← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉) ငါက ဆေးသိပ်မသောက်ဘူး၊ ငါ့ကို လာမလိမ်နဲ့ဦး

"ဒီရက်ပိုင်း သူတို့ ဘယ်လိုနေထိုင်နေကြလဲဆိုတာ ငါမြင်ပါတယ်။ သူတို့တွေ အင်မော်တယ်တိမ်တိုက် ဂိုဏ်းမှာ နေရတာ မပျော်ပိုက်ဘူးဆိုရင် ထွက်သွားကြတာကပဲ ပိုကောင်းပါတယ်..။"

"သူတို့အတွက် ဒီလောက်ကောင်းတဲ့ နေစရာနေရာတစ်ခု ဖန်တီးပေးတဲ့အတွက် မောင်ရင်လင်းကို ငါ ကျေးဇူးတင်ပါတယ်…။"

"ငါလည်း မောင်ရင့်ရဲ့ သုခဘုံမှာ ခဏလောက် နားခိုချင်သေးတယ်…။"

ထိုအခါ လင်းဖန်သည် သူ၏ စနစ်သိုလှောင်နယ်မြေထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ကာ လျူအန်းရှန်းထံ ကမ်းပေးလိုက်လေသည်။

"ဟားဟား... စီနီယာက တောင်းပန်စရာမလိုဘူးလို့ ပြောမှတော့ ဒီဆေးပုလင်းကိုပဲ စီနီယာ့ဆီ လာလည်တဲ့ လက်ဆောင်အဖြစ် လက်ခံပေးပါ…။"

ထိုပုလင်းထဲတွင် 'ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံး' ငါးလုံး ပါရှိလေသည်။

လင်းဖန်သည် ဤတစ်ကြိမ်တွင် ပုံမှန်ထက် ပို၍ ရက်ရောနေပေသည်။ တစ်ချက်မှာ လီယွမ်ဖေးတို့နှင့် တစ်ဖက်လူ၏ ပတ်သက်မှုကို ထောက်ထားခြင်းဖြစ်ပြီး အခြားတစ်ချက်မှာမူ တစ်ဖက်လူကိုပါ သူ၏ မြင့်မြတ်နယ်မြေထဲသို့ ဆွဲဆောင်နိုင်မလားဟု တွေးတောမိသောကြောင့် ဖြစ်သည်။

တကယ်၍ တစ်ဖက်လူက ဟင်းလင်းပြင် မြင့်မြတ်နယ်မြေသို့ မဝင်ရောက်လာခဲ့လျှင်ပင် သူ့ကိုသုံး၍ ကြီးမြတ်သော ပြန်လည်ကုသခြင်းဆေးလုံးကို ကြော်ငြာခိုင်း၍ ရနိုင်ပေသည်။ သူတို့ကဲ့သို့ အဆင့် အတန်းမျိုးရှိသူများမှာ မဟာယာနအဆင့်နှင့် အတိဒုက္ခအဆင့် ကျင့်ကြံသူ အမြောက်အမြားနှင့် သိကျွမ်းမည်မှာ အသေအချာပင်။

ဤဆေးလုံး၏ သတင်းသာ ပြန့်နှံ့သွားပါက စီးပွားရေးမှာ အလွန်ကောင်းမွန်လာမည် ဖြစ်သည်။

"ဟားဟား... မိတ်ဆွေငယ်လင်း၊ အတိဒုက္ခအဆင့်ကို ရောက်သွားတဲ့အခါ ဆေးလုံးတွေက ကျင့်ကြံမှု တိုးတက်ဖို့အတွက် သိပ်ပြီး အာနိသင်မရှိတော့ပါဘူး…။"

"ဒါ့အပြင် မောင်ရင့်ဆေးလုံးတွေရဲ့ ထူးခြားချက်ကိုလည်း ငါ သိထားတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခ မပေးချင်တော့ပါဘူး…။"

လျူအန်းရှန်းမှာ လင်းဖန်က သူ့ကို ကျင့်ကြံမှု အားပေးဆေးလုံး ပေးသည်ဟု ထင်မှတ်ကာ ချက်ချင်း ငြင်းပယ်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။

"စီနီယာ... တကယ်ပဲ စိတ်မဝင်စားဘူးလား…။"

"ဒါက အတိဒုက္ခအဆင့်မှာ ရတဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကိုပါ ချက်ချင်း ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးလုံးပါ…။"

ပြောပြောဆိုဆိုဖြင့် လင်းဖန်က ဆေးပုလင်းကို ပြန်သိမ်းမည့် ဟန်လုပ်လိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လျူအန်းရှန်း၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားလေ တော့သည်။ ထို့နောက် သူသည် လင်းဖန်၏ လက်ထဲမှ ဆေးပုလင်းကို ဆတ်ခနဲ လုယူလိုက်လေ၏။

"မောင်ရင်လင်း... ငါက ဆေးသိပ်သောက်တတ်တဲ့သူ မဟုတ်ဘူး၊ ငါ့ကိုတော့ လာမလိမ်နဲ့ဦး…။"

ပြောရင်းဆိုရင်း သူသည် ဆေးပုလင်းကို ဖွင့်ကာ အနံ့ခံကြည့်လိုက်သည်။ လင်းဖန်ပြောသော ဆေးအာ နိသင် ဟုတ်မဟုတ်ကို အတည်ပြုရန် ကြိုးစားနေခြင်း ဖြစ်ပုံရပေသည်။

"ဟားဟား... ကျွန်တော်တို့ လူချင်းပဲ၊ ဘာလို့ လိမ်ရမှာလဲ။ ဒါက တကယ် အစစ်အမှန်ပါပဲ…။"

လင်းဖန်က စကားပြောနေစဉ် လျူအန်းရှန်းမှာ ဆေးအနံ့ကို သေချာ ခံစားနေခဲ့သည်။ သူက ဆေးသိပ် မသောက်တတ်ဟု ဆိုသော်လည်း အတိဒုက္ခအဆင့်ထိ ရောက်လာသော ကျင့်ကြံသူတစ်ဦးမှာ ဆေးလုံး များနှင့် ပတ်သက်၍ အတွေ့အကြုံ မနည်းလှပေ။ လင်းဖန်ပြောသမျှ အချက်အလက်များမှာ မှန်ကန် ကြောင်း သူ ချက်ချင်းပင် သိမြင်လိုက်လေသည်။

"မောင်ရင်လင်းဆီမှာတော့ ရတနာတွေက ကုန်နိုင်ခန်းနိုင်တယ်ကို မရှိပါလား…။"

"ဒီလောက် ရှားပါးတဲ့ ဆေးလုံးမျိုးကို ငါက ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ…။"

သူက အားနာပါသည်ဟု ပါးစပ်က ဆိုနေသော်လည်း သူ့လက်များကမူ ပစ္စည်းကို သိုလှောင်လက်စွပ် ထဲသို့ အမှတ်မထင် ထည့်လိုက်ပြီးသား ဖြစ်နေခဲ့သည်။

"ဟား… ဒါက သိပ်ပြီး ရှားပါးတာတော့ မဟုတ်ပါဘူး၊ ကျွန်တော် ကိုယ်တိုင် သန့်စင်ထားတာပါ..။"

"ကုန်ကြမ်းတွေက တန်ဖိုးကြီးပြီး သန့်စင်ရတာ ခက်ခဲတယ်ဆိုပေမဲ့ ထပ်ပြီး သန့်စင်ဖို့တော့ ဖြစ်နိုင် ပါသေးတယ်…။"

ထိုစကားကို ကြားလိုက်ရသောအခါ လျူအန်းရှန်း၏ မျက်လုံးများမှာ တောက်ပသွားခဲ့လေသည်။

"ဒါဆို မောင်ရင်လင်းက ဒီဆေးလုံးတွေကို ရောင်းဖို့ စဉ်းစားထားတာလား…။"

"ဒီလို ဆေးလုံးမျိုးဆိုရင် ကျုံးကျိုးမှာ အလုအယက်ဝယ်ကြမှာ အသေအချာပဲ…။"

"တကယ်လို့ မင်း ရောင်းချင်တယ်ဆိုရင် ငါက အာမခံပေးနိုင်ပါတယ်။ ရောင်းတဲ့အခါမှာ အလိမ်ခံရ တာမျိုး၊ အမြတ်ထုတ်ခံရတာမျိုး မရှိစေရဘူးလို့ ငါ အာမခံတယ်…။"

"အမြတ်ထုတ်ခံရတာ" ဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ လင်းဖန်မှာ ဆွံ့အသွားရပါသည်။

*ငါက ဘယ်နားက အသားမည်း (အလိမ်ခံရမည့်သူ) ဖြစ်နေလို့လဲ…။*

"စီနီယာလျူ... ကျွန်တော့်ဆီမှာ အတိဒုက္ခအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိတဲ့ အစောင့်အရှောက်တွေ ရှိတာပဲ။ ကျွန်တော့်ပစ္စည်းကို ဘယ်သူက လုဝံ့မှာလဲ….။"

"ဆေးလုံးတွေကိုတော့ သေချာပေါက် ရောင်းမှာပါ။ ဆေးလုံးတင်မကဘူး၊ ဆန်းကြယ်တဲ့ မှော်ရတနာ မျိုးစုံကိုပါ ရောင်းမှာ…။"

"ဒီနေ့ စီနီယာ့ဆီ လာလည်တာက ကျုံးကျိုးရဲ့ အခြေအနေကို သိချင်လို့ပါ။ ဒါမှ နောက်ပိုင်း ကျုံးကျိုးမှာ စီးပွားရေး ချဲ့ထွင်ဖို့ ပြင်ဆင်လို့ ရမှာပေါ့…။"

လင်းဖန်၏ စကားကို ကြားပြီးနောက် လျူအန်းရှန်းမှာ ခဏမျှ တိတ်ဆိတ်သွားပြီးမှ ဖြည်းညှင်းစွာ စကားပြောလာခဲ့သည်။

"ကျုံးကျိုးရဲ့ အခြေအနေက တော်တော်လေး ရှုပ်ထွေးတယ်၊ တခြား ဒေသကြီးလေးခုလို မငြိမ်သက် လှဘူး။ မောင်ရင်က ကျုံးကျိုးမှာ စီးပွားရေးလုပ်ဖို့ တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား…။"

လင်းဖန်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"သေချာပေါက်ပေါ့။ ဒါကြောင့် ကျုံးကျိုးရဲ့ ပတ်ဝန်းကျင် အခြေအနေကို အကြမ်းဖျင်းလောက် ပြောပြ ပေးပါဦး…။"

"ကျွန်တော်က ဒီကို အသစ်ရောက်လာတာဆိုတော့ ကျုံးကျိုးအကြောင်း ဘာမှ မသိသေးလို့ပါ…။"

အတွေးများကို စုစည်းပြီးနောက် လျူအန်းရှန်းသည် ကျုံးကျိုး၏ အခြေအနေကို လင်းဖန်အား စတင် ပြောပြပါလေတော့သည်။

ကျုံးကျိုးတွင် အဆင့် (၉) ဂိုဏ်းများမှာ အင်အားအကြီးဆုံး မဟုတ်ပေ။ ထိုဂိုဏ်းများ၏ အထက်တွင် 'မြင့်မြတ်နယ်မြေ' များ ရှိနေသေးသည်။

ဒါကိုတော့ လင်းဖန် ကြိုတင် သိထားပြီးသားပါ။ သူတည်ထောင်ထားသော အင်အားစုကို 'ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ' ဟု အမည်ပေးထားခြင်းမှာလည်း ဤအချက်ကြောင့်ပင် ဖြစ်သည်။

ကျုံးကျိုးတွင် စုစုပေါင်း မြင့်မြတ်နယ်မြေ အင်အားစု လေးခု ရှိလေသည်။ နာမည်များမှာလည်း အလွန် စိတ်ဝင်စားစရာ ကောင်းလှပေသည်။

၎င်းတို့ကို 'အသူရာနဂါး မြင့်မြတ်နယ်မြေ'၊ 'ကျားဖြူ မြင့်မြတ်နယ်မြေ'၊ 'ဗာမီလီယံငှက် မြင့်မြတ်နယ် မြေ' နှင့် 'လိပ်နက် မြင့်မြတ်နယ်မြေ' ဟု ခေါ်ဆိုကြလေသည်။

နတ်ဘုရား သားရဲကြီး လေးမျိုး၏ အမည်ကို မြင့်မြတ်နယ်မြေ အမည်များအဖြစ် သုံးထားသည်မှာ အထင်ကြီးစရာ ကောင်းသော်လည်း လင်းဖန်၏ အမြင်တွင်မူ အနည်းငယ် ရိုးအီလွန်းနေသလို ခံစား ရလေသည်။

*ဒီထျန်းယွမ်တိုက်ကြီးက လူတွေမှာ ဆန်းဆန်းပြားပြား နာမည်ပေးစရာ မရှိတော့ဘူးလား…* ဟု သူ စိတ်ထဲက တွေးနေမိသည်။

သို့သော်လည်း လင်းဖန်သည် ထိုမြင့်မြတ်နယ်မြေ လေးခု၏ အမည်များမှ တစ်ဆင့် ထူးခြားသော အချက်တစ်ခုကို သတိပြုမိလိုက်သည်။ ဘာကြောင့် ဤမြင့်မြတ်နယ်မြေ လေးခုလုံးက နတ်ဘုရား သားရဲ လေးမျိုး၏ အမည်ကို ယူထားကြသနည်း။

သူတို့ကြားတွင် တစ်စုံတစ်ရာ ပတ်သက်မှု ရှိနေသလား။ ဥပမာအားဖြင့်... သူတို့အားလုံးက မျိုးနွယ်စု တစ်ခုတည်းက ဆင်းသက်လာကြခြင်းမျိုးလား။ မဟုတ်လျှင် နာမည်များက ဤမျှ ဆက်စပ်နေမည် မဟုတ်ပေ။

လင်းဖန်က ဤမေးခွန်းကို မေးမြန်းသောအခါ လျူအန်းရှန်းကလည်း သူ မသိရှိကြောင်းသာ ပြောလေ သည်။ ထို့ကြောင့် လင်းဖန်မှာ ထိုမေးခွန်းကို စိတ်ထဲ၌သာ မြိုသိပ်ထားလိုက်ရလေသည်။

ထို့အပြင် ကျုံးကျိုးသည် တခြား ဒေသကြီး လေးခုကဲ့သို့ ခြောက်ကပ်မနေပေ။ ကျယ်ပြောလှသော နယ်မြေအတွင်း မြို့ကြီး မြို့ငယ်ပေါင်းများစွာ ရှိနေပေသည်။

ဤမြို့အများစုမှာ အင်အားစု အသီးသီးက တည်ထောင်ထားကြခြင်း ဖြစ်ပြီး သက်ဆိုင်ရာ အင်အားစု များကပင် အုပ်ချုပ်ကြလေသည်။ ဥပမာအားဖြင့်... အင်မော်တယ်တိမ်တိုက်ဂိုဏ်းတွင် ကိုယ်ပိုင် 'အင်မော်တယ်တိမ်တိုက်မြို့တော်' ရှိ၏။

အဆင့် (၈) နှင့် အောက်မှ အင်အားစု အချို့မှာလည်း စုပေါင်း၍ မြို့တစ်မြို့ကို တည်ထောင်ကြသည်များ ရှိသည်။

လင်းဖန်၏ အမြင်အရဆိုလျှင်...

ဤအင်အားစုများ တည်ဆောက်ထားသော မြို့များမှာ ရိုးရာဈေးကွက်များကို အဆင့်မြှင့်တင်ထားသည့် ပုံစံမျိုးသာ ဖြစ်သည်။ လီယွမ်ဖေးတို့ အရင်က တည်ထောင်ခဲ့သော ချင်းယွင်ဈေးကွက် ကဲ့သို့ပင်ဖြစ် သည်။

အဆင့် (၃) ပဲ ရှိသော ချင်းယွင်ဂိုဏ်းတွင် ဈေးကွက်ရှိပြီး အဆင့် (၇) ရှိသော သွေးမိစ္ဆာဂိုဏ်းတွင် ဘာ ကြောင့် ဈေးကွက် မရှိသလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ချင်းယွင်ဈေးကွက် ဆိုသည်မှာ လီယွမ်ဖေးတို့အုပ်စုက ကျုံးကျိုးမှ သယ်ဆောင်လာသော ဓလေ့တစ်ခု ဖြစ်နေသောကြောင့်ပင်။

ကျုံးကျိုးရှိ ဤမြို့ကြီးမြို့ငယ်များထဲတွင် အကြီးဆုံးမြို့မှာ မြင့်မြတ်နယ်မြေ လေးခုထဲမှ တစ်ခု မဟုတ် ပေ။ ထိုမြို့မှာ ကျုံးကျိုး၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသော 'ထျန်းယွမ်မြို့တော်' ပင်ဖြစ်လေ သည်။

ထျန်းယွမ်မြို့တော်သည် မည်သည့် အင်အားစု၏ လက်အောက်ခံမျှ မဟုတ်ပေ။ ၎င်းကို ကျုံးကျိုးရှိ မြင့်မြတ်နယ်မြေများနှင့် အဆင့် (၉) ဂိုဏ်းများက စုပေါင်း အုပ်ချုပ်ကြခြင်း ဖြစ်သည်။ ၎င်းကို ကျုံးကျိုး ၏ ကုန်သွယ်ရေး ဗဟိုဌာနဟု သတ်မှတ်နိုင်ပေသည်။

ဤအချက်အလက်ကို သိလိုက်ရသောအခါ လင်းဖန်မှာ စိတ်ဝင်စားသွားလေတော့သည်။

*အမလေး... ဒီထျန်းယွမ်မြို့တော်က ငါ့အတွက် ပြင်ဆင်ထားတဲ့ နေရာ မဟုတ်ဘူးလား။ ငါ့ရဲ့ ဟင်းလင်း ပြင် မြင့်မြတ်နယ်မြေ နောင်မှာ ဖွံ့ဖြိုးလာပြီးတဲ့နောက်... ဗဟိုက ထျန်းယွမ်မြို့တော်ကို 'ဟင်းလင်းပြင် မြို့တော်' လို့ နာမည်ပြောင်းပစ်ရမယ်…။*

ဒါမှသာ ထျန်းယွမ်တိုက်ကြီးမှာ ရှိသမျှ အင်အားကြီးတွေ အားလုံးက ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ် မြေကို အမြင့်မြတ်ဆုံးအဖြစ် ကြည့်ကြမှာပေါ့။

"စီနီယာ... စီနီယာတို့ဂိုဏ်းရဲ့ အင်မော်တယ်တိမ်တိုက် မြို့တော်က ဝေးသလား…။"

"ကျွန်တော် ကျုံးကျိုးက မြို့တွေ ဘယ်လိုပုံစံလဲဆိုတာကို သွားကြည့်ချင်လို့ပါ…။"

ကျုံးကျိုး၏ အခြေအနေကို အကြမ်းဖျင်း သိရှိပြီးနောက် လင်းဖန်သည် ဦးစွာ မြို့တစ်မြို့သို့ သွားရောက် ကာ ကွင်းဆင်း လေ့လာရန် ဆုံးဖြတ်လိုက်လေသည်။

"မဝေးပါဘူး။ လဲ့ယန်က အဲဒီကို အရင်က ရောက်ဖူးတယ်၊ သူ့ကိုပဲ လမ်းပြခိုင်းလိုက်ပေါ့…။"

လျူအန်းရှန်း၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန် ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် လီလဲ့ယန်က ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်လေတော့သည်။

"ဟုတ်ကဲ့... ရပါတယ်၊ ရပါတယ်…။"

လင်းဖန်မှာလည်း လျူအန်းရှန်း၏ အကြံပြုချက်ကို အလွန် ကျေနပ်သွားမိသည်။ အင်မော်တယ် တိမ်တိုက် မြို့တော်က မဝေးဘူးဆိုသော်လည်း လမ်းလျှောက်သွားရန်မှာမူ မဖြစ်နိုင်ပေ။

ထို့ကြောင့် လျူအန်းရှန်း၏ ကျင့်ကြံခြင်းဂူမှ ထွက်လာပြီးနောက် လင်းဖန်သည် သူ၏ သုံးဘီးစက်ဘီးကို ချက်ချင်း ထုတ်လိုက်လေတော့သည်။

"ညီမလေး လဲ့ယန်... မင်းက ဓားပျံစီးမလား၊ ဒါမှမဟုတ် ဒီထဲမှာပဲ လိုက်ခဲ့မလား...။"

သေချာတာပေါ့၊ လင်းဖန်၏ စကားမှာ မလိုအပ်လှပေ။ သူ စကားမဆုံးခင်မှာပင် လီလဲ့ယန်မှာ သဘာဝ ကျကျပင် နေရာယူ ထိုင်လိုက်ပြီးသား ဖြစ်နေခဲ့သည်။

"အစ်ကိုလင်း... သွားကြရအောင်။ ကျွန်မက စက်ဘီးနောက်တွဲထဲမှာ ထိုင်ပြီး လမ်းညွှန်ပေးမယ်လေ…။"

လင်းဖန်က စိတ်ထဲက တွေးမိသည်မှာ - *ပျင်းရင်လည်း ပျင်းတယ်လို့ ပြောပါတော့ ညီမလေးရယ်၊ ဘာလမ်းညွှန်ပေးတာလဲ…* ဟုသာ။

"ကောင်းပြီလေ ညီမလေး လဲ့ယန်... မြဲမြဲကိုင်ထားနော်၊ ငါ စနင်းတော့မယ်…။"

ထိုကဲ့သို့ပြောပြီး လင်းဖန်က မတ်တပ်ရပ်ကာ သုံးဘီးစက်ဘီးကို စတင်နင်းလိုက်လေတော့သည်။

လင်းဖန်၏ အခုလက်ရှိ မဟာယာနအဆင့် ကျင့်ကြံမှုဖြင့်ဆိုလျှင် မတ်တပ်ရပ်ပြီး နင်းလိုက်သော သုံးဘီးစက်ဘီး၏ အရှိန်မှာ ကြောက်ခမန်းလိလိပင်။

လီလဲ့ယန်၏ အော်ဟစ်သံနှင့်အတူ သုံးဘီးစက်ဘီးကြီးမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ အဝေးသို့ လျင်မြန်စွာ ထွက်ခွါသွားလေတော့သည်။

All Chapters