အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁) - တစ်ကွက်တည်း (၁)
ချူချင်းသည် ချန်ထျယ်ရှန်း၏ စကားကို ကြားလိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားလေသည်။
သတင်းများ ဤမျှအထိ လျင်မြန်စွာ ပျံ့နှံ့သွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူတို့တစ်ဖွဲ့လုံး ခရီးကို အပြင်းနှင်လာခဲ့ကြသော်လည်း မနေ့ကသာ ဤနေရာသို့ ရောက်ရှိခဲ့ကြခြင်း ဖြစ်ပေသည်။
သို့သော် ချန်ထျယ်ရှန်းကမူ ရှင်တောက်မြို့၏ သတင်းကို သိရှိနေပြီ ဖြစ်၏။
သို့သော် သေချာပြန်စဉ်းစားကြည့်လျှင် ဤအရာက ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုပင်။
ကျန်းဟူလောကရှိ လမ်းဘေးဈေးသည်များနှင့် ခရီးသွားများအားလုံးတွင် သတင်းပေးပို့ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိကြပေသည်။
အသုံးအများဆုံး နည်းလမ်းမှာ ဆက်သွယ်ရေးချိုးငှက်များကို မွေးမြူပြီး သတင်းအချက်အလက်များ အပြန်အလှန် ပေးပို့ခြင်းပင် ဖြစ်လေသည်။
ထျယ်ရွှဲ့ခန်းမဆောင်သည် ရည်မှန်းချက် ကြီးမားလှသော်လည်း ဤနှစ်များအတွင်း သူတို့၏ အင်အားမှာ အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
ပတ်ပတ်လည်တွင် ရင်ဆိုင်ရခက်ခဲသော အင်အားစုများသာ ရှိနေသဖြင့် လော့ချန်အိမ်တော်ကို ကျော်ဖြတ်ပြီး ရှင်တောက်အန်းအတွင်းသို့ ခြေဆန့်ရန် ခက်ခဲနေခဲ့ချေသည်။
သို့သော် သတင်းစုံစမ်းရုံနှင့် သူတို့အတွက် အပန်းမကြီးလှပေ။
သူက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်၏။
"ဒုတိယခန်းမသခင်ချန်ကို ရယ်စရာဖြစ်စေခဲ့ပါပြီ..."
ချန်ထျယ်ရှန်းက ထိုစကားကို ကြားသောအခါ ပါးစပ်ဟ၍ အားရပါးရ ရယ်မောလိုက်လေသည်။
"မင်းကို အခု ကျန်းဟူလောကက ဘယ်လိုခေါ်နေကြလဲ သိလား..."
"..."
ချူချင်း၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ကျန်းဟူလောကတွင် အယုံကြည်ရဆုံး မဟုတ်သည့်အရာကို ပြောပါဆိုလျှင် ထိုသိုင်းသမားများ ပေးတတ်ကြသော ဘွဲ့အမည်များပင် ဖြစ်ပေသည်။
လူတိုင်းတွင် ပါးစပ်ကိုယ်စီ ရှိကြသဖြင့် ပျံ့နှံ့သွားသော ဘွဲ့အမည်မှာ နားဝင်ချိုချင်မှ ချိုပေလိမ့်မည်။
ထို့ကြောင့်ပင် ချူချင်းသည် ထိုစဉ်က စိတ်ကူးပေါက်ကာ မိမိကိုယ်ကိုယ် ညဧကရာဇ်ဟူသော ဘွဲ့အမည်ကို ပေးခဲ့ခြင်း ဖြစ်၏။
အနည်းဆုံးတော့ ဘွဲ့အမည်ကို မိမိစိတ်ကြိုက် ရွေးချယ်နိုင်သဖြင့် နားဝင်မချိုလျှင်ပင် လက်ခံနိုင်သေးပေသည်။
အကယ်၍ သူတစ်ပါးပေးသော ဘွဲ့အမည်မှာ နားဝင်မချိုပါက ပြောင်းလဲရန် ခက်ခဲလှသဖြင့် စိတ်ပျက်စရာကောင်းလှပေလိမ့်မည်။
သို့သော် ဤလူသတ်သမား အသွင်အပြင်ကိုမူ ချူချင်းက အရမ်းကြီး ဂရုမစိုက်ပေ။
သူ အလိုရှိသည့်အချိန်တိုင်း လဲလှယ်နိုင်သဖြင့် မည်သူမျှ သူ၏ သရုပ်မှန်ကို သိရှိနိုင်မည် မဟုတ်ချေ။
သိထားသူများကလည်း သူ အသွင်ပြောင်းခြင်းကို ဂရုစိုက်ကြမည် မဟုတ်ပေ။
သို့သော် ယခုကြည့်ရသည်မှာ သခင်လေးသုံးဟူသော ဘွဲ့အမည်မှာ လူအများကြားတွင် ရေပန်းစားနေပုံရ၏။
သူက မသိချင်ယောင်ဆောင်နေသော်လည်း စူးစမ်းလိုစိတ်ကို မတားဆီးနိုင်ခဲ့ချေ။
သူ စကားမစရသေးမီမှာပင် ချန်ထျယ်ရှန်းက သူ့ကို ဦးစွာပြောလိုက်လေသည်။
"သူတို့က မင်းကို 'ဓားရူး'လို့ ခေါ်ကြတယ်... ဓားရူးသခင်လေးသုံး တဲ့..."
"မင်းရဲ့ ဓားသိုင်းက ရူးသွပ်ဆန်းကြယ်ပြီး ထုတ်သုံးလိုက်တိုင်း ထင်မှတ်မထားတဲ့ လှည့်ကွက်တွေ ပါနေတယ်လို့ ပြောကြတယ်..."
"ပြီးတော့ အဲဒီညက မင်းရဲ့ သတ်ဖြတ်ပုံက စောင့်ကြည့်နေသူတွေရဲ့ မျက်လုံးထဲမှာ ဓားမိစ္ဆာတစ်ကောင်လို ဖြစ်နေပြီး သွေးမုန်တိုင်းတွေကို သီကျူးခဲ့တယ်လို့ ဆိုကြတယ်..."
ချူချင်းက သက်ပြင်းချလိုက်မိ၏။
‘ဓားရူး’ဆိုသည့်အမည်က နားထောင်ရသည်မှာ မဆိုးလှပေ။
အနည်းဆုံးတော့ သရဲဓား သို့မဟုတ် ဓားတစ္ဆေ စသည့် အမည်ဆိုးများ မဟုတ်သဖြင့် တော်သေးသည်ဟု ဆိုရပေမည်။
သူက ခေါင်းညိတ်ပြလိုက်၏။
"ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျုပ်တို့ စလိုက်ကြရအောင်လား..."
ကျန်းဟူလောကတွင် ကျော်ကြားလှသော ဤထျယ်ရွှဲ့ဒုတိယခန်းမသခင်ချန်၏ စွမ်းဆောင်ရည်ကို သူ ကိုယ်တိုင် စမ်းသပ်ကြည့်ချင်နေမိ၏။
ယနေ့ကဲ့သို့ အခြေအနေမျိုးမှာ လောကတွင် တွေ့ရခဲလှပေသည်။
တိုက်ခိုက်သူများမှာ ထျယ်ရွှဲ့ခန်းမဆောင်မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြပြီး အသက်ဘေးနှင့် ရင်းနှီးရသည့် တိုက်ပွဲမျိုးလည်း မဟုတ်သဖြင့် ဤကဲ့သို့သော အခွင့်အရေးကောင်းကို မည်သည့်နေရာတွင် ရှာဖွေနိုင်ပါအံ့နည်း။
သို့သော် ချန်ထျယ်ရှန်းက လက်ယမ်းပြလိုက်လေသည်။
"ဖြည်းဖြည်းပေါ့... ဖြည်းဖြည်းပေါ့... ဒါက အလျင်လိုစရာ မလိုပါဘူး..."
"ငါ မင်းကို မေးပါရစေဦး... မင်း အသက် ဘယ်လောက်ရှိပြီလဲ..."
"..."
ချူချင်းက မျက်မှောင်ကြုတ်လိုက်၏။
"နှစ်ဆယ့်တစ်နှစ်..."
သူက အသက်ကို လိမ်ညာပြောဆိုလိုက်ခြင်း ဖြစ်ပြီး အမှန်တကယ်တွင်မူ သူက ဆယ့်ကိုးနှစ်သာ ရှိသေးချေသည်။
သို့သော် သူ၏အသက်မှန်ကိုမူ မပေါက်ကြားစေရန် ထိန်းသိမ်းထားရမည် ဖြစ်ပေသည်။
"ကောင်းတယ်... ကောင်းတယ်... တကယ့်ကို သူရဲကောင်း လူငယ်လေးပဲ... ငါ ထပ်မေးပါရစေဦး..."
ချန်ထျယ်ရှန်းက ချူချင်းကို မျက်စိမှိတ်ပြလိုက်လေသည်။
"အိမ်ထောင်ပြုပြီးပြီလား..."
ချူချင်း၏ မျက်နှာရိပ်က ချက်ချင်း ပြောင်းလဲသွားခဲ့၏။
"ဒုတိယခန်းမသခင်ချန်က ဘာကို ဆိုလိုတာလဲ..."
"မစိုးရိမ်ပါနဲ့..."
ချန်ထျယ်ရှန်းက အလျင်အမြန် ပြောလိုက်၏။
"မေးကြည့်ရုံတင်ပါ... အဓိကကတော့... အင်း..."
ထိုသို့ပြောပြီးနောက် သူက အသံကို နှိမ့်ချလိုက်လေသည်။
"တကယ်တော့ ငါတို့သခင်ကြီးမှာ သမီးတစ်ယောက် ရှိတယ်... သူမက အရမ်းကို မာနကြီးပြီး ဘယ်သူ့ကိုမှ မျက်စိထဲ မထည့်ဘူး... အရမ်းကိုလည်း မာနထောင်လွှားလွန်းတယ်..."
"သူမ လက်ထပ်မဲ့အမျိုးသားက အနည်းဆုံးတော့ သူမထက် သိုင်းပညာ ပိုတော်ရမယ်... အသက်ကလည်း သူမနဲ့ ရွယ်တူဖြစ်ရမယ်လို့ ကြွေးကြော်ထားဖူးတယ်..."
"မဟုတ်ရင်တော့ သူမ ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူးတဲ့..."
"သူမ အရွယ်ရောက်ကတည်းက သခင်ကြီးက သူမအတွက် သင့်တော်တဲ့ အမျိုးသားကို ရှာဖွေပေးခဲ့တာ... ငါတို့လည်း ကိုယ့်အိမ်က အသုံးမကျတဲ့ ကောင်တွေကို လွှတ်ပေးခဲ့ကြတယ်..."
"အစပိုင်းမှာတော့ အဲဒီကောင်တွေက ရည်မှန်းချက်ကြီးပြီး အလှနတ်သမီးလေးကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားခဲ့ကြတာပေါ့..."
"ဒါပေမဲ့ နှစ်ရက်တောင်မပြည့်ခင်မှာပဲ အားလုံးက ငိုယိုပြီး ပြန်ပြေးလာကြတယ်... သူမက မိန်းမတစ်ယောက် မဟုတ်ဘူး... သူမက တကယ့်ကို... အဟမ်း... အဟမ်း... ဘာမှမဟုတ်တော့ဘူး... ငါ စကားတွေ အရမ်းများသွားပြီ..."
"နောက်ဆုံးပြောလိုက်တဲ့ စကားတွေကို မကြားချင်ယောင်ဆောင်ပေး..."
ချူချင်းကမူ မကြားချင်ယောင်ဆောင်၍ မရနိုင်ခဲ့ချေ။
"ကြားလိုက်ရပါတယ်... အရမ်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာပါ..."
"..."
ချန်ထျယ်ရှန်းက စကားဆွံ့အသွားပြီး မိမိ၏ ပါးစပ်ကို ပုတ်ကာ နောင်တရနေပုံပေါ်၏။
သို့သော် သူက အလျင်အမြန်ပင် စိတ်ကို ပြန်လည်စုစည်းလိုက်လေသည်။
"မင်း ကြည့်လိုက်လေ... ဒီနှစ်တွေအတွင်း ကျန်းဟူလောကမှာ မျိုးဆက်သစ်တွေ ပေါ်ထွက်လာတာ အမှန်ပဲ..."
"ဒါပေမဲ့ ငါ့မျက်စိထဲဝင်တဲ့သူ တစ်ယောက်မှ မရှိဘူး..."
"မင်းတစ်ယောက်တည်းသာ ငါ့မျက်စိထဲ ဝင်လာတာ... မင်းရဲ့ သိုင်းပညာနဲ့ အသက်အရွယ်အရပေါ့..."
"ပြီးတော့ မင်းရဲ့ ချောမောတဲ့ ရုပ်ရည်နဲ့ဆိုရင် မင်းသာ ခေါင်းညိတ်လိုက်... အဲဒီကောင်မလေးကို ဖမ်းပြီး အဲဒီနေ့မှာတင် မင်္ဂလာဦးည ဝင်လို့ရတယ်..."
"အဲဒီနောက်ပိုင်းကျရင် ထျယ်ရွှဲ့ခန်းမဆောင်ရဲ့ သုံးပုံတစ်ပုံက မင်းအပိုင်ဖြစ်သွားလိမ့်မယ်..."
"မင်းသာ သဘောတူရင် ငါကိုယ်တိုင် မင်းနဲ့အတူ ငါ့တူမလေးကို အိမ်ပြန်လိုက်ပို့ပေးမယ်... ဘာပြဿနာမှလည်း မရှာတော့ဘူး..."
"မင်း သေချာ စဉ်းစားကြည့်ပါဦး..."
"..."
ချူချင်းသည် ထိုစကားကို ကြားသောအခါ သွားကျိန်းမတတ် ခံစားလိုက်ရ၏။
ထျယ်ရွှဲ့၏ ဒုတိယခန်းမသခင် ဖြစ်ပါလျက်နှင့် ဤမျှအထိ ကပျက်ကချော်ဖြစ်ရန် လိုအပ်ပါသလော။
သူက ကိစ္စရပ်များကို ဆောင်ရွက်ရန်နှင့် ထျန်းကျီးအမိန့်တော်ပြားကို လုယူရန်ထွက်လာခဲ့ခြင်း မဟုတ်ပါလော။
ဤမျှအထိ ထွားကျိုင်းလှသော လူတစ်ယောက်က အောင်သွယ်တော်လုပ်ရန် မလိုက်ဖက်လှချေ။
အကယ်၍ အောင်သွယ်နတ်မင်းကြီးက ဤကဲ့သို့သော ရုပ်ရည်မျိုး ရှိနေပါက ဖူးစာပင်ကြီးပင်လျှင် ငြင်းပယ်လိမ့်မည် ဖြစ်ပေသည်။
ချူချင်းက စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေသော်လည်း မျက်နှာထက်တွင်မူ ပိုမိုအေးစက်သော အရိပ်အယောင်များ ပေါ်လွင်လာခဲ့၏။
"ဒုတိယခန်းမသခင်ချန် စကားကို ဆင်ခြင်ပါ..."
"ကျုပ်မှာ စေ့စပ်ထားသူရှိပြီးသားမို့ အတင်းအကျပ် အောင်သွယ်မပေးပါနဲ့..."
သူက ဤကိစ္စကို ဝန်မခံချင်ခဲ့သော်လည်း မည်သည့်ဟာကွက်မျှ မကျန်ရှိစေရန်အတွက် ဖြစ်ပေသည်။
သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤလောကတွင် စေ့စပ်ထားသူ ရှိသည့်လူများစွာ ရှိကြပေသည်။
မိမိတွင် စေ့စပ်ထားသူ ရှိသည်ဟု ဝန်ခံလိုက်ရုံမျှနှင့် မည်သို့ ဆက်စပ်တွေးတောနိုင်မည်နည်း။
ထို့ပြင် ယနေ့ကိစ္စသာ ဝူချန်းဟွမ်၏ နားထဲသို့ ရောက်ရှိသွားပါက ထိုမိန်းကလေးငယ်သည် မိမိက လူပုံအလယ်တွင် စေ့စပ်ထားသူမရှိဟန်ဆောင်ခဲ့သည်ကို သိရှိသွားပြီး စိတ်မကောင်း ဖြစ်သွားနိုင်ပေသည်။
သူမတွင် ကိုယ်ပိုင်အကြောင်းပြချက် ရှိနေလျှင်ပင် စိတ်ထိခိုက်သွားနိုင်သည် မဟုတ်ပါလော။
ချူချင်းက ရုတ်တရက် သံသယဝင်သွားခဲ့၏။
"စေ့စပ်ထားသူ ရှိပြီးသားလား..."
ချန်ထျယ်ရှန်းက အံ့အားသင့်သွားကာ မေးလိုက်၏။
"ဖျက်သိမ်းလို့ မရဘူးလား..."
"မရပါဘူး..."
"တစ်ဖက်လူက သိုင်းပညာ အရမ်းတော်လို့လား..."
"..."
"မင်း ဖြေရှင်းလို့မရရင် ငါတို့ ထျယ်ရွှဲ့ခန်းမဆောင်က ကူညီပေးလို့ရတယ်... ဘယ်သူက ငါတို့ သခင်ကြီးရဲ့ သမက်ကို လုရဲမှာလဲ..."
"..."
ချူချင်း၏ နဖူးပေါ်တွင် အကြောပြိုင်းပြိုင်း ထလာခဲ့၏။
"သခင်ချန်ကပဲ ခွင့်လွှတ်ပါ... ဒီစေ့စပ်မှုကို ဖျက်သိမ်းလို့မရတာ မဟုတ်ဘဲ ကျုပ်ကိုယ်တိုင် မဖျက်သိမ်းချင်တာပါ..."
"ထျယ်ရွှဲ့ခန်းမသခင်ရဲ့ သမီးကြီးက အရမ်းကို မြင့်မြတ်လွန်းပါတယ်... ဂျူနီယာတစ်ယောက်အနေနဲ့ ဒီလိုမျိုး မတွေးဝံ့ပါဘူး... သခင်ချန် ခွင့်လွှတ်ပေးပါ..."
ချန်ထျယ်ရှန်းသည် သူ၏ ပြတ်သားသော စကားများကို ကြားသောအခါ သက်ပြင်းချလိုက်ပြီး မျက်နှာထက်ရှိ ဖော်ရွေမှုများကို ရုပ်သိမ်းလိုက်လေသည်။
"ထားလိုက်ပါတော့... အတင်းအကျပ် လုပ်လို့မရတာပဲ..."
"မင်းက စိတ်မဝင်စားမှတော့ ငါလည်း လူဆိုးအဖြစ် မခံတော့ပါဘူး..."
"ဒါပေမဲ့ ဒီနေ့ သုံးကွက်ကိုတော့ မင်းကို အလွယ်တကူ ကျော်ဖြတ်ခွင့်ပေးမှာ မဟုတ်ဘူး..."
"ကောင်လေး... သတိထားပေတော့..."
'သတိထား'ဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချန်ထျယ်ရှန်းက ခြေတစ်လှမ်း လှမ်းလိုက်လေသည်။
နဂါးနှင့် ကျားကဲ့သို့ ခြေလှမ်းများက လူတစ်ဦး၏ ခံ့ညားထည်ဝါသော ဟန်ပန်ကို ဖော်ပြနိုင်သော်လည်း ချန်ထျယ်ရှန်း၏ ခြေလှမ်းမှာမူ ထိုစကားလုံးများထက် ပိုမိုလွန်ကဲလှပေသည်။
ပြောရမည်ဆိုလျှင် တောင်ကြီးတစ်လုံးက ရှေ့တည့်တည့်မှ ပြိုကျလာသကဲ့သို့ ခံစားရစေ၏။
သူ၏ အငွေ့အသက်များက ကြီးမားထည်ဝါလှပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများက တစ်သားတည်း ဖြစ်နေခဲ့ချေသည်။
သူ လှုပ်ရှားလိုက်သည်နှင့် လေပြင်းနှင့် မိုးကြိုးသံများ ထွက်ပေါ်လာပြီး ကျားဟိန်းသံနှင့် နဂါးဟောက်သံများက ဘေးပတ်လည်တွင် ပဲ့တင်ထပ်နေခဲ့သည်။