← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း (၁၅၄) - တာဝန်သစ် (၂)

ချူချင်းက မျက်ခုံးများကို အနည်းငယ်တွန့်လိုက်ပြီး ရှီမောက်ကို အပေါ်အောက် အကဲခတ်လိုက်လေသည်။

ဤသူ၏ပုံစံမှာ အလွန်ပင်ပန်းနွမ်းနယ်နေပြီး အဝတ်အစားများမှာလည်း စုတ်ပြဲနေသော်လည်း အသုံးပြုထားသောပိတ်စမှာ အလွန်ကောင်းမွန်လှပေသည်။

ထို့ကြောင့် သူသည် ဆင်းရဲသားမိသားစုမှ မဟုတ်ကြောင်း ထင်ရှားလှ၏။

ထို့ပြင် သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်ဝဖြိုးပြီး လက်ဖဝါးနှင့်မျက်နှာကို ကြည့်ရုံဖြင့် ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်လေးတစ်ဦး ဖြစ်ကြောင်း သိသာလှပေသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် ဒုက္ခရောက်နေပုံရချေသည်။

ထို့ပြင် သူသည် မသိကျွမ်းဖူးသော ကျန်းဟူလောကသားတစ်ဦးထံတွင် အကူအညီတောင်းခံနေခြင်းမှာ အလွန်ပင် အတွေ့အကြုံမရှိသေးကြောင်း ပြသနေ၏။

သူသည် ခရီးထွက်လာစဉ် ဓားပြများ၏ လုယက်ခြင်းကို ခံလိုက်ရသဖြင့် အိမ်သို့ပြန်ပို့ပေးရန် အကူအညီတောင်းနေခြင်း ဖြစ်နိုင်ပေသည်။

ချူချင်းက မျက်ခုံးများကိုတွန့်ကာ မေးလိုက်၏။

"ခင်များနဲ့ကျုပ်ကြားမှာ ဘာကျေးဇူးတရားမှလည်း မရှိဘူး... ဘာပတ်သက်မှုမှလည်း မရှိဘူး… ကျုပ်က ဘာလို့ကူညီရမှာလဲ..."

သူသည်ပြောရင်းဖြင့် ရင်ဘတ်ထဲသို့ လက်နှိုက်ကာ ငွေစအချို့ထုတ်ပေးရန် ပြင်ဆင်လိုက်၏။ ထိုသူသည် မြင်းလှည်းတစ်စီးငှားရမ်းပြီး အိမ်ပြန်နိုင်ရန်အတွက် ဖြစ်ပေသည်။

ခရီးသွားရာတွင် ဒုက္ခနှင့်ကြုံတွေ့ရတတ်သဖြင့် တစ်ဖက်လူတွင် မကောင်းသောရည်ရွယ်ချက်မရှိပါက ငွေစအနည်းငယ်ဖြင့်ကူညီရန် ချူချင်းသည် ဝန်မလေးပေ။

သို့သော် ရှီမောက်သည် ဘုန်းခနဲဒူးထောက်လိုက်ပြီး တရစပ်ဦးတိုက်တော့၏။

"ကျွန်တော့်ညီမလေးကို ကယ်ပေးပါဦး... တောင်းပန်ပါတယ်..."

"သူမကို ပြန်ပေးဆွဲသွားလို့ပါ... မကယ်ရင် သူမ သေသွားလိမ့်မယ်..."

ချူချင်းသည် ငွေထုတ်မည့်လက်ကို ရပ်တန့်လိုက်၏။

"တောင်ဓားပြတွေနဲ့ တွေ့ခဲ့တာလား..."

"မဟုတ်ပါဘူး..."

ရှီမောက်က ပျာပျာသလဲ ပြောလိုက်၏။

"အဲဒါက အဘိုးကြီးတစ်ယောက်ပါ... အရမ်းတော်တာပဲ... ကျွန်တော့်ရဲ့ ကိုယ်ရံတော်တွေက သူ့ကို လုံးဝမယှဉ်နိုင်ဘူး..."

"သူက ကျွန်တော့်မျက်စိရှေ့တင် ညီမလေးကို ဖမ်းသွားပြီး ကျွန်တော့်ရဲ့ ကိုယ်ရံတော်တွေအားလုံးကို သတ်ပစ်လိုက်တယ်..."

ဤစကားကို ကြားရသောအခါ ချူချင်းသည် အခြေအနေကို ရိပ်မိသွားချေသည်။

သူသည် ဤသည်မှာ မိမိထံသို့ အလိုအလျောက်ရောက်ရှိလာသော အလုပ်တစ်ခု ဖြစ်နိုင်ကြောင်း ခံစားလိုက်ရ၏။

ထို့ကြောင့် သူက ပြောလိုက်သည်။

"ကောင်းပြီ... မတ်တတ်ရပ်ပြီး သေချာပြောစမ်း..."

"ခင်များရဲ့ နောက်ခံအကြောင်းကို အရင်ပြောပြ... ခင်များညီမလေးက ဘယ်နေရာမှာ အဖမ်းခံလိုက်ရတာလဲ..."

"သူမကို ဖမ်းသွားတဲ့သူက ဘယ်လိုပုံစံလဲ... အသေးစိတ် အကုန်ပြောပြစမ်း..."

"ဟုတ်ကဲ့... ဟုတ်ကဲ့..."

ချူချင်း၏စကားကြောင့် ရှီမောက်၏ရင်ထဲမှ စိုးရိမ်ပူပန်မှုများမှာ တစ်ဝက်ခန့် လျော့ပါးသွားချေသည်။

အနည်းဆုံးတော့ ချူချင်းသည် သူ့ကို ပြတ်ပြတ်သားသားငြင်းပယ်ခြင်း မပြုခဲ့ပေ။

ထို့ကြောင့် သူက အလျင်အမြန် ပြောပြလိုက်၏။

"ကျွန်တော်တို့က လော့ချန်အိမ်တော် နယ်မြေထဲက ပေဟူမြို့နယ်ကပါ... ကျွန်တော့်နာမည်က ရှီမောက်ပါ... ကျွန်တော့်ညီမလေးနာမည်ကတော့ ရှီချောင်ဟွေ့ပါ..."

"ကျွန်တော်တို့မိဘတွေက ကုန်သည်တွေမို့လို့ နည်းနည်းချမ်းသာကြပါတယ်..."

"မကြာခင်က အဘိုးအိမ်ကနေ စာတစ်စောင်ရောက်လာပြီး ကျွန်တော့်ကိုလာခဲ့ဖို့ ပြောတယ်..."

"ဒါပေမဲ့ ညီမလေးကလည်း ကျွန်တော်နဲ့အတူ လိုက်ချင်တယ်လို့ ဂျီကျနေတာနဲ့..."

"မတတ်သာတဲ့အဆုံး ကျွန်တော်လည်း သူမကို ခေါ်လာခဲ့ရတယ်... ကိုယ်ရံတော်တွေ ပါလာတာမို့လို့ ဘယ်လိုအန္တရာယ်ကြုံကြုံ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာပေါ့..."

"ဒါပေမဲ့ မမျှော်လင့်ဘဲ... အဲဒီနေ့က ကျွန်တော်တို့ တောင်ကြားလမ်းတစ်ခုကို ဖြတ်သွားတော့ သူတောင်းစားအဘိုးကြီးတစ်ယောက်ကို တွေ့ခဲ့တယ်..."

"ညီမလေးက စိတ်ကောင်းရှိတော့ သူ့ကို ငွေစအချို့နဲ့ရိက္ခာတွေ ပေးခဲ့တယ်..."

"ဒါပေမဲ့ အဲဒီသူတောင်းစားက ကျွန်တော်တို့နောက်ကို လိုက်လာခဲ့တယ်... အကြိမ်ကြိမ်မောင်းထုတ်ပေမဲ့ မရခဲ့ဘူး... ညီမလေးကလည်း သူ့ကို မနာကျင်စေချင်ဘူးလေ..."

"နောက်ဆုံးတော့... သူက ကျွန်တော်တို့နောက်ကို တောက်လျှောက်လိုက်လာခဲ့တယ်..."

"ဒါပေမဲ့ သုံးရက်ကြာပြီးနောက်မှာ သူက ရုတ်တရက်ရူးသွပ်သွားပြီး 'မင်းကို ငါ သတ်ရတာ ငါ့ကို မနာလိုမဖြစ်နဲ့... မင်းရဲ့ စိတ်ကောင်းနှလုံးကောင်းကိုပဲ အပြစ်တင်လိုက်... မင်းရဲ့သွေးက ငါ့ရောဂါကို ကုသပေးနိုင်တယ်'လို့ ပြောခဲ့တယ်... အဲဒါတွေက တကယ့်ကို ကြောက်စရာကောင်းတဲ့ စကားတွေပဲ..."

"သူ့ပုံစံက ညီမလေးကို ဖမ်းသွားချင်နေတာမို့လို့ ကျွန်တော်လည်း လုံးဝသဘောမတူခဲ့ဘူး..."

"သူထိခိုက်မိမှာကို ဂရုမစိုက်တော့ဘဲ ကိုယ်ရံတော်တွေကို သူ့ကို မောင်းထုတ်ခိုင်းလိုက်တယ်..."

"ဒါပေမဲ့... အဲဒီသူတောင်းစားက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ကျွန်တော့်ရဲ့ ကိုယ်ရံတော်တွေကို သူ ဘယ်လိုလုပ်လိုက်လဲ မသိဘူး... သူတို့ခေါင်းတွေကို အကုန်လုံး ဆွဲဖြဲပစ်လိုက်တယ်..."

"ဦးခေါင်းခွံတွေ ကြေမွသွားပြီး အရမ်းကို သနားစရာကောင်းတဲ့ အခြေအနေ ဖြစ်သွားခဲ့ရတယ်..."

"သူက သူ့လက်ချောင်းတွေပေါ်က သွေးတွေကိုတောင် လျက်နေသေးတယ်... ပြီးတော့ ညီမလေးကို ဖမ်းခေါ်သွားတော့တာပဲ..."

"ကျွန်တော် သတိဝင်လာပြီး လိုက်ဖို့ပြင်တဲ့အချိန်မှာ သူက ညီမလေးကိုခေါ်ပြီး အဝေးကြီးကို ရောက်သွားပြီ..."

ချူချင်းသည် သူ၏စကားများကို ငြိမ်သက်စွာ နားထောင်ပြီးနောက် စိတ်ထဲတွင် တွက်ဆလိုက်၏။

"အဲဒီသူတောင်းစားရဲ့ နဖူးပေါ်မှာ သွေးလိုနီရဲနေတဲ့ အသားပိုတစ်ခု ရှိနေတာလား..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်..."

ရှီမောက်က ပျာပျာသလဲ ခေါင်းညိတ်လိုက်၏။ သူ၏မျက်နှာတွင် အံ့ဩဝမ်းသာမှုများ ယှက်သန်းသွားချေသည်။ ဤလူသည် ထိုသူတောင်းစားကို သိရှိနေပေသည်။

သို့သော် ဝမ်းသာပြီးနောက်တွင် စိုးရိမ်စိတ်များ ဝင်ရောက်လာပြန်၏။ သူတို့ချင်းသိနေကြလျှင် ရင်းနှီးသောပတ်သက်မှု ရှိနေမည်လား။

ချူချင်း၏မျက်နှာမှာမူ ပိုမိုအေးစက်သွားပြီး လေသံမှာလည်း လေးနက်သွား၏။

"ခင်များ အဲဒီသူတောင်းစားနောက်ကို မလိုက်နိုင်ခဲ့ပေမဲ့ သူ ဘယ်ဘက်ကို ထွက်သွားလဲဆိုတာတော့ သိမှာပေါ့..."

"ကျွန်တော် သိပါတယ်... ဒီဘက်ကို ထွက်သွားတာပါ..."

ရှီမောက်က လော့ချန်အိမ်တော်ရှိရာဘက်သို့ ညွှန်ပြကာ ပြောလိုက်၏။

ချူချင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်ချောင်းများကို အသုံးပြုကာ တစ်စုံတစ်ခုကို တွက်ချက်နေသကဲ့သို့ ပြုလုပ်လိုက်ပြီး မျက်ခုံးများကိုတွန့်ကာ မေးလိုက်သည်။

"ခင်များညီမလေး အဖမ်းခံရတာ ဘယ်လောက်ကြာပြီလဲ..."

"ခုနစ်ရက်တိတိ ရှိပါပြီ..."

ချူချင်းသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်၏။

"ဒီနေ့က လဆန်းရှစ်ရက်ဆိုတော့ ခင်များညီမလေး အခုထိ အသက်ရှင်နေဦးမှာပါ..."

"ဒါပေမဲ့ လပြည့်နေ့မတိုင်ခင် သူမကို မကယ်တင်နိုင်ရင်တော့ သေချာပေါက် သေရလိမ့်မယ်..."

ရှီမောက်သည် ကြောင်အမ်းသွား၏။ ဤကျန်းဟူလောကမှ ပညာရှင်များသည် ဗေဒင်လည်း တွက်တတ်ကြသလော။

သို့သော် ဤသည်မှာ အရေးမကြီးပေ။ သူ၏ရှေ့မှောက်ရှိ လူသည် သိုင်းပညာရှင်မဟုတ်ဘဲ နတ်ဘုရားတစ်ပါး ဖြစ်နေလျှင်ပင် ညီမလေးကို ကယ်တင်ပေးနိုင်ပါက လုံလောက်လှပေသည်။

ထို့ကြောင့် သူသည် ချူချင်းကို ထပ်မံဦးတိုက်ရန် ပြင်လိုက်၏။

"နတ်ဘုရားကြီး ကယ်တင်ပေးပါဦး... နတ်ဘုရားကြီး ကယ်တင်ပေးပါဦး..."

ချူချင်းသည် မျက်လုံးများကို လှန်လိုက်၏။ သူသည် အဘယ်ကြောင့် နတ်ဘုရား ဖြစ်သွားရသနည်း။

သူသည် ယနေ့ မည်သည့်နေ့ရက် ဖြစ်သည်ကိုသာ တွက်ချက်နေခြင်း ဖြစ်သော်လည်း ဤသူသည် သူ့ကို ဗေဒင်ဆရာဟု ထင်မှတ်သွားပုံ ရချေသည်။

သို့သော် သူသည် ရှင်းပြမနေတော့ဘဲ ပြောလိုက်၏။

"ပထမအချက်...ကျုပ်က အလကား အလုပ်မလုပ်ဘူး... ခင်များအကူအညီတောင်းရင် ကျုပ်က ဘာရမှာလဲ..."

"ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်..."

ရှီမောက်က ရင်ဘတ်ထဲသို့ အလျင်အမြန်လက်နှိုက်ကာ ရွှေရွက်ဝါတစ်ဆုပ်ကို ထုတ်ယူလိုက်၏။

"မိဘတွေက အပြင်သွားရင် ရွှေတွေအများကြီးယူသွားပြီး ငွေစတွေကိုတော့ လျှို့ဝှက်သိမ်းထားဖို့ မှာခဲ့ကြတယ်..."

"အဲဒီသူတောင်းစားက ညီမလေးကို ဖမ်းသွားပေမဲ့ ပိုက်ဆံကိုစိတ်မဝင်စားလို့ ဒါတွေက ကျွန်တော့်ဆီမှာ ကျန်နေခဲ့တာပါ..."

"ဒါတွေအားလုံးကို သခင်လေးကို ပေးပါ့မယ်... ညီမလေးကို ကယ်တင်ပေးနိုင်ရင် ကျွန်တော့်မိသားစုကလည်း ထပ်ပြီး ဆုလာဘ်တွေ အများကြီးပေးပါဦးမယ်..."

ချူချင်းသည် ထိုရွှေရွက်ဝါများကိုကြည့်ကာ အစောပိုင်းက သူသည် ငွေစများထုတ်ပေးရန် ပြင်ဆင်ခဲ့သည်ကိုသတိရပြီး ဆွံ့အသွား၏။

ကံကောင်း၍ ထိုသို့မပြုလုပ်မိခဲ့ခြင်း ဖြစ်ပေသည်။ မဟုတ်ပါက အရှက်ကွဲရပေလိမ့်မည်။

ဤကောင်လေးသည် သူ့ထက်ပင် ပို၍ချမ်းသာနေချေသည်။

သူသည် ရွှေရွက်ဝါများကို မကြည့်တော့ဘဲ ဒုတိယမြောက်လက်ညှိုးကို ထောင်ပြလိုက်၏။

"ဒုတိယအချက်...ကျုပ်က လူမကယ်တတ်ဘူး... လူသတ်ရုံပဲ တတ်တယ်..."

"ကျုပ်ကို အကူအညီတောင်းရင် ကျုပ်က အဲဒီသူတောင်းစားကို သတ်ပေးနိုင်တယ်..."

ရှီမောက်သည် ဤစကားကိုကြားသောအခါ မျက်နှာဖြူလျော်သွား၏။

"လူ... လူ... လူသတ်ရမှာလား..."

ချူချင်းသည် သူ့ကို ငြိမ်သက်စွာကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောပေ။

ရှီမောက်သည် ရင်တထိတ်ထိတ် ဖြစ်နေပြီးနောက် တိုးညင်းစွာ ပြောလိုက်၏။

"သတ်... သတ်ပစ်တာလည်း ကောင်းပါတယ်... အဲဒီသူတောင်းစားက လူတွေကို သတ်ခဲ့ပြီး ညီမလေးကိုလည်း ဖမ်းသွားတယ်... သူက... သူက သေသင့်ပါတယ်..."

"နတ်ဘုရားကြီးကို တောင်းပန်ပါတယ်... တန်ခိုးနဲ့ အဲဒီဖုန်းတောင်းစားရဲ့ အသက်ကို ယူပေးပါဦး..."

"ကျုပ်မှာ အဲဒီလို တန်ခိုးတွေမရှိဘူး..."

ချူချင်းက ခေါင်းယမ်းလိုက်၏။

"မင်းရဲ့ရွှေတွေကို သိမ်းထားလိုက်... သူများကို မပြနဲ့..."

"ကျုပ်က အလုပ်ပြီးမှ ပိုက်ဆံယူတတ်တဲ့သူပဲ..."

"ကျုပ်နဲ့လိုက်ခဲ့တော့... မင်းတို့တွေကော မထွက်လာကြသေးဘူးလား..."

မော့တူရှင်း၊ ပျန်းချန်၊ ဝမ်ရိုနှင့် ဟွာကျင်နျန်းတို့လေးဦးသည် မလှမ်းမကမ်းရှိ ချုံပုတ်များထဲမှ ထွက်လာကြလေသည်။

ချူချင်းသည် အခြေအနေကိုစုံစမ်းရန် ပျန်းချန်တို့ကို ခေတ္တစောင့်ဆိုင်းရန်ပြောခဲ့ခြင်း ဖြစ်ပေသည်။ အကွာအဝေးမှာ မဝေးလှသဖြင့် တစ်ခုခုဖြစ်ပွားပါက ချူချင်းသည် အချိန်မီ ပြန်လာနိုင်သောကြောင့်ပင်။

ဟွာကျင်နျန်းက ချူချင်းကို ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်၏။

"သခင်လေးသုံးက... လူသတ်တဲ့အလုပ်ကိုလည်း လုပ်တာလား..."

"ကျန်းဟူလောကထဲမှာ ကျင်လည်နေတော့ ပိုက်ဆံရမဲ့အလုပ်တစ်ခုခုတော့ လုပ်ရမှာပေါ့... မဟုတ်ရင် ချောင်ချိုးဖူလိုမျိုး ကိုယ်ကြိုက်တဲ့ မိန်းကလေးကို တွေ့ရင်တောင် ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရလိမ့်မယ်..."

"ဟင်..."

ပျန်းချန်သည် မျက်လုံးများပြူးသွား၏။

"ဒါဆို အစ်ကိုကြီးချောင်က အဲဒီလင်ဖေးလေးကို တကယ်ပဲ သဘောကျနေတာလား..."

"ဒါကကြည့်ရုံနဲ့ သိသာနေတာပဲ မဟုတ်လား..."

မော့တူရှင်းက နှာခေါင်းရှုံ့ကာ ပျန်းချန်၏အံ့ဩမှုကို ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"လင်ဖေးလေးက ဘယ်သူလဲ..."

ဟွာကျင်နျန်းက မေးလိုက်သည်။

"ထျန်းရှန်းမျှော်စင်ရဲ့ အလှမယ်လေ..."

ဝမ်ရိုက ဘေးမှတိုးညင်းစွာ ပြောလိုက်၏။

"သူမက အရမ်းလှတယ်..."

"မင်းလည်း သိတာလား..."

ဟွာကျင်နျန်းသည် ပို၍အံ့ဩသွား၏။

ဝမ်ရိုက ရင်ဘတ်ကိုမတ်ကာ ခေါင်းမော့ပြီး ပြောလိုက်သည်။

"ကျွန်မက ဂိုဏ်းတူအစ်ကိုနဲ့အတူ ပြည့်တန်ဆာအိမ်ကို သွားဖူးတယ်..."

သူမသည် ဂုဏ်ယူနေခြင်းလော။

ဤသည်မှာ ဂုဏ်ယူစရာကိစ္စတစ်ခု ဖြစ်သလော။

ဟွာကျင်နျန်းသည် နားမလည်နိုင်တော့ပေ။

ချူချင်းသည် သူတို့ကိုကြည့်ကာ ဆွံ့အသွား၏။ သူ၏စိတ်အာရုံ လှုပ်ရှားသွားပြီးနောက် စနစ်၏အချက်ပြစာသားသည် သူ၏ရှေ့မှောက်တွင် ပေါ်လာလေသည်။

[တာဝန်အသစ် စတင်ပြီ - 'အရူးသူတောင်းစား' လျန့်ပေချန်ကို လုပ်ကြံသတ်ဖြတ်ရန်]

[လက်ခံမည်လား]

All Chapters