← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) အားလုံး နောက်ဆုတ်ကြ... ငါ အစီအရင်ကို စပြီး တိုက်တော့မယ်...

သူတို့ တတ်နိုင်သမျှမှာ လူအင်အားကိုသာ စေလွှတ်ပြီး အမှန်တကယ် အားထုတ်မှု မလုပ်ဘဲ ဟန်ပြ လောက်သာ လုပ်ဆောင်ရန်ပင် ဖြစ်သည်။

“ကောင်းပြီ...၊ မင်းတို့ ရွှမ်းမင်ဂိုဏ်းက လူဘယ်လောက်လွှတ်မလဲ... ငါတို့ လင်းရှောင်းဂိုဏ်းကလည်း အဲဒီလောက်ပဲ လွှတ်မယ်...။ ဒါဆိုရင် အကျိုးအမြတ် ခွဲဝေတာကလည်း တန်းတူ ဖြစ်သွားမှာပဲလေ...၊ ဘယ်လိုလဲ...။”

ထိုစကားကို ကြားသောအခါ ရွှမ်းမင်ဂိုဏ်းချုပ်က ခေါင်းကိုယမ်းလိုက်လေသည်။

“လူဦးရေနဲ့တင် ကြည့်လို့ မရဘူးလေ...၊ အစွမ်းထက်တဲ့သူ တစ်ယောက်က လူအများကြီးနဲ့ ညီမျှတာ ပဲ...။”

“ငါတို့ ရွှမ်းမင်ဂိုဏ်းရဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေးကိုယ်တိုင် သည်တိုက်ပွဲမှာ ပါဝင်မှာ...၊ သူ့ရဲ့ အစွမ်းကို လူတစ်ယောက်စာနဲ့ ဘယ်လို တိုင်းတာလို့ ရမလဲ...။”

“မင်းတို့ လင်းရှောင်းဂိုဏ်းရဲ့ ဘိုးဘေးပါ ဒီတိုက်ပွဲမှာ ပါဝင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့...။”

ထိုစကားကို ကြားသောအခါ လင်းရှောင်းဂိုဏ်းချုပ်မှာ တွန့်ဆုတ်သွားခဲ့လေသည်။

သူ၏ မူလအစီအစဉ်မှာ လူအင်အားသာ ထည့်ဝင်ပြီး ကိုယ်တိုင် အားစိုက်ထုတ်မှု မလုပ်ရန် ဖြစ်သည်။ အကယ်၍ သူတို့ဘက်က အားထုတ်မှု မလုပ်လျှင်ပင် ဘိုးဘေးကို နှိုးလိုက်ခြင်းက ဘိုးဘေးအတွက် ထိခိုက်မှု ရှိနိုင်ပေသည်။

ခဏတာ စဉ်းစားပြီးနောက် လင်းရှောင်းဂိုဏ်းချုပ်က လျှော့ပေးရန် ဆုံးဖြတ်လိုက်သည်။

“ဒီလို လုပ်ရအောင်...၊ ငါတို့ လင်းရှောင်းဂိုဏ်းက အတိဒုက္ခအဆင့် ကျင့်ကြံသူတွေနဲ့ မင်းတို့ရဲ့ ရွှမ်းမင် ဂိုဏ်းက ကျင့်ကြံသူတွေ အရေအတွက်နဲ့ အဆင့်တူတူချင်း လွှတ်မယ်...။”

“ဒါပေမဲ့ ငါတို့ရဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေးကိုတော့ အလွယ်တကူ မနှိုးချင်ဘူး...၊ အဲဒီအစား အရင်း အမြစ် ခွဲဝေမှုမှာ ငါတို့ဘက်က (၁၀) ရာခိုင်နှုန်း လျှော့ယူမယ်...။ (၄၀)/(၆၀) ခွဲဝေတာ ဘယ်လိုလဲ...။”

ထိုစကားကို ကြားသောအခါ ရွှမ်းမင်ဂိုဏ်းချုပ်မှာ အတန်ငယ် စိတ်ပျက်သွားခဲ့လေသည်။ အဆုံး၌ သူ၏ ဘိုးဘေးပေးထားသော အမိန့်မှာ တစ်ဖက်လူ၏ ဘိုးဘေးကိုပါ မျှားခေါ်ရန် ဖြစ်သောကြောင့်ပင်။

သို့သော် လင်းရှောင်းဂိုဏ်းချုပ်၏ အမူအရာကို ကြည့်ရသည်မှာ ထိုသို့ဖြစ်လာရန် မလွယ်ကူလှပေ။

အကယ်၍ တစ်ဖက်လူကို ဘိုးဘေးအားနှိုးရန် အတင်းအကျပ် တိုက်တွန်းနေပါက သူတို့ သံသယဝင် သွားနိုင်ပေသည်။ သို့ဖြစ်ရာ ရွှမ်းမင်ဂိုဏ်းချုပ်မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ တစ်ဖက်လူ၏ ဆုံးဖြတ်ချက်ကို သဘောတူလိုက်ရလေတော့သည်။

“ကောင်းပြီ... ဒါဆိုရင်လည်း ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်...၊ သုံးရက်အတွင်းမှာ အင်မော်တယ် တိမ်တိုက်ဂိုဏ်းကို အတူတူ မြေလှန်ပစ်ကြတာပေါ့...။”

ထို့နောက် နှစ်ဖက်စလုံးသည် ပါဝင်မည့် အတိဒုက္ခအဆင့် ကျင့်ကြံသူ အရေအတွက်နှင့် အခြားသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြလေသည်။ ဆွေးနွေးမှုများ ပြီးစီးပြီးနောက် လင်းရှောင်းဂိုဏ်းချုပ်မှာ ပြင်ဆင်မှုများ ပြုလုပ်ရန် ဂိုဏ်းသို့ ပြန်သွားခဲ့လေတော့သည်။

သုံးရက်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပေသည်။ တိုက်ပွဲဝင်မည့်နေ့ ရောက်ရှိလာသော အခါ...၊

ရွှမ်းမင်ဂိုဏ်းနှင့် လင်းရှောင်းဂိုဏ်းတို့သည် အတိဒုက္ခအဆင့် ကျင့်ကြံသူ (၃၀) ကျော်ပါဝင်သော အဖွဲ့ ကြီးကို ဖွဲ့စည်းကာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြသည်။ မကြာမီမှာပင် သူတို့သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ တည်ရှိရာနေရာသို့ ရောက်ရှိလာကြလေသည်။

အောက်ဘက်ရှိ တိတ်ဆိတ်နေသော အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ကြည့်ရင်း လင်းရှောင်းဂိုဏ်းချုပ် မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။

“ငါတို့က ကိုယ့်အရှိန်အဝါကို ဖုံးကွယ်မထားဘဲ ရောက်လာတာကို ဘာလို့ အင်မော်တယ်တိမ်တိုက် ဂိုဏ်းက ဘယ်သူမှ ထွက်မတိုက်ကြတာလဲ...။”

ဤစကားကို ကြားသောအခါ ရွှမ်းမင်ဂိုဏ်းချုပ်က ရှင်းပြလိုက်လေသည်။

“မိတ်ဆွေ... မင်း မသိလို့ပါ...၊ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အင်အားက ပုံမှန်ပဲ ရှိပေမဲ့ သူတို့ရဲ့ ဂိုဏ်းစောင့်အစီအရင်ကတော့ တော်တော်လေး ခိုင်ခံ့တယ်...။”

“ပြီးခဲ့တဲ့အကြိမ်က ငါတို့ ရုတ်တရက် လာတိုက်တုန်းက ရန်သူ့အစီအရင်ကို မဖောက်နိုင်ဘဲ အထိနာခဲ့ ဖူးတယ်...။”

“သူတို့က လိပ်ခွံထဲ ပုန်းပြီး သည်ဘေးကနေ လွတ်အောင် လုပ်နေကြတာ ဖြစ်ရမယ်...။”

ဤရှင်းပြချက်ကြောင့် လင်းရှောင်းဂိုဏ်းချုပ်မှာ မျက်မှောင်ကြုတ်သွားခဲ့လေသည်။ တစ်ဖက်လူ၏ အမူအရာကို ကြည့်ရင်း ရွှမ်းမင်ဂိုဏ်းချုပ်က ဆက်ပြောလိုက်လေသည်။

“ဟားဟား... မိတ်ဆွေ... စိုးရိမ်မနေပါနဲ့...။ ပြီးခဲ့တဲ့အကြိမ်က ငါတို့ အစီအရင်ကို မဖောက်နိုင်ခဲ့တာက ငါတို့ ဘိုးဘေး ဒီမှာ မရှိလို့ပါ...။”

“ဟွန့်... ဒီတစ်ကြိမ်မှာတော့ ငါတို့ရဲ့ ကျဆုံးအင်မော်တယ် ဘိုးဘေးက အင်မော်တယ် ရတနာတွေကို ယူလာတာမို့လို့ အစီအရင်ကို ကျိန်းသေပေါက် ဖောက်နိုင်မှာပါ...။”

ဘေးနားတွင် ရပ်နေသော လျူပိုင်ချွမ်းသည်လည်း သူ၏ အလှည့်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်သည်။

“အားလုံး အတူတူ တိုက်ခိုက်ပြီး ရန်သူ့အစီအရင်ကို အားနည်းအောင် လုပ်ကြ...။ ပြီးရင်တော့ ငါက အပေါက်ရှာပြီး ဖောက်ထုတ်လိုက်မယ်...။”

လျူပိုင်ချွမ်း၏ ညွှန်ကြားချက်အတိုင်း ရွှမ်းမင်ဂိုဏ်းသားများ အားလုံး စတင် လှုပ်ရှားလိုက်ကြလေ သည်။

သို့သော် ယခင် အတွေ့အကြုံများအရ ရွှမ်းမင်ဂိုဏ်းသားများသည် သူတို့၏ မှော်လက်နက်များကို သုံး၍ တိုက်ရိုက် တိုက်ခိုက်ရန် မဝံ့ရဲခဲ့ကြပေ။ ထို့အစား သူတို့သည် ဂိုဏ်းစောင့်အစီအရင်ကို တိုက်ခိုက်ရန် အတွက် အမျိုးမျိုးသော နည်းစနစ်များကိုသာ အသုံးပြုခဲ့ကြလေသည်။

နည်းစနစ်များစွာမှာ အစီအရင်ပေါ်သို့ ကျရောက်သွားသောအခါ ဂိုဏ်းစောင့်အစီအရင်ပေါ်တွင် လှိုင်းတွန့်များ ပျံ့နှံ့သွားခဲ့လေသည်။ သို့သော် အစီအရင် ပျက်စီးမည့် လက္ခဏာမူ မရှိသေးပေ။

ထိုအချိန်တွင် ရွှမ်းမင်ဂိုဏ်းချုပ်က လင်းရှောင်းဂိုဏ်းသားများကို လှည့်ကြည့်လိုက်လေသည်။

“မိတ်ဆွေ... ဘာလို့ ဒီမှာ ရပ်ကြည့်နေတာလဲ...၊ အတူတူ တိုက်ခိုက်ကြလေ...။”

ရွှမ်းမင်ဂိုဏ်းသားများ အားလုံး တိုက်ခိုက်နေကြသည်ကို မြင်သောအခါ လင်းရှောင်းဂိုဏ်းချုပ်မှာလည်း သူ၏လူများကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ရတော့သည်။ သို့သော် အားစိုက်ထုတ်မှု မလုပ်လိုသဖြင့် လင်းရှောင်းဂိုဏ်းသားများသည် စိတ်ဝိညာဉ်စွမ်းအား အကုန်အကျများသော နည်းစနစ်များကို မသုံးကြ ပေ။

ထို့အစား သူတို့သည် မှော်လက်နက်များကို သုံး၍ ဟန်ပြသာ တိုက်ခိုက်လိုက်ကြလေသည်။

လင်းရှောင်းဂိုဏ်းသားများ၏ ရွေးချယ်မှုကို မြင်သောအခါ ရွှမ်းမင်ဂိုဏ်းသားများသည် တိတ်တဆိတ် ရယ်မောလိုက်ကြလေသည်။ အဆုံး၌ နောက်ထပ် ဘာဖြစ်လာမည်ကို တွေးမိရုံဖြင့် သူတို့ ရယ်ချင်နေ ကြခြင်း ဖြစ်လေသည်။

အမှန်ပင်...၊ ဓားပျံများ ကျိုးသွားသည့်အသံများမှာ ဆက်တိုက် ထွက်ပေါ်လာလေတော့သည်။

လင်းရှောင်းဂိုဏ်းသားများသည်လည်း မှော်လက်နက်များ၏ တန်ပြန်ထိခိုက်မှုကို ခံလိုက်ရတော့သည်။

“အို... မင်းတို့ကလည်း ဘာလို့ ဒီလောက်တောင် အဆင်အခြင်မဲ့ရတာလဲ...။”

“ဟုတ်တယ်...၊ ဒီလို အစီအရင်ကြီးမှာ ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိတာပေါ့...၊ ဘယ်လိုလုပ်ပြီး မှော်လက်နက်တွေနဲ့ တိုက်ရိုက် သွားတိုက်ရတာလဲ...။”

ရွှမ်းမင်ဂိုဏ်းသားများ၏ လှောင်ပြောင်သော စကားများကို ကြားရသောအခါ လင်းရှောင်းဂိုဏ်းသား များမှာ မျက်နှာ ပြာနှမ်းသွားကြလေသည်။

ရွှမ်းမင်ဂိုဏ်းသားများက စိတ်ဝိညာဉ်စွမ်းအား အကုန်အကျများသော နည်းစနစ်များကို ဘာကြောင့် သုံးရသလဲဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြလေသည်။

သူတို့က သည်ဂိုဏ်းစောင့်အစီအရင်၏ တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို သိထားကြခြင်းပင်။ သူတို့၏ ပြုံးစိစိ မျက်နှာများကို ကြည့်ရသည်မှာ သူတို့က တမင်တကာ ပညာပေးလိုက်ခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။

“မင်းတို့က ဘာလို့ စောစောက မပြောတာလဲ...။”

ထိုမေးခွန်းကို ကြားသောအခါ ရွှမ်းမင်ဂိုဏ်းချုပ်က တမင် ချောင်းဟန့်ကာ ပြောလိုက်လေသည်။

“အဟမ်း... မိတ်ဆွေတို့ကလည်း မမေးကြဘူးလေ...။ ငါက မင်းတို့ သိတယ် ထင်နေတာ...။”

“ကောင်းပြီလေ...၊ မိတ်ဆွေတို့လည်း ဒဏ်ရာရထားတာဆိုတော့ အစီအရင်ကြီး ပျက်စီးသွားရင် အပြင်မှာပဲ အနားယူရင်း စောင့်နေကြပေါ့...။”

“စိတ်မပူပါနဲ့...၊ ငါတို့ လုယူရရှိတဲ့ အရင်းအမြစ်တွေကို အမှန်အတိုင်း ထုတ်ပြမှာပါ...။ ငါတို့က လိမ်မှာ မဟုတ်ပါဘူး...။”

ရွှမ်းမင်ဂိုဏ်းချုပ်က ထိုကဲ့သို့ ပြောလေလေ လင်းရှောင်းဂိုဏ်းသားများက ပို၍ မယုံကြည်လေလေ ဖြစ် လာလေသည်။ ပူးပေါင်းဆောင်ရွက်မှု စကတည်းက သူတို့ အလှည့်စား ခံလိုက်ရပြီ မဟုတ်ပါလော။ အရင်းအမြစ်တွေ လုသည့်အခါတွင်လည်း သူတို့က ရိုးသားပါ့မလားဆိုသည်ကို ဘယ်သူက ယုံမှာတဲ့ လဲ။

ဤကဲ့သို့ တွေးမိသောအခါ လင်းရှောင်းဂိုဏ်းသားများသည် သူတို့၏ ဒဏ်ရာများကိုပင် ဂရုမစိုက်တော့ ပေ။ ရွှမ်းမင်ဂိုဏ်းသားများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်အတွက် လူချင်းကပ် ဗျူဟာကို သုံးရပေ တော့မည်။

“ဟဲဟဲ... မိတ်ဆွေတို့ကလည်း ဘာတွေ ပြောနေတာလဲ...။ ဒါက ဒဏ်ရာ အသေးအမွှားလေးပါ...။ အနားယူဖို့ မလိုပါဘူး...။”

“ဟုတ်တယ်... ရွှမ်းမင်ဂိုဏ်းက မိတ်ဆွေတွေကိုပဲ တစ်ယောက်တည်း အလုပ်မလုပ်စေချင်ပါဘူး...။ အစီအရင် ပျက်စီးသွားရင် အတူတူ လှုပ်ရှားကြမှာပေါ့...။”

ထိုအချိန်တွင် လိုချင်သော အကျိုးသက်ရောက်မှု ရရှိသွားပြီ ဖြစ်သဖြင့် လျူပိုင်ချွမ်းသည်လည်း လှုပ်ရှားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ချေသည်။

“အားလုံး အဆင်သင့် ပြင်ထားကြ...။ ဂိုဏ်းစောင့်အစီအရင်ရဲ့ အားနည်းချက်ကို ငါ ရှာတွေ့ပြီ...။”

စကားပြောရင်း လျူပိုင်ချွမ်းသည် မှော်ရတနာတစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုမှော်ရတနာမှာ တောင်ပုလေး တစ်လုံး ဖြစ်သော်လည်း လျူပိုင်ချွမ်း၏ စွမ်းအားပေးမှုအောက်တွင် တဖြည်းဖြည်း ကြီးမားလာခဲ့လေသည်။

ထိုရတနာမှာ လင်းဖန်၏ ဟင်းလင်းပြင်တံခါး အရွယ်အစားလောက် ရောက်ရှိသွားသောအခါမှ ရပ်တန့် သွားခဲ့လေသည်။ ထို့နောက် လျူပိုင်ချွမ်းက သူ၏ နောက်ဘက်သို့ လက်ယမ်းကာ ပြောလိုက်လေသည်။

“အားလုံး နောက်ဆုတ်ကြ...၊ ငါ အစီအရင်ကို စပြီး တိုက်တော့မယ်...။”

ထိုသို့ ပြောဆိုပြီးနောက် လျူပိုင်ချွမ်းသည် သူ၏ တောင်ပုံသဏ္ဌာန် မှော်ရတနာကို ဂိုဏ်းစောင့်အစီ အရင်ဆီသို့ ဦးတည်ကာ ပစ်လွှတ်လိုက်လေသည်။

အချိန်အတော်ကြာ စောင့်ဆိုင်းနေသော လင်းဖန်သည် လည်း ထိုရတနာ အစီအရင်နှင့် ထိတွေ့သည့် ခဏမှာပင်ရောက်ရှိလာခဲ့လေသည်။ သူသည် အစီအရင်ကို ချက်ချင်း ထိန်းချုပ်ကာ အပေါက်တစ်ခု ဖွင့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုအပေါက်၌ ကိုယ်ပျောက် ဟင်းလင်းပြင်တံခါး တစ်ခုကို တပ်ဆင်လိုက်တော့ သည်။

*ထောင်ချောက်ကတော့ အဆင်သင့် ဖြစ်နေပြီ...။ လင်းရှောင်းဂိုဏ်းသားတွေ ငါးစာဟပ်ဖို့ပဲ ကျန်တော့ တယ်…။*

မှော်ရတနာကြောင့် ပေါ်လာသော အပေါက်ကို မြင်သောအခါ လျူပိုင်ချွမ်းသည် လင်းဖန်၏ အစီအစဉ် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ သူသည် သူ၏ နောက်ကွယ်မှ ရွှမ်းမင် ဂိုဏ်းသားများကို ချက်ချင်း လှမ်းခေါ်လိုက်လေသည်။

“အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ ဘိုးဘေးနဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူတွေကို ငါပဲ တားထားလိုက် မယ်...။”

“မင်းတို့ အထဲရောက်တာနဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ချက်ချင်း လုယူကြ တော့...။”

ထိုသို့ ပြောဆိုပြီးနောက် လျူပိုင်ချွမ်းသည် အစီအရင်ရှိ အပေါက်ထဲသို့ အရင်ဆုံး ဦးဆောင်ကာ ပြေးဝင် သွားလေတော့သည်။ ရွှမ်းမင်ဂိုဏ်းချုပ်နှင့် အခြားလူများကလည်း နောက်ကနေ ကပ်လျက် လိုက်ပါ သွားကြလေသည်။ သူတို့သည်လည်း အကျယ်ကြီး အော်ဟစ်လိုက်ကြလေသည်။

“ငါတို့ ဘိုးဘေးကို တစ်ယောက်တည်း ရန်သူနဲ့ ရင်ဆိုင်ခိုင်းပြီး ငါတို့က အရင်းအမြစ်တွေပဲ လုနေလို့ ဘယ်ဖြစ်မလဲ...။”

“အားလုံး ငါ့အမိန့်ကို နားထောင်...၊ ငါ့နောက်ကို လိုက်ပြီး ဘိုးဘေးကို ကူတိုက်ကြ...။”

“လင်းရှောင်းဂိုဏ်းက မိတ်ဆွေတို့...၊ မင်းတို့ အပြင်မှာပဲ စောင့်နေကြပါ...။ တိုက်ပွဲပြီးရင် ငါတို့ လှမ်း ခေါ်လိုက်ပါ့မယ်...။ ငါတို့ အရင်းအမြစ်တွေကို တစ်ယောက်တည်း အပိုင်စီးမှာ မဟုတ်ပါဘူး...။”

စကားပြောနေရင်းမှာပင် ရွှမ်းမင်ဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဂိုဏ်းစောင့်အစီအရင် ရှိ အပေါက်ထဲသို့ တိုးဝင်သွားကြလေတော့သည်။

All Chapters