမည်းရောင်တွေ ဖြစ်နေပါလိမ့်မယ်…။"
လင်းဖန်၏ စကားကို ကြားပြီးနောက် လူတိုင်းမှာ ထိပ်ပြောင်ဘဝသို့ ပြန်သွားရန် စိတ်ကူးကို စွန့်လွှတ် လိုက်ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
"ကောင်းပြီ.. အားလုံးပဲ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ အများကြီး ကြိုးစားခဲ့ကြတယ်။ လာမယ့် ရက်အနည်းငယ်မှာ ကောင်းကောင်း အနားယူကြပါ…။"
"မြင့်မြတ်နယ်မြေတဝိုက်မှာ လမ်းလျှောက်ကြ၊ ရှုခင်းတွေကို ခံစားကြပြီး ပြင်းပြင်းထန်ထန် အလု ပ်လုပ် စရာမလိုဘဲ အားလပ်ချိန်လေးကို ဖြတ်သန်းလိုက်ကြပါ…။"
"အားလုံးရဲ့ အရည်အချင်းတွေ တိုးတက်လာပြီဆိုတာနဲ့ ငါတို့က ကြိုးကြိုးစားစား ကျင့်ကြံပြီး အဲဒီ အဆင့်ကိုး ဂိုဏ်းတွေက တပည့်တွေကို အမြန်ဆုံး ကျော်တက်နိုင်အောင် ကြိုးပမ်းရမယ်…။"
ခဏရပ်ပြီးနောက် လင်းဖန်က ဆက်ပြောလိုက်သည်။
"လာမယ့်ရက်တွေမှာ ငါက ကျုံးကျိုးကိုသွားပြီး ငါတို့မြင့်မြတ်နယ်မြေရဲ့ ပြယုဒ်အဖြစ် အသုံးပြုဖို့ တောင်ထွတ်တစ်ခုကို ရှာဖွေရမယ်….။"
"ငါ ပြန်လာတဲ့အချိန်ကျရင် အားလုံးက ကျုံးကျိုးရဲ့ အမြင်မှာ လုံးဝအသစ်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ ပေါ်လာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်….။"
"အဲဒီအချိန်ကျရင် အားလုံးရဲ့ ကျင့်ကြံခြင်း အရည်အချင်းတွေက ငါတို့ ဟင်းလင်းပြင် မြင့်မြတ်နယ် မြေရဲ့ နောက်ထပ် ပုံရိပ်တစ်ခု ဖြစ်လာလိမ့်မယ်….။"
ဤစကားကို ကြားသောအခါ အားလုံးက သူ၏ စကားများကို ထောက်ခံလိုက်ကြသည်။
"စိတ်မပူပါနဲ့ မြင့်မြတ်နယ်မြေသခင်... ကျုပ်တို့က မြင့်မြတ်နယ်မြေကို လုံးဝ အရှက်မကွဲစေရပါဘူး…။"
"ဟုတ်ပါတယ် မြင့်မြတ်နယ်မြေသခင်... စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့…။"
"မင်း သေချာ မပြောတတ်ဘူးလား။ 'စိတ်ဖြောင့်ဖြောင့်သာ သွားပါတော့' ဆိုတာက ဘာအဓိပ္ပာယ်လဲ။"
စကားမှားပြောမိသော တပည့်မှာ လီယွမ်ဖေး၏ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရပြီး နောက်သို့ တွန့်ဆုတ်သွားလေသည်။
လင်းဖန်ကတော့ ဤအရာကို ဂရုမစိုက်ပေ။
"ကောင်းပြီ... အစည်းအဝေး ပြီးပြီ…။"
အားလုံး ထွက်သွားကြပြီးနောက် လင်းဖန်က လီယွမ်ဖေးနှင့် အခြားသူများအား အချို့သောအရာများကို ရှင်းပြလိုက်သည်။
သူတို့သည် လီလဲ့ယန်၏ အခန်းသို့ တိုက်ရိုက် သွားခဲ့ကြသည်။ လင်းဖန်က လူတိုင်းကို စုစည်းခဲ့စဉ်က လီလဲ့ယန်ကို သွားရန် မခေါ်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ သူမက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို စားရန် မလိုအပ်တော့ပေ။ အကယ်၍ ကျန်လူတိုင်း စားပြီး သူမ မစားလျှင် နားလည်မှုလွဲမှားခြင်းများ ဖြစ်ပေါ်လာမည်မှာ သေချာ ပေသည်။ ရှင်းပြရသည်မှာလည်း အတော်လေး ရှုပ်ထွေးသွားနိုင်သည်။
ယခု သူ လီလဲ့ယန်ကို လိုက်ရှာနေရသည့် အကြောင်းရင်းမှာ သူမ မြင့်မြတ်နယ်မြေ ဟင်းလင်းပြင်မှ ထွက်ခွာသွားပြီးနောက် လင်းဖန်အတွက် နေရာတစ်ခု သတ်မှတ်ပေးရန် သူမကို လိုအပ်သောကြောင့် ဖြစ်သည်။
ထိုသို့လုပ်မှသာ ကျုံးကျိုးသို့ တိုက်ရိုက်ဆင်းသက်ရန် ကျောက်ချမှတ်ခြင်း လုပ်ဆောင်ချက်ကို အသုံးပြု နိုင်မည် ဖြစ်သည်။
ဟင်းလင်းပြင် တံခါး၏ လုပ်ဆောင်ချက်ကို လင်းဖန် ကျုံးကျိုးသို့ ရောက်ရှိပြီးမှသာ တပ်ဆင်နိုင်မည် ဖြစ်သည်။
မကြာမီမှာပင် ကျုံးကျိုးရှိ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ဂူတစ်ခုထဲတွင် လီလဲ့ယန် ရုတ်တရက် ပေါ်လာလေသည်။ သူမ၏နောက်မှ အနီးကပ် လိုက်ပါလာသူမှာ GPS အသုံးပြု၍ ခြေရာခံလာသော လင်းဖန်ပင် ဖြစ်သည်။
"ဂျူနီယာညီမလေး လဲ့ယန်... ငါ့ကို စီနီယာ လျူအန်းရှန်းဆီ အလည်သွားဖို့ ခေါ်သွားပေးပါ….။"
"ဟုတ်ကဲ့ပါ ရှင်.. ကျွန်မ သူ ဂိုဏ်းထဲမှာ ရှိမရှိ အရင် မေးကြည့်လိုက်မယ်။ အဲဒါမှ ကျွန်မတို့ အလကား သက်သက် သွားရတဲ့ အဖြစ်မျိုး မရောက်မှာလေ…။"
လျူအန်းရှန်း အပြင်မထွက်သွားကြောင်း အတည်ပြုပြီးနောက် လီလဲ့ယန်က လင်းဖန်ကို သူ၏ ကျင့်ကြံ ခြင်းဂူဆီသို့ ခေါ်ဆောင်သွားခဲ့လေသည်။
လင်းဖန် လျူအန်းရှန်းထံ အလည်အပတ်လာရခြင်း၏ ပထမအကြောင်းရင်းမှာ လီယွမ်ဖေးနှင့် သူ၏ အဖွဲ့ကြောင့် ဖြစ်သည်။
လူအများကြီးကို စကားတစ်ခွန်းမှ မပြောဘဲ ခိုးယူလာခဲ့မိသည်ဖြစ်ရာ အနည်းဆုံးတော့ နှုတ်ဆက် စကား ပြောသင့်သည် မဟုတ်ပါလား။
ဒုတိယအကြောင်းရင်းမှာ သူ့ထံမှတစ်ဆင့် ကျုံးကျိုးအကြောင်း သတင်းအချို့ကို စုံစမ်းချင်သောကြောင့် ဖြစ်သည်။ လီယွမ်ဖေးနှင့် သူ၏အဖော်များမှာလည်း ကျုံးကျိုးမှ လာသူများ ဖြစ်သော်လည်း သူတို့ ကျုံးကျိုးတွင် ရှိနေစဉ်က သူတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ နှိုင်းယှဉ်ချက်အရ အတော်လေး နိမ့်ကျ နေခဲ့သည်။
ထို့ကြောင့် သူတို့က ကျုံးကျိုး၏ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အတိဒုက္ခအဆင့် ကျင့်ကြံသူဖြစ်သည့် လျူအန်းရှန်းလောက် သိမည်မဟုတ်သည်မှာ သေချာသည်။
"ဟားဟား.. စီနီယာလျူ.. မတွေ့ရတာ ကြာပြီနော်။ ခင်ဗျား နေကောင်းရဲ့လား…။"
လင်းဖန်သည် လျူအန်းရှန်းကို မြင်လိုက်ရသောအခါ အရင်ဆုံး စကားပြောလိုက်လေသည်။
လျူအန်းရှန်းက ပြောလိုက်သည်။
"ဟဲဟဲ... မိတ်ဆွေငယ်လင်းပါလား။ ငါကတော့ ဒီရက်ပိုင်းမှာ သိပ်ပြီး အဆင်မပြေလှပါဘူးကွာ…။"
"ခက်ခက်ခဲခဲ ရှာထားတဲ့ တပည့်သုံးယောက်ကလည်း ထပ်ပြီး ထွက်ပြေးသွားကြပြန်ပြီ။ သူတို့ကို ပြန်ခေါ်လာမိတာ မှားသွားတယ်လို့ ငါ အစကတည်းက သိထားသင့်တာ။ မောင်ရင်လင်းကို ကြည့်ရ တာတော့ မျက်နှာမှာ သွေးရောင်ခြည်တွေ ဖြာလို့ပါလား၊ ဒီရက်ပိုင်း အခြေအနေ တော်တော်လေး ကောင်းနေပုံရတယ်…။"
ဒေါသတစ်ဝက်၊ နောက်ပြောင်ခြင်းတဝက် ဖြင့်ပြောနေသည့် လျူအန်းရှန်း၏ စကားများကို ကြားလိုက်ရသောအခါ လင်းဖန်က တဟားဟား ရယ်လိုက်ပါတော့သည်။
"ဟားဟား... စီနီယာလျူ၊ ဒါက ကျွန်တော့်အမှားပါပဲ။ ကျွန်တော် ဒီနေ့ စီနီယာ့ကို တောင်းပန်ဖို့ လာခဲ့ တာပါ…။"
လျူအန်းရှန်းမှာ အစကတည်းက တကယ် စိတ်ဆိုးနေခြင်း မဟုတ်သည့်အတွက် လင်းဖန်၏ စကားကို ကြားပြီးနောက် ပြန်လည် ပြုံးလိုက်လေသည်။
"ကောင်းပြီလေ... ငါက မင်းကို စနောက်နေတာပါ မိတ်ဆွေငယ်ရာ။ တောင်းပန်နေဖို့ မလိုပါဘူး…။”