အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃) - တာဝန်သစ် (၁)
ဓားသမားနှင့်ပုဆိန်လှံသမားတို့၏ မျက်နှာများ တစ်ပြိုင်နက်တည်း ပျက်ယွင်းသွားကြ၏။
“သခင်က ဒဏ်ရာရသွားတာလား..."
"ကောင်စုတ်လေး... တကယ့်ကို အော့နှလုံးနာစရာကောင်းတဲ့ လူငယ်လေးပဲ..."
ချန်ထျယ်ရှန်းက ဒေါသတကြီး ရေရွတ်လိုက်လေသည်။
"ဘယ်ကရလာတဲ့ လက်သီးသိုင်းလဲ မသိဘူး... ဒီလောက်တောင် စွမ်းလှတာ... သူ့ရဲ့ အတွင်းအားကလည်း ဒီအရွယ်လူငယ်တစ်ယောက်မှာ ရှိသင့်တဲ့ အဆင့်အတန်းမျိုး လုံးဝမဟုတ်ဘူး..."
"သူ... သူက ဒီနေ့ ငါ့ကို သေအောင်မသတ်လိုက်ရလို့ မကျေနပ်သေးတဲ့ပုံပဲ..."
"သူ ထျယ်ရွှဲ့ခန်းမဆောင်ကို ရောက်ရင် ငါ့ကို ထပ်လာရှာဦးမယ်လို့တောင် ပြောသွားသေးတယ်..."
"သူက ငါ့ကို သေအောင်သတ်မှ ကျေနပ်မှာလား..."
"ငါက သူ့ကို မိန်းမပေးစားဖို့ စကားကမ်းလှမ်းခဲ့လို့လား..."
"ဒီတစ်ကြိမ်တော့ သခင်မလေးကြောင့် ငါ သေရတော့မယ်..."
ဓားသမားနှင့်ပုဆိန်လှံသမားတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။
ဤကိစ္စသည် သခင်မလေးနှင့် မည်သို့မျှ မသက်ဆိုင်ဟု သူတို့ခံစားမိကြချေသည်။
သခင်မလေးသည် သူ ဤနေရာသို့ လာရောက်ကာ စေ့စပ်ကြောင်းလမ်းပေးနေသည်ကိုပင် သိရှိလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤစကားကို သူတို့နှုတ်မှ ထုတ်မပြောဝံ့ကြချေ။
ပုဆိန်လှံသမားက ခေတ္တမျှစဉ်းစားပြီးနောက် မေးလိုက်၏။
"ဒုတိယခန်းမသခင်... ထျန်းကျီးအမိန့်တော်ပြားကိစ္စကို ပြန်ရောက်ရင် ဘယ်လိုရှင်းပြရမလဲ..."
"ရှင်းပြရမယ်..."
ချန်ထျယ်ရှန်းက စဉ်းစားမနေဘဲ အော်ဟစ်လိုက်လေသည်။
"ဘာကို ရှင်းပြရမှာလဲ..."
"ခန်းမသခင်ကြီးက အစွမ်းထက်ရင် အဲဒီကောင်လေးဆီ ကိုယ်တိုင်သွားရှာခိုင်းလိုက်..."
"ဒါမှမဟုတ်ရင်လည်း ဝမ်ဖူစန်းဆီ တိုက်ရိုက်သွားခိုင်းလိုက်ပေါ့..."
"ဒီလူယုတ်မာနှစ်ယောက်လုံးက အေးအေးဆေးဆေး ရင်ဆိုင်လို့ရတဲ့သူတွေ မဟုတ်ဘူး..."
"သူတို့ရှိနေသရွေ့ ထျန်းကျီးအမိန့်တော်ပြားကို ဘယ်သူမှယူနိုင်မှာ မဟုတ်ဘူး..."
"တော်ပြီ... စကားအပိုတွေ ပြောမနေနဲ့တော့... မြန်မြန်သွားကြစို့... အဲဒီကောင်လေး စိတ်ပြောင်းပြီး ငါ့ကိုသတ်ဖို့ လိုက်လာရင် ဒီနေ့ ငါတို့အားလုံး သေသွားလိမ့်မယ်..."
ဓားသမားသည် မျက်တောင်များကို ပင့်လိုက်၏။ သူသည်လည်း ဓားအသုံးပြုသူဖြစ်သဖြင့် ချူချင်းအပေါ် အကြောင်းပြချက်မရှိဘဲ သဘောကျမိနေချေသည်။
ထို့ပြင် တိုက်ခိုက်စဉ်က သူသည် ချူချင်းအပေါ် အနည်းငယ်ညှာတာပေးခဲ့ပေသည်။
ထို့ကြောင့် ဤသခင်လေးသုံးသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်လိမ့်မည်မဟုတ်ဟု သူထင်မှတ်ထား၏။
သို့သော်လည်း သူသည် စကားများများစားစား မပြောတော့ဘဲ ပုဆိန်လှံသမားနှင့်အတူ ချန်ထျယ်ရှန်းကို ဘယ်ညာတွဲဖက်ကာ လျင်မြန်စွာ ထွက်ခွာသွားကြလေသည်။
ချူချင်းသည် ချန်ထျယ်ရှန်း၏ စိတ်ထဲတွင် မည်သို့တွေးတောနေသည်ကို မသိရှိပေ။
နံနက်ခင်း တိုက်ပွဲဖြစ်ပွားပြီးနောက် သူတို့အဖွဲ့သည် လူအများ၏အာရုံစိုက်မှုကို အလွန်အမင်း ခံနေရချေသည်။
ထို့ကြောင့် နံနက်စာစားသောက်ပြီးသည်နှင့် သူတို့သည် မြို့ငယ်လေးမှ ချက်ချင်းထွက်ခွာကာ လော့ချန်အိမ်တော်သို့ ဦးတည်လိုက်ကြလေသည်။
သို့သော် အချက်တစ်ချက်က ပျန်းချန်ကို စိတ်အနှောင့်အယှက်ဖြစ်စေ၏။
သူသည် လမ်းလျှောက်ရင်း ဟွာကျင်နျန်းကိုကြည့်ကာ မေးလိုက်သည်။
"မင်းက ငါတို့နောက်ကိုလိုက်နေတုန်းပဲလား..."
"မင်းတို့လည်း လော့ချန်အိမ်တော်ကိုသွားမလို့ မဟုတ်လား..."
ဟွာကျင်နျန်းက သဘာဝကျကျပင် ပြန်လည်ပြောဆိုလိုက်၏။
"သွားမဲ့နေရာချင်းတူတူပဲကို ငါက ဘာလို့ မလိုက်ရမှာလဲ..."
"မင်း ငါ့ဂိုဏ်းတူညီမလေးအပေါ် တစ်ခုခုကြံစည်နေတုန်းတော့ မဟုတ်ပါဘူးနော်..."
ပျန်းချန်က မျက်လုံးများကိုမှေးစင်းကာ ပြောလိုက်၏။
"မင်းရဲ့ နည်းလမ်းတွေက ငါ့ဂိုဏ်းတူညီမလေးကို တိုက်ရိုက်မထိခိုက်စေဘူးဆိုပေမဲ့ လှည့်ကွက်တွေနဲ့ ကောက်ကျစ်မှုတွေချည်းပဲ..."
"အခု ငါတို့အားလုံး သိသွားပြီဆိုတော့ မင်းရဲ့ လှည့်ကွက်တွေကို သုံးဖို့မစဉ်းစားနဲ့တော့..."
"ဒါကြောင့် မင်းရဲ့အချိန်တွေကို အလဟဿ မဖြုန်းတီးဖို့ ငါအကြံပေးချင်တယ်..."
"အစ်ကိုပျန်း... ငါတို့ဒီတစ်လမ်းလုံးမှာ သံယောဇဉ် မရှိဘူးဆိုရင်တောင် အဆင်ပြေပြေ ဖြတ်သန်းခဲ့ကြတာပဲ မဟုတ်လား..."
"မင်းမျက်စိထဲမှာ ငါက ဒီလောက်တောင် ယုတ်မာတဲ့သူ ဖြစ်နေတာလား..."
ဟွာကျင်နျန်း၏မျက်နှာတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားသော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူများအားလုံးမှာ သံမဏိကဲ့သို့ မာကျောသော နှလုံးသားရှိကြသူများ ဖြစ်သဖြင့် ဤအမူအရာကို ဂရုမစိုက်ကြချေ။
ထို့ကြောင့် သူသည် သက်ပြင်းချကာ ပြောလိုက်ရလေသည်။
"အရင်က မင်းတို့ ငါ့ဆီက စကားနှိုက်ခဲ့လို့ အခု ငါ့အကြောင်းကို အကုန်သိသွားကြပြီပဲ... အဲဒီနည်းလမ်းတွေက မင်းတို့အပေါ် အလုပ်မဖြစ်တော့ဘူးဆိုတာ ငါလည်း သိပါတယ်..."
"ငါ အခု လော့ချန်အိမ်တော်ကို မင်းတို့နဲ့အတူ လိုက်သွားပြီး ဒီကိစ္စရဲ့ အလှည့်အပြောင်းက ဘယ်နေရာမှာ ရှိမလဲဆိုတာကိုပဲ ကြည့်ချင်ရုံပါ..."
ပျန်းချန်က ခေတ္တမျှစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... ဒါပေမဲ့ မင်း ကိုယ့်ဘောင်ကိုယ်ကျော်ဖို့ မကြိုးစားနဲ့..."
"ဟိုမှာမြင်လား... ဓားရူးသခင်လေးသုံးပဲ..."
"မင်းသာ တစ်ခုခုလုပ်ဖို့ ကြံစည်ရင် သူက စာနာစိတ်ရှိမှာ မဟုတ်ဘူး..."
ချူချင်းက မျက်ခုံးပင့်ကာ ပျန်းချန်ကို တစ်ချက်ကြည့်လိုက်၏။
"အစ်ကိုပျန်း..."
"ဟဲဟဲ... သူ့ကို ခြောက်လှန့်ရုံတင်ပါ..."
ဟွာကျင်နျန်းက လက်ထဲမှယပ်တောင်ကို ခါယမ်းကာ ပြောလိုက်၏။
"ငါ တစ်ခုခုလုပ်မလားဆိုတာကို စိုးရိမ်နေမဲ့အစား..."
"ဟိုးနောက်က လိုက်လာတဲ့သူကို မင်းတို့ တကယ်ပဲ ဂရုမစိုက်တော့ဘူးလား..."
သူတို့ မြို့ငယ်လေးမှထွက်လာကတည်းက နောက်ကွယ်မှ တစ်စုံတစ်ဦး လိုက်ပါလာသည်ကို သတိပြုမိခဲ့ကြ၏။
သို့သော် ထိုသူ၏အသက်ရှူသံမှာ ပြင်းထန်ပြီး ခြေလှမ်းများမှာလည်း စနစ်တကျမရှိသဖြင့် သိုင်းမတတ်ကြောင်း ထင်ရှားလှပေသည်။
သာမန်လူတစ်ယောက်အနေဖြင့် သူတို့နောက်သို့လိုက်ပါရန်မှာ အလွန်ပင်ပန်းလှသဖြင့် မကြာမီ နောက်ကျကျန်ရစ်ခဲ့လိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။
သို့သော် ထိုသူသည် အံ့ဩစရာကောင်းလောက်အောင် ဇွဲကောင်းနေခဲ့သည်။
သူသည် ခြောက်မိုင်ခုနစ်မိုင်ခန့်အထိ အသက်ရှူသံများ ဟောဟဲလိုက်နေသည့်တိုင် မလျှော့သောဇွဲဖြင့် ဆက်လက်လိုက်ပါလာခဲ့၏။
သို့သော်လည်း ယခုအချိန်တွင်မူ သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ချေသည်။
ရှီမောက်သည် အမှန်တကယ်ပင် သူ၏အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူသည် မိမိ၏ အဆုတ်တစ်ခုလုံး ရင်ဘတ်ထဲမှ ထွက်ကျတော့မတတ် ပြင်းထန်စွာ အသက်ရှူနေရချေသည်။
သူ၏ ဦးခေါင်းနှင့်ခန္ဓာကိုယ်တစ်ခုလုံးမှ ချွေးများ တရစပ်စီးကျနေ၏။
ခြေထောက်နှစ်ဖက်မှာလည်း တုန်ယင်နေပြီး ခန္ဓာကိုယ်ကိုပင် မနည်းထိန်းထားရပေသည်။
သို့သော် သူ လက်မလျှော့နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ချူချင်းထံမှ အကူအညီတစ်ခု လိုအပ်နေသောကြောင့်ပင်။
ယနေ့နံနက်ပိုင်းက မြို့ငယ်လေးတွင် ချူချင်းနှင့် ထျယ်ရွှဲ့ခန်းမဆောင်မှလူများ တိုက်ခိုက်သည်ကို မြင်တွေ့ခဲ့ရကတည်းက ဤသည်မှာ မိမိအတွက် အခွင့်အရေးဖြစ်ကြောင်း သူသိရှိခဲ့၏။
သို့သော် သူသည် ချူချင်း၏စရိုက်ကို သေချာမသိသဖြင့် စောင့်ကြည့်လိုခဲ့ပေသည်။
ချူချင်းတို့အဖွဲ့သည် မြို့ငယ်လေးတွင် ခေတ္တနားခိုလိမ့်မည်ဟု သူထင်မှတ်ခဲ့သော်လည်း သူတို့သည် ချက်ချင်းပင် ထွက်ခွာသွားကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ကံကောင်းသည်မှာ သူတို့ခရီးသွားရာတွင် ကိုယ်ဖော့သိုင်းကို အသုံးမပြုခဲ့ခြင်းပင်။
သူတို့၏ လမ်းလျှောက်နှုန်းမှာ သာမန်လူများထက် အနည်းငယ်မြန်ဆန်ပြီး ခပ်သွက်သွက်ပြေးနေသကဲ့သို့ ဖြစ်သော်လည်း နောက်မှလိုက်ရန်မှာ မခက်ခဲလှပေ။
သို့သော် ဤလူများ၏ အတွင်းအားမှာ အလွန်နက်ရှိုင်းလှသဖြင့် ဤမျှခရီးဝေးကို တစ်ဆက်တည်း လျှောက်လှမ်းခဲ့သော်လည်း အနားယူခြင်း လုံးဝမရှိကြချေ။
သာမန်လူတစ်ဦးဖြစ်သော ရှီမောက်မှာမူ အလွန်ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။
"ငါ ဘာလုပ်ရမလဲ... ဒီလိုမှန်းသိရင် ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို အရင်သွားတောင်းပန်သင့်တာ... သူသဘောတူရင်တူမှာပေါ့..."
"အခုတော့ ငါ... ငါ တကယ် ဆက်မလျှောက်နိုင်တော့ဘူး..."
"ဒါက ငါ့ရဲ့ တစ်ခုတည်းသောမျှော်လင့်ချက်ပဲ..."
"မဖြစ်ဘူး... ငါ လက်မလျှော့နိုင်ဘူး..."
ရှီမောက်၏ခန္ဓာကိုယ်မှာ အနည်းငယ်ဝဖြိုးသဖြင့် ယခုအချိန်အထိ လိုက်ပါနိုင်ခြင်းမှာ သူ၏စိတ်ဓာတ်ကြံ့ခိုင်မှုကြောင့်သာ ဖြစ်ပေသည်။
သူသည် ခြေလှမ်းများကို မရပ်တန့်စေရန် အတင်းအကျပ်အားယူကာ ရှေ့သို့ဆက်လှမ်းလိုက်၏။
သို့သော် ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဘုန်းခနဲလဲကျသွားလေသည်။
ဤအခိုက်အတန့်တွင် သူသည် မြေပြင်ကြီးမှာ အလွန်ပင် သက်တောင့်သက်သာရှိလှသည်ဟု ခံစားလိုက်ရ၏။
သူသည် ဤနေရာတွင်သာ ထာဝရလဲလျောင်းနေလိုပြီး သေဆုံးသွားလျှင်ပင် ဂရုမစိုက်တော့ပေ။
သို့သော် နောက်တစ်စက္ကန့်တွင် သူသည် ရုန်းကန်ကာ လူးလဲထလိုက်၏။
"မဖြစ်ဘူး... ငါလက်လျှော့လို့ မဖြစ်သေးဘူး..."
သူသည် မတ်တတ်ရပ်ရန်အားယူလိုက်စဉ် သူ၏ရှေ့မှောက်၌ ခြေထောက်တစ်စုံ ရောက်ရှိနေသည်ကို ရုတ်တရက်တွေ့ရှိလိုက်ရ၏။
သူသည် အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ရာ အပြာရောင်ဝတ်ဓားသမားသည် သူ၏ရှေ့မှောက်တွင် ရပ်နေချေသည်။
"မင်းက တည်းခိုခန်းကတည်းက အပြင်မှာ ပုန်းပြီးချောင်းကြည့်နေခဲ့တာ... မြို့ငယ်လေးက ထွက်လာကတည်းကလည်း အခုထိ လိုက်လာခဲ့တယ်..."
ချူချင်းက အထက်စီးမှငုံ့ကြည့်ကာ အေးစက်သော မျက်လုံးများဖြင့် မေးလိုက်၏။
"မင်းက ဘယ်သူလဲ...ကျုပ်တို့နောက်ကို ဘာရည်ရွယ်ချက်နဲ့ လိုက်လာတာလဲ..."
သူ၏လက်မဖြင့် ဓားရိုးကို အနည်းငယ်တွန်းထုတ်လိုက်ရာ ဓားသွား၏ အလင်းရောင်မှာ ဖျတ်ခနဲပေါ်ထွက်လာ၏။
ရှီမောက်သည် ရင်ထဲတွင် အေးစိမ့်သွားပြီး နောက်ထပ်ပြောမည့် စကားလုံးများ မှားယွင်းသွားပါက ဤလူ၏သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု သိရှိလိုက်ပေသည်။
ထို့ကြောင့် သူသည် ပျာပျာသလဲ ပြောလိုက်ရ၏။
"မလုပ်ပါနဲ့... ကျွန်တော့်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... ဘယ်သူ့ခိုင်းစေချက်မှလည်း မဟုတ်ပါဘူး... ကျွန်တော် သခင်လေးကို အကူအညီတောင်းချင်လို့ပါ..."
သူသည် စကားများကို အလျင်စလိုပြောလိုက်သဖြင့် ပြောပြီးသည်နှင့် တရစပ်ချောင်းဆိုးတော့၏။