အခန်း ၁၉၀
Vol. 19 Ch. 190
အခန်း (၁၉၀) လင်းဖန်သည် မိမိစိတ်တိုင်းကျ လုပ်ဆောင်ရန် ပျော်ရွှင်နေခဲ့၏
“အဲဒါကို စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို ရှာရမှာပဲ...၊ ဒါမှ ဘာဖြစ်မလဲဆိုတာ သိရမှာပေါ့...။”
ပြောပြောဆိုဆိုဖြင့် လင်းဖန်သည် လျူပိုင်ချွမ်းထံသို့ သတင်းပို့ကာ သူ့ထံသို့ ခေါ်ယူလိုက်၏။ ထိုနေရာ သို့ ရောက်ရှိလာသည့်အခါ လျူပိုင်ချွမ်းက ရိုသေစွာဖြင့် မေးမြန်းလိုက်သည်မှာ...၊
“သခင်... ဒီအစေခံအိုကြီးကို ဘာများ ညွှန်ကြားချင်လို့လဲခင်ဗျာ...။”
မိမိရှေ့တွင် ရိုသေစွာ ရှိနေသော လျူပိုင်ချွမ်းကို ကြည့်ကာ လင်းဖန်က တိုက်ရိုက်ပင် ပြောလိုက်၏။
“ပိုင်ချွမ်း... မင်းရဲ့ အင်မော်တယ်ခန္ဓာကိုယ်က လုံးဝ မပြည့်စုံသေးဘူးဆိုတာ ငါသိတယ်၊ အဲဒါကြောင့် မင်းအတွက် အထူးသီးသန့် ဆေးလုံးတစ်မျိုးကို ငါသန့်စင်ပေးထားတယ်...။”
“ဒီဆေးလုံးက တကယ့်ကို အစွမ်းထက်လှတယ်... မင်းရဲ့ ထိခိုက်ပျက်စီးနေတဲ့ အင်မော်တယ်ခန္ဓာကိုယ် ကို ပြန်လည်ပြုပြင်ပေးပြီးတော့ မင်းကို တကယ့် အင်မော်တယ်စစ်စစ် ဖြစ်လာစေလိမ့်မယ်...။ မင်း အဲဒါကို စမ်းကြည့်ပြီး အာနိသင်ကို သိချင်လား...။”
ကျေးကျွန်ပြုခြင်း အာနိသင်အောက်တွင် လျူပိုင်ချွမ်းသည် လင်းဖန်၏ စကားကို ငြင်းပယ်ရန် စိတ်ကူး ပင် ရှိလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ကျေးကျွန်ပြုခြင်း အာနိသင် မရှိလျှင်ပင် ကျဆုံးအင်မော်တယ် တစ်ယောက်အနေဖြင့် မိမိ၏ အင်မော်တယ်ခန္ဓာကိုယ် ပြည့်စုံသွားစေမည့် သွေးဆောင်မှုကိုမူ သူ တွန်းလှန်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူပိုင်ချွမ်းက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြန်လည်ဖြေ ကြားလိုက်လေ၏။
“သခင်... ဒီအစေခံအိုကြီးက စမ်းကြည့်ချင်ပါတယ်...။ သခင်ကြီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး...။”
လင်းဖန်သည် တစ်ဖက်လူ၏ အဖြေကို အလွန်ကျေနပ်သွားပြီး အင်မော်တယ်ဆေးလုံး တစ်လုံးကို ချက်ချင်းထုတ်ကာ သူ့ထံသို့ ကမ်းပေးလိုက်လေ၏။
“ဒါက မင်းရဲ့ အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးမယ့် အင်မော်တယ်ဆေးလုံးပဲ... ။ သောက်လိုက်စမ်း...။”
စိတ်လှုပ်ရှားစွာဖြင့် ဆေးလုံးကို လက်ခံရရှိပြီးနောက် လျူပိုင်ချွမ်းသည် တွေဝေမနေတော့ဘဲ...၊ ဆေးလုံးကို ပါးစပ်ထဲသို့ ချက်ချင်း ထည့်လိုက်လေတော့သည်။
လင်းဖန် အံ့ဩသွားရသည်မှာ ဤအင်မော်တယ်ဆေးအမြိုက်သည် အခြားသော ဆေးလုံးများကဲ့သို့ ပါးစပ်ထဲ၌ အရည်ပျော်မသွားခြင်းပင် ဖြစ်၏။ လျူပိုင်ချွမ်းသည် ဆေးလုံးကို ပါးစပ်ထဲထည့်ကာ အားရ ပါးရ ဝါးနေရသည်ကို သူ မြင်လိုက်ရပေသည်။
“သခင်... ဒီဆေးလုံးက တော်တော်လေး ဝါးလို့ကောင်းတာပဲ...။”
လျူပိုင်ချွမ်း၏ တုံ့ပြန်မှုကို ကြားလိုက်ရသည့်အခါ လင်းဖန်က အနည်းငယ် သံသယဝင်သွား၏။
*နည်းနည်းလေး စေးကပ်ပြီး ဝါးရခက်နေတာပဲလား...။ တကယ်လို့ အဲဒီအတိုင်းသာ ဆိုရင်တော့ ဒါက ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးတော့ မဟုတ်ဘူး….။*
“ဟားဟား... ဒီဆေးလုံးက အနှစ်သာရတွေ အများကြီး ပါတာဆိုတော့ ဝါးရတာ နည်းနည်းခက်နေတာ သဘာဝပါပဲ...။ ခဏလောက် ဝါးကြည့်ပြီးရင်တော့ မင်း ကျင့်သားရသွားမှာပါ...။”
သေချာပေါက် ဤဆေးလုံးမှာ အတော်လေး စေးကပ်လှသဖြင့် လျူပိုင်ချွမ်းသည် ၎င်းကို မျိုချနိုင်ရန် အတွက် အတော်ကြာအောင် ဝါးနေခဲ့ရလေသည်။
ဆေးလုံးကို မျိုချပြီးသည်နှင့် အာနိသင်မှာ ချက်ချင်းပင် သိသာထင်ရှားလာခဲ့လေပြီဖြစ်၏။ ရုတ်တရက် လျူပိုင်ချွမ်းသည် အင်မော်တယ် အရှိန်အဝါများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရပြီး သူသည် မြင့်မြတ်လှ သော အင်မော်တယ်တစ်ပါးကဲ့သို့ ခန့်ညားထည်ဝါသော အသွင်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့ လေသည်။
သူ၏ အသွင်အပြင်မှာလည်း အဘိုးအို တစ်ယောက်အသွင်မှ လူရွယ်တစ်ယောက်ကဲ့သို့ နုပျိုသွားခဲ့လေ ၏။ သေချာပေါက် ဤအရာမှာ ပြည့်စုံသော အင်မော်တယ်ခန္ဓာကိုယ်ကို ရရှိပြီးနောက် သက်တမ်း တိုး လာသည့် အာနိသင်ပင် ဖြစ်ပေသည်။
လျူပိုင်ချွမ်းသည်လည်း မိမိကိုယ်ကိုယ် ပြောင်းလဲသွားသည်ကို သိရှိကာ မှင်တက်သွားရပေ၏။
ခေတ္တမျှအထိ သူသည် အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
မှန်ပါသည်...၊ သူသည် အမှန်တကယ်ကိုပင် စကားမပြောနိုင်တော့ခြင်း ဖြစ်၏၊ အဘယ်ကြောင့်ဆိုသော် သူ၏ သွားများမှာ တစ်ခုနှင့်တစ်ခု စေးကပ်ကာ ကပ်နေကြောင်း သူ သတိထားမိလိုက်သောကြောင့် ဖြစ် သည်။
“သခင်... ဝူး...ဝါး... ဝါး... ဝူး...”
စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပီမသ ဖြစ်နေသော လျူပိုင်ချွမ်းကို ကြည့်ကာ လင်းဖန်က ပြုံး၍ ပြောလိုက်သည်မှာ...၊
“ပိုင်ချွမ်း... မလောပါနဲ့ဦး၊ ဖြည်းဖြည်းချင်း ပြောစမ်းပါ...။”
“မင်းက ငါ့ကို ကျေးဇူးတင်ချင်လို့လား...။ ဟေး... အဲဒါက ဘာမှ မဟုတ်ပါဘူး။ နောင်ကျရင် မြင့်မြတ် နယ်မြေအတွက် ပိုပြီး ကြိုးစားပေးရင်ပဲ လုံလောက်ပါပြီ...။”
လျူပိုင်ချွမ်းမှာ အတော်ကြာအောင် တတွတ်တွတ် ပြောနေသော်လည်း ရှင်းလင်းသော စကားလုံး တစ်လုံးမျှ ထွက်မလာသည်ကို မြင်ရသောအခါ လင်းဖန်သည် တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သိလိုက် ရလေ၏။
“ဟင်... ဘာဖြစ်လို့လဲ...။ အဆိပ်မိပြီး ဆွံ့အသွားတာလား...။”
[ပိုင်ရှင်ကြီး... သူ့ရဲ့ အပေါ်သွားနဲ့ အောက်သွားတွေ ကပ်နေတာများ ဖြစ်နိုင်မလား...။]
“...အင်း... အဲဒါဖြစ်နိုင်တယ်...။”
“ဒါဆိုရင် 'နည်းနည်းလေး စေးကပ်နေပါတယ်' ဆိုတာက ဒါကို ပြောတာကိုး။ တကယ့်ကို ရိုးရှင်းပြီး ပွင့်လင်းတဲ့ ဖော်ပြချက်ပါပဲလား...။”
စကားပြောချင်ပါသော်လည်း ရှင်းရှင်းလင်းလင်း မပြောနိုင်ဘဲ ဖြစ်နေသော လျူပိုင်ချွမ်းကို ကြည့်ကာ လင်းဖန်က ဖြောင်းဖျပေးလိုက်လေ၏။
“ကဲ... ပိုင်ချွမ်း၊ ဒီဆေးလုံးက အင်မော်တယ်ခန္ဓာကိုယ်ကို ပြုပြင်ပေးနိုင်တာပဲလေ။ ဒီလို ဘေးထွက် ဆိုးကျိုးလေးလောက်ကတော့ မင်းအတွက် ဘာမှ စိုးရိမ်စရာ မရှိဘူး မဟုတ်လား...။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လျူပိုင်ချွမ်းမှာ ဘာပြောနိုင်ပါဦးမည်တဲ့လဲ။ သူသည် ခေါင်းကိုသာ အလျင်အမြန် ငြိမ့်ပြလိုက်ရလေတော့သည်။
“ကောင်းပြီလေ... သွားပါ၊ မင်းရဲ့ ပြည့်စုံသွားတဲ့ အင်မော်တယ်ခန္ဓာကိုယ်နဲ့ ကျင့်သားရအောင် သွား လုပ်လိုက်ဦး...။”
“စကားပြောတဲ့ ကိစ္စကတော့ စိတ်ဝိညာဉ်ကနေတစ်ဆင့် သတင်းပို့လို့ ရတာပဲ မဟုတ်လား...။”
“ဒါ့အပြင် ဒီဘေးထွက်ဆိုးကျိုးကလည်း တစ်သက်လုံး ရှိနေမှာ မဟုတ်ပါဘူး...။ ခဏကြာရင် ပျောက် သွားနိုင်ပါတယ်...။”
လင်းဖန်က သတိပေးလိုက်မှသာ လျူပိုင်ချွမ်းသည် စိတ်ဝိညာဉ်ကို သုံးရန် သတိရသွားလေတော့သည်။
“ဟုတ်ကဲ့ပါ... အင်မော်တယ် မဖြစ်နိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ နောင်တတွေကို ဖြည့်ဆည်းပေးခဲ့တဲ့အတွက် သခင်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်…။”
“ဒီအစေခံအိုကြီးမှာ သခင်ကြီးရဲ့ ကျေးဇူးကို ဆပ်ဖို့ နည်းလမ်း မရှိပါဘူး။ ကျွန်တော့်ရဲ့ နောက်ဆုံး ထွက်သက်အထိ သခင်ကြီးကို စိတ်နှလုံးအကြွင်းမဲ့ အလုပ်အကျွေး ပြုသွားပါ့မယ်...။”
ဤအချိန်မှစ၍ လျူပိုင်ချွမ်းသည် လင်းဖန်ကို သူ၏သခင်အဖြစ် စိတ်ရင်းအမှန်ဖြင့် လုံးဝ အသိအမှတ် ပြုသွားတော့လေသည်။ နတ်ဘုရားသတ်နှင်တံ၏ ကျေးကျွန်ပြုခြင်း အာနိသင် မရှိလျှင်ပင် သူတို့ သည် လင်းဖန်အပေါ် ပုန်ကန်မည့် အတွေးမျိုး ရှိကြတော့မည် မဟုတ်ပေ။
လင်းဖန်ကမူ သူ၏ စကားကို ကြားသောအခါ လက်ကို ဝှေ့ယမ်းပြလိုက်၏။
“ကောင်းပြီလေ... မင်း အခု ပြန်လို့ရပြီ၊ ငါလည်း အလုပ်ပြန်လုပ်ရဦးမယ်...။”
ထို့နောက် လျူပိုင်ချွမ်းသည် ရိုသေစွာ ဂါရဝပြုကာ ထွက်ခွာသွားလေတော့သည်။
*ဟဲဟဲ... လျူပိုင်ချွမ်းက ပြည့်စုံတဲ့ အင်မော်တယ်ခန္ဓာကိုယ်နဲ့ ကျင့်သားရသွားပြီးတော့ အင်မော်တယ် စွမ်းအင် ပြောင်းလဲပေးနိုင်တဲ့ လင်ရွှီ အင်မော်တယ်စံအိမ် အဆောင်ပြား လည်း ရှိနေပြီဆိုတော့...၊ သူ့ရဲ့ အင်မော်တယ်စွမ်းအင်တွေက အမြဲတမ်း ပြည့်ဝနေမှာပဲ...။*
*သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း ဆက်ပြီး တိုးတက်နေဦးမှာ သေချာတယ်...။*
*ဒီလို လက်ပါးစေမျိုးတွေ ငါ့အောက်မှာ ရှိနေမှတော့...၊ ထျန်းယွမ်တိုက်ကြီးပေါ်မှာ ဘယ်သူက ငါ့ကို အခကြေးငွေ မပေးဘဲ နေရဲဦးမှာတဲ့လဲ...။*
*အင်း... မြင့်မြတ်နယ်မြေ အတွက်လည်း လိုသေးတာပဲ။ အင်မော်တယ် တစ်ယောက်တည်းနဲ့တော့ မလုံလောက်သေးဘူး။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီကို တစ်ခေါက်လောက် ထပ်သွားပြီး သူတို့ ဆီက ကျဆုံးအင်မော်တယ်တွေကိုပါ ငါ့လက်အောက်ကို သိမ်းသွင်းနိုင်မလားဆိုတာ သွားကြည့်ရ မယ်...။*
ဤသို့တွေးတောရင်း လင်းဖန်သည် မြင့်မြတ်နယ်မြေမှ ထွက်ခွာကာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ဆီသို့ သွားလိုက်တော့သည်။
“အို... အားလုံးပဲ အလုပ်ရှုပ်နေကြတာကိုး...။”
လင်းဖန်သည် ဟင်းလင်းပြင်တံခါးမှ ထွက်လာသည်နှင့် တောင်ထိပ်သုံးခုမှ တပည့်များသည် ဂိုဏ်းဌာန ချုပ်များကို ပြန်လည်ပြုပြင်နေကြသည်ကို တွေ့လိုက်ရသည်။
လင်းဖန်သည် ထိုဂိုဏ်းသုံးဂိုဏ်းကို ဤနေရာသို့ ရွှေ့ပြောင်းစဉ်က ၎င်းတို့ကို ဒီအတိုင်း ဖြစ်သလိုသာ ချထားခဲ့ခြင်း ဖြစ်၏။ ခြုံငုံကြည့်လျှင် အတော်လေး ရှုပ်ထွေးနေပြီး အမြင်အာရုံကိုလည်း ထိခိုက်စေခဲ့ သည်။
တောင်ထိပ်သုံးခုမှ တပည့်အားလုံးသည် သူတို့၏ နေအိမ်များနှင့် ဈေးကွက်များကို သန့်ရှင်းရေးလုပ်ကာ စနစ်တကျ ပြန်လည်ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။
“အရှင်သခင်ကြီးကို ဂါရဝပြုပါတယ်...။”
ဟင်းလင်းပြင်တံခါးမှ ထွက်လာသော လင်းဖန်ကို မြင်သည်နှင့် တပည့်များက အလျင်အမြန် ဂါရဝပြု နှုတ်ဆက်လိုက်ကြလေ၏။
“အင်း... အားလုံး ကိုယ့်အလုပ်ကိုယ် ပြီးသွားရင်တော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေနဲ့ သွားပြီး စကားစမြည် ပြောကြလေ...။”
“မင်းတို့ရဲ့ ကျင့်ကြံမှုအရည်အချင်းတွေ ဘယ်လောက်အထိ တိုးတက်လာပြီလဲ၊ မင်းတို့ရဲ့ ကျင့်ကြံတဲ့ ပတ်ဝန်းကျင်က ဘယ်လောက်တောင် ကောင်းမွန်နေပြီလဲဆိုတာ သူတို့ကို ပြလိုက်ကြစမ်းပါ...။”
“အရင်က သူတို့တွေ မင်းတို့ကို လျစ်လျူရှုခဲ့ကြတယ် မဟုတ်လား၊ အခုတော့ သူတို့တွေ မင်းတို့ရဲ့ အာရုံစိုက်မှုကို ပြန်တောင်းခံရလိမ့်မယ်...။”
“အတိုချုပ်ပြောရရင်တော့...၊ ငါ့အတွက်နဲ့ နိမ့်နိမ့်ပါးပါး နေဖို့ မကြိုးစားနဲ့၊ မင်းတို့ စွမ်းနိုင်သမျှ အမြင့်ဆုံး ကြွားလုံးထုတ်ကြစမ်း...။”
ထိုစကားများကို ကြားလိုက်ရသည့်အခါ တပည့်များက ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့် သဘောတူလိုက်ကြ တော့သည်။
“စိတ်မပူပါနဲ့ မြင့်မြတ်သောအရှင်...၊ သူတို့တွေ မနာလိုဖြစ်ပြီး ဒေါသထွက်သွားစေရပါ့မယ်...။”
“ဟဲဟဲ... အရင်က သူတို့တွေ ကျွန်တော့်ရဲ့ ကျင့်ကြံမှုအရည်အချင်းကို အထင်သေးခဲ့ကြတာလေ၊ အခု တော့ ကျွန်တော့်မှာ အဆင့် (၇) ကျင့်ကြံမှုအရည်အချင်း ရှိနေပြီ။ သူတို့တွေ ကျွန်တော့်ကို အထင်သေးရဲ သေးလားဆိုတာ ကြည့်ရသေးတာပေါ့...။”
“ဟုတ်ပါတယ်... ကျွန်တော်တို့ရဲ့ မြင့်မြတ်နယ်မြေထဲမှာ ဝိညာဉ်စွမ်းအားတွေ ဘယ်လောက်အထိ ထူထပ်နေပြီလဲဆိုတာကိုလည်း သူတို့ သိအောင် လုပ်ပေးရမယ်...။”
“မြင့်မြတ်သောအရှင်...၊ တကယ်လို့ ကျွန်တော်တို့ ကြွားတာ လွန်သွားလို့ သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲခင်ဗျာ...။”
“ဟုတ်ပါတယ်... ကျွန်တော်တို့ရဲ့ အရည်အချင်းတွေ တိုးတက်လာတယ် ဆိုပေမဲ့ အချိန်က တိုတောင်း လွန်းသေးတော့ ကျင့်ကြံမှုအဆင့်က မမီသေးဘူးလေ...။”
ဤသည်ကို ကြားလိုက်ရသည့်အခါ လင်းဖန်က လက်ကို ဝှေ့ယမ်းကာ ဂရုမစိုက်သကဲ့သို့ ပြောလိုက်၏။
“စိတ်မပူပါနဲ့...၊ ရွှမ်းမင်ဂိုဏ်း တစ်ခုလုံးက ငါတို့ မြင့်မြတ်နယ်မြေဆီမှာ သက်ညှာပေးပြီးသား ဖြစ်နေ ပြီ...။”
“နောင်ကျရင် မင်းတို့ တစ်ခုခု အခက်အခဲ ကြုံရရင် မြင့်မြတ်နယ်မြေထဲက ရွှမ်းမင်ဂိုဏ်းဆီကို သွား လိုက်။ သူတို့ရဲ့ တပည့်တွေကို မင်းတို့ရဲ့ လက်ပါးစေတွေအဖြစ် ခေါ်ခိုင်းလိုက်စမ်းပါ...။”
လင်းဖန် ထိုသို့ ပြောလိုက်သည်နှင့် တစ်ခန်းလုံး တိတ်ဆိတ်သွားရတော့၏။
“မြင့်... မြင့်မြတ်သောအရှင်က ရွှမ်းမင်ဂိုဏ်းကိုပါ သိမ်းသွင်းနိုင်ခဲ့တာလား...။”
“ဘုရားရေ... အဲဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းထက်တောင် ပိုပြီး အစွမ်းထက်တဲ့ နဝမအဆင့် ဂိုဏ်းကြီး မဟုတ်ဘူးလား...။”
“ရွှမ်းမင်ဂိုဏ်းက တပည့်တွေအားလုံးက ကျင့်ကြံမှုအဆင့်တွေ အရမ်း မြင့်ကြမှာပဲ...၊ သူတို့တွေ ကျွန်တော်တို့ကို ကူညီချင်ပါ့မလား...။”
“သူတို့လည်း မြင့်မြတ်နယ်မြေထဲ ရောက်နေပြီဆိုတော့ အခုတော့ ဂိုဏ်းတူတပည့်တွေ ဖြစ်နေပြီပေါ့။ သူတို့တွေကော အရင်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေလိုမျိုး ကျွန်တော်တို့ရဲ့ ကျင့်ကြံမှု အဆင့်ကို အထင်သေးကြဦးမှာလား...။”
တပည့်အချို့၏ ပြောစကားများကို ကြားရသောအခါ လင်းဖန်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက် သည်မှာ...၊
“ဟဲဟဲ... အားလုံးပဲ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားတွေ မပေးကြပါနဲ့၊ မစိုးရိမ်ကြပါနဲ့...။”
“ရွှမ်းမင်ဂိုဏ်းက လူတွေကိုတော့ ငါက အတင်းအဓမ္မ သိမ်းသွင်းထားတာပဲ ရှိသေးတာ၊ သူတို့ကို ငါတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ရဲ့ တရားဝင် အဖွဲ့ဝင်တွေလို့ မသတ်မှတ်နိုင်သေးဘူး...။”
“ပြီးတော့ မင်းတို့တွေက ငါတို့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ကို အရင်ဆုံး ဝင်လာကြသူတွေ ဖြစ်သ လို...၊ ငါတို့ မြင့်မြတ်နယ်မြေရဲ့ ကျောရိုးနဲ့ ဝါရင့်ပုဂ္ဂိုလ်တွေလည်း ဖြစ်ကြတယ်...။”
“နောင်ကျရင် မင်းတို့ တစ်ခုခု လိုအပ်တာ ရှိရင် ရွှမ်းမင်ဂိုဏ်းဆီကနေ အကူအညီ တောင်းရုံပဲ။ အားနာ နေဖို့ မလိုဘူး...။”
“မင်းတို့အားလုံးက ငါနဲ့ အစောဆုံး တွေ့ခဲ့ကြသူတွေ ဖြစ်သလို မြင့်မြတ်နယ်မြေကိုလည်း အရင်ဆုံး ဝင်ရောက်ခဲ့ကြသူတွေပဲ။ ငါ့ရဲ့ စိတ်ထဲမှာတော့... ရွှမ်းမင်ဂိုဏ်း ဖြစ်ဖြစ်၊ နောက်မှ ရောက်လာမယ့်သူပဲ ဖြစ်ဖြစ်၊ ဘယ်သူမှ မင်းတို့နဲ့ မနှိုင်းယှဉ်နိုင်ပါဘူး...။”