အခန်း ၁၉၅
Vol. 20 Ch. 195
အခန်း (၁၉၅) ရန်သူကို ထောင်ချောက်ထဲ ဆွဲချမည့် ပါးနပ်သော အစီအစဉ်
“ဟွန့်... အခြေအနေတွေက ဒီအထိ ရောက်နေမှတော့ အများကြီး ပြောနေလို့ ဘာထူးမှာလဲ...။”
“ငါတို့ရဲ့ စစ်တပ်ကြီး ရောက်သွားတဲ့အခါ သူတို့ကို နယ်စပ်အထိ ခေါ်လာခဲ့မယ်...။ တိုက်ပွဲ မစခင်မှာပဲ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ငါတို့လူတွေကို ပြန်ပေးဖို့ တောင်းဆိုလိုက်ရုံပဲ...။”
“ဒါတင်မကဘူး...၊ အကြီးအကဲမာတို့က အလွန်ဆုံးရှိမှ အတိဒုက္ခအဆင့် (၃) ကျင့်ကြံသူတွေပဲလေ...။ သူတို့တွေ အသက်ပေးလိုက်ရရင်တောင် ငါတို့ လင်းရှောင်းဂိုဏ်းရဲ့ အင်အားကို ကြီးကြီးမားမား ထိခိုက် စေမှာ မဟုတ်ပါဘူး...။”
လင်းရှောင်းဂိုဏ်းချုပ်၏ စကားများသည် အားလုံးကို စက်ဆုပ်ရွံရှာသွားစေသည်။ သို့သော် ဂိုဏ်းချုပ် ၏ အာဏာကို ကြောက်ရသဖြင့် မည်သူကမျှ ဘာမှမပြောရဲကြပေ။
အားလုံး ဆွေးနွေးပြီးနောက် နောက်တစ်ဆင့်မှာ ရွှမ်းမင်ဂိုဏ်းသို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက် ရန် ဆွေးနွေးဖို့ပင် ဖြစ်သည်။ မကြာမီမှာပင် လင်းရှောင်းဂိုဏ်းချုပ် ကိုယ်တိုင် ဦးဆောင်ကာ အတိဒုက္ခ အဆင့် အကြီးအကဲ အများအပြားနှင့်အတူ ရွှမ်းမင်ဂိုဏ်းသို့ တိုက်ရိုက် ဦးတည်သွားခဲ့ကြလေသည်။
ထိုအချိန်တွင် လင်းဖန်မှာမူ အင်မော်တယ်တိမ်တိုက်ဂိုဏ်း မြင့်မြတ်နယ်မြေသို့ ဝင်ရောက်သည့် ကိစ္စ များကို အဆုံးသတ်ပြီးနောက် လင်းရှောင်းဂိုဏ်းမှ လူများကို ကိုင်တွယ်ရန် အချိန်ရသွားခဲ့ပြီ ဖြစ်သည်။
ရှီလင်း၏ နတ်ဘုရားသတ်နှင်တံ အောက်တွင် ထိုလူစုမှာ ကျေးကျွန်များအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိ သွားခဲ့ကြလေသည်။
“အစေခံကြီး မာရှို့ချိုင်က သခင်ကြီးကို ဂါရဝပြုပါတယ်...။”
“အစေခံကြီး ဝမ်...။”
သူ့ရှေ့တွင် ရိုရိုသေသေ ရှိနေကြသော လူများကို ကြည့်ရင်း လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက် သည်။ ထို့နောက် သူက ထိုလူစုကို ညွှန်ကြားချက်များ ပေးလိုက်သည်။
“ငါ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြ...။”
“မင်းတို့ လင်းရှောင်းဂိုဏ်းက လူတွေ မင်းတို့ကို လာရွေးတဲ့အခါ သူတို့နောက်ကိုပဲ အသာတကြည် လိုက်သွားလိုက်ကြ...။”
“မင်းတို့ဘက်က တမင်တကာ ထုတ်မပြသရွေ့ သူတို့တွေ မင်းတို့ရဲ့ ထူးခြားမှုကို ရိပ်မိမှာ မဟုတ် ဘူး...။”
“ငါ မင်းတို့ကို လင်းရှောင်းဂိုဏ်းထဲမှာ အတွင်းလူတွေအဖြစ် လုပ်ဆောင်စေချင်တယ်...။”
စကားပြောရင်း လင်းဖန်သည် ဟင်းလင်းပြင် အဆောင်ပြား အချို့ကို ထုတ်ယူကာ သူတို့ထံ ပေးအပ် လိုက်လေသည်။
“သည်အဆောင်ပြားတွေကို ယူသွားကြ...၊ ပြီးရင် လင်းရှောင်းဂိုဏ်းရဲ့ ဝိညာဉ်ကြောတွေ ရှိတဲ့နေရာကို ချဉ်းကပ်ဖို့ အခွင့်အရေး ရှာကြ...။”
“အဲဒီအချိန်ကျရင် ငါက တည်နေရာပြ အဆောင်ပြားကို သုံးပြီး အဲဒီကို တိုက်ရိုက် ကူးပြောင်းလာခဲ့ မယ်...။ ပြီးရင် ဝိညာဉ်ကြောကို မြင့်မြတ်နယ်မြေထဲ ဝါးမြိုပစ်မယ်...။”
“အဲဒါတွေပြီးရင်တော့ မင်းတို့ရဲ့ ကျင့်ကြံတဲ့ ဂူတွေထဲမှာ မမြင်ရတဲ့ ဟင်းလင်းပြင် တံခါးတစ်ခုကို ငါ ဖွင့်ထားပေးမယ်...။ မင်းတို့ လုပ်ရမှာက လင်းရှောင်းဂိုဏ်းက အဆင့်မြင့် လူတွေကို တစ်ယောက်ပြီး တစ်ယောက် အဲဒီ တံခါးထဲ ရောက်အောင် ဆွဲသွင်းဖို့ပဲ...။”
သို့သော် လင်းဖန်က သူ၏ အစီအစဉ်ကို ရှင်းပြနေစဉ်မှာပင် ခေါင်းဆောင်ဖြစ်သူ မာရှို့ချိုင်မှာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရလေသည်။
လင်းဖန် စကားပြောနေသဖြင့် သူက ကြားဖြတ် မပြောရဲပေ။ လင်းဖန် ရှင်းပြပြီးမှသာ သူက သတိထား ကာ ပြောဆိုလာလေသည်။
“သခင်ကြီး... သခင်ကြီး...၊ လင်းရှောင်းဂိုဏ်းက ငါတို့ကို လာရွေးမှာ မဟုတ်လောက်ဘူး ထင်တယ် ...။”
မာရှို့ချိုင်၏ စကားကြောင့် လင်းဖန် ဆွံ့အသွားရသည်။ သူက အများကြီး ပြောခဲ့သမျှမှာ တစ်ဖက်လူက လာရွေးမည်ဆိုသည့် အချက်အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ဤစကားတစ်ခွန်းက လင်းဖန်၏ အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားသည်ပင်။
“ဘာလို့လဲ... သူတို့က မင်းတို့ရဲ့ အသက်ကို ဂရုမစိုက်ဘူးလား...။”
မာရှို့ချိုင်က ရိုသေသေ ပြန်ပြောလေသည်။
“သခင်ကြီး...၊ အဲဒီ လင်းရှောင်းဂိုဏ်းချုပ်က အစကတည်းက...။”
ထို့နောက် မာရှို့ချိုင်သည် လင်းရှောင်းဂိုဏ်းချုပ်၏ အစီအစဉ်ကို လင်းဖန်အား အသေးစိတ် ရှင်းပြလိုက် လေတော့သည်။ လင်းဖန်မှာ မာရှို့ချိုင်၏ ပြောပြချက်ကို အံ့အားသင့်စွာ နားထောင်နေမိသည်။
“ဟဲဟဲ...၊ လင်းရှောင်းဂိုဏ်းချုပ်ကတော့ အိပ်မက် တော်တော် ကောင်းနေတာပဲ...။”
“ဒါပေမဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ ငါ့ရဲ့ အကူအညီသာ မရှိခဲ့ရင် သူတို့ရဲ့ ရိုးရှင်းတဲ့ အစီအစဉ်က တကယ် အောင်မြင်သွားနိုင်တာပဲ...။”
“ဟဲဟဲ...၊ အခု သူတို့ အစီအစဉ်ကို သိပြီဆိုမှတော့ သူတို့ နောက်ကိုပဲ လိုက်ပေးလိုက်ရုံပေါ့...၊ သူတို့ ဘာသာ သူတို့ လူစုပြီး ငါ့ဆီ လာခဲ့ကြတာကမှ ငါ ပင်ပန်းတာ သက်သာဦးမယ်...။”
ဤနေရာတွင် လင်းဖန်သည် လျူပိုင်ချွမ်းကို စိတ်ချင်းဆက်သွယ်ကာ ခေါ်ယူလိုက်ပြီး အလုပ်အချို့ ခိုင်းစေရန် ပြင်လိုက်လေသည်။
“သခင်ကြီး... ဘာများ အမိန့်ရှိလိုပါသလဲ...။”
လျူပိုင်ချွမ်း ရောက်လာသောအခါ လင်းဖန်က ခဏတာ စဉ်းစားပြီး အသေးစိတ် အစီအစဉ်တစ်ခုကို ထုတ်ပြန်လိုလေသည်။
“ပိုင်ချွမ်း... လင်းရှောင်းဂိုဏ်းက လူတွေ မကြာခင်မှာ ပူးပေါင်းဆောင်ရွက်ဖို့ မင်းဆီ ရောက်လာ လိမ့်မယ်လို့ ငါ သတင်းရထားတယ်...။”
“အဓိကကတော့ သူတို့က မင်းတို့ ရွှမ်းမင်ဂိုဏ်းနဲ့ ပူးပေါင်းပြီး အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးချင်တာပဲ...။”
ထိုစကားကို ကြားသောအခါ လျူပိုင်ချွမ်းမှာ ထိတ်လန့်တကြား ဖြစ်သွားခဲ့လေသည်။
“သခင်ကြီး...၊ ကျွန်တော်တို့ ရွှမ်းမင်ဂိုဏ်းမှာ ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး...။ လင်းရှောင်းဂိုဏ်းနဲ့ လည်း လုံးဝ အဆက်အသွယ် မလုပ်ခဲ့ပါဘူး...။”
စကားဖြတ်ပြောခံလိုက်ရသဖြင့် လင်းဖန် ဆွံ့အသွားလေသည်။
“ငါက မင်းတို့မှာ မကောင်းတဲ့ စိတ်ရှိတယ်လို့ မပြောပါဘူး...၊ ငါပြောတာကို ဆုံးအောင်အထိ နားထောင် ပါဦး...။”
“လင်းရှောင်းဂိုဏ်းက သူတို့လူတွေ ဖမ်းခံထားရတာကို အကြောင်းပြပြီး မင်းတို့နဲ့ ပူးပေါင်းဖို့ ကြိုးစား လိမ့်မယ်... ပြီးရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီက အကျိုးအမြတ်တွေကို ခွဲဝေယူဖို့ လုပ်လိမ့် မယ်...။”
“အဲဒီအချိန်ကျရင် မင်းက သူတို့ကို လူအင်အား ပိုစေလွှတ်ဖို့နဲ့ ပိုပြီး အားထုတ်ဖို့ တောင်းဆိုလိုက်...။”
“ဘာပဲဖြစ်ဖြစ် လင်းရှောင်းဂိုဏ်းက အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ များများပါလေ ကောင်းလေပဲ...။ သူတို့ရဲ့ ဘိုးဘေးကိုပါ ခေါ်လာခိုင်းနိုင်ရင် အကောင်းဆုံးပဲ...။”
ထိုနေရာတွင် လင်းဖန်က ခဏရပ်ပြီး နောက်ဆက်တွဲ အစီအစဉ်ကို ဆက်ပြောလေသည်။
“မင်းတို့ဘက်က စေ့စပ်ညှိနှိုင်းသူတွေကို လင်းရှောင်းဂိုဏ်းနဲ့အတူ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို တိုက်ခိုက်မယ့် အချိန်ကို သတ်မှတ်ခိုင်းလိုက်...။”
“အတိဒုက္ခအဆင့် ကျင့်ကြံသူတွေ အားလုံး အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ပူးပေါင်း တိုက်ခိုက် တဲ့အခါ မင်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အစီအရင်ကို ဖောက်ထွက်နိုင်ပြီလို့ ဟန်ဆောင် လိုက်...။”
“ဒါပေမဲ့ မင်းက အဲဒီ အစီအရင်ကို မဖောက်နိုင်ဘူးဆိုတာ ငါသိပါတယ်...။ ဒါကြောင့် ငါက မင်းအတွက် အပေါက်တစ်ခုကို တိတ်တဆိတ် ဖွင့်ပေးထားမယ်...။ မင်း ဖောက်လိုက်သလိုမျိုးပေါ့...။”
“ပြီးတော့ ငါက ကိုယ်ပျောက် စနစ်နဲ့ ဟင်းလင်းပြင် တံခါးတစ်ခုကို သုံးပြီး အဲဒီ အစီအရင်ရဲ့ အပေါက် ကို ပိတ်ထားလိုက်မယ်...။”
“ကျန်တာကတော့ ရိုးရှင်းပါတယ်...။ မင်းက ဟင်းလင်းပြင် တံခါးရှိတဲ့ အဲဒီ အပေါက်ထဲကို အရင်ဆုံး ဦးဆောင်ပြီး ဝင်သွားပြလိုက်ရုံပဲ...။”
ဤသို့ဖြင့် လင်းဖန်သည် သူ၏ အစီအစဉ်ကို ရှင်းပြပြီးစီးသွားခဲ့လေသည်။ လျူပိုင်ချွမ်းက ခဏတာ စဉ်းစားပြီးနောက် အသေးစိတ် မေးခွန်းအချို့ကို မေးမြန်းလာခဲ့လေသည်။
“သခင်ကြီး...၊ အကယ်၍ ကျွန်တော်တို့က အထဲကို ပြေးဝင်သွားပေမဲ့ လင်းရှောင်းဂိုဏ်းက လူတွေက နောက်က လိုက်မလာရင် ဘယ်လိုလုပ်မလဲ...။”
လင်းဖန်က အသာအယာ ပြုံးလိုက်လေသည်။
“ရိုးရှင်းပါတယ်...၊ မင်း အထဲကို မဝင်ခင်မှာ သူတို့ လိုက်လာအောင် တစ်ခုခုကို အော်ပြောလိုက်ရုံပဲ...။”
“ဥပမာ... အင်မော်တယ်တိမ်တိုက်ဂိုဏ်းက ကျဆုံးအင်မော်တယ်တွေနဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူ တွေကို ငါ့နဲ့ပဲ ထားခဲ့လိုက်တော့။ ကျန်တဲ့သူတွေအားလုံး အထဲဝင်ပြီး အရင်းအမြစ်တွေကို စိတ်ကြိုက် လုယူကြတော့...၊ ဘယ်သူ အရင်ရရပဲ... ဆိုတာမျိုးပေါ့...။”
“မင်း အဲဒီလို ပြောလိုက်ရင် လောဘကြီးတဲ့ လင်းရှောင်းဂိုဏ်းသားတွေဟာ မင်းတို့ ရွှမ်းမင်ဂိုဏ်းသား တွေ အရင်းအမြစ်တွေ အကုန်ယူသွားမှာကို ကြည့်နေမှာ မဟုတ်ဘူး...။ သူတို့တွေလည်း မလွဲမသွေ နောက်က လိုက်ဝင်လာကြမှာပဲ...။”
“ဘာပဲဖြစ်ဖြစ် နည်းလမ်းတွေက အများကြီးပါ…။ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲ လုပ်ဆောင် လိုက်ပေါ့...။”
ထိုစကားကို ကြားသောအခါ လျူပိုင်ချွမ်းမှာ မေးခွန်းအသစ်တစ်ခု ထပ်ပေါ်လာပြန်လေသည်။
“သခင်ကြီး...၊ ဘာလို့ ဒီလောက် အပင်ပန်းခံနေတာလဲ...။ သူတို့ကို သင်ခန်းစာ ပေးချင်တယ်ဆိုရင် ဒီအစေခံကြီးက လူတွေခေါ်ပြီး သူတို့ကို တိုက်ရိုက် ရှင်းပစ်လိုက်လို့ ရတာပဲကို...။”
လင်းဖန်က ခေါင်းကိုယမ်းလိုက်လေသည်။
“ငါက အကျဉ်းသားတွေကိုပဲ လိုချင်တာ...၊ အလောင်းတွေကို မဟုတ်ဘူး...။”
“တကယ်လို့များ ငါတို့က တိုက်ရိုက် လက်လှုပ်ရှားလိုက်ရင် သူတို့က မယှဉ်နိုင်မှန်း သိတဲ့အခါ ကိုယ့် ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ...။”
“အဲဒါဆိုရင် အလကားရမယ့် အလုပ်သမားတွေ အများကြီး ဆုံးရှုံးသွားမှာပေါ့...။”
ထိုရှင်းပြချက်ကို ကြားသောအခါ လျူပိုင်ချွမ်းက ချက်ချင်းပင် သဘောတူ ခေါင်းညိတ်လိုက်လေသည်။
“နားလည်ပါပြီ... ဒါဆိုရင် ဒီအစေခံကြီး အခုပဲ သွားလိုက်ပါ့မယ်...။”
ထို့နောက် လျူပိုင်ချွမ်းသည် မြင့်မြတ်နယ်မြေအတွင်းမှ ထွက်ခွာကာ အစီအစဉ်များ ပြုလုပ်ရန် သွား ရောက်ခဲ့သည်။
မကြာမီအချိန်မှာပင် လင်းရှောင်းဂိုဏ်းသားများမှာ ရွှမ်းမင်ဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။ သတင်း ရရှိသည်နှင့် ရွှမ်းမင်ဂိုဏ်းသားများက သူတို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြလေသည်။
“ဟားဟား... မိတ်ဆွေတို့...၊ ငါတို့ ရွှမ်းမင်ဂိုဏ်းက အခု တိုက်ပွဲကြီးတစ်ခု ဆင်နွှဲဖို့ ပြင်နေတာမို့လို့ ဧည့်ဝတ်ပြုတာမှာ လိုအပ်တာရှိရင် ခွင့်လွှတ်ပေးကြပါ...။”
“လင်းရှောင်းဂိုဏ်းက မိတ်ဆွေတို့ ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ ဆိုတာ သိပါရစေ...။”
ရွှမ်းမင်ဂိုဏ်း၏ တက်ကြွမှုကို မြင်သောအခါ လင်းရှောင်းဂိုဏ်းချုပ်မှာ ရွှမ်းမင်ဂိုဏ်းအပေါ် ပိုမို၍ ကြည်ညိုသွားခဲ့လေသည်။ အဘယ်ကြောင့် လာရသည်ကို မေးသောအခါ သူက တိုက်ရိုက်ပင် ပြောဆို လိုက်သည်။
“ရွှမ်းမင်ဂိုဏ်းက မိတ်ဆွေတို့...၊ ငါ ဒီနေ့ ဒီကို လာရတာက ပူးပေါင်းဆောင်ရွက်ဖို့ အတွက်ပါ...။”
“အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လင်းရှောင်းဂိုဏ်းရဲ့ အကြီးအကဲကို အကြောင်းမဲ့ ဖမ်းဆီးထားတာက တကယ်ကို လွန်လွန်းပါတယ်...။”
“မိတ်ဆွေတို့ဂိုဏ်းမှာလည်း သူတို့နဲ့ အညှိုးရှိတယ်လို့ ငါ ကြားထားတယ်...၊ ငါတို့မှာ ဘုံရန်သူ ရှိနေ တာပဲ...။ သူတို့ကို အတူတူ ပူးပေါင်းပြီး ဘာလို့ မချေမှုန်းရမှာလဲ...။”
ထို့နောက်တွင်မူ ဆွေးနွေးမှုများမှာ အလွန်ပင် ချောမွေ့သွားခဲ့သည်။ အကြောင်းအရာမှာ အင်မော်တယ် တိမ်တိုက်ဂိုဏ်း၏ အမှားများကို တစ်ခုပြီးတစ်ခု ထုတ်ဖော် ပြောဆိုခြင်းသာ ဖြစ်လေသည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးပြီးနောက် အရင်းအမြစ် ခွဲဝေမှုအပိုင်းသို့ ရောက်သောအခါမှ အားလုံးမှာ လေးနက်သွားကြလေတော့သည်။
“လူကြီးမင်းတို့...၊ အရင်းအမြစ် ခွဲဝေမှုက မခက်ခဲပါဘူး...။ အလုပ်လုပ်တဲ့အပေါ် မူတည်ပြီး ခွဲဝေကြ တာပေါ့...။”
“ဟုတ်ပါတယ်...၊ ငါတို့ နှစ်ဂိုဏ်းလုံးက စေလွှတ်တဲ့ လူဦးရေအပေါ် မူတည်ပြီး အရင်းအမြစ်တွေကို ခွဲဝေတာက အမျှတဆုံး ဖြစ်မှာပါ...။”
မည်သည့် လူအင်အား သို့မဟုတ် ခွန်အားထုတ်မှုကိုမျှ မပြုလုပ်လိုသော လင်းရှောင်းဂိုဏ်းချုပ်မှာမူ ထိုအကြံကို သဘာဝကျကျပင် မနှစ်သက်ပေ။ သို့သော် ထိုခွဲဝေမှုမှာ အမှန်ပင် ကျိုးကြောင်းဆီလျော် နေသဖြင့် သူ မငြင်းဆန်နိုင်ခဲ့ချေ။