အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉) နည်းနည်းလေး စေးကပ်နေတဲ့ ဆေးလုံး
[ဒါက ဘာထူးမှာလဲ….။ဒေါသဖြေဆေးလုံးကိုပဲ သုံးလိုက်ပါတော့…။]
"..."
[ဟားဟား... နောက်ဆုံးတော့ ငါ တစ်ပွဲနိုင်ပြီဟေ့…။]
စနစ်က ထိုမျှအထိ ပျော်ရွှင်နေသည်ကို မြင်သောအခါ လင်းဖန်က ပုခုံးတစ်ချက်တွန့်ပြလိုက်ပြီး သူ ဂရု မစိုက်ကြောင်း ဖော်ပြလိုက်သည်။ စနစ်ကို ဆုလာဘ်ပေးရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သဖြင့် ပျော်နေပါ စေတော့။
သို့မှသာ နောက်တစ်ကြိမ် စနစ်ကို ထပ်မံလှည့်စားလိုသည့်အခါ ပို၍ လွယ်ကူပေလိမ့်မည်။
"ငတုံးလေး...၊ တကယ်လို့ ငါက ဒီလင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြားကို ဆေးမီးဖိုထဲ ထည့်ပြီး ပြန်သန့်စင်လိုက်ရင် အဲဒါကို ငါ အပြည့်အဝ ထိန်းချုပ်နိုင်မလား...။"
[ပိုင်ရှင် အများကြီး စိတ်ကူးယဉ်မနေပါနဲ့ဦး။ ရှင့်ရဲ့ အခုလက်ရှိ အဆင့်နဲ့ကတော့ ဒီလိုအဆင့်မြင့် ပစ္စည်း မျိုးကို မသန့်စင်နိုင်သေးပါဘူးပိုင်ရှင်...။]
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းဖန်သည် လက်လျှော့လိုက်ရုံမှလွဲ၍ အခြားမရှိတော့ဘဲ သူ အင်မော်တယ်ဖြစ်လာမှသာ ဆုံးဖြတ်ရန် စဉ်းစားလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ဤအင်မော်တယ်စံအိမ်မှာ အင်မော်တယ်ဘုံတွင် ရှိနေခြင်း ဖြစ်သဖြင့် သူ အင်မော်တယ် ဘုံသို့ မတက်လှမ်းမီမှာ ၎င်းကို ထိန်းချုပ်နိုင်ခဲ့လျှင်ပင် အသုံးဝင်လှသည်တော့ မဟုတ်ပေ။
"ကောင်းပြီလေ... ဒါဆိုရင်တော့ လောလောဆယ်မှာတော့ ဒါရဲ့ အင်မော်တယ်စွမ်းအင် ပြောင်းလဲပေး နိုင်တဲ့ လုပ်ဆောင်ချက်အနေနဲ့ပဲ သုံးရတော့မှာပေါ့...။"
"ဒီလုပ်ဆောင်ချက်ကတော့ အတော်လေး အသုံးဝင်ပါတယ်လေ...။"
"အင်မော်တယ်စွမ်းအင်ကို ဆေးလုံးတွေ၊ မှော်ရတနာတွေနဲ့ ပေါင်းစပ်လိုက်ရင်တော့ ပစ္စည်းကောင်း တွေ အများကြီး ထွက်လာနိုင်တာပေါ့...။"
ဤသို့တွေးတောရင်း လင်းဖန်သည် ဆေးလုံးများနှင့် ပတ်သက်၍ သူ၏ သုတေသနကို စတင်လိုက် တော့သည်။
ဆေးလုံးသုတေသနဟု ဆိုလိုက်သည်နှင့် လင်းဖန်၏ ပထမဆုံး အတွေးမှာ အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးနိုင်သော ဆေးလုံးများကို ဖန်တီးရန် ဖြစ်သည်။ ယခုအခါ သူ့မှာ ကျဆုံးအင်မော်တယ် ကျေးကျွန်တစ်ယောက် ရှိနေပြီ ဖြစ်သည်ပင်မဟုတ်ပါလား။
တကယ်လို့ ထိုကျဆုံးအင်မော်တယ်၏ မပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကိုသာ ပြည့်စုံအောင် လုပ်ပေးနိုင်ခဲ့လျှင် သူ၏ အင်အားမှာ သေချာပေါက် အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။
ဤကျဆုံးအင်မော်တယ်မှာ သူ၏ အစွမ်းအထက်ဆုံး လက်ပါးစေ ဖြစ်သည်။ တစ်ဖက်လူ၏ အင်အား တိုးတက်လာခြင်းမှာ မိမိ၏ အင်အား တိုးတက်လာခြင်းပင် ဖြစ်၏။ ပို၍ အရေးကြီးသည်မှာ တကယ်လို့ သူသာ အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးနိုင်သော ဆေးလုံးကို သန့်စင်နိုင်ခဲ့လျှင်...၊
၎င်းမှာ နဝမအဆင့် ဂိုဏ်းများမှ ကျဆုံးအင်မော်တယ်များအတွက် အလွန်အမင်း ဆွဲဆောင်မှုရှိသော အရာ ဖြစ်လာပေလိမ့်မည်။
အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်ပြည့်စုံသွားလျှင်ပင် အင်မော်တယ်ဘုံသို့ တက်လှမ်းသည့် လမ်း ကြောင်း ပိတ်နေသဖြင့် ချက်ချင်း တက်လှမ်းနိုင်မည် မဟုတ်သော်လည်း... အင်မော်တယ် ခန္ဓာကိုယ် ပြည့်စုံသွားသူမှာ တကယ့် အင်မော်တယ်စစ်စစ် ဖြစ်လာမည် ဖြစ်သဖြင့် သက်တမ်းမှာလည်း သိသိသာ သာ တိုးလာပေလိမ့်မည်။
ဤကဲ့သို့သော ဆေးလုံးမျိုးကို အသုံးပြု၍ ထိုနဝမအဆင့် ဂိုဏ်းများကို စည်းရုံးလိုက်လျှင် သူတို့အား လုံး သွေးဆောင်ခြင်း ခံကြရမှာ သေချာလှပေသည်။
"သူ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ် မပြည့်စုံတာက ထဲကျူးရဲ့ ဒဏ်ရာရခဲ့တဲ့ အခြေအနေနဲ့ ဆင်တူတာ မဟုတ်ဘူးလား...။"
"ငါက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို သန့်စင်တဲ့အခါမှာ အင်မော်တယ်စွမ်းအင်ကိုပါ ကုန်ကြမ်း အဖြစ် ထည့်လိုက်ရင် ငါလိုချင်တဲ့ ဆေးလုံးမျိုး ထွက်လာနိုင်မလား...။"
ဤသို့တွေးတောရင်း လင်းဖန်သည် ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကို ချက်ချင်းထုတ်ယူကာ ထုတ်လုပ် ရေးအဖွဲ့ဆေးမီးဖို အတွင်းသို့ ထည့်လိုက်လေသည်။
ထို့နောက် လင်းဖန်သည် လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား ထံမှ အင်မော်တယ်စွမ်းအင် တစ်စွန်းတစ်စကို ထုတ်ယူကာ ဆေးမီးဖိုအတွင်းသို့ ထည့်သွင်းလိုက်တော့၏။
အမွှေးတိုင်တစ်တိုင် ကုန်ဆုံးခန့် အချိန်ကြာပြီးနောက်တွင် ဆေးမီးဖိုမှ 'ဒင်' ဆိုသည့် အသံ ထွက်ပေါ် လာတော့သည်။
ကြည့်ရသည်မှာ သူ၏ လက်ရှိ အဆင့်မှာ နိမ့်လွန်းနေသေးသဖြင့် ဆေးမီးဖို၏ စွမ်းဆောင်ရည်ကိုပါ ထိခိုက်နေခြင်း ဖြစ်ပေလိမ့်မည်။ သာမန် ဆေးလုံးများကို နှစ်မိနစ်၊ သုံးမိနစ်အတွင်း သန့်စင်နိုင်သော် လည်း အင်မော်တယ်စွမ်းအင်ကို ထည့်သွင်းလိုက်သည့်အခါတွင်မူ ဤမျှလောက် အချိန်ယူသွားရခြင်း ဖြစ်၏။
ေ
မျှော်လင့်ချက်အပြည့်ဖြင့် ဆေးမီးဖိုကို ဖွင့်ကြည့်လိုက်သည့်အအခါ ဆေးမီးဖိုအတွင်း၌ ဖြူစင်လှသော ဆေးလုံး ငါးလုံး ငြိမ်သက်စွာ လဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
"ဘုရားရေ... ဒီလောက်တောင် နည်းတာလား။ ဒါက ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကနေ ထွက်ဖူးသမျှ ထဲမှာ အရေအတွက် အနည်းဆုံးပဲ ဖြစ်ရမယ်...။"
သူ့ဘာသာသူ ရေရွတ်ပြီးနောက် လင်းဖန်သည် သူ သန့်စင်ထားသော ဆေးလုံးများ၏ အာနိသင်ကို အမြန်ပင် စတင် စစ်ဆေးလိုက်တော့သည်။
[တက်လှမ်းခြင်းဆေးလုံး (မြည်းတံဆိပ်) - အထူးဆေးလုံး တစ်မျိုး ဖြစ်သည်။]
[ဖော်ပြချက် - အရည်အချင်း မပြည့်ဝလှသော ဆေးဆရာ တစ်ယောက်က သူ၏ အဆင့်ထက် ကျော်လွန်သော ဆေးလုံးကို အတင်းအဓမ္မ သန့်စင်ထားခြင်း ဖြစ်သည်။]
[လုပ်ဆောင်ချက် - အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို (၅၀) ရာခိုင်နှုန်း ပေါင်း (၅၀) ရာခိုင်နှုန်း တိုးမြင့်ပေး သည်။]
"ဟားဟားဟား... ငါက တကယ်ကို ပါရမီရှင်ပဲ။ ပထမဆုံး အကြိမ်မှာတင် ငါ လိုချင်တဲ့ ဆေးလုံးကို သန့်စင်နိုင်ခဲ့ပြီ။ ပြီးတော့ ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိဘူး...။"
"မင်း အသုံးမကျတဲ့ စနစ်...။ ငါက မကောင်းပြောချင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ မင်းရဲ့ စုံစမ်း စစ်ဆေးတဲ့ လုပ်ဆောင်ချက်ကိုတော့ အဆင့်မြှင့်ဖို့ အချိန်တန်ပြီနော်။ ကြည့်လိုက်စမ်း... ထွက်လာတဲ့ အချက်အလက်တွေက ဘာတွေလဲ...။"
"မင်းက ငါ့အရည်အချင်း မပြည့်ဘူးလို့ ပြောပေမဲ့ ငါက ဒါကို သန့်စင်နိုင်ခဲ့ပြီလေ၊ ဒါကို ဘယ်လိုလုပ် အရည်အချင်း မပြည့်ဘူးလို့ ပြောနိုင်ရတာလဲ...။"
"လုပ်ဆောင်ချက် ဖော်ပြချက်ကလည်း ရယ်စရာကြီး။ (၅၀) ရာခိုင်နှုန်း ပေါင်း (၅၀) ရာခိုင်နှုန်း တဲ့။ အဲဒီအစား အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေး (၁၀၀) ရာခိုင်နှုန်း ရှိတယ်လို့ပဲ တိုက်ရိုက် ပြောလိုက်ပါ လား...။"
[ဟဲဟဲ….၊ ပိုင်ရှင်ကြီး...။ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေး (၅၀) ရာခိုင်နှုန်းစီ နှစ်ကြိမ် ဘာလို့ ဖော်ပြ ထားတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်မလားပိုင်ရှင်….။]
ထိုမေးခွန်းကို ကြားလိုက်ရသည့်အခါ လင်းဖန်က မဆိုင်းမတွဘဲ ပြန်ဖြေလိုက်လေသည်။
"ဘာရှိဦးမှာလဲ...၊ ရေငွေ့တွေ ပါနေလို့နေမှာပေါ့…။"
[စောက်တလွဲတွေ….။ 'တက်လှမ်းခြင်း' ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကိုကော ပိုင်ရှင် သိရဲ့လား…။]
"ဟဲဟဲ... အင်မော်တယ်ဘုံကို တက်လှမ်းတာ မဟုတ်ဘူးလား…။"
['တက်လှမ်းခြင်း' ဆိုတဲ့ စကားလုံးမှာ အဓိပ္ပာယ် နှစ်မျိုး ရှိပါတယ်ပိုင်ရှင်။ တစ်ခုကတော့ ကျင့်ကြံခြင်း ကနေတစ်ဆင့် 'အင်မော်တယ်ဖြစ်လာခြင်း' ဖြစ်ပြီး နောက်တစ်ခုကတော့ 'သေဆုံးခြင်း' အတွက် ယဉ်ကျေးစွာ သုံးနှုန်းတဲ့ စကားလုံးပဲ ဖြစ်ပါတယ်...။]
စနစ်၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ လင်းဖန်၏ အမူအရာမှာ တောင့်တင်းသွားရလေ၏။
အဘယ်ကြောင့်ဆိုသော် သူသည် 'ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း' ဟူသော စကားလုံး၏ နောက်ထပ် အဓိပ္ပာယ်ကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်ပေသည်။
"ဘုရားရေ... ဒါဆိုရင်... ဒါဆိုရင်...။"
[ဒါကြောင့် ဒီဆေးလုံးရဲ့ အဓိပ္ပာယ်ကတော့ အင်မော်တယ် ဖြစ်လာဖို့ (၅၀) ရာခိုင်နှုန်း အခွင့်အရေး ရှိသလို...၊ သေဆုံးသွားဖို့လည်း (၅၀) ရာခိုင်နှုန်း အခွင့်အရေး ရှိတယ်လို့ ဆိုလိုတာပါပိုင်ရှင်...။]
ယခုမှပင် လင်းဖန်သည် ဤဆေးလုံးတွင် ဘာကြောင့် ဘေးထွက်ဆိုးကျိုး မရှိသနည်း ဆိုသည်ကို နားလည်သွားတော့သည်။ သေဆုံးနိုင်ခြေ (၅၀) ရာခိုင်နှုန်း ရှိနေမှတော့ ဘေးထွက်ဆိုးကျိုး ဆိုတာကို လိုအပ်ပါဦးမည်တဲ့လား။
"ငတုံးလေး...၊ မင်း တိုးတက်လာတာပဲ၊ ဒီ 'တက်လှမ်းခြင်း' ရဲ့ အဓိပ္ပာယ် နှစ်မျိုးကို ငါ့ထက်တောင် အရင် သိနေပါလား။ ကြည့်ရတာ မင်း ဒီနောက်ပိုင်းမှာ စာတွေ အတော်လေး ဖတ်နေပုံရတယ်...။"
[ဟွန့်…။ ပိုင်ရှင်က ငါ့ကို စကားလုံးတွေနဲ့ အကြိမ်ကြိမ် လှည့်စားခဲ့တာလေ။ တကယ်လို့ ငါသာ စာမဖတ် ထားရင် ပိုင်ရှင့်ရဲ့ ထောင်ချောက်ထဲကို ထပ်ပြီး ကျသွားဦးမှာပေါ့...။]
[ဘာပဲဖြစ်ဖြစ်... နောက်ဆိုရင်တော့ ငါ့ရဲ့ စာသားတွေထဲမှာ ဟာကွက်တွေ ရှာဖို့ စိတ်မကူးနဲ့တော့...။]
"..."
လင်းဖန် ဆွံ့အသွားရ၏။ ဤစနစ်သည် အကျိုးရှိမည့် အလုပ်တွေကို မလုပ်ဘဲ ဤကဲ့သို့သော အသေး အဖွဲ ကိစ္စရပ်များကိုသာ အချိန်ကုန်ခံပြီး သုတေသန လုပ်နေခဲ့ခြင်း ဖြစ်လေသည်။
"ဟင်း...၊ ဒီတစ်ခါ မအောင်မြင်တာက ပြန်လည်ရှင်သန်ခြင်း ဆေးလုံးကြောင့် ဖြစ်ရမယ်...။"
"နောက်ဆုံးတော့ ဒီပြန်လည်ရှင်သန်ခြင်း ဆေးလုံးက အဆင့် (၅) ဆေးလုံးပဲ ရှိသေးတာလေ၊ အဆင့် အတန်းက နိမ့်လွန်းနေတော့ ဒီလို ထူးဆန်းတဲ့ အာနိသင်မျိုး ထွက်လာတာပေါ့...။"
"ပြီးပြည့်စုံတဲ့ အာနိသင် ရဖို့အတွက်ဆိုရင် အဆင့်မြင့်တဲ့ ကုသရေးဆေးလုံးတွေကို အင်မော်တယ်စွမ်း အင်နဲ့ ပေါင်းစပ်ရလိမ့်မယ်...။"
"ဟင်….၊ ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး နဲ့ စမ်းကြည့်ရင်ကော။ ဒီဆေးလုံးက အတိဒုက္ခ အဆင့် ကျင့်ကြံသူတွေအတွက်တောင် ထိရောက်တာဆိုတော့ အဆင်ပြေနိုင်တာပဲ...။"
ဤသို့ဖြင့် လင်းဖန်သည် သူ၏ ဒုတိယအကြိမ် စမ်းသပ်မှုကို စတင်လိုက်ပြန်လေသည်။
ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံး နှင့် အင်မော်တယ်စွမ်းအင်တို့ကို ဆေးမီးဖိုထဲ ထည့်ပြီး နောက် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်လိုက်လေ၏။ ဤတစ်ကြိမ်တွင်မူ အောင်မြင်စွာ သန့်စင်နိုင်ရန် အတွက် (၁၅) မိနစ်ခန့် အချိန်ယူလိုက်ရလေသည်။
[အားသစ်လောင်းဆေးလုံး (မြည်းတံဆိပ်) - အထူးဆေးလုံး တစ်မျိုး ဖြစ်သည်။]
[ဖော်ပြချက် - လက်မလျှော့ဘဲ ဇွတ်တရွတ် ကြိုးစားနေသော ဆေးဆရာ တစ်ယောက်၏ ရလဒ် ဖြစ် သည်။]
[လုပ်ဆောင်ချက် - သောက်သုံးပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအင် အနည်းငယ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်သလို ဒဏ်ရာများကိုလည်း ကုသပေးနိုင်သည်။]
[ဘေးထွက်ဆိုးကျိုး - ဤဆေးလုံးကို ဒဏ်ရာကုသရန် အသုံးပြုပါက မိမိ၏ အင်မော်တယ်စွမ်းအင်ကို ကုန်ဆုံးစေမည်ဖြစ်ပြီး အင်မော်တယ်စွမ်းအင် ဖြည့်တင်းရန် အသုံးပြုပါက မိမိ၏ ကျန်းမာရေးကို ကုန်ဆုံးစေမည် ဖြစ်သည်။]
လင်းဖန်သည် ဆေးလုံး၏ ဖော်ပြချက်ကို ကြည့်ကာ အလွန်အမင်း စိတ်ပျက်သွားရ၏။
*နောက်ထပ် အသုံးမကျတဲ့ ဆေးလုံး တစ်မျိုးပေါ့။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ အင်မော်တယ်စွမ်းအင် နှစ်ခုထဲက တစ်ခုကိုပဲ ရွေးချယ်ရတော့မဲ့ သဘောပဲပေါ့…။*
"တောက်... ငါ လိုချင်တဲ့ ဆေးလုံးကို မသန့်စင်နိုင်ဘူးလို့ ငါ လုံးဝ မယုံဘူး...။"
ပြင်းပြလှသော ဇွဲလုံ့လဖြင့် လင်းဖန်သည် သူ၏ (၅၀၂) ကော် ပုလင်းကို ထုတ်ယူလိုက်လေသည်။
စနစ်: [...]
[ပိုင်ရှင်ကြီး... စိတ်အေးအေးထားပါဦး…။ ဒါက လူသောက်လို့ ဖြစ်မယ့် အရာမှ မဟုတ်တာ...။]
"ဟဲဟဲ... ဒါက သောက်လို့ ရမရ ငါ ဂရုမစိုက်ဘူး၊ ဘာပဲဖြစ်ဖြစ် ဒါနဲ့ လုပ်ထားတဲ့ ဆေးလုံးကို ငါ သောက်မှာမှ မဟုတ်တာ...။"
[ဒါပေမဲ့ ဒီအရာက ဆေးဖက်ဝင်အပင်မှ မဟုတ်တာ၊ ဒါကို သုံးပြီး ဆေးလုံး ဖော်လို့ ရနိုင်ပါ့မလား…။]
"ရမရ ဆိုတာကတော့ စမ်းကြည့်မှ သိမှာပေါ့...။"
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် (၅၀၂) ကော် တစ်စက်ကို ဆေးမီးဖိုထဲသို့ ညှစ်ထည့်လိုက်ပြီး တစ်ချိန် တည်းမှာပင် အင်မော်တယ်စွမ်းအင် တစ်စွန်းတစ်စကိုပါ ထုတ်ယူ၍ ထည့်လိုက်လေသည်။
အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် မိနစ် (၃၀) ခန့် အကြာတွင် ဆေးမီးဖိုမှ 'ဒင်' ဆိုသည့် အသံ ထွက်ပေါ်လာတော့သည်။ သို့သော်လည်း ထိုအသံမှာ အနည်းငယ် အားနည်းနေသကဲ့သို့ ခံစားရ၏။
သန့်စင်ခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားပြီ ဖြစ်သဖြင့် လင်းဖန်သည် မစောင့်နိုင်တော့ဘဲ ဆေးမီးဖိုကို ဖွင့် ကာ စစ်ဆေးလိုက်လေသည်။ ဆေးမီးဖိုအတွင်း၌ နို့နှစ်ရောင် ဆေးလုံး (၁၀) လုံး ငြိမ်သက်စွာ လဲလျောင်းလျက်ရှိနေပေသည်။
[အင်မော်တယ်ဆေးလုံး (မြည်းတံဆိပ်) - အထူးဆေးလုံး တစ်မျိုး ဖြစ်သည်။]
[ဖော်ပြချက် - နည်းလမ်းမျိုးစုံကို အသုံးပြုတတ်သော ဆေးဆရာ တစ်ယောက်က ဖန်တီးထားခြင်း ဖြစ် သည်။]
[လုပ်ဆောင်ချက် - သောက်သုံးပြီးနောက် ထိခိုက်ပျက်စီးနေသော အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးနိုင်သည်။]
[ဘေးထွက်ဆိုးကျိုး - နည်းနည်းလေး စေးကပ်နေပါတယ်...]
ဆေးလုံး၏ အာနိသင်ကို မြင်လိုက်ရသည့်အခါ လင်းဖန်က အားရပါးရ ရယ်မောလိုက်လေတော့သည်။
"ဟားဟားဟား... ငါ့ကို ကန့်ကွက်ချင်တဲ့သူတွေ ပြောကြစမ်းပါဦး...။"
"ဆေးလုံးတွေကို ဆေးဖက်ဝင်အပင်တွေနဲ့ပဲ လုပ်ရမယ်လို့ ဘယ်သူ ပြောလဲ...။"
"ငါက လူသား ဟုတ်မဟုတ်၊ ငါ့လက်က ကျိုးမကျိုး ဆိုတာတွေကို ထားလိုက်စမ်းပါ၊ ငါ အောင်အောင် မြင်မြင် သန့်စင်နိုင်ခဲ့လား ဆိုတာကိုပဲ ကြည့်လိုက်စမ်း...။"
[...ပိုင်ရှင်ကြီးက တကယ့်ကို အံ့ဩစရာပါပဲ….။]
[ဒါပေမဲ့ 'နည်းနည်းလေး စေးကပ်နေပါတယ်' ဆိုတာက ဘာကို ဆိုလိုတာလဲဆိုတာ ပိုင်ရှင်ကြီး စဉ်းစား ပြီးပြီလား…။ ဘယ်လောက်အထိ စေးကပ်မှာလဲပိုင်ရှင်…။]
စနစ်၏ စကားကြောင့် လင်းဖန်သည် အခြေအနေကို သတိပြုမိသွားခဲ့လေသည်။ ဤ (၅၀၂) ကော်သည် အလွန် ပြင်းထန်သော စေးကပ်မှု အစွမ်းရှိသည် မဟုတ်ပါလား။
ဤနေရာတွင် 'နည်းနည်းလေး' ဟု ပြောထား ခြင်းကလည်း အတော်လေးတော့ ရှိနေမှာ သေချာလှ ပေသည်ပင်။