အခန်း ၁၈၂
Vol. 19 Ch. 182
အခန်း (၁၈၂) မင်းရဲ့ ပြကွက်ကို စတင်လိုက်စမ်းပါ
"အစောင့်အရှောက်ရုပ်သေးတွေ ပေါ်လာတဲ့ပုံစံကို ပြောင်းခိုင်းတုန်းကတော့ မင်း လုပ်ပေးနိုင်တယ် မဟုတ်လား၊ အခုကျမှ ဘာလို့ မလုပ်ပေးနိုင်ဘူးလို့ ပြောနေတာလဲ...။"
"မင်းက အရင်က ငါဈေးဆစ်ခဲ့တာကို အငြိုးထားပြီး အခုလက်စားချေနေတာ သေချာတယ်...။"
[စွပ်စွဲချက်တွေ မလုပ်ပါနဲ့ပိုင်ရှင်၊ ငါ အဲဒီလို မလုပ်ပါဘူး၊ ဘယ်လိုလုပ် အဲဒီလိုကိစ္စမျိုး လုပ်ရမှာ လဲပိုင်ရှင်...။]
"ဟဲဟဲ... ဒါဆို ပြောစမ်းပါဦး၊ ဒီစွမ်းအင်သုံးစနစ်ကို ပြောင်းဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ...။"
[ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းပေးရင် အခုချက်ချင်း ပြောင်းပေးပါ့မယ်ပိုင်ရှင်...။]
စနစ်၏ ပြတ်သားလှသော အဖြေကို ကြားလိုက်ရသည့်အခါ လင်းဖန်သည် သူ၏ ခန့်မှန်းချက် မှန်ကန် ကြောင်း သိရှိသွားတော့သည်။
"အေးပေါ့လေ...၊ အခုကျတော့လည်း ပြန်ပြောင်းလို့ ရသွားပြန်ပြီပေါ့။ ဒါ မင်းလက်ချက်ဆိုတာ ငါ သိသားပဲ...။"
[အင်း...၊ အဲဒါကတော့ အခုက စီးပွားရေး ဖြစ်နေလို့လေ၊ စီးပွားရေးအရဆိုရင်တော့ ပြောင်းပေးလို့ ရတာပေါ့ပိုင်ရှင်...။]
[ဒီတစ်ခါတော့ ပိုင်ရှင့်ကို ဈေးဆစ်ခွင့် ပေးပါ့မယ်၊ ဒါပေမဲ့ ပြီးခဲ့တဲ့တစ်ခါလိုတော့ တစ်ဝက်ကြီး ဖြတ်လို့ မရဘူးနော်...။]
[ကဲ... မင်းရဲ့ ပြကွက်ကို စတင်လိုက်စမ်းပါအုန်း...]
စနစ်၏ စိန်ခေါ်စကားကြောင့် လင်းဖန်သည် နောက်ထပ် သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်လိုက်ပြန် သည်။ ပထမဆုံးအနေဖြင့် သူသည် စနစ်ကို သံယောဇဉ်ကတ်ပြားဖြင့် စတင်ချဉ်းကပ်လိုက်လေသည်။
"ဟင်း... ပြီးခဲ့တဲ့တစ်ခါက ငါက နောက်လိုက်တာပါ၊ မင်းက ဘာလို့ အတည်ယူနေရတာလဲ...။"
"ငါတို့က တစ်ဖက်တည်းသားတွေပဲ မဟုတ်လား၊ ဒီကမ္ဘာခြားမှာ မင်းက ငါ့အတွက် မိသားစုဝင်တစ် ယောက်လိုပါပဲလေ...။"
"ဒီတစ်ခါတော့ ငါ ဈေးမဆစ်တော့ပါဘူး၊ ဒီထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းထဲကနေ ငါ့ အတွက် စီးပွားရေးလုပ်ဖို့ ပိုက်ဆံလေး နည်းနည်းပဲ ချန်ပေးပါတော့...။"
လင်းဖန်၏ စကားကို ကြားသောအခါ စနစ်က သံသယဖြင့် မေးလာခဲ့သည်။
[တကယ်ပဲလား... ငါကတော့ မယုံနိုင်ဘူး...။]
"ငါက မင်းကို လိမ်ပါ့မလား...။"
[ဒါဆို ပိုင်ရှင် ဘယ်လောက် ချန်ချင်တာလဲဆိုတာ အရင်ပြောပါ၊ မဟုတ်ရင် နောက်ဆုံးကျမှ သိန်းနဲ့ချီပြီး တောင်းနေရင် ငါပဲ အိတ်စိုက်ရမှာပေါ့...။]
"ငါက မင်းကို အရှုံးခံခိုင်းပါ့မလား၊ ငါ လိုချင်တဲ့ ပမာဏက ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်း ရဲ့ ဆယ်ပုံတစ်ပုံထက်တောင် မပိုပါဘူး...။"
"ပြီးတော့ ငါ သုံးသမျှကလည်း အကျိုးရှိမယ့်နေရာတွေချည်းပဲလေ...။"
[ဒါဆို ဘယ်နေရာမှာ သုံးမှာလဲဆိုတာ ပြောပြပါ၊ ပိုင်ရှင်က မတန်တဆ တောင်းနေတာလားဆိုတာ ငါ ဆုံးဖြတ်ရမှာမို့လို့ပါ...။]
"ကြည့်လေ...၊ စီးပွားရေးလုပ်ဖို့ ဆိုင်ခန်းတစ်ခန်းတော့ လိုတယ် မဟုတ်လား၊ အဲဒီအတွက် ပိုက်ဆံလေး နည်းနည်းတော့ သုံးသင့်တာပေါ့...။"
[အင်း... အဲဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ချွေတာတဲ့အနေနဲ့ ဆိုင်ကို ဝယ်မယ့်အစား ငှားရုံပဲ ငှားလိုက်ပါလား...]
"ကောင်းပြီလေ... ဆိုင်ရှိရင် ရောင်းမယ့်ကုန်ပစ္စည်းလည်း လိုဦးမယ် မဟုတ်လား၊ ဆေးသန့်စင်ဖို့ အတွက် ပိုက်ဆံလေး နည်းနည်းလောက်တော့ ဖယ်ထားရအုန်းမှာပေါ့...။"
[အင်း...၊အဲဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်၊ အဲဒီပိုက်ဆံကိုလည်း ပိုင်ရှင် ချန်ထားနိုင်ပါတယ် လေ...။]
"ဆေးလုံးတွေချည်းပဲ အားကိုးလို့ မရဘူးလေ၊ လက်နက်တွေ သန့်စင်ဖို့အတွက်လည်း ရန်ပုံငွေလေး ဖယ်ထားရဦးမှာပေါ့...။"
[ကောင်းပါပြီ... အဲဒါဆိုရင်တော့ လုံလောက်ပြီပေါ့၊ ဒီသုံးမျိုးအတွက်ဆိုရင် လောက်ငမှာပါ၊ ငါ ပိုင်ရှင့် ကို ထပ်ပြီး ချန်မပေးတော့ဘူးနော်...။]
"အင်း... ဒါပါပဲ၊ ငါက အချက် (၃) ချက် (စာလုံး ၃ ချက်) ပဲ လိုချင်တာပါ...။"
"ဒီထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်းထဲကနေ ငါ ပြောတဲ့ အချက် (၃) ချက်ကို ချန်ပြီး ကျန်တာ ကို မင်း ယူလိုက်တော့...။"
"ပြီးရင် ဒီရွှေကျီးကန်း တိုက်လေယာဉ်ရဲ့ စွမ်းအင်စနစ်ကို ပြောင်းပေးရမယ်၊ ဒီအရောင်းအဝယ်ကို သဘောတူရဲ့လား...။"
[ကောင်းပါပြီ... ငါ သဘောတူပါတယ်၊ အရောင်းအဝယ် အတည်ဖြစ်သွားပြီနော်ပိုင်ရှင်...။]
"ကောင်းပြီ... အတည်ပဲ၊ ငါ အခုပဲ ဖယ်ထားလိုက်မယ်...။"
"ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁) သိန်း ထဲကနေ 'သိန်း' ဆိုတဲ့ စာလုံးရဲ့ အစင်း (၃) စင်းပဲ ငါ ချန်ထားခဲ့မယ်၊ ကျန်တဲ့ ထိပ်တန်း စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး ကတော့ မင်းအတွက်ပဲ၊ မင်း ဘာသာမင်း ယူလိုက်တော့...။"
[ကောင်းပါပြီ...။ ဟင်….၊ ခဏလေး...။]
[ပိုင်ရှင် ပြောတဲ့ အချက် (၃) ချက်ဆိုတာက...။ စာလုံးရဲ့ အစင်းကြောင်းတွေကို ပြောတာလား...။]
"ဟုတ်တယ်လေ... ငါတို့က မိသားစုတွေပဲကို၊ အဲဒီတော့ ငါက (၃) စင်းပဲ ယူမှာပေါ့၊ ကျန်တာတွေက မင်းအပိုင်ပဲလေ...။"
"သေချာ ရေတွက်ကြည့်ဦး၊ စာလုံး (၆) လုံးမှာ အစင်းကြောင်းပေါင်း (၃၀) ကျော် ရှိတာလေ၊ အခု အစင်း (၃) စင်းဆိုတာ စုစုပေါင်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး မဟုတ်လား...။"
[????]
[##¥%¥#%]
စနစ်၏ စိတ်ထဲမှ ထွက်ပေါ်လာသော နားမလည်နိုင်သည့် သင်္ကေတများကို ကြည့်ရင်း လင်းဖန်သည် အနည်းငယ် စိုးရိမ်သွားမိလေသည်။
*ငါများ အရမ်းလွန်သွားပြီလား... ဒီငတုံးလေး စိတ်ဆိုးသွားတာများလား...။ *
"ငတုံးလေး...၊ ဘာဖြစ်သွားတာလဲ၊ ငါ့ကို မခြောက်ပါနဲ့ဦး၊ မင်း ကြံ့ကြံ့ခံနိုင်ရမှာပေါ့...။"
ခေတ္တမျှ ကြာပြီးနောက်တွင် စနစ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေသည်။
[ငါက ဘာဖြစ်ရမှာလဲ၊ ငါ ပေါက်ကွဲထွက်သွားမလို့ပဲ၊ အက်ကွဲကြောင်းတွေတောင် ဖြစ်ကုန်ပြီ...။]
"ဟေ့... ကြည့်ဦး၊ မင်းကိုယ်တိုင်ပဲ ငါ့ကို ပြကွက်ပြခိုင်းပြီးတော့ အခုကျမှ မကျေမနပ် ဖြစ်နေပြန်ပြီ...။"
"ထားလိုက်ပါတော့...၊ ဒီအရောင်းအဝယ် မလုပ်ဖြစ်ဘူးလို့ပဲ သဘောထားလိုက်ပါ...။"
"အဆိုးဆုံးဖြစ်ရင်တော့ ငါ ခြေကျင်ပဲ ပျံမှာပေါ့၊ (၁) ကီလိုမီတာ သွားရင် အဆာရှောင်ဆေး တစ်လုံး လောက်ပဲ ကုန်မှာပါ...။"
[ဟွန့်... ငါ ပြင်ပေးပါ့မယ်၊ ငါတို့ စနစ်ဆိုတာ ပြောပြီးသားစကားကို ပြန်ပြင်တတ်တဲ့ အမျိုးမဟုတ်ဘူး ...။]
ဤသည်ကို ကြားမှ လင်းဖန် သက်ပြင်းချနိုင်တော့သည်။ သူက ဒီအတိုင်း စနောက်ပြီး ပြောလိုက်ခြင်း သာ ဖြစ်ပြီး စနစ်က သဘောတူလိုက်မှာကို အမှန်တကယ် စိုးရိမ်နေခဲ့ခြင်းဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် စနစ်သည် အနည်းငယ် ထုံအသော်လည်း ကတိသစ္စာကိုတော့ တည်ကြည် လှပေသည်။
ထို့နောက် စနစ်၏ လုပ်ဆောင်မှုဖြင့် ရွှေကျီးကန်း တိုက်လေယာဉ်သည် စွမ်းအင်နှစ်မျိုးသုံးစနစ်သို့ အောင်မြင်စွာ ပြောင်းလဲသွားခဲ့လေသည်။ စက်ဘီးနင်းပြီး ပျံသန်းနိုင်သလို စိတ်ဝိညာဉ်ကျောက်တုံး၏ စွမ်းအင်ကို သုံးပြီးလည်း ပျံသန်းနိုင်ပေသည်။
လင်းဖန်သည် ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။ ခရီးသွားရန် မလောလျှင် ခြေထောက်ဖြင့်သာ မောင်းမည်။ တကယ်လို့ ခရီးအမြန်ရောက်ရန် လိုအပ်မှသာ စိတ်ဝိညာဉ်ကျောက်တုံးကို သုံးမည်ဖြစ် သည်။
"တပည့်တို့...၊ အာရုံစိုက်ကြ၊ ငါတို့ စတင် ထွက်ခွာတော့မယ်...။"
"ထိပ်တန်းလေယာဉ်မှူး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်ပြီ၊ ပျံတက်မယ်...။"
လေယာဉ်မောင်းခန်းမှ အချက်ပြချက်ကို ခရီးသည်ခန်းသို့ ပို့လွှတ်နိုင်လေသည်။ လင်းဖန်၏ အမိန့်ပေး သံနှင့်အတူ ရွှေကျီးကန်း တိုက်လေယာဉ်သည် ကောင်းကင်ယံသို့ ထိုးတက်၍ ပျံသန်းသွားလေတော့ သည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်းသည် စစ်ပြင်ဆင်သည့် ကာလဖြစ်နေသဖြင့် တရားထိုင်နေသော တပည့် အနည်းငယ်မှလွဲ၍ ကျန်တပည့်များမှာ ဂိုဏ်း၏ နေရာအနှံ့အပြားတွင် အလုပ်ရှုပ်နေကြလေသည်။
ထိုအချိန်တွင် တပည့်များအားလုံးသည် ကောင်းကင်ယံသို့ ထိုးတက်ပျံသန်းသွားသော ရွှေကျီးကန်း တိုက်လေယာဉ်ကြီးကို မြင်တွေ့လိုက်ကြရလေသည်။
"ဘုရားရေ...၊ အဲဒီအရာက ဘာကြီးလဲ၊ ကြည့်ရတာ တကယ့်ကို ခန့်ညားလိုက်တာ...။"
"ငါလည်း မသိဘူး၊ ဂိုဏ်းက အသစ်သန့်စင်ထားတဲ့ ဝိညာဉ်ပျံသင်္ဘော အမျိုးအစားသစ်များလား...။"
"မင်းကလည်း မဟုတ်တာတွေ၊ ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အခြေအနေကို မင်းမသိဘူးလား၊ ငါတို့မှာ အဲဒီလို အင်အားမျိုး မရှိပါဘူး...။"
"ဟဲဟဲ... အမှန်တရားက တစ်ခုတည်းရှိတယ်၊ အဲဒါကတော့ ငါတို့ဂိုဏ်းကို အခုလေးတင် ပြောင်းလာတဲ့ အဲဒီအင်အားစုရဲ့ လက်ချက်ပဲ ဖြစ်ရမယ်...။"
"အဲဒါတော့ ဟုတ်နိုင်တယ်၊ အဲဒီစီနီယာမှာ ဆန်းကြယ်တဲ့ အရာတွေ အများကြီး ရှိတယ်လို့ ငါကြားဖူး တယ်...။"
ရွှေကျီးကန်း တိုက်လေယာဉ်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ မည်သည့်အတားအဆီးမှမရှိဘဲ ထွက်ခွာလာပြီးနောက် ရွှမ်းမင်ဂိုဏ်းရှိရာသို့ ပျံသန်းသွားခဲ့လေသည်။ လေယာဉ်မောင်းခန်းထဲရှိ လင်းဖန်မှာလည်း အလွန် စိတ်လှုပ်ရှားနေခဲ့လေသည်။
"ဟာ...၊ ဒါက တကယ့်ကို အလန်းကြီးပဲ၊ လေယာဉ်မောင်းရတဲ့ ခံစားချက်က သုံးဘီးစက်ဘီးစီးရတာနဲ့ လုံးဝကို ကွာခြားတာပဲ...။"
[ဟဲဟဲ... ဘာတွေ ကွာခြားလို့လဲပိုင်ရှင်၊ အတူတူ နင်းနေရတာပဲ မဟုတ်ဘူးလား...။]
[ငါ နားမလည်တာက ပိုင်ရှင် ဘာလို့ အဲဒီလောက် အားစိုက်ပြီး ငါ့ကို အင်ဂျင်ပြင်ခိုင်းဖို့ လိမ်ခဲ့တာလဲဆို တာပဲ...။]
[နောက်ဆုံးတော့လည်း ခြေထောက်နဲ့ပဲ နင်းပြီး ပျံနေတာ မဟုတ်ဘူးလား...။]
[ဒါက ဘာသဘောလဲ၊ ငါတော့ အလကားနေရင်း အလိမ်ခံလိုက်ရတာပဲ...။]
"မင်း အသုံးမကျတဲ့ စနစ်...၊ မင်း ဘာမှ နားမလည်ပါဘူး...။"
"ငါ မသုံးတာနဲ့ မရှိတာနဲ့က မတူဘူးလေ...။"
"ဘာပဲဖြစ်ဖြစ် ငါတို့သွားနေတဲ့ ခရီးက မလောဘူးဆိုတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ချွေတာသင့် တာပေါ့...။"
[...ပိုင်ရှင်ကတော့ တကယ့်ကို ကပ်စေးနှဲတာပဲ...။]
စနစ်၏ ပြောစကားကို လင်းဖန်က လျစ်လျူရှုလိုက်သည်။ သူသည် အမှန်တကယ် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။
ယောကျ်ားလေးဆိုသည်မှာ များသောအားဖြင့် ယာဉ်ယန္တရားများနှင့် ခရီးသွားလာမှု ပုံစံများကို သဘော ကျတတ်ကြသည် မဟုတ်လား။ လင်းဖန် ဤကမ္ဘာကို မရောက်ခင်က သူ့မှာ တစ်ပတ်ရစ် ကားအစုတ် လေးသာ ရှိခဲ့ခြင်းပင်။ ယခုလို လေယာဉ်ပျံကြီးကို မောင်းနေရပြီဆိုတော့ ဘယ်လိုလုပ် စိတ်မလှုပ်ရှား ဘဲ နေနိုင်ပါ့မည်လဲ။
"ဝူးဟူး...၊ ကြည့်လိုက်စမ်း၊ ငါ့ရဲ့ လေထဲမှာ လှည့်ပျံတဲ့ ပြကွက်ကြီးကို...။"
"ကိုဘရာ လေကြောင်းပျံသန်းမှု တစ်ချက်လောက် လုပ်ပြဦးမယ်...။"
"ဟား...၊ ရွက်ကြွေ ပျံသန်းမှု...။"
လေယာဉ်မောင်းနှင်မှု စွမ်းရည်များကို ထုတ်ပြရင်း ရွှေကျီးကန်း တိုက်လေယာဉ်သည် ရွှမ်းမင်ဂိုဏ်း၏ အနီးအနားသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့လေသည်။ လင်းဖန်သည် စနောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ခရီးသည်ခန်းထဲက တပည့်များကို အမိန့်ပေးလိုက်လေသည်။
"တပည့်တို့အားလုံး အသင့်ပြင်ကြ၊ ဗုံးကြဲမယ့် ပစ်မှတ်နဲ့ နီးနေပြီ၊ ငါတို့ရဲ့ ဆေးလုံး တိုက်ခိုက်မှုကို စတင်ရတော့မယ်...။"
"တပည့်တို့...၊ ဆေးပုလင်းတွေကို ဖွင့်ထားကြ၊ ချီသွေဖယ်ဆေးလုံးတွေကို အချိန်မရွေး ပစ်ထုတ်ဖို့ အသင့်ပြင်ထားကြတော့...။"
လင်းဖန်၏ အမိန့်ကို ကြားလိုက်ရသည့်အခါ တပည့်များသည် သူတို့၏ စူးစမ်းလိုစိတ်ကို ချက်ချင်း ထိန်းချုပ်လိုက်ကြသည်။ ဆေးပုလင်းကို ဖွင့်ပြီးနောက် ဆေးလုံးတစ်လုံးကို ထုတ်ကာ လက်ထဲမှာ ကိုင်ထားလိုက်ကြလေသည်။
အချိန်မရွေး ဝိညာဉ်စွမ်းအားဖြင့် အသက်သွင်းရန် အသင့်ဖြစ်နေကြပြီဖြစ်၏။
"(၃) ကီလိုမီတာ...၊ (၂) ကီလိုမီတာ...၊ (၁) ကီလိုမီတာ...။ ပစ်ကြတော့...။"
လင်းဖန်၏ နောက်ဆုံး ရေတွက်သံ အဆုံးတွင် ရွှေကျီးကန်း တိုက်လေယာဉ်သည် ရွှမ်းမင်ဂိုဏ်း၏ ကောင်းကင်ယံပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားလေတော့သည်။ လင်းဖန်က ဆေးလုံးများ ပစ်ထုတ်ရန် အမိန့်ပေးလိုက်သည်နှင့် တပည့်များသည် သူတို့လက်ထဲရှိ ဆေးလုံးများထဲသို့ စိတ်ဝိညာဉ်စွမ်းအားများ ချက်ချင်း ထည့်သွင်းလိုက်ကြလေသည်။
ထို့နောက် သူတို့ရှေ့မှ ပြတင်းပေါက်လေးများမှတစ်ဆင့် အပြင်သို့ ပစ်ထုတ်လိုက်ကြလေတော့သည်။ ထိုလုပ်ဆောင်ချက်ကို သူတို့ အကြိမ်ကြိမ် ထပ်ခါတလဲလဲ လုပ်ဆောင်နေခဲ့ကြပေသည်။
တစ်ချိန်တည်းမှာပင် ရွှေကျီးကန်း တိုက်လေယာဉ်သည် ရွှမ်းမင်ဂိုဏ်းပေါ်တွင် ပျံဝဲနေခဲ့သည်။
မြင့်မြတ်နယ်မြေမှ တပည့်များ ပစ်ချလိုက်သော ဆေးလုံးများသည် ရွှမ်းမင်ဂိုဏ်း၏ ပိုင်နက်အတွင်းသို့ မိုးရေစက်များကဲ့သို့ ကျရောက်သွားခဲ့လေတော့သည်။