အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) မင်းက ခြိမ်းခြောက်ရတာ ဝါသနာပါတာလား...
ခရမ်းရွှေနတ်နဂါးထီးသည် ခရမ်းရွှေနတ်နဂါးအစီအရင်ကို ထိန်းသိမ်းထားရန်အတွက် အစီအရင်၏ မျက်နှာစာမှ ထွက်ခွာသွား၍ မရသော်လည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်း တစ်ခုလုံးမှာ ထိုအစီအရင် ၏ လွှမ်းခြုံမှုအောက်တွင် ရှိနေပေသည်။
သို့ဖြစ်ရာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ နယ်မြေအတွင်း၌မူ ခရမ်းရွှေနတ်နဂါးထီးသည် မည်သည့် နေရာတွင်မဆို အလိုအလျောက် ပေါ်လာနိုင်ပေသည်။
ယခင်က လင်းဖန်သည် ခရမ်းရွှေနတ်နဂါးဓားကို အစီအရင်၏ ဗဟိုချက်အဖြစ် အသုံးပြုရန်နှင့် ခရမ်း ရွှေနတ်နဂါးထီးကိုမူ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် အချိန်မရွေး အသုံးပြုနိုင်ရန် အစားထိုးလဲလှယ်ဖို့ စီစဉ်ခဲ့ဖူးသည်။
သို့သော် အစောင့်အရှောက်ရုပ်သေး ရှီလင်းသည် နတ်ဘုရားသတ်နှင်တံကို ရရှိသွားပြီးနောက်တွင်မူ ထိုသို့လုပ်ဆောင်ရန် မလိုအပ်တော့ပေ။ တစ်စုံတစ်ရာ ပျက်စီးဆုံးရှုံးမှု ရှိလာပါက ရှီလင်းက အရာအား လုံးကို တာဝန်ယူ ဖြေရှင်းပေးနိုင်မည်သာ ဖြစ်ပေသည်။
လင်းဖန်အနေဖြင့် အင်မော်တယ်တစ်ဦးကိုပါ လက်အောက်ခံအဖြစ် သိမ်းသွင်းပြီးနောက်တွင်မူ ထိုသို့ ပြုလုပ်ရန် ပို၍ပင် မလိုအပ်တော့ချေ။ သို့ဖြစ်ရာ အစွမ်းပြည့်ဝသော ခရမ်းရွှေနတ်နဂါးထီးမှာ ဂိုဏ်း၏ အစီအရင်ကြီးကို ဆက်လက် ထိန်းသိမ်းထားမည်သာ ဖြစ်သည်။
တစ်ဖက်အဖွဲ့သည် သူတို့အထဲတွင် အင်အားအကြီးဆုံးသူပင် လင်းဖန်နှင့် တစ်ကြိမ်တည်း ရင်ဆိုင်ရုံဖြင့် ရှုံးနိမ့်သွားသည်ကို မြင်သောအခါ မည်သူမျှ ထပ်မံ၍ မိုက်မဲစွာ မလှုပ်ရှားရဲကြတော့ပေ။ သူတို့သည် လီချန်းချင်းကို စကားဖြင့်သာ ဖိအားပေးရန် ကြိုးစားတော့သည်။
“ဂိုဏ်းချုပ်လီ... မင်းက မင်းဆီကို လာလည်တဲ့ ဧည့်သည်တွေကို သည်လိုပဲ ဆက်ဆံတာလား...။”
“မင်းတို့က နောက်ထပ် အင်အားကြီး ရန်သူတစ်ယောက်ကို ထပ်တိုးချင်နေတာလား...။”
“တကယ်လို့ မင်းတို့ဘက်က ကျေနပ်လောက်တဲ့ ရှင်းပြချက်တစ်ခု မပေးဘူးဆိုရင် နောက်ရက်အနည်း ငယ်အတွင်းမှာ အဆင့် (၉) ဂိုဏ်းကြီး နှစ်ဂိုဏ်းက မင်းတို့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဝိုင်းရံ လာကြလိမ့်မှာကို ငါ စိုးရိမ်မိတယ်...။”
ထိုစကားကို ကြားသောအခါ လီချန်းချင်းက ပြန်လည် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း သူ၏ ဘေးတွင် ရပ်နေသော လင်းဖန်က ဦးအောင် ပြောလိုက်လေသည်။
“မင်းတို့က ရှင်းပြချက် လိုချင်တာလား... ငါလည်း ရှင်းပြချက် လိုချင်နေတာ...။”
“မင်းတို့ လူက ငါ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလေ...။ အဲဒီအတွက် ငါ့ရဲ့ စိတ်နှလုံး ထိခိုက်နစ်နာမှု တွေကို မင်းတို့ဘက်က လျော်ကြေးပေးရမယ်...။”
“ငါ့ကို အရင်တိုက်ခိုက်တဲ့လူကိုတော့ ငါ ဖမ်းထားလိုက်မယ်...။ မင်းတို့ကတော့ ပြန်သွားပြီး ရွေးငွေ သွားယူကြ...။”
“အကယ်၍ သုံးရက်အတွင်းမှာ ရွေးငွေ ရောက်မလာဘူးဆိုရင်တော့ ငါ သူ့ကို သတ်ပစ်ပြီး မင်းတို့ဂိုဏ်း ဆီအထိ လာပြီး ဖြေရှင်းချက် တောင်းရလိမ့်မယ်...။”
လင်းဖန်၏ စကားကို ကြားသောအခါ ထိုလူစုမှာ မယုံကြည်နိုင်သလို ကြည့်နေကြသည်။ အမှန်စင်စစ် လင်းဖန်က ဂိုဏ်းနှစ်ခုကြားရှိ ပဋိပက္ခကို လုံးဝ ဂရုမစိုက်ဘဲ သည်ကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် စကားမျိုးကို ပြောထွက်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ထို့နောက် သူတို့၏ အကြည့်များမှာ လီချန်းချင်းထံသို့ ရောက်ရှိသွားကြသည်။
“ဂိုဏ်းချုပ်လီ... ဒါက မင်းရဲ့ သဘောထားပဲလား...။”
ထိုအခါ လီချန်းချင်းက ခပ်ဖွဖွ ရယ်မောလိုက်လေသည်။
“မိတ်ဆွေလင်းက ငါတို့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ မဟာမိတ်ဖြစ်သလို သူပြောတဲ့ စကားက ငါတို့ ပြောတဲ့ စကားပဲ...။”
ထိုစကားကို ကြားသောအခါ လီချန်းချင်းအနေဖြင့် မည်သည့်နေရာမှ ဤကဲ့သို့သော ယုံကြည်မှုများ ရရှိ နေခဲ့သည်ကို ထိုလူများ နားမလည်နိုင်ကြတော့ပေ။ သို့သော် ယခုအချိန်တွင် ပြောနေလည်း ဘာမျှ ထူးတော့မည် မဟုတ်ပေ။
“ကောင်းပြီ... ကောင်းပြီ...၊ ငါတို့ သွားမယ်...။ ဂိုဏ်းချုပ်လီ တစ်ယောက် ဒီနေ့ ဆုံးဖြတ်ချက်အတွက် နောင်တ မရပါစေနဲ့လို့ပဲ ငါ ဆုတောင်းပေးလိုက်ပါတယ်...။”
ထိုသို့ ပြောဆိုပြီးနောက် ထိုလူစုမှာ ထွက်ခွာရန် ပြင်လိုက်ကြလေသည်။ သို့သော် လင်းဖန်က ထပ်မံ၍ ဟန့်တားလိုက်ပြန်လေသည်။
“ခဏနေဦး... ငါက မင်းတို့ အနည်းငယ် ပြန်သွားလို့ရမယ်လို့ပဲ ပြောတာလေ...။ မင်းတို့ရဲ့ သိုလှောင် လက်စွပ်တွေပါ ပြန်ယူသွားလို့ရမယ်လို့ မပြောခဲ့မိဘူး...။”
“လက်စွပ်တွေကို ကိုယ့်ဘာသာကိုယ် ချွတ်ပေးကြမလား...။”
လင်းဖန်၏ တားဆီးခြင်းကို ခံလိုက်ရသော ထိုလူစုမှာ ဒေါသတကြီးဖြင့် စိုက်ကြည့်လာကြပြီး အလွယ် တကူ အရှုံးပေးရန် ဆန္ဒမရှိကြသည်မှာ ထင်ရှားနေပေသည်။ သို့သော် လင်းဖန်က ဆက်လက် ပြောဆို လိုက်လေသည်။
“ဘာလဲ... ငါ့ကို ကိုယ်တိုင် လာယူစေချင်တာလား...။”
“တကယ်လို့ ငါကိုယ်တိုင် လာယူမယ်ဆိုရင်တော့ နည်းလမ်းက တော်တော်လေး ရိုးရှင်းပြီး ရက်စက် ကြမ်းကြုတ်နေမှာနော်..။”
စကားပြောနေရင်းမှာပင် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးထီးထဲမှ ခရမ်းရွှေနတ်နဂါးဓားကို ဖြည်းညင်း စွာ ဆွဲထုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ အကြည့်များမှာ လက်စွပ်ဝတ်ထားသော ထိုလူ များ၏ လက်များပေါ်သို့ ကျရောက်သွားခဲ့လေသည်။
လင်းဖန်၏ လက်ကို ဖြတ်တောက်ရန် ပြင်နေသော ဟန်ပန်နှင့် ဘေးနားရှိ လီချန်းချင်းတို့၏ ခြိမ်းခြောက် နေသော အရှိန်အဝါများကို ကြည့်ရင်း ထိုလူစုမှာ ဒေါသကို ခေတ္တ မျိုသိပ်ကာ သိုလှောင်လက်စွပ်များ ကို အလိုက်သင့် ချွတ်ပေးလိုက်ကြရလေတော့သည်။
“ဟွန့်... သည်အရှက်ရမှုကို ငါတို့ မှတ်ထားမယ်...။ နောက်ရက်အနည်းငယ်အတွင်းမှာ မင်းတို့ နောင်တ ရစေရမယ်...။”
ထပ်မံ၍ ကြုံးဝါးလိုက်ပြီးနောက် ထိုလူစုမှာ လှည့်ထွက်သွားကြလေတော့သည်။ သို့သော် သူတို့ ကျော ခိုင်းလိုက်သည့် ခဏတာ သတိလက်လွတ် ဖြစ်သွားချိန်တွင် လင်းဖန်သည် ဟင်းလင်းပြင်အတွင်းသို့ ချက်ချင်း ပျောက်ကွယ်သွားပြီး သူတို့၏ ဘေးတွင် ပေါ်လာခဲ့လေသည်။
“ဘုန်း... ဘုန်း... ဘုန်း... ”
အသံအချို့ ထွက်ပေါ်လာပြီးနောက်တွင်မူ ထိုလူများထဲမှ တစ်ဦးတည်းသာ မတ်တပ်ရပ်လျက် ကျန်ရှိ နေတော့သည်။
ထိုသို့ လုပ်ဆောင်လိုက်သူမှာ လင်းဖန်ပင် ဖြစ်နေပြီး သူသည် ကျန်ရှိနေသော လူအများအပြားကို ကောင်းကင်လှည့်လည်ခြင်းတံဆိပ်တော်ဖြင့် ရိုက်နှက်ကာ သတိလစ်သွားစေခဲ့သည်။
နောက်ဆုံးတွင် ကျန်ရစ်ခဲ့သော တစ်ဦးမှာမူ အစမှ အဆုံးအထိ စကားတစ်လုံးမျှ မပြောခဲ့သဖြင့် လင်းဖန်က ချန်ထားပေးခဲ့ခြင်းသာ ဖြစ်ပေသည်။ အဆုံး၌ ရွေးငွေ သွားတောင်းရန်အတွက် တစ်စုံ တစ်ဦးကိုတော့ ပြန်လွှတ်ပေးရန် လိုအပ်သည် မဟုတ်ပါလား။
“ဟွန့်... ငါ မင်းတို့ကို ထွက်သွားဖို့ အခွင့်အရေး နှစ်ကြိမ်တောင် ပေးခဲ့တယ်...။ မင်းတို့က ဘာလို့ အမြဲတမ်း စကားနာတွေ ထိုးနေရတာလဲ...။”
“သိုလှောင်လက်စွပ်တွေကို သိမ်းမယ်လို့ ခြိမ်းခြောက်တာကိုတောင် သင်ခန်းစာ မရဘဲ ဒုတိယအကြိမ် ထပ်ပြီး ခြိမ်းခြောက်ရဲသေးတယ်ပေါ့လေ...။”
“မင်းရဲ့ အဖော်ကို ကြည့်လိုက်ဦး...၊ သူက ဘယ်လောက်တောင် လိမ္မာသလဲ... အစကနေ အဆုံးအထိ စကားတစ်လုံးတောင် မဟဘူး...။”
စကားပြောရင်း လင်းဖန်သည် မတ်တပ်ရပ်နေဆဲ ဖြစ်သော ထိုကျင့်ကြံသူကို ကြည့်လိုက်လေသည်။
“သတင်းပို့ဖို့ တစ်ယောက်တည်းဆို လုံလောက်ပါတယ်...။ ငါ မင်းကို ရွေးလိုက်တာ မင်း ကံကောင်း တယ်လို့ မှတ်ပါ...၊ ငါ့ကို ကျေးဇူးတင်စကား မပြောတော့ဘူးလား...။”
သို့သော် လင်းဖန် ပြောပြီးသည့်တိုင်အောင် ထိုလူသည် ပါးစပ်ကိုသာ ဟထားပြီး မည်သည့် အသံမျှ ထွက်မလာခဲ့ပေ။
“ဘာလို့ ကျေးဇူးတင်စကား မပြောတာလဲ...၊ မင်းက ကျေးဇူးမသိတဲ့လူလား...။ ဒါမှမဟုတ် မင်းကိုပါ ဒီမှာပဲ ခေါ်ထားလိုက်ရမလား...။”
ထိုစကားကို ကြားသောအခါ ထိုလူမှာ ထိတ်လန့်သွားပြီး လင်းဖန်ကို တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် အသည်းအသန် လက်ဟန်ခြေဟန် ပြသော်လည်း အသံကမူ ထွက်မလာခဲ့ချေ။
တစ်ဖက်လူမှာ အလွန်အမင်း ကြောက်လန့်သွားသဖြင့် စကားမပြောနိုင်တော့ခြင်း ဖြစ်သည်ဟု လင်းဖန် ထင်မှတ်နေစဉ်မှာပင်...
လီချန်းချင်းက သူ၏ နောက်ဘက်မှနေ၍ လှမ်းပြောလိုက်သည်။
“မိတ်ဆွေလင်း... သူက မင်းကို ကျေးဇူးမတင်ချင်တာ မဟုတ်ပါဘူး...။ သူ စကားမပြောနိုင်လို့ပါ...။”
“သူတို့ဂိုဏ်းမှာ ပါးစပ်ကနေ အစွမ်းထက်တဲ့ အသံလှိုင်းတွေနဲ့ တိုက်ခိုက်နိုင်တဲ့ အထူး အသံလှိုင်း နည်းစနစ် တစ်ခု ရှိတယ်...။ ဒါပေမဲ့ အဲဒီနည်းစနစ်က သူတို့ရဲ့ စကားပြောစွမ်းရည်ကို ပျောက်ဆုံးသွား စေနိုင်တယ်...။”
“ဒီလူက အဲဒီလို နည်းစနစ်မျိုးကို ကျင့်ကြံထားတဲ့သူ ဖြစ်ရမယ်...။”
လီချန်းချင်း၏ ရှင်းပြချက်ကြောင့် လင်းဖန်မှာ ဆွံ့အသွားခဲ့သည်။
*သည်လို နည်းစနစ်မျိုးလည်း ရှိသေးတာလား... ။*
သူ တစ်ခါမှ မကြားဖူးပေ။
“မဟုတ်သေးပါဘူး...၊ စကားမပြောနိုင်ရင်တောင် စိတ်ချင်းဆက်သွယ်တဲ့ နည်းလမ်းကို သုံးလို့ မရဘူးလား...။”
လင်းဖန်၏ စကားကြောင့် ထိုကျင့်ကြံသူမှာ သတိဝင်လာခဲ့သည်။ သူ၏ ဂိုဏ်းတူ ညီအစ်ကိုများမှာ ရုတ်တရက် လဲကျသွားသဖြင့် သူမှာ ထိတ်လန့်တကြား ဖြစ်နေခဲ့ရာ ထိုအချက်ကို မေ့လျော့နေခဲ့ခြင်း ဖြစ်လေသည်။
“ကျေးဇူးတင်ပါတယ် မိတ်ဆွေ...၊ မင်းရဲ့ စကားတွေကို ငါ အသေအချာ ပြန်ပြောပြပေးပါ့မယ်...။”
တစ်ဖက်လူ၏ စိတ်ချင်းဆက်သွယ်သော သတင်းစကားကို ကြားရသောအခါမှ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
“ကောင်းပြီ... သွားတော့...။ ပြီးတော့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ပြင်ထားဖို့ မမေ့နဲ့ဦး...။”
“ငါ့ရဲ့ စည်းကမ်းက ရွေးငွေကို ဓားစာခံရဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေနဲ့ တန်ဖိုးဖြတ်တာ...။”
“အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံး မလောက်လို့ ရွေးမယ့်လူတွေမှာ ခြေလက် အင်္ဂါတွေ ချို့ယွင်း သွားမယ်ဆိုရင်တော့ ငါ့ကို လာပြီးအပြစ်မတင်ကြနဲ့...။”
လင်းဖန်၏ စကားကို ကြားသောအခါ ထိုလူမှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားသလိုဖြင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းအတွင်းမှ အမြန်ဆုံး ထွက်ပြေးသွားလေတော့သည်။
လင်းဖန်ကမူ ထိုနေရာမှာပင် ဟင်းလင်းပြင်တံခါး တစ်ခုကို တိုက်ရိုက် ဖွင့်လိုက်လေသည်။ ထို့နောက် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဓားစာခံများကို တစ်ယောက်ပြီးတစ်ယောက် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲသို့ ကန်သွင်းလိုက်လေတော့သည်။
ဤသို့ လုပ်ဆောင်ပြီးသောအခါမှ လင်းဖန်သည် တစ်ဖက်လူ၏ နောက်ခံကို မသိသေးကြောင်း ရုတ်တရက် သတိရသွားကာ လီချန်းချင်းကို လှည့်ကြည့်လိုက်လေသည်။
“အင်း...၊ ဂိုဏ်းချုပ်လီ... သူတို့က ဘယ်ဂိုဏ်းကလဲ...။”
သည်မေးခွန်းက လီချန်းချင်းကို ဆွံ့အသွားစေသည်။ သူသည် လင်းရှောင်းဂိုဏ်းသားများအတွက် သုံးစက္ကန့်ခန့် ဝမ်းနည်းပေးလိုက်မိလေသည်။
*ငွေညှစ်တာတွေတောင် အကုန်လုပ်ပြီးမှ တစ်ဖက်လူက ဘယ်သူလဲဆိုတာကို မသိသေးဘူးလား...။*
“မိတ်ဆွေလင်း...၊ သူတို့က အဆင့် (၉) ဂိုဏ်းတစ်ခုဖြစ်တဲ့ လင်းရှောင်းဂိုဏ်းက လူတွေပါ...။”
“ဒီဂိုဏ်းက ရွှမ်းမင်ဂိုဏ်းလောက် အင်အားမကြီးပေမဲ့ ငါတို့ဂိုဏ်းထက်တော့ အင်အားအများကြီး ပိုသာ ပါတယ်...။”
“ဒါကြောင့် ငါတို့အနေနဲ့ ဂိုဏ်းကြီး နှစ်ဂိုဏ်းလုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားရပါ လိမ့်မယ်...။”
ဤသို့ ပြောလိုက်ပြီးသောအခါ လီချန်းချင်း၏ မျက်နှာမှာလည်း လေးနက်သွားခဲ့လေသည်။
အခွင့်ကောင်းယူရန် ရောက်လာသော လင်းရှောင်းဂိုဏ်းသားများကို သင်ခန်းစာ ပေးလိုက်ရခြင်းမှာ အလွန်ပင် စိတ်ကျေနပ်စရာ ကောင်းသော်လည်း ဒေါသကို ဖြေဖျောက်ပြီးနောက်တွင်မူ လက်တွေ့ ဘဝကို ရင်ဆိုင်ရပေဦးမည်။
လီချန်းချင်းနှင့် အခြားလူများသည် ရွှမ်းမင်ဂိုဏ်းမှာ လင်းဖန်၏ လက်ချက်ဖြင့် အဆုံးသတ်သွားပြီ ဖြစ် ကြောင်း မသိရှိကြသေးပေ။ သို့ဖြစ်ရာ သူတို့သည် အဆင့် (၉) ဂိုဏ်းကြီး နှစ်ဂိုဏ်းကို တစ်ပြိုင်တည်း တိုက်ခိုက်ရမည်ဟု ယုံကြည်နေကြသည်။
လင်းဖန် မရောက်လာမီက သူတို့သည် လင်းရှောင်းဂိုဏ်း၏ ကြားဝင်စေ့စပ်မှုကို အမှန်တကယ် စိတ်ဝင် စားခဲ့ကြလေသည်။ သို့သော် တစ်ဖက်လူက လင်းဖန်နှင့် ထိပ်တိုက်တွေ့ပြီးနောက်တွင်မူ သူတို့ ထိုအတွေးကို စွန့်လွှတ်လိုက်ကြလေသည်။
အဆုံး၌ လင်းဖန်သည် ယခုအချိန်တွင် သူတို့၏ ကယ်တင်ရှင်ပင် ဖြစ်သည်။ မည်သူပင် လင်းဖန်နှင့် ပဋိပက္ခ ဖြစ်ပါစေ သူတို့သည် လင်းဖန်၏ ဘက်မှ ခိုင်မာစွာ ရပ်တည်ရပေမည်သာဖြစ်၏။
အဆုံးစွန်၌ သူတို့ဂိုဏ်းကို ကာကွယ်ထားသော အစီအရင်ကြီးမှာ လင်းဖန်၏ ပစ္စည်းပင် ဖြစ်နေသည်ပင် ။ အကယ်၍ လင်းဖန်ကို စိတ်ပျက်အောင် လုပ်မိပါက သူက အစီအရင်ကို ပြန်လည် ရုပ်သိမ်းသွားနိုင်ပေ သည်။ ထိုသို့ဆိုလျှင် သူတို့ တစ်မိသားစုလုံး အသတ်ခံရရန်မှာ သိပ်မကြာတော့ပေ။
လီချန်းချင်း၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ လင်းဖန်က အသာအယာ ပြုံးလိုက်လေသည်။
“ဟဲဟဲ... ဂိုဏ်းချုပ်လီ... စိုးရိမ်စရာ မလိုပါဘူး။ ရွှမ်းမင်ဂိုဏ်းက ငါတို့ရဲ့ ရန်သူ မဟုတ်တော့ပါဘူး...။”
“ဒါကြောင့် နောက်ပိုင်းမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အဆင့် (၉) ဂိုဏ်း နှစ်ဂိုဏ်းကို ရင်ဆိုင်ရမှာ မဟုတ်ပါဘူး...။”
“လင်းရှောင်းဂိုဏ်းကသာ အဆင့် (၉) ဂိုဏ်း နှစ်ဂိုဏ်းရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာပါ...။”