← Chapters

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း ၁၇၇

Vol. 18 Ch. 177

အခန်း (၁၇၇) ဂိုဏ်းတစ်ခု၏ အခြေခံအုတ်မြစ်ဆိုသည်မှာ အဘယ်နည်း....။

ရွှမ်းမင်ဂိုဏ်းသား (၁၁) ယောက်၏ တိုက်ခိုက်မှုအနက် (၆) ခုကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းသား များက တားဆီးပေးလိုက်လေသည်။ သို့သော် ကျန် (၅) ယောက်ကမူ လင်းဖန်ထံသို့ ဆက်လက် တိုက်ခိုက်လာကြပြီး လင်းဖန်၏ ရှေ့တွင် ကာကွယ်ပေးထားသော ရုပ်သေးရုပ်ကို ထိမှန်သွားခဲ့လေ သည်။

ထိုအချိန်မှာပင် အစောင့်အရှောက်ရုပ်သေး ကိုင်ဆောင်ထားသော နတ်ဘုရားသတ်နှင်တံ၏ ဘေးထွက်ဆိုးကျိုးက စတင်အသက်ဝင်လာခဲ့လေသည်။

ရန်သူထံမှ လာသမျှ တိုက်ခိုက်မှုများအားလုံးသည် စိတ်ဝိညာဉ်ထိခိုက်မှုများအဖြစ်သို့ ပြောင်းလဲသွား ခဲ့လေသည်။ ရှေးဟောင်းစိတ်ဝိညာဉ် မရှိသော ရုပ်သေးရုပ်အတွက်မူ အသွင်ပြောင်းစိတ်ဝိညာဉ်ထံမှ လာသော ဒဏ်ရာများကို လွယ်လင့်တကူ လျစ်လျူရှုထားနိုင်လေသည်။

"ဟားဟား... မင်းတို့ ထမင်းမစားလာကြဘူးလား…။"

"ငါတို့ ဒီအတိုင်း ရပ်နေတာတောင် မင်းတို့ ငါတို့ကို အနာတရလေးတောင် မဖြစ်အောင် မလုပ်နိုင်ကြဘူး လား….။"

"အိမ်ပြန်ပြီး ထမင်းဝအောင်စားပြီးမှ ပြန်လာခဲ့ကြစမ်းပါဦး….။"

လင်းဖန်၏ ရယ်သံကို ကြားလိုက်ရသောအခါ ရွှမ်းမင်ဂိုဏ်းမှ (၅) ယောက်စလုံး မှင်တက်သွားကြသည်။

"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ….။"

"ငါတို့ စုပေါင်းတိုက်ခိုက်တာကို သူတို့က ဘာထိခိုက်မှုမှမရှိဘဲ ခံနိုင်ရည်ရှိနေတာလား….။"

သို့သော် လင်းဖန်ကမူ သူတို့၏မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

"ဂိုဏ်းချုပ်လီ... ဒီ (၅) ယောက်ကို ငါ့နဲ့ပဲ ထားခဲ့လိုက်၊ ခင်ဗျားတို့က ကျန်တဲ့ (၆) ယောက်ကိုပဲ ကိုင်တွယ် လိုက်ပါ…။"

ပြောပြီးသည်နှင့် လင်းဖန်နှင့် အစောင့်အရှောက်ရုပ်သေးတို့သည် ထို (၅) ယောက်ကို ပြန်လည်၍ တိုက်ခိုက်ကြလေတော့သည်။

အစောင့်အရှောက်ရုပ်သေးက လင်းဖန်၏ရှေ့မှနေ၍ ဒဏ်ရာများကို ခံပေးနေပြီး လင်းဖန်ကမူ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြု၍ ဟင်းလင်းပြင်ထဲတွင် ပုန်းကွယ်နေခဲ့သည်။ ရန်သူများ၏ တိုက်ကွက်ကြားမှ ဟာကွက်ကို အခွင့်ကောင်းယူကာ ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ဖြင့် အလစ်အငိုက် တိုက်ခိုက်လိုက်ခြင်းပင်။

ထိုအချိန်တွင် ရွှမ်းမင်ဂိုဏ်းမှ (၅) ယောက်စလုံးမှာ အံ့ဩနေတုန်းပင် ရှိသေးသည်။

လင်းဖန်က ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ဖြင့် နောက်ထပ်တစ်ယောက်ကို ထပ်မံရိုက်ချ လိုက်ပြန်လေသည်။ ထို့နောက် သူ၏ဘေးတွင် ဟင်းလင်းပြင်တံခါးတစ်ခုကို ဖွင့်လှစ်ကာ အထဲသို့ ကန်သွင်းလိုက်လေ၏။

ရှေ့တွင်ရှိနေသော အစောင့်အရှောက်ရုပ်သေးသည် လူအချို့၏တိုက်ခိုက်မှုကို ခံယူရင်း အတိဒုက္ခ အဆင့် (၇) ရှိသော ကျင့်ကြံသူတစ်ဦး၏ ရှေးဟောင်းစိတ်ဝိညာဉ်ကို အားနည်းသွားအောင် လုပ်ဆောင် နိုင်ခဲ့သည်။

ထိုအချိန်မှာပင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွင်းမှ နောက်ထပ် အတိဒုက္ခအဆင့် ကျင့်ကြံသူ (၃) ဦး ပျံထွက်လာပြီး ရွှမ်းမင်ဂိုဏ်းသားများကို တိုက်ခိုက်ကြလေတော့သည်။

အခြေအနေ မဟန်တော့သည်ကို သိလိုက်သော ရွှမ်းမင်ဂိုဏ်းမှ ကျန်ရှိနေသော အထွက်အထိပ် အတိ ဒုက္ခအဆင့် ကျင့်ကြံသူများသည် ချက်ချင်းဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

"သူတို့က တစ်ခုခု ထူးဆန်းနေတယ်၊ သွားကြစို့…။"

ပြောပြီးသည်နှင့် ကျန်ရှိနေသော ရွှမ်းမင်ဂိုဏ်းသားများသည် တိုက်ပွဲကို စွန့်လွှတ်ကာ အဝေးသို့ ထွက်ပြေးသွားကြလေတော့သည်။

ကံမကောင်းသည်မှာ အစောင့်အရှောက်ရုပ်သေး၏ အနီးကပ်စောင့်ကြည့်ခြင်း ခံနေရသော အတိဒုက္ခ အဆင့် (၇) ကျင့်ကြံသူမှာမူ မလွတ်မြောက်နိုင်တော့ပေ။ နောက်ဆုံးတွင် လင်းဖန်က အခွင့်ကောင်းယူ ကာ ထိုသူ့ကို မေ့သွားအောင် ရိုက်နှက်၍ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲသို့ ပို့ဆောင်လိုက်လေ တော့သည်။

အတိဒုက္ခအဆင့် (၇) ကျင့်ကြံသူကို ဖြေရှင်းပြီးနောက် လင်းဖန်သည် မျက်စိတစ်မှိတ်အတွင်း ပျောက် ကွယ်သွားသော ရွှမ်းမင်ဂိုဏ်းသားများကို ကြည့်လိုက်လေသည်။ သူသည် သူ၏သုံးဘီးစက်ဘီးကို ချက်ချင်းထုတ်ယူကာ လိုက်လံဖမ်းဆီးရန် ပြင်လိုက်လေတော့သည်။

"ဂိုဏ်းချုပ်လီ...၊ သွားကြစို့…။သူတို့ အားနည်းနေတုန်းမှာပဲ အမြစ်ပြတ် သတ်ပစ်လိုက်ရအောင်…။"

စက်ဘီးပေါ်သို့ တက်ပြီးသားဖြစ်သော လင်းဖန်သည် လီချန်းချင်းနှင့် အခြားသူများမှာ မလှုပ်မယှက် ရှိနေသည်ကို သတိထားမိလိုက်သည်။ သူသည် တစ်ဖက်လူကို ချက်ချင်း လှမ်းခေါ်လိုက်သော်လည်း လီချန်းချင်းကမူ...၊

"ညီငယ်လင်း...၊ ပြေးနေတဲ့ ရန်သူကို အတင်းမလိုက်ပါနဲ့…။"

"သူတို့ကို အရမ်းဖိအားပေးလိုက်ရင် သူတို့က ကိုယ်တိုင်ပေါက်ကွဲတာမျိုး လုပ်လိမ့်မယ်၊ အဲဒါကို ခုခံဖို့ က အင်မတန် ခက်ခဲလိမ့်မယ်…။"

လီချန်းချင်း၏ ကြောက်ရွံ့တတ်ပုံကို မြင်သောအခါ လင်းဖန် ဆွံ့အသွားရလေသည်။ သို့သော် ပြန်၍ စဉ်းစားကြည့်ပါလျှင်လည်း မှန်ပေသည်။ သူ့တွင်မူ အစောင့်အရှောက်ရုပ်သေး ရှိနေသဖြင့် ဘာမှစိုးရိမ် စရာ မလိုသော်လည်း တစ်ဖက်လူတွင်မူ ထိုကဲ့သို့သော စွမ်းရည်မရှိပေ။

အကယ်၍ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးသာ ကိုယ်တိုင်ပေါက်ကွဲခဲ့လျှင် အင်မော်တယ်တိမ်တိုက် ဂိုဏ်းသားများကြားတွင် အသေအပျောက် ရှိလာနိုင်ပေသည်။ သို့သော်လည်း လင်းဖန်သည် လက်မ လျှော့ဘဲ ဆက်လက်တိုက်တွန်းနေသေးသည်။

"အခုပဲ ကျွန်တော်တို့ အင်အားစုပြီး သူတို့ဂိုဏ်းကို တိုက်ရိုက် သွားတိုက်ကြရအောင်။ သူတို့ဂိုဏ်းထဲ မှာဆိုရင်တော့ သူတို့ရဲ့ တပည့်တွေကို ငဲ့ပြီး ကိုယ်တိုင်ပေါက်ကွဲတာမျိုး မလုပ်ရဲကြတော့ဘူး မဟုတ် လား…။"

သို့သော် လီချန်းချင်းက ခေါင်းခါပြလိုက်ပြီး လေးနက်သောမျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ညီငယ်လင်း... ၊ အဲဒါက ဒီလောက်မရိုးရှင်းပါဘူး…။"

"နဝမအဆင့် ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ဆိုတာ အဲဒီလောက် အလွယ်တကူ ဖျက်ဆီးလို့ရတဲ့အရာ မဟုတ်ဘူး။ ဂိုဏ်းတွေကြားက အကြီးစား စစ်ပွဲတွေဆိုတာ ဒီအတိုင်း အမှတ်မထင် စလို့မရဘူး…။"

"အခု ညီငယ်လင်းက သူတို့ရဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူ (၃) ယောက်ကို ဒီမှာ ဖမ်းထားနိုင်တာကတင် တကယ့်ကို အံ့ဩစရာပဲ။ သူတို့လည်း အငိုက်မိအောင် လာတိုက်တာဆိုတော့ အစကတည်းက တိုက်ပြီး တာနဲ့ ပြန်ဖို့ စိတ်ကူးထားကြတာ…။"

"သူတို့ဘက်က အသာစီးရနေသလို ထင်ရပေမဲ့ တိုက်ပွဲမှာ အကြာကြီး မနေရဲကြပါဘူး။ ဘာလို့လဲ ဆိုတော့ ငါတို့ဂိုဏ်းရဲ့ ဝှက်ဖဲတွေကို ငါတို့ နိုးထစေမှာကို သူတို့ ကြောက်နေကြလို့ပဲ…။"

လီချန်းချင်း၏ စကားကြောင့် လင်းဖန် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဂိုဏ်းချုပ်လီ... နဝမအဆင့် ဂိုဏ်းတစ်ခုရဲ့ အခြေခံအုတ်မြစ်ဆိုတာ အတိအကျ ဘာကို ဆိုလိုတာလဲ။ ကျွန်တော့်ကို ပြောပြလို့ ရမလား…။"

လင်းဖန်၏မေးခွန်းကို ကြားသောအခါ လီချန်းချင်း ခေတ္တမျှ စဉ်းစားပြီးနောက် ဘာမှမဖုံးကွယ်ဘဲ ပြောပြလိုက်လေသည်။

"နဝမအဆင့် ဂိုဏ်းအများစုရဲ့ အခြေခံအုတ်မြစ်မှာ နှစ်မျိုး ရှိတယ်၊ အဲဒါတွေက နတ်ဘုရားအဆင့် ရတနာတွေနဲ့ ကျဆုံးအင်မော်တယ်တွေပဲ…။"

"ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာလည်း အိပ်ပျော်နေတဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေး တစ်ပါး နဲ့ နတ်ဘုရားအဆင့် ရတနာတစ်ခု ရှိတယ်…။"

ဤသည်ကို ကြားသောအခါ လင်းဖန် နားမလည်နိုင်သလို ဖြစ်သွားပြီး...၊

"ခဏလေး... ဒါက တိုက်ဆိုင်လွန်းတာ မဟုတ်ဘူးလား…။ နဝမအဆင့် ဂိုဏ်းတိုင်းမှာ အင်မော်တယ်ဘုံ ကို မတက်နိုင်ဘဲ အသက်ရှင်ကျန်နေခဲ့တဲ့ ကျဆုံးအင်မော်တယ် တစ်ယောက်စီ ရှိနေကြတာလား…။"

လင်းဖန်၏မေးခွန်းကြောင့် လီချန်းချင်း ထိတ်လန့်သွားရလေသည်။ သူသည် တစ်ဖက်လူ အထင်လွဲနေ သည်ကို ချက်ချင်းသိလိုက်ပြီး ရှင်းပြလိုက်လေသည်။

"ညီငယ်လင်း...။ ကျဆုံးအင်မော်တယ် ဖြစ်လာတဲ့ နည်းလမ်း နှစ်မျိုး ရှိတယ်။ မင်း ပြောသလို မတော် တဆ ဖြစ်တာအပြင် နောက်ထပ် နည်းလမ်းတစ်ခုကတော့ ကိုယ့်သဘောနဲ့ကိုယ် ဖြစ်လာတာပဲ။ ငါ ပြောတာက ဒီ ဒုတိယနည်းလမ်းကို ပြောတာ…။"

လင်းဖန်၏ ပို၍ပင် ဇဝေဇဝါဖြစ်နေသော မျက်နှာထားကို မြင်သောအခါ လီချန်းချင်းက ပြုံး၍ ဆက်လက်ရှင်းပြလေသည်။

"ကောင်းကင်ဘုံ အတိဒုက္ခ (၉) နှင်တံကို အောင်မြင်စွာ ကျော်ဖြတ်ပြီးတာနဲ့ ကျင့်ကြံသူတွေဟာ အင်မော်တယ်ဘုံကို ချက်ချင်း မတက်သွားကြသေးဘူး၊ ခုနစ်ရက်ကြာအောင် ဒီမှာ နေလို့ရသေးတယ်။ အဲဒီ ခုနစ်ရက်ဟာ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ကို အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲတဲ့ အချိန် ပဲ…။"

"အတိဒုက္ခကို ကျော်ဖြတ်ပြီးတာနဲ့ ကောင်းကင်ယံကနေ မိုးကြိုးနဲ့အတူ အင်မော်တယ်စွမ်းအင် တစ်စွန်း တစ်စ ဆင်းသက်လာပြီး ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲကို ဝင်လာတယ်။ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲဖို့က ဒီအင်မော်တယ်စွမ်းအင်အပေါ်မှာ မူတည်တာ….။"

"အဲဒီ အင်မော်တယ်စွမ်းအင်ကပဲ ကျဆုံးအင်မော်တယ် ဖြစ်ဖို့အတွက် အဓိက သော့ချက်ပဲ….။"

ထိုနေရာတွင် လီချန်းချင်း ခေတ္တရပ်လိုက်ပြီးနောက် လေးစားသမှုရှိသော လေသံဖြင့် ဆက်ပြောလေ သည်။

"ဥပမာ ငါတို့ရဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေးဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်က အင်မော်တယ်ခန္ဓာကိုယ်အဖြစ် လုံးလုံး မပြောင်းလဲခင်မှာပဲ ကျန်ရှိနေတဲ့ အင်မော်တယ်စွမ်းအင်တွေကို အတင်းအဓမ္မ ထုတ်ယူပစ် လိုက်တယ်…။"

"အဲဒီလို လုပ်ခြင်းအားဖြင့် သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က မပြည့်စုံတော့ဘဲ အင်မော်တယ်ဘုံကို တက်လို့ မရတော့တာပေါ့….။"

ထိုစကားကို ကြားသောအခါ လင်းဖန်မှာ အတော်လေး ကြောင်သွားရတော့သည်။

"ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က အင်မော်တယ် ဖြစ်ဖို့ မဟုတ်ဘူးလား…။ အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ လက်လျှော့လိုက်ရတာလဲ…။ အဲဒါက ဘာအတွက်လဲ…။"

သို့သော် လီချန်းချင်းကမူ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ဘာအတွက်လဲဆိုတော့ ဂိုဏ်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက်ပေါ့၊ ဂိုဏ်းကို သူတို့ရဲ့ ကာကွယ်မှု အောက်မှာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင်လို့လေ….။"

"ငါလည်း (၉) ကြိမ်မြောက် အတိဒုက္ခကို ကျော်ဖြတ်ပြီးရင် ကိုယ့်သဘောနဲ့ကိုယ် လေလွင့်အင်မော် တယ် ဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် ဘိုးဘေးရဲ့ နေရာကို ဆက်ခံပြီး ဂိုဏ်းကို ဆက်ပြီး ကာကွယ်သွား မှာပေါ့…။"

လင်းဖန်သည် ကျဆုံးအင်မော်တယ်များတွင်လည်း ထိုကဲ့သို့သော နေရာဆက်ခံသည့်စနစ် ရှိလိမ့်မည် ဟု မထင်ထားခဲ့ပေ။

"အော်... အလှည့်ကျ အလုပ်လုပ်ကြတာပေါ့၊ ဟုတ်သားပဲ။ ခင်ဗျားတို့ ဘိုးဘေးက ဒီလောက်တောင် အနစ်နာခံထားတာဆိုတော့ ခင်ဗျား နေရာဆက်ခံပြီးရင် သူ ကောင်းကင်ဘုံကို တက်သွားတဲ့အခါ အထူးခံစားခွင့်တွေ ရမှာပေါ့နော်….။"

ဤစကားကြောင့် လီချန်းချင်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ခေါင်းခါယမ်းကာ ဆက်ပြောလေသည်။

"ကျင့်ကြံသူတစ်ယောက်ရဲ့ အင်မော်တယ်ခန္ဓာကိုယ် ပြောင်းလဲမှု ဖြစ်စဉ်က တစ်ခါ ရပ်သွားရင် နောက်ထပ် ဆက်လို့ မရတော့ဘူး။ အဲဒီတော့ ကျဆုံးအင်မော်တယ် ဖြစ်ဖို့ ရွေးချယ်လိုက်တဲ့သူတွေ ဟာ အင်မော်တယ်ဘုံကို ဘယ်တော့မှ မရောက်နိုင်တော့ဘူး….။"

"ပြီးတော့ သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ်က မပြည့်စုံတဲ့အတွက် အင်မော်တယ်လို့လည်း ခေါ်လို့မရဘူး၊ သူ့ရဲ့ သက်တမ်းက အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ထက် နည်းနည်းပဲ ပိုရှည် တယ်…။"

"ဒီလောကမှာ အင်မော်တယ်စွမ်းအင်တွေ မရှိတဲ့အတွက် ကျဆုံးအင်မော်တယ်တွေဟာ သူတို့ရဲ့ အင်မော်တယ်စွမ်းအားတွေ ကုန်သွားရင် ချက်ချင်း ပြန်ဖြည့်ဖို့ ခက်ခဲတယ်။ အဲဒီတော့ အထွက်အထိပ် အတိဒုက္ခအဆင့် ကျင့်ကြံသူတွေလို တိုက်ပွဲမှာ အကြာကြီး မနေနိုင်ကြဘူး…။"

"အင်မော်တယ်စွမ်းအားတွေကို ထိန်းသိမ်းဖို့အတွက် သူတို့က အချိန်အများစုကို အိပ်ပျော်နေရင်း ကုန်ဆုံးကြရတယ်၊ ဂိုဏ်းမှာ အသက်ဘေးနဲ့ ကြုံမှပဲ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ထုတ်သုံး ကြတာ…။"

"နောက်ဆုံး ရလဒ်ကတော့ ဒီလောကမှာ အိပ်ပျော်နေရင်းနဲ့ပဲ သက်တမ်းကုန်သွားတာ ဒါမှမဟုတ် သက်တမ်းကုန်ခါနီးမှပဲ နောက်ဆုံး လက်ကျန်စွမ်းအားတွေကို ထုတ်သုံးရင်းနဲ့ပဲ အဆုံးသတ်ကြရတာ ပါပဲ…။"

လင်းဖန်သည် ထိုရှင်းပြချက်ကို အပြည့်အဝ နားမလည်သော်လည်း သူတို့၏ အနစ်နာခံမှုကိုတော့ လေးစားမိသွားခဲ့သည်။ ကိုယ့်သဘောနဲ့ကိုယ် ကျဆုံးအင်မော်တယ် ဖြစ်လာဖို့ ပထမဆုံး စဉ်းစားခဲ့တဲ့ သူကတော့ တကယ့်ကို လူအများကြီးကို ဒုက္ခပေးခဲ့ခြင်းပင်။

*အင်မော်တယ်နဲ့ ပတ်သက်တာ တစ်ခုခု စိတ်ဝင်စားရင် အင်မော်တယ်ဘုံကို သွားလေ၊ ဘာလို့ ဒီလူ့ လောကထဲမှာ လာရှုပ်နေတာလဲ….။ ဒါက နဝမအဆင့် ဂိုဏ်းအားလုံးကို အလားတူလုပ်ဖို့ ဖိအားပေး လိုက်သလို ဖြစ်သွားတာပေါ့။ ဒီလုပ်ရပ်က ကျင့်ကြံသူပေါင်းများစွာရဲ့ အင်မော်တယ်ဖြစ်မယ့် အိပ်မက် တွေကို ဖျက်ဆီးပစ်လိုက်တာပဲ…။*

"ဂိုဏ်းချုပ်လီ... ဒါဆို နတ်ဘုရားအဆင့် ရတနာဆိုတာကရော….။ အဲဒါက ကျဆုံးအင်မော်တယ်ရဲ့ မှော်လက်နက်ကို ပြောတာလား…။"

ဤသည်ကို ကြားသောအခါ လီချန်းချင်းက ခေါင်းငြိမ့်ပြပြီး ပြောလိုက်လေသည်။

"အဲဒီလိုလည်း ပြောလို့ရပါတယ်၊ ဒါပေမဲ့ အဲဒါက ကျဆုံးအင်မော်တယ်ရဲ့ မှော်လက်နက်ဆိုတာထက် တော့ ပိုပါတယ်….။"

All Chapters