အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း (၁၇၃) ပြောဖို့မေ့သွားပြန်ပြီ၊ နောက်တစ်ခါ ပြောဖို့မေ့သွားပြန်ပြီ
ထိုကဲ့သို့ အဆင့်ဆင့်ဖြင့် သန့်စင်နေရသည့် အကြောင်းရင်းမှာတော့...
လင်းဖန်သည် ကိုယ်တိုင်ပေါက်ကွဲဆေးလုံး ပမာဏအမျိုးမျိုးကို အသုံးပြု၍ သန့်စင်ထားသော မီးဖို ဖောက်ခွဲဆေးလုံး များ၏ အစွမ်းကို သိရှိလိုခြင်းကြောင့် ဖြစ်ပေသည်။ ဤသို့ဖြင့် နောင်တစ်ချိန်တွင် အခြေအနေပေါ်မူတည်၍ လိုအပ်သလို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။
ဤမီးဖိုဖောက်ခွဲဆေးလုံးသည် ကျင့်ကြံသူများ၏ အစွမ်းသတ္တိများကဲ့သို့ မိမိစိတ်ကြိုက် ထိန်းချုပ်၍ ရသော အရာမျိုး မဟုတ်ပေ။ အကယ်၍ အသုံးမတော်ပါက မိမိလူကိုပင် ပြန်လည်ထိခိုက်စေနိုင်သည်။
ဥပမာအားဖြင့် ရှေ့တွင်ရှိနေသော ရွှမ်းမင်ဂိုဏ်းနှင့် တိုက်ပွဲတွင် လင်းဖန်က မီးဖိုဖောက်ခွဲဆေးလုံး တစ်လုံးကို ပစ်ထုတ်လိုက်လျှင် ပေါက်ကွဲမှုအရှိန်က မိမိ၏လူများကိုပါ ထိခိုက်သွားနိုင်သဖြင့် မကောင်း ပေ။
တစ်နေ့လုံးလုံး လင်းဖန်သည် ဆေးသန့်စင်ခြင်းတွင်သာ အချိန်ကုန်ဆုံးနေခဲ့လေသည်။ မီးဖိုဖောက်ခွဲ ဆေးလုံးများ သန့်စင်ခြင်းကို ကြီးကြပ်ရုံသာမက အခြားသော ဆေးမီးဖိုကိုယ်ပွားများကိုလည်း ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး ကဲ့သို့သော ဆေးလုံးများကို အသုတ်လိုက် သန့်စင်ခိုင်း ထားလေသည်။
နောက်ဆုံးတော့ လီချန်းချင်းက စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ပေးချေထားပြီးဖြစ်ရာ သူသည် ပစ္စည်း များကို အချိန်မီ ပေးပို့ရမည်ဖြစ်လေသည်။
သူသည် အဆင့်မြှင့်တင်ရန် အသုံးပြုခဲ့သော အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းအနက် ကိုးသန်းကို သုံးစွဲခဲ့ပြီးဖြစ်ရာ တစ်သန်းသာ ကျန်ရှိတော့သည်။ ထို့အပြင် မိုးခြိမ်းသံမြို့တော်မှ ရရှိထား သော စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း လင်းဖန်အတွက် ဆေးလုံးအသုတ်လိုက် သန့်စင်ရန် လုံလောက်နေပြီဖြစ်ပေသည်။
လင်းဖန်၏ အကြီးအကျယ် ဆေးဖော်စပ်မှုသည် လျူအန်းရှန်းထံမှ သတင်းစကား ရောက်ရှိလာသည် အထိ ဆက်လက်လုပ်ဆောင်နေခဲ့လေသည်။
"ရှောင်လင်း...၊ မင်းအတွက် မြေနေရာကို ရှင်းလင်းပေးပြီးပြီ။ အဲဒီဂိုဏ်းသုံးဂိုဏ်းကို အခု ယူလာလို့ ရပြီ….။"
သတင်းရရချင်းမှာပင် လင်းဖန်သည် သန့်စင်ပြီးသားဖြစ်သော မီးဖိုဖောက်ခွဲဆေးလုံးများကို သိမ်းဆည်း လိုက်လေသည်။
အရင်က အရှေ့ဘက်ဒေသမှ ဂိုဏ်းသုံးဂိုဏ်းနှင့် ဈေးကွက်တစ်ခုကို ယူလာစဉ်က လင်းဖန်သည် လေးခေါက်တိတိ သွားခဲ့ရလေသည်။ သို့သော် ယခုအခါတွင်မူ အင်မော်တယ်တိမ်တိုက်ဂိုဏ်းသို့ ယူဆောင်လာရန် တစ်ခေါက်တည်းသာ လိုအပ်ပေတော့သည်။
ဤသည်မှာ လင်းဖန်သည် အတိဒုက္ခအဆင့်သို့ တက်လှမ်းသွားခြင်းကြောင့် ဖြစ်ပေသည်။
စနစ်ရှိ ပစ္စည်းများအားလုံးသည်လည်း လင်းဖန်နှင့်အတူ အဆင့်တက်သွားခဲ့ကြသည်။ ကုန်စည်ပို့ဆောင် ရေး လုပ်ဆောင်ချက်သည်လည်း ပစ္စည်းတစ်ခုတည်းသာ သယ်ဆောင်နိုင်ရာမှ ပစ္စည်းအမြောက်အမြား ကို တစ်ပြိုင်တည်း သယ်ဆောင်နိုင်သည့် အဆင့်သို့ ပြောင်းလဲသွားခဲ့လေသည်။
အကယ်၍ လုပ်ဆောင်ချက်က အဆင့်မတက်လျှင်ပင် လင်းဖန်အတွက် သိပ်ပြီး အခက်အခဲ မရှိလှပေ။ နောက်ဆုံးတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် မဝေးလှသဖြင့် လေးခေါက်သယ်ရလျှင်ပင် အချိန် အများကြီး မကုန်နိုင်ပေ။
ထို့အပြင် သူ၏ဂိုဏ်းနှင့် ဈေးကွက်ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပိုင်နက်ထဲတွင် အခြေချလိုက်လျှင် ၎င်းတို့သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း ဌာနချုပ်နှင့် တစ်သားတည်းဖြစ်သွားသည်ဟု ယူဆနိုင် ပေသည်။
အကယ်၍ ထိုအချိန်တွင် အခြေစိုက်စခန်းကို ရွှေ့ပြောင်းရန် လိုအပ်လာပါက အင်မော်တယ်တိမ်တိုက် ဂိုဏ်း၏ အခြေစိုက်စခန်းကို မလိုက်သည်နှင့် ဂိုဏ်းသုံးဂိုဏ်းနှင့် ဈေးကွက်မှာလည်း သဘာဝအတိုင်း ပါသွားမည်သာဖြစ်သည်။
ထို့ကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်ချက် အဆင့်တက်သွားခြင်းမှာ လင်းဖန်အတွက်တော့ ထူးထူးခြားခြား မရှိလှပေ။
လင်းဖန်သည် ဂိုဏ်းသုံးဂိုဏ်းနှင့် ဈေးကွက်ကို ဦးဆောင်ကာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွင်းသို့ မည်သည့် အနှောင့်အယှက်မှမရှိဘဲ ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း တပည့်များစွာ၏ အာရုံစိုက်မှုကို ရရှိစေခဲ့ပြီး ထိတ်လန့်သွားစေခဲ့သည်။
ထိုအချိန်တွင် သူတို့သည် သူတို့ဂိုဏ်း၏ အစီအရင်ကြီး ပျက်စီးသွားပြီလားဟုပင် သံသယဝင်သွားကြ လေသည်။ ဤမျှကြီးမားလှသော အရာဝတ္ထုကြီး လေးခု ကျူးကျော်ဝင်ရောက်လာသည်ကို အစီအရင် က မည်သည့်တုံ့ပြန်မှုမျိုးမှ မရှိခြင်းကြောင့်ဖြစ်လေသည်။
ထိုနေရာတွင် စောင့်ဆိုင်းနေသော လီချန်းချင်းနှင့် အခြားသူများလည်း အံ့အားသင့်သွားကြလေသည်။ သို့သော် သူသည် တပည့်များကို မထိတ်လန့်ကြရန် အသိပေးလိုက်လေသည်။
တပည့်များကို တည်ငြိမ်အောင် လုပ်ပြီးနောက် လီချန်းချင်းသည် လင်းဖန်ကို ရွေးချယ်ထားသော မြေနေရာသို့ ခေါ်ဆောင်သွားခဲ့လေသည်။
"ညီငယ်လင်း... ဒီနေရာပဲ။ ဒါက ငါတို့ဂိုဏ်းရဲ့ အနောက်ဘက်တောင်ကုန်းပဲ။ မင်း စိတ်တိုင်းကောကျရဲ့ လား…။"
ကျယ်ပြောလှသော မြေနေရာကို ကြည့်ရင်း လင်းဖန် အတော်လေး စိတ်ကျေနပ်သွားမိလေသည်။
တစ်ချိန်တည်းမှာပင် နဝမအဆင့်ဂိုဏ်းတစ်ခု၏ ပိုင်နက်မှာ ချင်းယွင်ဂိုဏ်းကဲ့သို့သော ဂိုဏ်းငယ်လေး များနှင့် မည်မျှကွာခြားကြောင်းကိုလည်း သူ အံ့ဩနေမိပေသည်။
"အရမ်း စိတ်ကျေနပ်ပါတယ်…၊ ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်လီ…။"
ဤအနောက်ဘက်တောင်ကုန်းသည် တဆက်တည်းဖြစ်နေသော တောင်တန်းကြီးတစ်ခုဖြစ်လေသည်။ လင်းဖန်သည် ဂိုဏ်းသုံးဂိုဏ်းနှင့် ဈေးကွက်ကို တောင်ကြားအချို့တွင် အခြေချပေးလိုက်လေသည်။
ဤတောင်တန်းများပေါ်တွင် အခြေချလိုက်ခြင်းမှာ ဂိုဏ်းသုံးဂိုဏ်းကို 'တောင်ထိပ်သုံးခု' ဟု အမည် ပြောင်းရန် ပို၍ပင် သင့်တော်သွားစေခဲ့သည်ပင်။
"ညီငယ်လင်း... ဂိုဏ်းရဲ့ အစောင့်အရှောက် အစီအရင်ကို အခုပဲ ဖွင့်သင့်ပြီလား…။"
"ရွှမ်းမင်ဂိုဏ်းက စစ်ပွဲကို ခုနစ်ရက်အတွင်း စတင်မယ်လို့ ကြေညာထားပေမဲ့...၊ အဲဒါက ငါတို့ကို အငိုက် မိအောင် တိုက်ဖို့အတွက် သူတို့ လွှင့်ထားတဲ့ သတင်းမှားလည်း ဖြစ်နိုင်တယ်လေ….။"
လင်းဖန် အခြေချပြီးရုံရှိသေးသည်၊ လီချန်းချင်းက အစီအရင်ကြီးအကြောင်းကို မစောင့်နိုင်တော့ဘဲ မေးလာခဲ့လေသည်။
"ဟားဟား... ရပါတယ်၊ အခုပဲ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ကာကွယ်ပေးလိုက်ပါ့မယ်…။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးထီးကို ထုတ်ယူကာ ခရမ်းရွှေနတ်နဂါးအစီအရင်ကို ဖွင့်ချလိုက်သည်။
ခရမ်းရွှေနတ်နဂါးအစီအရင်သည် ကာကွယ်ရမည့် ပစ်မှတ်၏ အရွယ်အစားပေါ် ေမူတည်၍ အလို အလျောက် ချိန်ညှိပေးနိုင်သော စွမ်းရည်ရှိလေသည်။ ထို့ကြောင့် မကြာမီမှာပင် အစီအရင်ကြီးသည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွလေတော့သည်။
"ဂိုဏ်းချုပ်လီ... အစီအရင်ကြီးကို ဖွင့်လိုက်ပါပြီ။ ခင်ဗျား အဲဒါကို စမ်းသပ်ကြည့်လို့ ရပါတယ်…။"
လင်းဖန်၏ စကားမှာ လီချန်းချင်း ကြားချင်နေသည့် စကားပင်ဖြစ်ပေသည်။ လင်းဖန်၏ အစီအရင်မှာ အလွန်အစွမ်းထက်ကြောင်း သူသိသော်လည်း မည်မျှအထိ အစွမ်းထက်သည်ကိုမူ သူ မသိသေးပေ။
"ကောင်းပြီ... စီနီယာအစ်ကို ဝမ်၊ အစီအရင်ရဲ့ အပြင်ဘက်ကို သွားပြီး ဂိုဏ်းကို တစ်ချက်လောက် တိုက်ခိုက်ကြည့်စမ်းပါ…။"
သူပြောသော စီနီယာအစ်ကို ဝမ်မှာ အတိဒုက္ခအဆင့် (၇) ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။ ထိုသူ သည် စကားကြားသည်နှင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့လေ သည်။
ထို့နောက် စီနီယာအစ်ကို ဝမ်သည် သူ၏ မှော်စွမ်းအင်များကို စုစည်းကာ အကြီးအကျယ် ပျက်စီးစေနိုင် သော တိုက်ကွက်တစ်ခုကို အစီအရင်ပေါ်သို့ တိုက်ရိုက် ပစ်လွှတ်လိုက်လေတော့သည်။
သို့သော်လည်း ထိုတိုက်ကွက်သည် အစီအရင်က ဖန်တီးထားသော မိုးကာအကာအကွယ်ပေါ်သို့ ကျ ရောက်သွားပါသော်လည်း လှိုင်းလေးတစ်ခုမျှပင် မဖြစ်ပေါ်စေခဲ့ပေ။ စီနီယာအစ်ကို ဝမ်မှာ အားမလို အားမရ ဖြစ်သွားပြီး သူ၏ ဓားပျံကို ထုတ်ယူကာ အကာအကွယ်ကို ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
ကြည့်ရတာ သူက တစ်နေရာတည်းကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ချင်နေသည့်ပုံပင်။
တစ်ဖက်လူ၏ အစီအစဉ်ကို မြင်လိုက်ရသောအခါ လင်းဖန်က ချက်ချင်း တားမြစ်လိုက်လေသည်။
"ဓားပျံကို မသုံးပါနဲ့…၊ အဲဒါက...။"
ကံမကောင်းစွာဖြင့် လင်းဖန် စကားမဆုံးခင်မှာပင် စီနီယာအစ်ကို ဝမ်၏ ဓားပျံသည် မိုးကာအကာ အကွယ်ကို ထိမှန်သွားခဲ့လေသည်။ ထို့နောက် 'ချွမ်း' ဆိုသည့် ကျယ်လောင်သော အသံကြီးနှင့်အတူ စီနီယာအစ်ကို ဝမ်၏ ဓားပျံမှာ နှစ်ပိုင်းကျိုးသွားလေတော့သည်။
ရုတ်တရက် အငိုက်မိသွားသော စီနီယာအစ်ကို ဝမ်၏ ပါးစပ်ထောင့်မှ သွေးများ ချက်ချင်း စီးကျလာခဲ့ သည်။ ၎င်းမှာ အစီအရင်၏ ပြန်ကန်ထွက်လာသော အစွမ်းကြောင့် ဒဏ်ရာအပြင်းအထန် ရသွားခြင်း သာဖြစ်လေသည်။
"အဲဒါက... ကျိုးသွားလိမ့်မယ်….။"
သို့သော် ယခုအချိန်တွင် လင်းဖန် ပြောလိုက့်ပါသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်၏။
"ဟင်း... ဂိုဏ်းချုပ်လီ၊ ကျွန်တော့်အမှားပါ၊ ကြိုပြီး ပြောဖို့ မေ့သွားခဲ့တယ်…။"
သူ၏ လက်ထဲတွင် ရှိနေသော စီနီယာအစ်ကို ဝမ်ကို ကြည့်ရင်း လီချန်းချင်း စကားပင် မပြောနိုင်တော့ ပေ။
"ညီငယ်လင်း... ဒါက မင်းအမှား မဟုတ်ပါဘူး။ စီနီယာအစ်ကို ဝမ်က အရမ်း စိတ်လောသွားလို့ပါ…။"
"ဓားချီနဲ့ပဲ စမ်းကြည့်လိုက်ရင် ရနေတာကို၊ ဘာလို့ ဓားကိုယ်တိုင်နဲ့ သွားပြီး ထိပ်တိုက်တွေ့ရတာလဲ…။"
ပြောရင်းဆိုရင်း လီချန်းချင်းသည် တရားထိုင်နေသော စီနီယာအစ်ကို ဝမ်ကို လှမ်းကြည့်လိုက်လေ သည်။
"စီနီယာအစ်ကို ဝမ်... မြန်မြန် ဆင်းလာခဲ့ပါဦး၊ ပြီးတော့ ဒီ 'ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး' ကို သောက်လိုက်ပါ။ တိုက်ပွဲကြီးက နီးနေပြီဆိုတော့ အခုလိုအချိန်မှာ ဒဏ်ရာရလို့ မဖြစ်ဘူး…။"
လင်းဖန်၏ ဆေးလုံးများ ရောက်မလာသေးသော်လည်း လျူအန်းရှန်းဆီမှာ အနည်းငယ် ရှိနေသေး သည်။ အရင်က လျူအန်းရှန်းက သူ့ကို ဆေးလုံးပြတုန်းက သူက အတင်းတောင်းထားခဲ့ခြင်းဖြစ်သည်။
အကယ်၍ အရင်ကဆိုလျှင် လီချန်းချင်းသည် စီနီယာအစ်ကို ဝမ်၏ ဒဏ်ရာလေးအတွက် ဤဆေးလုံး ကို သုံးရန် နှမြောနေမည်ဖြစ်သည်။ သို့သော် အခုကတော့ အခြေအနေက ထူးခြားနေပြီး မကြာခင်မှာ ဆေးလုံးတွေ အများကြီး ရတော့မည်ဖြစ်ရာ သူ မနှမြောတော့ပေ။
ခေါ်သံကြားသည်နှင့် စီနီယာအစ်ကို ဝမ်သည် ချက်ချင်း ပျံသန်း၍ဆင်းလာခဲ့လေသည်။ သို့သော်လည်း 'ဘုန်း' ဆိုသည့် အသံကြီး ထပ်ထွက်လာပြန်လေသည်။ ထိုစီနီယာအစ်ကို ဝမ်သည် အကာအကွယ် အစီအရင်ကြီးကို တိုက်ရိုက် ဝင်တိုက်မိသွားခဲ့ခြင်း ဖြစ်လေသည်။
ဤမြင်ကွင်းကြောင့် လီချန်းချင်း မှင်တက်သွားရပြန်လေသည်။
"ညီငယ်လင်း... ဒါက ဘာဖြစ်တာလဲ…။"
လင်းဖန်လည်း ဝေခွဲမရဖြစ်သွားပြီး စနစ်ကို ချက်ချင်း မေးလိုက်လေသည်။ စနစ်၏ ရှင်းပြချက်ကို ကြားပြီးနောက် လင်းဖန်မှာ ဆွံ့အသွားရလေတော့သည်။
"အော်... ဂိုဏ်းချုပ်လီ၊ ကျွန်တော် ပြောဖို့ မေ့သွားပြန်ပြီ။ ဒီ ခရမ်းရွှေနတ်နဂါးအစီအရင်က မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားနိုင်တဲ့ စွမ်းရည် ရှိပါတယ်…။"
"ဒီစီနီယာက အခုလေးတင် အစီအရင်ကို တိုက်ခိုက်ခဲ့လို့ အစီအရင်က သူ့ကို ရန်သူအဖြစ် သတ်မှတ် လိုက်တာပါ။ အဲဒါကြောင့် သူ ဝင်လို့မရတော့တာ ဖြစ်ပါတယ်…။"
ထိုရှင်းပြချက်ကို ကြားတော့ လီချန်းချင်း ခေတ္တမျှ ကြောင်သွားပြီးမှ ပြောလိုက်လေသည်။
"ဒါ... ဒါက ကောင်းတဲ့အချက်ပဲ၊ ဒါပေမဲ့ စီနီယာအစ်ကို ဝမ်က ဝင်လို့မရတော့ဘူး ဆိုတဲ့ သဘော လား…။"
လင်းဖန်က ခေါင်းခါပြပြီး ဆက်ရှင်းပြလိုက်လေသည်။
"ဂိုဏ်းချုပ်လီ မစိုးရိမ်ပါနဲ့။ အစီအရင်က အလိုအလျောက် ခွဲခြားတာအပြင် ကျွန်တော်ကိုယ်တိုင်လည်း သတ်မှတ်ပေးလို့ ရပါတယ်။ ဒီစီနီယာကို ကျွန်တော့်လူအဖြစ် ပြန်ပြီး သတ်မှတ်ပေးလိုက်ရင် ရပါပြီ…။"
ထို့နောက် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးထီးဆီသို့ အမိန့်ပေးလိုက်လေသည်။ နောက်ဆုံးတွင် စီနီယာ အစ်ကို ဝမ်မှာ အောက်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်၏။ လီချန်းချင်း ပေးသော ဆေးလုံးကို သောက်ပြီး နောက် သူ၏ ဒဏ်ရာများ သက်သာသွားခဲ့လေသည်။
စီနီယာအစ်ကို ဝမ်သည် နှာခေါင်းသွေးများ ထွက်နေသည့် ကြားကပင် မေးလိုက်လေသည်။
"ဂိုဏ်းချုပ်ညီငယ်... ငါတို့ဂိုဏ်းက ဒီကျိုးသွားတဲ့ ဓားပျံကို ပြန်ပြင်ပေးနိုင်မှာ မဟုတ်ဘူးလား…။"