အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) မြူခိုးဝိညာဉ်ရည်လား၊ (၅၀၂) ကော်လား
စီနီယာအစ်ကို ဝမ်၏ စိတ်မကောင်းဖြစ်နေသော မျက်နှာကို ကြည့်ပြီး လီချန်းချင်းက ချက်ချင်းပင် နှစ်သိမ့်ပေးလိုက်သည်။
"စီနီယာအစ်ကို ဝမ်... စိတ်မပူပါနဲ့၊ ကျွန်တော် အသစ်တစ်လက် ပြန်ဝယ်ပေးပါ့မယ်…။"
"ကျွန်တော်တို့ဂိုဏ်းက ချမ်းသာပါတယ်။ ပြင်နေဖို့ မလိုပါဘူး၊ အသစ်တစ်လက်နဲ့ပဲ လဲပေးလိုက်တော့ မယ်။"
ထိုစကားကို ကြားလိုက်ရတော့ လင်းဖန် မသိစိတ်ကနေ စကားတစ်ခွန်း ဝင်ပြောလိုက်မိလေသည်။
"ဒါဆို... အဟောင်းကိုကော ဘာလုပ်မှာလဲ…။"
လင်းဖန်၏ စကားကြောင့် လီချန်းချင်းမှာ အနည်းငယ် ကြောင်သွားရလေသည်။
"အဟောင်းလား…။ ဒီလောက်ကြီး ကျိုးသွားတာကို ပြန်ပြင်ရင်တောင် သူ့ရဲ့ အစွမ်းက အများကြီး လျော့ သွားမှာပဲလေ…။"
"အမှတ်တရအဖြစ် ဂိုဏ်းရဲ့ ပစ္စည်းသိုလှောင်ရုံထဲမှာပဲ ထည့်ထားလိုက်တော့မယ်…။"
ကြော်ငြာစကားကို တစ်ဖက်လူက နားမလည်မှန်း သိသွားသော လင်းဖန်က စကားလမ်းကြောင်း လွှဲ လိုက်လေသည်။
"ဟင်း... အဟမ်း... ဂိုဏ်းချုပ်လီ၊ ကျွန်တော်က ဆေးလုံးတွေနဲ့ မှော်လက်နက်တွေ ရောင်းရုံတင်မကဘူး၊ ကျိုးသွားတဲ့ ဓားတွေကို ပြန်ပြင်ပေးတဲ့ လုပ်ငန်းလည်း လုပ်ပါတယ်…။"
"ကျိုးသွားတဲ့ ဓားကို ပြန်ပြင်ပြီးတဲ့နေ့မှာ အဲဒီဓားရဲ့ အဆင့်ကပါ မြင့်တက်သွားနိုင်တယ်နော်…။"
လင်းဖန်၏ စကားကို လီချန်းချင်း မယုံကြည်နိုင်သလို ဖြစ်သွားလေ၏။
"ညီငယ်လင်း... ဒါက အဆင့် (၈) ဓားပျံလေ။ သူ့ရဲ့ အဆင့်ကို ထပ်ပြီး တိုးမြှင့်ဖို့ဆိုတာ မယုံနိုင်လောက် အောင် ခက်ခဲလိမ့်မယ် မဟုတ်ဘူးလား….။"
လီချန်းချင်း သံသယဖြစ်သည်ကလည်း မဆန်းပေ။
နောက်ဆုံးတော့ လင်းဖန်ကိုယ်တိုင်လည်း အဆင့်တက်မတက် သေချာမသိသေးသောကြောင့် ဖြစ် လေသည်။ သူ ၅၀၂ ကော်ကို သုံးဖူးသည်က တစ်ကြိမ်တည်းသာ ရှိသေးသည်ပင်။ ဤသည်မှာလည်း လီလဲ့ယန်၏ အဆင့်မြင့်မှော်လက်နက်ကို ထိပ်တန်းအဆင့် မှော်လက်နက်အဖြစ် ပြင်ပေးခဲ့စဉ်ကပင်။
ဤအဆင့် (၈) ဓားပျံပေါ်မှာကော အကျိုးသက်ရောက်မှု ရှိပါ့မလား သူ မသေချာပေ။
"စမ်းကြည့်တာပေါ့…။ အဆင့်မတက်ရင်တောင် ဒီဓားပျံကိုတော့ အကောင်းအတိုင်း ပြန်ပြင်ပေးနိုင်ပါ တယ်…။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် ဖုန်တက်နေသည့် ၅၀၂ ကော်ကို ထုတ်ယူလိုက်သည်။ လင်းဖန်၏ လက်ထဲမှ ထူးဆန်းသော အရာကို ကြည့်ပြီး လီချန်းချင်းက မေးလိုက်လေသည်။
"ညီငယ်လင်း... ဒါက ဘာလဲ…။"
အကယ်၍ ဒါက ၅၀၂ ကော်ပါလို့ တိုက်ရိုက်ပြောလိုက်လျှင် တစ်ဖက်လူက နားလည်မည် မဟုတ် ကြောင်း လင်းဖန် သိပေသည်။ ထို့ကြောင့် သူက ခဏလောက် စဉ်းစားပြီး ဆန်းပြားလှသည့် ဇာတ်လမ်း တစ်ပုဒ်ကို တီထွင်လိုက်လေတော့သည်။
"ဒီအရာက အင်မတန် ထူးခြားတဲ့ နောက်ခံရှိတယ်ဗျ…။"
"ဒဏ္ဍာရီအရ ကောင်းကင်ယံက အပေါက်တွေကိုတောင် ပြန်ဖာနိုင်တဲ့ ဆန်းကြယ်တဲ့ ကျောက်တုံး တစ်မျိုး ရှိသတဲ့။ နောက်ပိုင်းမှာ အဲဒီကျောက်တုံးက ဝိညာဉ်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ကျွန်းတစ် ကျွန်းပေါ်ကို မတော်တဆ ပြုတ်ကျသွားခဲ့တယ်…။"
"အဲဒီကျွန်းပေါ်က ဝိညာဉ်စွမ်းအင်တွေက မြူခိုးတွေလို ထူထပ်နေတာ။ အချိန်ကြာလာတော့ အဲဒီမြူခိုး လို ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်တွေက ထူးဆန်းတဲ့ ကျောက်တုံးပေါ်မှာ ကပ်ညှိသွားပြီး အရည်အဖြစ် ပြောင်းလဲသွားခဲ့တယ်…။"
"ကျွန်တော့်လက်ထဲက အရာကတော့ အဲဒီအရည်ပဲ၊ သူ့ကို 'မြူခိုးဝိညာဉ်ရည်' လို့ ခေါ်တယ်။ မြူခိုးလို ဝိညာဉ်စွမ်းအင်တွေကနေ ဖြစ်လာတဲ့ အရည်မို့လို့ မြူခိုးဝိညာဉ်ရည်လို့ ခေါ်တာပေါ့…။"
လင်းဖန်၏ ရှင်းပြချက်ကြောင့် လီချန်းချင်းနှင့် အခြားသူများမှာ မှင်တက်သွားကြလေသည်။
"ဒါ... ဒါက ဒီလောက်တောင် နောက်ခံကောင်းတာဆိုတော့ အင်မတန် အဖိုးတန်မှာပဲနော်….။"
လီချန်းချင်း၏ အံ့ဩသံကို ကြားတော့ လင်းဖန်က လက်ခါပြလိုက်လေသည်။
"ဟေး... အဖိုးတန်တဲ့ ပစ္စည်းဆိုတာ လိုအပ်တဲ့နေရာမှာ သုံးမှ သူ့တန်ဖိုးက ပေါ်တာပါ။ တခြားလူသာဆို ရင်တော့ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပေးရင်တောင် ကျွန်တော် သုံးပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံးတော့ ဒီအရာက ပြန်မရနိုင်တဲ့ ရတနာလေ၊ သုံးလိုက်လေ ကုန်သွားလေပဲ…။"
လင်းဖန်ကတော့ ပြောစရာရှိတာ အကုန်ပြောပြီးပြီဖြစ်၏။ ဘယ်လိုတုံ့ပြန်မလဲဆိုတာကတော့ လီချန်းချင်း တို့အပေါ်မှာပဲ မူတည်ကေသည်။ ချမ်းသာကြွယ်ဝလှသော အင်မော်တယ်တိမ်တိုက်ဂိုဏ်း က သူ့ကို ဒီအတိုင်းတော့ လက်လွှတ်မည်မဟုတ်ကြောင်း လင်းဖန် ယုံကြည်နေခဲ့သည်ပင်။
မှန်းထားသည့်အတိုင်းပင် လီချန်းချင်းက ချက်ချင်းပင် ပြောလာလေသည်။
"ညီငယ်လင်း... မင်းရဲ့ ဒီကျေးဇူးကို ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အမြဲမှတ်ထားပါ့မယ်။ စိတ် မပူပါနဲ့၊ ဒီရတနာကို ငါတို့ အလကား မသုံးပါဘူး။ နောက်မှ မင်းကို ထိုက်ထိုက်တန်တန် ပြန်ဆပ်ပါ့ မယ်…။"
ဤစကားကို ကြားမှ လင်းဖန် စိတ်အေးသွားရလေသည်။
"ဂိုဏ်းချုပ်လီကလည်း အားနာစရာကြီးဗျာ။ ဒါဆိုရင် ကျိုးနေတဲ့ ဓားကို ကျွန်တော့်ကို ပေးပါ၊ ပြင်ဖို့ အတွက် အချိန်အနည်းငယ် ယူရပါလိမ့်မယ်…။"
"ဒါနဲ့... ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံးနဲ့ တခြားဆေးအချို့ သန့်စင်ပြီးပြီ။ ဂိုဏ်းချုပ်တို့ အရင်ယူပြီး သုံးထားလိုက်ပါ…။"
ထို့နောက် လင်းဖန်သည် ကျိုးနေသော ဓားကို ယူကာ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲသို့ ပြန်ဝင် သွားခဲ့လေတော့သည်။
ဓားပျံကို ပြင်ရသည်မှာ အချိန်အများကြီး မယူရပေ။ လင်းဖန်က အချိန်ယူရမည်ဟု ပြောလိုက်ခြင်းမှာ တစ်ဖက်လူကို သူ့ရဲ့ ပြင်ဆင်မှုက အရမ်းလွယ်ကူနေသည်ဟု မထင်စေချင်သောကြောင့်သာ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း ပြင်လိုက်လျှင် ရမည့်ဆုလာဘ်က အများကြီး လျော့သွားနိုင်သည် မဟုတ်လား။
လင်းဖန်သည် ၅၀၂ ကော်သုတ်ထားသော ဓားအပိုင်းအစများကို ပြန်ဆက်လိုက်သည်။ အလင်းတစ်ချက် ဖျတ်ခနဲ လက်သွားပြီးနောက် ဓားပျံမှာ မူလအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
"ဟာ… တကယ်ပဲ အဆင့်တက်သွားတာပဲ…။ ဒါက အခုဆို အဆင့် (၉) လို့တောင် သတ်မှတ်လို့ ရနေပြီ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ငါ့ကို လက်ဆောင်ကြီးကြီးမားမား မပေးရင်တော့ တကယ့်ကို မတရား ရာ ကျလိမ့်မယ်…။"
အစက သိပ်မသေချာသော်လည်း ဓားပျံ၏ အဆင့် အမှန်တကယ်တက်သွားသည်ကို မြင်လိုက်ရသဖြင့် လင်းဖန် အတော်လေး စိတ်လှုပ်ရှားသွားခဲ့လေသည်။
"ကြည့်ရတာ နောက်ဆိုရင် ကမ္ဘာပေါင်းများစွာ ရတနာသေတ္တာထဲက ပစ္စည်းတွေကို သေချာ လေ့လာ ရဦးမယ်။ အမှိုက်တွေ အများကြီး ပါပေမဲ့ ကံကောင်းရင်တော့ ပစ္စည်းကောင်းတွေ ရှာတွေ့နိုင်တာပဲ…။"
ထို ၅၀၂ ကော်သည် ရတနာသေတ္တာထဲက ရခဲ့ခြင်းဖြစ်ကြောင်း လင်းဖန် မမေ့သေးပေ။ နောင်တွင် ရတနာသေတ္တာ လုပ်ငန်းကို ပိုပြီး အားပေးရမည်ဟု သူ ဆုံးဖြတ်လိုက်လေသည်။
သူ့ရှေ့ရှိ ပြုပြင်ပြီးသား အဆင့် (၉) ဓားပျံကို ကြည့်ရင်း လင်းဖန် ပြန်မပေးချင်သလို ဖြစ်နေခဲ့လေသည်။ နောက်ဆုံးတော့ သူပိုင်ဆိုင်ထားသည့် အစောင့်အရှောက် ရုပ်သေးရုပ်တွေမှာ သုံးစရာ မှော်လက်နက် မရှိသေးပေ။
သူကိုယ်တိုင်လည်း အဆင့် (၉) မှော်လက်နက်တွေကို သန့်စင်နိုင်နေပြီ ဖြစ်သော်လည်း... သူ ဖန်တီးသမျှ အရာတွေက တစ်ခုထက်တစ်ခု ပိုပြီး မယုံကြည်ရသလို ဖြစ်နေသည်မဟုတ်ပါလား။
အကယ်၍ ဘေးထွက်ဆိုးကျိုးတွေက လက်မခံနိုင်စရာ ဖြစ်နေရင် စိတ်ဝိညာဉ်ကျောက်တုံးတွေ အလကား ကုန်မည် မဟုတ်ပါလား…။
"ဟင်း... အေးလေ၊ ငါကိုယ်တိုင်ပဲ ဆက်ပြီး လေ့ကျင့်ရမှာပေါ့။ လက်တွေ့ကို ရင်ဆိုင်ရမှာပဲ…။"
ပြောရင်းဆိုရင်း လင်းဖန်သည် အဆင့် (၉) မှော်လက်နက် တစ်ခုကို သန့်စင်ရန် စတင်လေ့လာတော့ သည်။ အစောင့်အရှောက် ရုပ်သေးရုပ်အတွက်တင် မကဘဲ သူ့အတွက်ပါ အပိုတစ်ခု လိုအပ်ပေသည်။
သူ၏ ခရမ်းရွှေနတ်နဂါးထီးမှာ ခရမ်းရွှေနတ်နဂါးအစီအရင်ကို ထိန်းထားရန် လိုအပ်သဖြင့် အမြဲတမ်း သုံး၍မရပေ။ ဓားကို ထုတ်ယူပြီး အစီအရင်၏ အနှစ်သာရအဖြစ် ထားခဲ့ကာ ထီးကို လဲလှယ်နိုင်ပါ သော်လည်း...၊ ထိုသို့ဆိုလျှင် တိုက်ခိုက်ရန် လက်နက် မရှိတော့ပေ။
တစ်ခုက တိုက်စစ်၊ တစ်ခုက ခံစစ်ဖြစ်သော်လည်း အပြင်ထွက်လျှင် တစ်ခုတည်းသာ ယူသွားနိုင်သည်။
အများကြီး စဉ်းစားပြီးနောက် ဓားကို ထားခဲ့ပြီး ထီးကို ယူသွားရန် သူ ဆုံးဖြတ်လိုက်လေသည်။ ခရမ်း ရွှေနတ်နဂါးလှံ ပုံစံပြောင်းလျှင်လည်း ထိုလှံပုံစံမှာ ထီးကို ပိတ်ထားရသောကြောင့် တိုက်ခိုက်ရာတွင် သာ သုံးနိုင်လေသည်။
ပြဿနာကို သိလိုက်ရသောအခါ လင်းဖန်သည် စနစ်ကို လှမ်းညည်းတွားလိုက်လေသည်။ စနစ်ကတော့ အစီအရင် အဆင့်တက်သွားလျှင် ခရမ်းရွှေနတ်နဂါးထီးကနေ ခွဲထုတ်နိုင်မည်ဟု ပြန်ပြောခဲ့လေသည်။ လောလောဆယ်တော့ စနစ်ဆိုင်ထဲက မှော်လက်နက်တစ်ခုကို ယာယီအစားထိုးအဖြစ် ဝယ်သုံးရန် အကြံပေးခဲ့လေသည်။
ကပ်စေးနှဲလှသော လင်းဖန်ကတော့ ထိုသို့ ပိုက်ဆံကို အကုန်ခံမည် မဟုတ်ပေ။ အဆိုးဆုံး ဖြစ်လာလျှင် သုံးခြေထောက် စက်ဘီး၏ တိုက်ခိုက်မှု စွမ်းရည်ကို သုံးမည်။ ထိုမှ မရလျှင် မီးဖိုဖောက်ခွဲဆေးလုံး ရှိနေ သေးသည်။
သို့ပေမဲ့လည်း မိမိစိတ်ကြိုက် မှော်လက်နက်တစ်ခုကို သန့်စင်နိုင်လျှင်တော့ ပိုကောင်းမည်ပေါ့။
အတော်လေး လေ့လာပြီးနောက် လင်းဖန် သန့်စင်မှုခြင်း စတင်ရန် ပြင်ဆင်လိုက်လေသည်။ ပထမဆုံး သန့်စင်မည့်အရာမှာ သူကိုယ်တိုင် သုံးမည့် မှော်လက်နက် ဖြစ်လေသည်။ သူ့အတွက် သုံးမှာဆိုတော့ အဆင့်မြင့်ဖို့ လိုသည်ပင်။
ထို့ကြောင့် လင်းဖန်သည် ဒဏ္ဍာရီပုံပြင်ထဲက မှော်လက်နက်အချို့ကို နမူနာယူလိုက်လေသည်။ သေချာ စဉ်းစားပြီးနောက် လင်းဖန်သည် 'ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်' ကို ရွေးချယ်လိုက်လေ သည်။ ၎င်း၏ လုပ်ဆောင်ချက်များကို နမူနာယူပြီး အဆင့်နိမ့် ဗားရှင်းတစ်ခု ဖန်တီးရန် သူ စီစဉ်လိုက် သည်။
*ဘာကြောင့် 'ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်' ကို ရွေးရတာလဲသိလား….။*
*ဟဲဟဲ... ဘာလို့လဲဆိုတော့ အဲဒီတံဆိပ်တော်မှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်လေ။ အဲဒါက တော့ 'မြင့်မြတ်တဲ့ မိခင်' တွေကို အထူးပစ်မှတ်ထား ချေမှုန်းနိုင်တာပဲ။*
လင်းဖန်သည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုထဲ ထည့်လိုက်သည်။ ထို့နောက် သူ၏ မှတ်ဉာဏ်ထဲက ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်၏ ပုံစံကို စိတ်ထဲမှာ ပုံဖော်လိုက်လေသည်။
လင်းဖန်၏ စိတ်ကူးထဲတွင် ဆေးမီးဖိုထဲက စိတ်ဝိညာဉ်ကျောက်တုံးများသည် သက်ဆိုင်ရာ ကုန်ကြမ်း ပစ္စည်းများအဖြစ် အဆက်မပြတ် လဲလှယ်ခံနေရပြီး သန့်စင်မှု လုပ်ငန်းစဉ် စတင်နေခဲ့လေသည်။
လင်းဖန် သန့်စင်ချင်သော မှော်လက်နက်မှာ အဆင့်မြင့်လွန်းသောကြောင့် ဖြစ်နိုင်သလို... သူ နမူနာယူ ထားသည့် အရာ၏ အဆင့်မှာ မြင့်မားလွန်းသောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ဤသန့်စင်မှုမှာ ထူးထူးခြားခြား အချိန်အကြာကြီး ယူခဲ့ရသည်။ ထို့အပြင် ဆေးမီးဖိုထဲက စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်သွားတိုင်း စိတ်ဝိညာဉ်ကျောက်တုံးများ ထပ်ထည့်ရန် စနစ်က ဆက်တိုင်အသိပေးနေခဲ့သည်။
စိတ်ဝိညာဉ်ကျောက်တုံးများကို အကြိမ်ကြိမ် ထပ်ဖြည့်ပြီးနောက် လင်းဖန်မှာ နှမြောလွန်းသဖြင့် လက်လျှော့ချင်စိတ်ပင် ပေါက်လာခဲ့လေသည်။ နောက်ဆုံးတွင် 'ဒင်' ဆိုသည့် အသံနှင့်အတူ သန့်စင်မှု အောင်မြင်သွားခဲ့လေသည်။
အသံကို ကြားသည်နှင့် လင်းဖန် စိတ်လှုပ်ရှားစွာဖြင့် ဆေးမီးဖိုကို ဖွင့်ကြည့်လိုက်သည်။ အနက်ရောင် သန်းနေပြီး အုတ်ခဲပုံစံရှိသော မှော်လက်နက်တစ်ခု။
"ဟာ... ဘာကြီးလဲ….။ ဒါက ဘယ်လို ဒီဇိုင်းကြီးလဲ…. ငါ မျှော်လင့်ထားတဲ့ ပုံစံနဲ့ တစ်စက်ကလေးမှ မတူပါလား….။"