အခန်း ၁၅၀
Vol. 15 Ch. 150
အခန်း (၁၅၀) ကိုယ်တိုင်ပေါက်ကွဲဆေးလုံး
"အမလေး... အရှိန်နဲ့ ပြေးထွက်သွားတာ ဘာကြီးလဲ…"
"ဒါက ဘာဆန်းလို့လဲ။ ကျင့်ကြံသူကြီး တစ်ယောက်ယောက် ဒါမှမဟုတ် အစောင့်အရှောက် တစ်ဦးဦး ဓားပျံစီးသွားတာ ဖြစ်မှာပေါ့…။"
"မဖြစ်နိုင်တာ။ ငါ ခပ်ရေးရေး မြင်လိုက်တာ တစ်မျိုးကြီးပဲ၊ သေချာပေါက် ဓားပျံတော့ မဟုတ်ဘူး…။"
အင်မော်တယ်တိမ်တိုက်ဂိုဏ်း အဝင်ဝက အစောင့်နှစ်ယောက်ဟာ ခုနက ဘာကြီး ပြေးထွက်သွားသလဲ ဆိုသည်နှင့် ပတ်သက်ပြီး အကြီးအကျယ် ငြင်းခုံနေကြလေသည်။
သိပ်မကြာခင်မှာပင် အရှိန်နှင့် မောင်းနှင်နေသော လင်းဖန်သည် လီလဲ့ယန်၏ လမ်းပြမှုအောက်၌ လမ်းကြောင်း မှားသွားပါလေတော့သည်။
"ညီမလေး လဲ့ယန်... စီနီယာလျူ ပြောတော့ အရမ်းနီးတယ်ဆို။ ငါ ဒီလောက် အရှိန်နဲ့ မောင်းနေတာ တောင် ဘာလို့ အခုထိ မရောက်သေးတာလဲ…။"
တစ်ခုခု မှားနေပြီလို့ ခံစားမိတာကြောင့် လင်းဖန်က ကားကို ရပ်လိုက်ပြီး လီလဲ့ယန်ဘက် လှည့်ကာ မေးခွန်းထုတ်လိုက်လေ၏။ သို့ပေမဲ့ သုံးဘီးစက်ဘီး၏ နောက်ခန်းမှာ ထိုင်နေသော လီလဲ့ယန်သည် မျက်လုံးလေး မှိတ်ထားသည်ကို သူ တွေ့လိုက်ရလေသည်။
စက်ဘီးရပ်သွားပြီဆိုတာ သိလိုက်မှပဲ လီလဲ့ယန်က မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့လေသည်။ ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် လီလဲ့ယန်ဟာ အနည်းငယ် မျက်စိလည်သွားပုံ ရလေ၏။
"အို... ကျွန်မတို့ ဘယ်ရောက်နေတာလဲ….။"
လင်းဖန် ပြောစရာ စကားမဲ့သွားရ၏။
*မင်း ငါ့ကို ပြန်မေးနေတာလား၊ ဒါ မင်းပြတဲ့ လမ်း မဟုတ်ဘူးလား* လို့ သူ စိတ်ထဲက အော်ဟစ်နေမိ ပါတော့သည်။
*ဒါဆို မင်းက မျက်လုံးမှိတ်ပြီး လမ်းပြနေတာပေါ့ ဟုတ်လား…။*
"ညီမလေး လဲ့ယန်... မင်း အင်မော်တယ်တိမ်တိုက် မြို့တော်ကို ရောက်ဖူးတာ သေချာရဲ့လား…။"
ထိုမေးခွန်းကို ကြားတော့ လီလဲ့ယန်က ချက်ချင်းပဲ အခိုင်အမာ ပြန်ပြောလေသည်။
"ရောက်ဖူးတာပေါ့ ရှင်။ ဒီဘက် အတိုင်းပဲလေ…။"
"အစ်ကိုလင်း စက်ဘီးနင်းတာ အရမ်းမြန်လို့ မြို့ကို ကျော်သွားတာများလား…။"
ကောင်းပြီလေ... ဒီညီမလေးကလည်း အပြစ်ပုံချတဲ့နေရာမှာတော့ တော်သားပဲ။ လင်းဖန်ကတော့ လမ်းတစ်လျှောက်လုံး မြို့တစ်မြို့တောင် မမြင်မိခဲ့ချေ။
ဤသို့ဖြင့် သူတို့နှစ်ယောက်သည် ခရီးမစရသေးခင်မှာတင် လမ်းပျောက်သွားကြလေတော့သည်။
ရွေးချယ်စရာ မရှိတော့သောကြောင့် လင်းဖန်သည် လမ်းမှဖြတ်သွားသော ကျင့်ကြံသူ တစ်ယောက် ယောက်ကို တွေ့မလားဟု ပတ်ဝန်းကျင်ကို လိုက်ရှာကြည့်ရလေတော့သည်။
ကံကောင်းစွာဖြင့်ပင် ဇွဲရှိမှုက အရာထင်ခဲ့ပါတော့သည်။ ခဏအကြာ၌ လင်းဖန်သည် အင်မော်တယ် တိမ်တိုက် မြို့တော်ကို မတွေ့သေးပေမဲ့ ကျင့်ကြံသူ နှစ်ယောက်ကိုတော့ တွေ့လိုက်ရပါတော့သည်။ အခုဆိုလျင်တော့ လမ်းမေးလို့ ရပြီပေါ့။
သို့ပေမဲ့ သူတို့ရှေ့မှ ကျင့်ကြံသူ နှစ်ယောက်သည် တိုက်ခိုက်နေကြပုံ ရလေ၏။
"ဒီမှာ... မိတ်ဆွေတို့၊ အင်မော်တယ်တိမ်တိုက် မြို့တော်ကို သွားဖို့ ဘယ်ဘက်ကို သွားရမလဲဆိုတာ သိကြလား…။"
လင်းဖန် ချဉ်းကပ်လာသည်ကို မြင်တော့ တိုက်ခိုက်နေသော သူနှစ်ယောက်သည် ချက်ချင်း ရပ်လိုက် ကြလေသည်။ ထို့နောက် လင်းဖန်နှင့် လီလဲ့ယန်ကို အကဲခတ်ကြည့်လိုက်ကြလေသည်။
လင်းဖန်၏ ကျင့်ကြံမှုအဆင့်ကို သူတို့ စစ်ဆေးလို့မရနိုင်မှန်း သိလိုက်ရသောအခါ သူတို့ တုန်လှုပ်သွား ကြလေတော့သည်။ ယခုလို အခြေအနေမျိုးမှာတော့ တစ်ဖက်လူသည် ကျင့်ကြံမှုကို ဖုံးကွယ်ထားတဲ့ မှော်ရတနာ တစ်ခုခု ပါလာတာ သို့မဟုတ် သူတို့ထက် ကျင့်ကြံမှု ပိုမြင့်နေခြင်းသာ ဖြစ်ရပေမည်။
လင်းဖန်နဲ့ သူ့အဖော်က အရမ်းငယ်ပုံရပေမဲ့ သူတို့ကတော့ ပထမဖြစ်နိုင်ခြေက ပိုများမယ်လို့ ထင်နေကြ လေသည်။ သို့သော်လည်း ဘေးကင်းရန်အတွက် သူတို့က ဒုတိယဖြစ်နိုင်ခြေကိုပါ ထည့်တွက်ပြီး ဆက်ဆံလိုက်ကြလေ၏။
"ဟို... ကျင့်ကြံဖော်၊ အင်မော်တယ်တိမ်တိုက် မြို့တော်က ဒီကနေ တော်တော်ဝေးပါသေးတယ်။ အနောက်ဘက်ကို အတော်ကြာအောင် ပျံသွားရပါလိမ့်မယ်…။"
ထိုစကားကို ကြားသောအခါ လင်းဖန်နှင့် လီလဲ့ယန်တို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြလေတော့၏။
*အမလေး... သူတို့နှစ်ယောက် ခုနကပဲ အနောက်ဘက်ကနေ လာခဲ့တာလေ…။*
လင်းဖန်တို့ တိတ်ဆိတ်နေတုန်းစဉ်မှာပဲ စောစောက တိုက်ခိုက်နေသော နှစ်ယောက်သည် တစ်ယောက် ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြလေ၏။ လင်းဖန်တို့ နှစ်ယောက်ကို အကဲခတ်ပြီးနောက် သူတို့ စိတ်ထဲကနေ ခန့်မှန်းနေကြခြင်းပင်။
*လမ်းမသိဘူးဆိုကတည်းက သူတို့က ဒီဒေသက အင်အားစုက မဟုတ်တာ သေချာတယ်။*
*ကျင့်ကြံဖော် လို့ ခေါ်တာကိုလည်း ငြိမ်ခံနေတယ်ဆိုတော့ ကျင့်ကြံမှုက သိပ်မြင့်မှာ မဟုတ်ဘူး။ အရေး ကြီးဆုံးကတော့ သူတို့ရဲ့ ငယ်ရွယ်တဲ့ ရုပ်ရည်နဲ့ တန်ဖိုးကြီးတဲ့ ဝတ်စုံတွေက သူတို့ဟာ ငါးပွက် (လုယက် လို့ကောင်းမယ့်သူ) တွေဆိုတာကို ပြနေတာပါပဲ…။*
ဒီလို ကျင့်ကြံသူမျိုးတွေကိုတော့ စွန့်စားပြီး လုယက်သင့်တယ်လို့ သူတို့ ဆုံးဖြတ်လိုက်ကြလေ၏။
"မင်းတို့ရဲ့ ငယ်ရွယ်တဲ့ ပုံစံကို ကြည့်ရတာ ကျင့်ကြံမှုက သိပ်မြင့်ဦးမှာ မဟုတ်ပါဘူး။ မင်းတို့ကို ငါတို့ရဲ့ ဓားပျံတွေနဲ့ အင်မော်တယ်တိမ်တိုက် မြို့တော်အထိ လိုက်ပို့ပေးရင် ဘယ်လိုလဲ…။"
သူတို့က စွန့်စားဖို့ ဆုံးဖြတ်ထားပေမဲ့ တစ်ယောက်ကတော့ စမ်းသပ်တဲ့ အနေနဲ့ စကားပြောလာခဲ့၏။ ထိုအချိန်၌ လင်းဖန်သည် ထိုလူနှစ်ယောက်၏ မကောင်းတဲ့ အကြည့်တွေကို သတိပြုမိလိုက်ချေပြီဖြစ် ၏။
သူက စိတ်ထဲကနေ သက်ပြင်းချမိလိုက်လေသည်။
*ဒီကျုံးကျိုးကတော့ အေးချမ်းတဲ့ အရှေ့ဘက်ဒေသနဲ့ တကယ်ကို မတူပါလား….။*
*ဒီက ကျင့်ကြံသူတွေက ပိုပြီး ရက်စက်ကြသလို တောတောင်တွေကလည်း ပိုပြီး အန္တရာယ် များပါ တယ်။ လမ်းမေးရုံတင်ရှိသေးတယ်၊ ကိုယ့်ကို လာပြီး ဒုက္ခပေးချင်နေကြပြီ…။*
*ဒါပေမဲ့ သူတို့က ဘယ်လိုတောင် သတ္တိရှိနေကြတာလဲ။ တစ်ဖက်လူရဲ့ ကျင့်ကြံမှုကိုတောင် ထိုးဖောက် မမြင်နိုင်ဘဲနဲ့ ဘယ်လိုများ လှုပ်ရှားရဲကြတာလဲ။ ငါက ငယ်လို့လား။ ငါက ချမ်းသာတဲ့ပုံ ပေါက်နေလို့ လား…။*
"ဟဲဟဲ... မိတ်ဆွေတို့ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာသာပဲ သွားလိုက် ပါ့မယ်…။"
"ခင်ဗျားတို့လည်း ဆက်လုပ်ကြပါဦး။ ဘယ်သူနိုင်ပြီး ဘယ်သူ သေမလဲဆိုတာကို ကျွန်တော် နှောင့်ယှက် မနေတော့ပါဘူး…။"
ဒါပေမဲ့ "ဝဖြိုးတဲ့ သိုး" ကြီးက ထွက်သွားတော့မယ်ဆိုတာ မြင်တော့ စောစောက ရန်ဖြစ်နေတဲ့ သူနှစ် ယောက်က ဘယ်သဘောတူပါ့မည်တဲ့လဲ။
"ကျင့်ကြံဖော်က နောက်နေပြန်ပြီ။ ငါတို့က အစမ်းလေ့ကျင့်နေတာပါ၊ အနိုင်အရှုံးမပေါ်လို့ ရပ်နေကြ တာ…။"
"ဒီလို အချိန်ဖြုန်းနေမယ့်အစား မင်းတို့နှစ်ယောက်ကို လိုက်ပို့ပေးတာကမှ ပိုကောင်းဦးမယ်…။"
ထိုသို့ပြောသည်ကို ကြားတော့ လင်းဖန်လည်း သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတဲ့ အကြံတစ်ခု ရသွား လေတော့သည်။
"ကျင့်ကြံသူတွေကြားက တိုက်ပွဲမှာ တကယ် တိုက်ခိုက်ရဲတယ်ဆိုရင် ဘယ်သူသေ ဘယ်သူရှင်ဆိုတာ မခွဲခြားနိုင်တာမျိုး မရှိပါဘူး…။"
"မိတ်ဆွေတို့နဲ့ ဆုံရတာ ကံတရားပါပဲ။ ခင်ဗျားတို့က ကျွန်တော့်ကို စေတနာနဲ့ လမ်းပြပေးခဲ့မှတော့ ကျွန်တော်ကလည်း စေတနာနဲ့ပဲ ခင်ဗျားတို့ ဘယ်သူသေမလဲဆိုတာကို ဆုံးဖြတ်ပေးပါ့မယ်…။"
လင်းဖန် စကားအဆုံးတွင် သူတို့မျက်နှာများ ပျက်သွားကြလေသည်။ သို့ပေမဲ့ လင်းဖန်ကတော့ ဒါတွေ ကို ဂရုမစိုက်ပေ။ သူက စနစ်သိုခန်းထဲမှ ဆေးပုလင်း တစ်ပုလင်းကို ချက်ချင်း ထုတ်လိုက်လေ၏။
"ဒီဆေးလုံးက ကျင့်ကြံသူ တစ်ယောက်ကို သူ့ရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ကို တစ်ခဏချင်းမှာ ထုတ်သုံးနိုင်စေမှာပါ။ ဒါက အရမ်းကို အဖိုးတန်ပါတယ်….။"
"ဒီနေ့ လမ်းပြပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ခင်ဗျားတို့ကို တစ်ယောက် တစ်လုံးစီ ပေးပါ့ မယ်…။"
လင်းဖန်ရဲ့ စကားကို ကြားပြီး သူတို့ ဘာမှ မပြောနိုင်ခင်မှာပဲ ဆေးလုံးနှစ်လုံးဟာ သူတို့ ပါးစပ်ထဲကို တိုက်ရိုက် တိုးဝင်သွားလေတော့၏။ လင်းဖန်က သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး သူတို့ကို အတင်း ကျွေးလိုက်ခြင်းပင်။
"ကဲ... မိတ်ဆွေတို့၊ ကျွန်တော်တို့ရဲ့ ကံတရားက ဒီမှာတင် ကုန်ပြီ။ နောက်ထပ် မဆုံကြပါစေနဲ့တော့…။"
ထိုကဲ့သို့ ပြောပြီး လင်းဖန်က လီလဲ့ယန်ကို ခေါ်ကာ ထိုနေရာကနေ အရှိန်နဲ့ ထွက်ခွာသွားလေတော့သည် ။ ပြီးတော့ သူတို့ မမြင်နိုင်တော့သော နေရာရောက်မှ လင်းဖန်သည် သူ့ရဲ့ စိတ်ဝိညာဉ်ကို သုံးပြီး သူတို့ရဲ့ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ကြည့်လိုက်ပါတော့သည်။
လင်းဖန် ခုနက ကျွေးခဲ့တဲ့ ဆေးလုံးရဲ့ အာနိသင်ကို သူ လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။ ထိုအရာက တကယ် ပဲ ကျင့်ကြံသူ တစ်ယောက်ကို ခဏချင်းမှာ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်သုံးနိုင်စေခြင်းပင်။
ဪ... ဒါနဲ့ နေပါဦး။ ဒီဆေးလုံးရဲ့ နာမည်က "ကိုယ်တိုင်ပေါက်ကွဲဆေးလုံး" တဲ့။ အဲဒါကို သောက်ပြီးရင် တော့ နာမည်အတိုင်းပဲ ကိုယ်တိုင် ပေါက်ကွဲသွားမှာပေါ့။ ကျင့်ကြံသူ တစ်ယောက်အတွက် သူ့ဘဝရဲ့ အစွမ်းအထက်ဆုံး တိုက်ကွက်ဆိုတာ ကိုယ်တိုင် ပေါက်ကွဲပစ်တာထက် ဘာရှိဦးမှာလဲ။ ဒါကြောင့် လင်းဖန် လိမ်ပြောတာ မဟုတ်ပါဘူး။
ဒီဆေးလုံးဟာ ဖော်စပ်ပြီးကတည်းက သူ့ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိကြောင့် တစ်ခါမှ အစမ်းမသုံးဖူး သေးချေ။ အခုမှပဲ လင်းဖန်အနေနဲ့ ဆေးအာနိသင်ကို မြင်တွေ့ရတော့မည်ဖြစ်၏။
ထို့နောက်မှာတော့ လင်းဖန်က သူ့ရဲ့ စိတ်ဝိညာဉ်ဖြင့် ကြည့်ရင်း တစ်ကိုယ်တည်း ဝေဖန်သုံးသပ်နေ ခဲ့လေသည်။ သူတို့နှစ်ယောက် ဆေးသောက်ပြီးနောက်မှာ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်စွမ်းအားများ သည် ပြင်းထန်စွာ သောင်းကျန်းလာလေသည်။
စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားသည်လည်း သူတို့၏ ခန္ဓာကိုယ်ထဲကို တိုးဝင်သွားကြလေသည်။ သိသာတာပေါ့... သူတို့တွေ ခုနက တိုက်ပွဲမှာ ကုန်ခမ်းသွားသော စိတ်ဝိညာဉ်စွမ်းအားတွေကို ပြန်ဖြည့် နေခြင်းပင်။
"ဟင်... စိတ်ဝိညာဉ်စွမ်းအား နည်းနေရင် ပေါက်ကွဲတာ အားမပြင်းမှာ စိုးလို့လား။ စိတ်ဝိညာဉ်စွမ်းအား ပြန်ဖြည့်တဲ့ နည်းတောင် ပါသေးတယ်ပေါ့…။"
သို့ပေမဲ့ ဒါတင် မကသေးချေ။ ခန္ဓာကိုယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအားတွေ ပြည့်သွားပြီးတဲ့နောက်မှာ လည်း စိတ်ဝိညာဉ်စွမ်းအားတွေက ထပ်ပြီး တိုးဝင်နေဆဲပင်။ သူတို့မျက်နှာတွေဟာ ပိုပြီး နာကျင်လာတဲ့ ပုံစံမျိုး ဖြစ်လာခဲ့လေသည်။ ထို့နောက်မှာတော့ "ဘုန်း.." ဆိုသော အသံကြီးနှင့်အတူ... သူတို့ ရပ်နေတဲ့ နေရာမှာတင် ပြင်းထန်စွာ ပေါက်ကွဲသွားလေတော့သည်။
"အမလေး... ဒီကိုယ်တိုင်ပေါက်ကွဲဆေးလုံးက အာနိသင် တော်တော်ကောင်းသားပဲ…။"
"ဒီနှစ်ယောက်က ရွှေအမြုတေအဆင့် (အစောပိုင်း) ပဲ ရှိတာ မဟုတ်လား။ သူတို့ ပေါက်ကွဲလိုက်တဲ့ အရှိန်က အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုတောင် အပြင်းအထန် ဒဏ်ရာရ စေနိုင်တယ်…။"
လင်းဖန် တစ်ယောက်တည်း တတွတ်တွတ် ပြောနေတာကို နားထောင်ရင်း ဘာဖြစ်နေမှန်း မသိတဲ့ လီလဲ့ယန်က ဇဝေဇဝါနဲ့ မေးလာခဲ့သည်။
"အစ်ကိုလင်း... ဘာတွေကို ကြည့်နေတာလဲ။ ကျွန်မကတော့ ဘာမှ မမြင်ရဘူး….။"
"ဪ... ဘာမှ မဟုတ်ပါဘူး၊ သွားကြရအောင်….။"
လင်းဖန်က ခပ်ပေါ့ပေါ့ပဲ ပြန်ဖြေလိုက်ပြီး သုံးဘီးစက်ဘီးကို အနောက်ဘက်ဆီ ဆက်နင်းသွားလေတော့ သည်။ လမ်းမှာ လင်းဖန်က ကိုယ်တိုင်ပေါက်ကွဲဆေးလုံး၏ ဖော်ပြချက်ကို ပြန်စဉ်းစားနေမိသည်။
[ကိုယ်တိုင်ပေါက်ကွဲဆေးလုံး (မြည်းတံဆိပ်) - အဆင့် မသတ်မှတ်ထားပါ။]
[ဖော်ပြချက် - ဒါဟာ ဆေးဆရာ တစ်ယောက်က ဆေးဘက်ဝင် အပင်မျိုးစုံကို စုပေါင်းပြီး သန့်စင်ထား တဲ့ ထူးခြားတဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။]
[အာနိသင် - ကျင့်ကြံသူ တစ်ယောက် သောက်သုံးပြီးနောက် စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားကို စုစည်းကာ ရန်သူကို ထိခိုက်အောင် ထုတ်လွှတ်နိုင်ပါတယ်။]
[ဘေးထွက်ဆိုးကျိုး - သောက်ပြီးနောက် သေဆုံးနိုင်ခြေ အလွန်မြင့်မားသည်။]
ဘေးထွက်ဆိုးကျိုးမှာ သေဆုံးနိုင်ခြေ အလွန်မြင့်မားတယ်လို့ ဆိုပေမဲ့ လင်းဖန်ရဲ့ အမြင်မှာတော့(၁၀၀) ရာခိုင်နှုန်း နဲ့ အနီးစပ်ဆုံးသာပင်။ အထူးသဖြင့် အခြေတည်စိတ်ဝိညာဉ်အဆင့်အောက် ကျင့်ကြံသူတွေ အတွက်ဆိုပါလျင် သေဆုံးမှုနှုန်းက (၁၀၀) ရာခိုင်နှုန်း အပြည့်ပါပဲ။ အခြေတည်စိတ်ဝိညာဉ်အဆင့် အထက် လူတွေကျမှသာ သူတို့ရဲ့ အခြေတည်စိတ်ဝိညာဉ် ဒါမှမဟုတ် ရှေးဟောင်းစိတ်ဝိညာဉ်ကြောင့် အသက်ဘေးက လွတ်နိုင်မလားဆိုတာ မသေချာခြင်းပင်။
ဘယ်လိုပဲဖြစ်ဖြစ် လင်းဖန်ကတော့ ဒီဆေးကို သေချာပေါက် သုံးမှာ မဟုတ်ပေ။ ရုတ်တရက် လင်းဖန် စိတ်ထဲမှာ အကြံတစ်ခု ရသွားပြန်လေသည်။
*ငတုံး... ငါ့ရဲ့ အစောင့်အရှောက်ရုပ်သေးတွေကရော ဒီဆေးကို သောက်လို့ ရမလား….။*