အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆) အရင်ဆုံး တစ်ယောက်ကို အပိုင်ဖမ်းခြင်း
ထိုလူ (၁၂) ယောက်ထဲတွင် ကောင်းကင်ဘုံအတိဒုက္ခ (၈) ကြိမ်ကို ကျော်ဖြတ်ထားသော အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူ နှစ်ယောက်၊ အတိဒုက္ခအဆင့် (၇) ရှိသော ကျင့်ကြံသူ နှစ်ယောက်နှင့် ကျန် သူများမှာတော့ အနည်းဆုံး အတိဒုက္ခအဆင့် (၃) ၌ ရှိကြသူများ ဖြစ်လေ၏။
ထိုကြောက်စရာကောင်းသော လူစာရင်းကို ကြည့်ပြီး လင်းဖန်သည် ရွှမ်းမင်ဂိုဏ်း၏ အင်အားကို တစ်ဖန်အံ့ဩမိပြန်သည်။ ယခုရောက်လာသော အတိဒုက္ခအဆင့် ကျင့်ကြံသူ (၁၂) ယောက်သည် သူတို့ဂိုဏ်း၏ အင်အားအကုန်လုံး မဖြစ်နိုင်သည်ကတော့ သေချာပေသည်။ မည်သို့ပင်ဆိုစေ ဂိုဏ်းကို စောင့်ရှောက်ရန်အတွက် လူအင်အားချန်ထားခဲ့ရဦးမည် မဟုတ်ပါလား။
ရွှမ်းမင်ဂိုဏ်းက လူ (၁၂) ယောက်၏ တစ်ဖက်မှာတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းချုပ် လီချန်းချင်း အပါအဝင် အတိဒုက္ခအဆင့် ကျင့်ကြံသူ ရှစ်ယောက် ရှိနေသည်ပင်။ အရေအတွက်မှာသာမက ပျမ်းမျှ အင်အားမှာလည်း တစ်ဖက်လူကို အများကြီး ရှုံးနိမ့်နေခဲ့သည်ပင်။
ပို၍ စိတ်ဝင်စားဖို့ကောင်းသည်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ထိူရှစ်ယောက်သည် အတိဒုက္ခ အဆင့် (၁) ကနေ (၈) အထိ အသီးသီး ရှိနေကြခြင်းပင်။ အတိဒုက္ခ (၈) ကြိမ် ကျော်ဖြတ်ထားတဲ့သူကို တော့ လင်းဖန် တစ်ခါမှမြင်ဖူးချင်းမရှိသေးပေ။
အတိဒုက္ခအဆင့် (၇) ၌ ရှိနေသူကတော့ လီချန်းချင်း၏ စီနီယာအစ်ကို ဝမ် ဖြစ်ပေသည်။ လီချန်းချင်း ကိုယ်တိုင်ကတော့ အတိဒုက္ခအဆင့် (၆) ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး အတိဒုက္ခအဆင့် (၁) ကို အခုမှ တက်လှမ်းထားသော လျူအန်းရှန်းလည်း ထိုအထဲတွင် ပါဝင်နေပေသည်။
ကျင့်ကြံမှု အဆင့်များ တိုက်တိုက်ဆိုင်ဆိုင် စီတန်းနေသည်ကို ကြည့်ပြီး အင်မော်တယ်တိမ်တိုက်ဂိုဏ်း သည်လည်း သူတို့၏ အစစ်အမှန် အင်အားကို ဝှက်ထားသည်မှာ သေချာကြောင်း လင်းဖန် သိလိုက် ပေသည်။ ဂိုဏ်း၏ အောက်ခြေ၌လည်း အချိန်မရွေး အလစ်အငိုက် တိုက်ခိုက်ရန် အသင့်ပြင်ထားသော အတိဒုက္ခအဆင့် ကျင့်ကြံသူများ ရှိနေနိုင်သေးသည်ပင်။
နှစ်ဖက်စလုံး အခြေအနေကို အကဲခတ်နေစဉ်မှာပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းချုပ် လီချန်းချင်းက အရင်ဆုံး စကားစလိုက်လေသည်။
"ဟင်း... ရွှမ်းမင်ဂိုဏ်းက လူတွေဟာ စကားကို အလကား ပြောတတ်မှန်း ငါသိသားပဲ…။"
"စစ်ပွဲကို ခုနစ်ရက်နေမှ စမယ်လို့ လူသိရှင်ကြား ကြေညာထားပြီးတော့ တကယ်တမ်းကျ ငါတို့ကို ပေါ့ဆသွားအောင် လုပ်ပြီး အငိုက်ဖမ်း တိုက်ချင်နေတာကိုး။ ခင်ဗျားတို့ က ငါတို့ကို ဘာမှ မပြင်ဆင် ထားဘူးလို့ထင်နေတာလား….။"
"ဘယ်လိုလဲ….။ ငါတို့ဂိုဏ်းရဲ့ အစောင့်အရှောက် အစီအရင်အသစ်က တောင့်တင်းရဲ့လား…။"
လီချန်းချင်း၏ အကြည့်အတိုင်း လိုက်ကြည့်လိုက်သောအခါ ရွှမ်းမင်ဂိုဏ်းမှ အထွက်အထိပ် အတိဒုက္ခ အဆင့် ကျင့်ကြံသူ နှစ်ယောက်ထဲမှ တစ်ယောက်၏ ပါးစပ်ထောင့်မှာ သွေးများ ပေကျံလျက်ရှိသည်ကို လင်းဖန် တွေ့လိုက်ရသည်။ ထိုသူ၏ လက်ထဲ၌လည်း ကျိုးနေသော ဓားပျံတစ်လက် ရှိနေခဲ့၏။
လင်းဖန် ခုနက ခံစားလိုက်ရသော တိုက်ခိုက်မှုသည် ထိုလူ့လက်ချက် ဖြစ်မည်မှာ သေချာပေသည်။ ထိုကျင့်ကြံသူသည် စီနီယာအစ်ကို ဝမ် လုပ်ခဲ့သော နည်းလမ်းအတိုင်း လင်းဖန်၏ ခရမ်းရွှေနတ်နဂါး အစီအရင်အား ဓားပျံဖြင့် တိုက်ရိုက် ထိပ်တိုက်တွေ့ခဲ့ပုံရလေသည်။ ဤနည်းလမ်းက တိုက်ခိုက်မှုတွင် အပြင်းဆုံး ဖြစ်သော်လည်း ရလဒ်မှာတော့ စီနီယာအစ်ကို ဝမ် ကဲ့သို့ပင် ဓားကျိုးပြီး ဒဏ်ရာရသွားခဲ့ ခြင်းပင်။
လီချန်းချင်း၏ စကားကို ကြားသောအခါ ထိုသူက ချက်ချင်း နှာခေါင်းရှုံ့လိုက်လေသည်။
"ဟွန့်... လိပ်ခွံတစ်ခု ရှိနေရုံနဲ့ အကုန်ပြီးသွားပြီ ထင်နေတာလား…။ခင်ဗျားတို့ အင်မော်တယ်တိမ်တိုက် ဂိုဏ်းရဲ့ လိပ်ခွံက ငါတို့ရဲ့ အကြိမ်ကြိမ် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူးလို့ ငါအာမခံတယ်…။"
"ဒါမှမဟုတ် ခင်ဗျားတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တစ်သက်လုံး ဒီလိပ်ခွံထဲမှာပဲ ပုန်းနေတော့ မှာလား…။"
ဤသည်ကိုကို ကြားသောအခါ လီချန်းချင်းက ရယ်မောလိုက်ပြီး...
"ခံနိုင် မခံနိုင်ဆိုတာ စမ်းကြည့်ရင် သိမှာပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ အစီအရင်ကြီးကို တိုက်ခိုက်နေတုန်း ငါတို့ရဲ့ တုံ့ပြန်မှုကိုကော ခံနိုင်မှာတဲ့လား….။"
လီချန်းချင်း၏ စကားအဆုံး၌ ဒဏ်ရာရထားသော အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူက ထပ်ပြောလိုက်လေသည်။
"ခင်ဗျားတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ငါ့ရဲ့ နယ်မြေထဲကို အကြောင်းမဲ့ ကျူးကျော်ဝင်ရောက်ပြီး ငါတို့ဂိုဏ်းက အတိဒုက္ခအဆင့် အကြီးအကဲ နှစ်ယောက်ကို သတ်ခဲ့တယ်။ ငါတို့က တရားမျှတမှု ရှာဖို့ လာတာပဲ….။"
"အကယ်၍ ခင်ဗျားတို့ဘက်က ကျေနပ်လောက်တဲ့ လျော်ကြေးပေးရင်တော့ ဒီကိစ္စကို ဒီမှာတင် အဆုံး သတ်ပေးမယ်။ မဟုတ်ရင်တော့ ငါတို့ဂိုဏ်း နှစ်ဂိုဏ်းဟာ သေတပန် သက်တစ်ဆုံး တိုက်ခိုက်ရလိမ့် မယ်….။"
"ခင်ဗျားတို့ရဲ့ ခုခံမှုကို အချိန်တိုအတွင်း မဖျက်ဆီးနိုင်ရင်တောင် ငါတို့က အင်မော်တယ်တိမ်တိုက်ဂိုဏ်း ကို ဝိုင်းရံထားလို့ ရတယ်။ အဲဒီအချိန်ကျရင် အပြင်ထွက်လာတဲ့ တပည့်တိုင်းကို ငါ သတ်ပစ်မယ်။ အဲဒါ ကို ခင်ဗျားတို့ ဘယ်လို ဖြေရှင်းမလဲ ကြည့်ရသေးတာပေါ့…။"
ရွှမ်းမင်ဂိုဏ်းမှ လူများသည် အစ၌ အငိုက်ဖမ်း တိုက်ခိုက်ရန် လာခဲ့ကြခြင်း ဖြစ်လေသည်။ အင်အားကြီး ကျင့်ကြံသူတွေ မသိခင်မှာပင် တစ်ဖက်ဂိုဏ်းကို အင်အားသုံးပြီး ဝင်တိုက်ကာ တပည့်အများအပြားကို သတ်ဖြတ်ပြီး စိတ်ဓာတ်ရိုက်ချိုးရန် စီစဉ်ခဲ့ကြခြင်းဖြစ်ပေသည်။ ထိုသို့ဆိုလျင် သူတို၏ဂိုဏ်းသားများ အလုံးအရင်းဖြင့် စစ်ခင်းသောအခါတွင် အသေအပျောက် နည်းသွားမည်ပင်။
သို့သော်လည်း တစ်ဖက်ဂိုဏ်း၏ အစောင့်အရှောက် အစီအရင်မှာ သူတို့ ထင်ထားသည်ထက် အများ ကြီး ပိုတောင့်တင်းနေခဲ့သည်ပင်။ မထိုးမဖောက်နိုင်သည့်အပြင် အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ပင် ဒဏ်ရာရသွားခဲ့သေး၏။ ဘာမှ လုပ်မရတော့သော အခြေအနေတွင် ယခုလို အချင်းချင်း အချေအတင် စကားပြောနေရခြင်း ဖြစ်လေသည်။
ယခုကဲ့သို့ ပြောနေခြင်းမှာလည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖိအားပေးပြီး လျော်ကြေးတောင်း ချင်နေခြင်း ဖြစ်ပေသည်။ လျော်ကြေးရလျှင်ပင် သူတို့က လက်လွှတ်မည် မဟုတ်ပေ။ အခွင့်အရေးကို စောင့်ပြီး ထိုအစီအရင်၏ အားနည်းချက်ကို ရှာကာ ပြန်တိုက်ခိုက်ဖို့သာ ကြံစည်နေကြခြင်းဖြစ်၏။
သူတို့၏ တွေးခေါ်ပုံက မဆိုးလှချေ။ ဂိုဏ်းများကြားမှ စစ်ပွဲဆိုသည်မှာ ကြီးမားသည့် ကိစ္စဖြစ်ပြီး သာမန်ဂိုဏ်းများသည် စစ်ကို အလွယ်တကူ စလေ့မရှိကြချေ။ ထို့ပြင် သေဆုံးသွားသော အကြီးအကဲ နှစ်ယောက်ကို အကြောင်းပြပြီး သူတို့ဘက်မှ မှန်ကန်နေသယောင် ပုံဖော်နေခြင်း ဖြစ်လေသည်။
ဤနည်းလမ်းဖြင့် အားနည်းနေပြီဖြစ်သော အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို နောက်ဆုတ်သွားအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့က မျှော်လင့်နေပုံရပေသည်။
သို့သော်လည်း သူတို့၏ အတွေးများ အောင်မြင်ရန်မှာ မလွယ်ကူလှပေ။ လီချန်းချင်းက ရယ်မောပြီး ပြန်ပြောလိုက်လေသည်။
"ဟင်း... ခွေးရူးတွေက အရိုးကို ကိုက်လို့ မရတော့မှပဲ တရားမျှတမှုအကြောင်း ပြောတတ်လာတာ လား…။ ငါတို့ကို လာလုဖို့ ကြိုးစားတဲ့သူတွေက အစွမ်းအစမရှိလို့ အသတ်ခံလိုက်ရတာကို...။ အဲ့ဒီ အမှန်တရားကို ငါတို့က မသိဘူး ထင်နေတာလား…။"
နှစ်ဖက်စလုံး အချေအတင် ပြောနေကြစဉ်မှာပင် အောက်မှာ စောင့်နေသော လင်းဖန်သည် စိတ်မရှည် တော့ပေ။
*ဒီလူတွေကတော့ တကယ့်ကိုပဲ။ တိုက်ချင်ရင်လည်း တိုက်ကြပေါ့၊ ဘာတွေ အများကြီး ပြောနေကြ တာလဲ…။ တိုက်ပွဲမစခင်မှာ ယဉ်ကျေးပျူငှာတဲ့ စကားတွေ အများကြီး ပြောနေကြရသေးတယ်…။*
ထိုကဲ့သို့တွေးပြီး လင်းဖန်သည် သူတို့၏တိုက်ပွဲကို အရှိန်မြှင့်ပေးရန်အတွက် ဆုံးဖြတ်လိုက်လေသည်။
သူသည် အသစ်သန့်စင်ထားသော 'ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်' ကို ချက်ချင်း ထုတ်ယူ လိုက်လေသည်။ ထို့နောက် ဒဏ်ရာရနေသော အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူ၏ မျက်နှာ ဆီသို့ တိုက်ရိုက် ပစ်ပေါက်လိုက်ပေတော့သည်။
ထိုသူသည် လီချန်းချင်း၏ စကားကို ပြန်ပြောဖို့ ပြင်နေတုန်းမှာပင် ထူးဆန်းသော မှော်လက်နက်တစ်ခု သူ့ဆီ ပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။ သူ စကားဆက်မပြောနိုင်ခင်မှာပင် ဓားပျံကို မြှောက် ပြီး လှမ်းခုခံလိုက်လေသည်။ သို့ပေမဲ့ သူက အလောတကြီး တုံ့ပြန်လိုက်ခြင်း ဖြစ်လေသည်။
သူ၏ ဓားပျံသည် မကြာခင်က အစီအရင်ကို တိုက်ခိုက်စဉ်တုန်းက ကျိုးသွားခဲ့သည်ကို သူ မေ့နေခဲ့ သည်။ လက်ထဲတွင် ဓားအပိုင်းအစလေးသာ ကျန်တော့သည်ဖြစ်သဖြင့် ဘာကိုမှ မထိလိုက်ပေ။
ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်သည် မည်သည့်အတားအဆီးမှ မရှိဘဲ သူ၏ မျက်နှာ တည့်တည့်ကို အရှိန်ဖြင့် ထိမှန်သွားခဲ့လေတော့သည်။
အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူသည် မျက်ဖြူလန်သွားပြီး ကောင်းကင်ယံမှာတင် မေ့မြော သွားလေတော့သည်။ မေ့သွားခြင်းကြောင့် လေထဲတွင် ပျံဝဲနေသည်ကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ အောက်ကို တိုက်ရိုက် ပြုတ်ကျလာခဲ့လေတော့သည်။
ထိုရုတ်တရက် အခြေအနေကြောင့် ရွှမ်းမင်ဂိုဏ်းမှ လူများ အကြီးအကျယ် ထိတ်လန့်သွားကြလေ သည်။ သူတို့၏ မှော်လက်နက်များကို ချက်ချင်း ထုတ်ယူလိုက်ပြီး တိုက်ပွဲစရန် အသင့်ပြင်လိုက်ကြ လေသည်။
ဤကိစ္စကို စတင်ခဲ့သည့် လင်းဖန်ကတော့ မြေပြင်ပေါ်မှ တိုက်ရိုက် ပျံတက်လာလေသည်။ ပြုတ်ကျ လာသော ကျင့်ကြံသူ၏ အောက်တွင် ဟင်းလင်းပြင်တံခါး တစ်ခုကို အသာအယာ ဖွင့်ပေးလိုက်သည်။ ထိုကျင့်ကြံသူသည် ဟင်းလင်းပြင်တံခါးထဲကို တိုက်ရိုက် ပြုတ်ကျသွားပြီး လင်းဖန်၏ မြင့်မြတ်နယ်မြေ ထဲကို ရောက်သွားတော့သည်။
ဤသို့ဖြင့်ပင်... အထွက်အထိပ် အတိဒုက္ခအဆင့်ရှိသော ထိုကျင့်ကြံသူသည် တိုက်ကွက် တစ်ကွက်ပင် ထုတ်ခွင့်မရလိုက်ဘဲ လင်းဖန်ရဲ့ အကျဉ်းသား ဖြစ်သွားရပေတော့သည်။
ထိုအချိန်မှာပင် အလစ်အငိုက် တိုက်ခိုက်မှု အောင်မြင်သွားသော ကောင်းကင်လှည့်လည်ခြင်းတံဆိပ် တော်သည် လင်းဖန်၏ လက်ထဲကို ပြန်ရောက်လာခဲ့လေသည်။
ရွှမ်းမင်ဂိုဏ်းမှ တခြား ကျင့်ကြံသူများသည် လင်းဖန်က အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းမှန်း သိသွား ကြလေ၏။ သူတို့၏ ဒုတိယဂိုဏ်းချုပ်ကို လင်းဖန်က ဘယ်ခေါ်သွားမှန်းမသိ ခေါ်သွားသည်ကို ကြည့်ပြီး သူတို့ ဒေါသတကြီးဖြင့် လင်းဖန်ကို တိုက်ခိုက်ကြလေတော့သည်။
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တကယ့်ကို အရှက်မရှိတာပဲ…။ အလစ်အငိုက် တိုက်ခိုက်ရဲတယ်ပေါ့။ ငါတို့ရဲ့ ဒုတိယဂိုဏ်းချုပ်ကို ဘယ်မှာ ဖျောက်ထားတာလဲ…။"
ဒေါသတကြီး ပြေးဝင်လာသော လူအုပ်ကြီးကို မြင်သည်နှင့် လင်းဖန်၏ အစောင့်အရှောက် ရုပ်သေးရုပ် ကချက်ချင်း ပေါ်လာပြီး သူ့ကို ကာကွယ်ပေးလိုက်လေသည်။
"မင်းတို့ကလည်း ဘာတွေ လာပြောနေတာလဲ…။ ဘယ်သူက အနောက်ကနေ ခိုးတိုက်လို့လဲ…။ ငါက သူ့ရဲ့ ရှေ့တည့်တည့်ကနေ တိုက်လိုက်တာလေ မဟုတ်ဘူးလား….။ သူက ဒီလောက်အထိ အသုံးမကျ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ…။ ဓားက ကျိုးနေပြီကို အဲဒါနဲ့ လာကာနေသေးတယ်လေ…။"
ပြောရင်းဆိုရင်း လင်းဖန်သည် စနစ်ထဲမှ နတ်ဘုရားသတ်နှင်တံကို ထုတ်ယူကာ အစောင့်အရှောက် ရုပ်သေးရုပ်၏ လက်ထဲကို ထည့်ပေးလိုက်လေသည်။ ထိုအချိန်မှာပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လူတွေလည်း ငြိမ်မနေတော့ပေ။
လင်းဖန်က တစ်ဖက်လူရဲ့ အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံ သူတစ်ယောက်ကို ဖြုတ်ချလိုက် သည်ကို မြင်ပြီး တစ်ဖက်လူက လင်းဖန်ကို စုပြုံတိုက်ခိုက်လာသော အခါ သူတို့လည်း မှော်လက်နက် များ ထုတ်ပြီး ရန်သူကို သွားရောက် တိုက်ခိုက်ကြလေတော့သည်။
အတိဒုက္ခအဆင့် ကျင့်ကြံသူ (၁၁) ယောက်၏ စုပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ လင်းဖန် လည်း ခေတ္တမျှ ထိတ်လန့်သွားမိလေသည်။
သူက ဘာလို့ ခရမ်းရွှေနတ်နဂါးထီးကို မသုံးတာလဲဆိုတာ ရှင်းနေပါသည်။ ခုခံနိုင်ရင်တောင် ဒဏ်ရာ ရသွားနိုင်ခြင်းကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် လင်းဖန်သည် သူ၏ အတိဒုက္ခအဆင့် အစောင့် အရှောက် ရုပ်သေးရုပ်ကို သူ၏ရှေ့၌ အကာအကွယ်အဖြစ် ထားလိုက်တော့သည်။