အခန်း ၁၅၅
Vol. 16 Ch. 155
အခန်း (၁၅၅) - လျန့်ပေချန် (၁)
"သူပြောတဲ့လူက အရူးသူတောင်းစား လျန့်ပေချန်မလား..."
လူတိုင်းခရီးဆက်နှင်ကြလေရာ ရှီမောက်ကိုလည်း ချူချင်းက ခေါ်ဆောင်လာခဲ့၏။ ချူချင်း၏ကူညီဖေးမမှုကြောင့် သူသည် နောက်တွင်မကျန်ရစ်ခဲ့ပေ။
ပျန်းချန်က လျှောက်လှမ်းရင်း ချူချင်းကို ပြောလိုက်သည်။
"ဒီလူက လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကတည်းက တစ်ယောက်တည်း သွားလာလှုပ်ရှားခဲ့တာဆိုပေမဲ့..."
"သူ့သိုင်းပညာကတော့ လျှော့တွက်လို့မရဘူး... မင်းတကယ်လို့ သူ့ကို သတ်ချင်တယ်ဆိုရင်တော့ နည်းနည်းခက်လိမ့်မယ်..."
ချူချင်းသည် စကားမဆိုဘဲ ခေါင်းကိုအနည်းငယ်ငုံ့ကာ ထိုသူ၏ဘဝဇာတ်ကြောင်းကို စဉ်းစားနေမိ၏။
နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ထိုသူသည် တစ်ခေတ်တစ်ခါက ဒဏ္ဍာရီလူတစ်ဦးဟု ဆိုရပေမည်။
လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်က လျန့်ပေချန်၏ဘွဲ့အမည်မှာ အရူးသူတောင်းစား မဟုတ်ခဲ့ချေ။
ကျန်းဟူလောကသားများက သူ့ကို 'ထိုက်ဟန်ပထမဓား'ဟု ခေါ်ဆိုကြပြီး ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ တစ်ခုဖြစ်သော ထိုက်ဟန်ဂိုဏ်း၏ နံပါတ်တစ်လက်ရွေးစင်ပညာရှင် ဖြစ်ပေသည်။
ထိုသူသည် ပါရမီထူးချွန်လွန်းလှသဖြင့် အသက်ခုနစ်နှစ်မပြည့်မီမှာပင် 'ထိုက်ဟန်ခုနစ်ဓားသိုင်း'ကို အထွတ်အထိပ်အထိ ကျင့်ကြံအောင်မြင်ခဲ့ပြီး အသက်ဆယ့်သုံးနှစ်တွင် ထိုက်ဟန်ဂိုဏ်း၏ သိုင်းပြိုင်ပွဲ၌ ပထမဆုကိုဆွတ်ခူးနိုင်ခဲ့သည်ဟု ကျော်ကြားလေသည်။
အသက်ဆယ့်လေးနှစ်တွင် ဆရာ့အမိန့်ဖြင့် တောင်ပေါ်မှဆင်းကာ လောကအနှံ့လှည့်လည်ခဲ့ပြီး ထိုအချိန်မှစ၍ ခုနစ်နှစ်တိုင်တိုင် ဓားတစ်စင်းဖြင့် သူရဲကောင်းဆန်ဆန်လှုပ်ရှားခဲ့ရာ ခြေရာမထပ်သော နေရာမရှိသလောက်ပင် ဖြစ်၏။
အသက်နှစ်ဆယ့်တစ်နှစ်တွင် သူ၏ဓားသိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ထိုက်ဟန်တောင် ဓားသိမြင်ရာကျောက်ကမ်းပါး၌ ‘ထိုက်ဟန်ခုနစ်ဓားသိုင်း’မှ ကိုယ်တိုင်ဆန်းသစ်တီထွင်ထားသော ‘’ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်နာကျင်မှုဓားသိုင်း’ကို ချန်ရစ်ခဲ့လေသည်။
သို့သော် ဤဓားသိုင်းပညာမှာ ခက်ခဲလွန်းလှသဖြင့် လျန့်ပေချန်မှလွဲ၍ ထိုက်ဟန်ဂိုဏ်းတွင် နှစ်ပေါင်းများစွာတိုင်အောင် မည်သူမျှ ကျင့်ကြံအောင်မြင်ခြင်း မရှိခဲ့ချေ။
နောက်ဆုံးတွင် ထိုက်ဟန်ဂိုဏ်းက ၎င်းကို သိမ်းဆည်းထားလိုက်ရုံသာ တတ်နိုင်ခဲ့တော့သည်။
ထိုနေ့မှစ၍ သူသည် 'ထိုက်ဟန်ပထမဓား'ဟူသော ကျော်ကြားမှုကို စတင်ရရှိခဲ့ပေသည်။
သူ့အား ကျေးဇူးကြီးမားလှသော ဆရာဖြစ်သူ ထိုက်ဟန်ဂိုဏ်းချုပ်က ဂိုဏ်း၏ ကြီးလေးသောတာဝန်များကို လွှဲအပ်ရန် မျှော်လင့်ခဲ့၏။
သို့သော် ဤအချက်ကြောင့်ပင် လျန့်ပေချန်သည် ဂိုဏ်းတူညီအစ်ကိုများ၏ မနာလိုမှုကိုခံခဲ့ရပြီး အကြိမ်ကြိမ်လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်း ခံခဲ့ရလေသည်။
သူ၏ဆရာသည်လည်း ဤအရေးကြောင့် ကွယ်လွန်ခဲ့ရပြီး ဂိုဏ်းသားများမှာ လူယုတ်မာများ၏ လှည့်စားမှုကိုခံခဲ့ရသဖြင့် နောက်ဆုံးတွင် ရန်သူများကဲ့သို့ပင်ဖြစ်လုနီးပါး ဖြစ်ခဲ့ရ၏။
ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင် အမှားကိုပြင်ဆင်နိုင်ခဲ့ပြီး လျန့်ပေချန်သည် သူ၏ သံမဏိဓားရှည်ဖြင့် ထိုက်ဟန်တောင်ပေါ်ရှိ သစ္စာဖောက်များကိုသုတ်သင်ကာ အရှုပ်အထွေးများကို ငြိမ်းအေးစေခဲ့လေသည်။
ထိုအချိန်မှစ၍ 'ထိုက်ဟန်ပထမဓား'ဟူသော ဘွဲ့အမည်မှာ အမှန်တကယ် ထိုက်တန်သွားခဲ့ပြီ ဖြစ်၏။
သို့သော် ထိုကဲ့သို့ကျော်ကြားလှသော်လည်း သူသည် ထိုက်ဟန်ဂိုဏ်းကိုဆက်ခံရန် ဆန္ဒမရှိခဲ့ပေ။
သူသည် မိမိ၏ နာမည်ကျော် 'ရှန်းယင်'ရတနာဓားကို ဂိုဏ်းအတွင်း၌ ချန်ထားရစ်ကာ လွတ်လပ်စွာ ထွက်ခွာသွားခဲ့လေသည်။
သို့သော် ထိုအချိန်မှစ၍ ထိုက်ဟန်ဂိုဏ်းသားများသည် သူ့ကို အမြဲမပြတ်ရှာဖွေခဲ့ကြရာ သုံးနှစ်တိုင်တိုင် ရှာဖွေပြီးနောက်မှသာ လျန့်ပေချန်သည် အိမ်ထောင်ပြုကာ သားသမီးရရှိနေပြီး ဓားကိုစွန့်လွှတ်ကာ အမည်ဝှက်ဖြင့် တောတောင်ထဲတွင် အခြေချနေထိုင်နေကြောင်း သိရှိခဲ့ရ၏။
သူ့ဇာတ်ကြောင်းသည် ဤနေရာတွင်သာ ပြီးဆုံးသွားခဲ့လျှင် အလွန်ပင် ပြီးပြည့်စုံသော နိဂုံးတစ်ခု ဖြစ်ပေလိမ့်မည်။
တစ်သက်တာလုံး မုန်တိုင်းများစွာကို ဖြတ်သန်းပြီးနောက် နောက်ဆုံးတွင် အေးချမ်းမှုကို ရရှိသွားခဲ့ခြင်းပင်။
နှမြောစရာကောင်းသည်မှာ နှစ်နှစ်အကြာတွင် ထိုက်ဟန်တောင်ခြေရှိ ဓားချမြို့တော်၌ ကြောက်မက်ဖွယ်လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။
ထိုဒေသရှိ သူဌေးကြီးတစ်ဦး၏ အိမ်တော်တစ်ခုလုံးမှ လူပေါင်းဆယ်ဂဏန်းကျော်ကို တစ်ညတည်းဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့ကြပြီး အိမ်တော်၏ သမီးကြီးတစ်ဦးသာ ပျောက်ဆုံးသွားခဲ့၏။
ထိုက်ဟန်ဂိုဏ်းသားများသည် သေဆုံးသွားသူများအတွက် တရားမျှတမှုရှာဖွေပေးရန် တောင်ပေါ်မှ ဆင်းလာခဲ့ကြသည်။
သို့သော် မမျှော်လင့်ဘဲ တောင်ပေါ်မှဆင်းသွားသော တပည့်ပေါင်း ဆယ်ဂဏန်းကျော်ထဲမှ နောက်ဆုံးတွင် တစ်ဦးတည်းသာ ပြန်လည်ရောက်ရှိလာခဲ့၏။
ထိုစဉ်က ထိုက်ဟန်ဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း၌ ထိုတပည့်သည် ကြောက်ရွံ့တုန်လှုပ်နေသောမျက်နှာဖြင့် လူသတ်သမားမှာ လျန့်ပေချန်ဖြစ်ကြောင်း လူတိုင်းကို ပြောပြခဲ့လေသည်။
ဤစကားကြောင့် တစ်လောကလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရ၏။
အချို့က မယုံကြည်သဖြင့် လျန့်ပေချန်၏ အခြေချရာနေရာသို့ သွားရောက်ရှာဖွေရန် ပြင်ဆင်ကြပြီး အချို့ကမူ ထိုလူသတ်မိစ္ဆာကို ရှာဖွေကာ အမှန်တရားကိုဖော်ထုတ်ရန် ကြိုးပမ်းကြ၏။
အချို့ကမူ ထိုတပည့်သည် လူယုတ်မာများ၏ သွေးထိုးမှုကိုခံရပြီး လျှောက်ပြောနေခြင်းဖြစ်သည်ဟု ဆဲဆိုကြလေသည်။
သို့သော် မကြာမီမှာပင် သတင်းအမျိုးမျိုး ပြန်လည်ရောက်ရှိလာခဲ့၏။
လျန့်ပေချန်၏ အခြေချရာနေရာသို့ သွားရောက်ခဲ့သူများသည် လျန့်ပေချန်မှာ ထိုနေရာတွင် မရှိတော့သည်ကို တွေ့ရှိခဲ့ကြရသည်။
ခြံဝင်းခြောက်ကပ်နေသည်မှာ ကြာပြီဖြစ်ပြီး အခန်းထဲတွင်လည်း ပုပ်ပွနေသောအလောင်းနှစ်လောင်း ရှိနေခဲ့၏။
စစ်ဆေးကြည့်သောအခါ ထိုအလောင်းများသည် လျန့်ပေချန်၏ ဇနီးနှင့်သမီးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။
ထို့ပြင် သူတို့နှစ်ဦးလုံးသည် လျန့်ပေချန်၏ ‘ခုနစ်ချက်ပြတ် ခုနစ်လှည့် ခုနစ်နာကျင်မှုဓားသိုင်း’ဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်၏။
ဤသတင်းသည် တစ်ဖန်လှုပ်ခတ်သွားစေခဲ့ပြီး လျန့်ပေချန်က မိမိ၏ ဇနီးနှင့်သမီးကို သတ်ဖြတ်ကာ ကျန်းဟူလောကကို ဒုက္ခပေးနေပြီဟူသော ကောလာဟလများ ပျံ့နှံ့သွားခဲ့လေသည်။
သို့သော် လျန့်ပေချန်ကို လိုက်လံရှာဖွေသူများသည် မည်သည့်သဲလွန်စမျှ မရရှိခဲ့ကြပေ။
သို့သော် ထိုနေ့မှစ၍ ကျန်းဟူလောကတွင် ရူးကြောင်ကြောင်နှင့် ထူးဆန်းစွာ ပြုမူတတ်သော သူတောင်းစားတစ်ဦးကို ရံဖန်ရံခါ တွေ့မြင်ရတတ်၏။
အချို့က ထိုသူမှာ လျန့်ပေချန်ဖြစ်ကြောင်း မှတ်မိကြသဖြင့် ဓားကိုဆွဲကာ မိစ္ဆာကိုသုတ်သင်ရန် ကြိုးပမ်းကြလေသည်။
သို့သော် ထိုသူတောင်းစားသည် ရူးသွပ်သွားခြင်းသာဖြစ်ပြီး သိုင်းပညာပျောက်ဆုံးသွားခြင်း မဟုတ်ချေ။
မိစ္ဆာကိုသုတ်သင်ရန် ကြိုးပမ်းသူအားလုံးသည် ထိုအရူးသူတောင်းစား၏ လက်ဝါးချက်အောက်တွင် အသက်ပျောက်ခဲ့ကြရ၏။
နောက်ပိုင်းတွင် လျန့်ပေချန်၏ မျက်ခုံးနှစ်ခုကြား၌ နီရဲသောအဖုတစ်ခု ထွက်ပေါ်နေသည်ကို တွေ့ရှိခဲ့ကြသဖြင့် သူသည် သိုင်းကျင့်စဉ်ကျင့်ကြံစဉ် သွေးလေချောက်ချားကာ ဦးနှောက်ထိခိုက်သွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု သံသယဝင်ခဲ့ကြ၏။
သူသည် မတော်တဆ မိမိ၏ ဇနီးနှင့်သမီးကို သတ်မိခဲ့ပြီးနောက် သတိပြန်ဝင်လာချိန်တွင် ထိုအဖြစ်မှန်ကို လက်မခံနိုင်သဖြင့် လုံးဝရူးသွပ်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏မျက်ခုံးကြားရှိ အဖုမှာ ပိုမိုကြီးထွားလာပြီး ဦးခေါင်းတွင် ဂျိုပေါက်နေသကဲ့သို့ပင် ထူးဆန်းလှ၏။
အရူးသူတောင်းစားလျန့်ပေချန်ဟူသော အမည်သည် ထိုအချိန်မှစ၍ ယခင်က ထိုက်ဟန်ပထမဓားဟူသောအမည်ကို လုံးဝလွှမ်းမိုးသွားခဲ့လေသည်။
ကျန်းဟူလောကသားများသည် ထိုသူအပေါ် ခံစားချက်အမျိုးမျိုး ရှိကြ၏။ လျန့်ပေချန်သည် ငယ်စဉ်က လောကအနှံ့သွားလာခဲ့သဖြင့် မိတ်ဆွေများစွာရှိခဲ့ပြီး ကျေးဇူးတရားများလည်း ရှိခဲ့ဖူးသည်။
အတိတ်ကို ပြန်လည်တွေးတောမိသောအခါ လူတိုင်းက သူ့အပေါ် သနားညှာတာစိတ် ရှိကြ၏။
သို့သော် လျန့်ပေချန်သည် ရူးသွပ်သွားပြီးနောက် စိတ်ထားကောင်းမွန်သောလူငယ်များကိုတွေ့ရှိပါက ဖမ်းဆီးခေါ်ဆောင်သွားတတ်၏။
ထို့နောက် လပြည့်ညတွင် ထိုသူတို့၏ ရင်ဘတ်ကိုခွဲကာ သွေးများကို ဖောက်ယူသောက်သုံးလေ့ရှိသည်။
ဤနှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်အတွင်း ထိုသူ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသူများမှာ ရေတွက်၍ပင် မရနိုင်တော့ချေ။
ဤလုပ်ရပ်ကြောင့် ကျန်းဟူလောကသားများ အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး သူ့ကို အမြစ်ပြတ်သုတ်သင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း သူ၏ခြေရာလက်ရာမှာ အတည်တကျမရှိသဖြင့် ရှာဖွေရန် အလွန်ခက်ခဲလှ၏။
သူသည် လပြည့်ညတွင်သာ သွေးသောက်လေ့ရှိသော်လည်း လတိုင်းပြုလုပ်ခြင်း မဟုတ်ချေ။
ထို့ကြောင့် သူ၏လှုပ်ရှားမှုကို ခန့်မှန်းရန် ခက်ခဲလှပေသည်။
လူအများက သူ့ကို နှစ်ပေါင်းများစွာ လိုက်လံဖမ်းဆီးခဲ့ကြသော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်ကြရ၏။
ကျန်ရှိနေသူများကမူ လက်မလျှော့ချင်ကြသော်လည်း လျန့်ပေချန်ကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် သူ့ကိုအနိုင်တိုက်နိုင်စွမ်း မရှိကြချေ။
သူ့လက်ချက်ဖြင့်သာ အသက်ပျောက်သွားနိုင်ခြေရှိ၏။
ဤသို့ဖြင့် ယနေ့တိုင်အောင် လျန့်ပေချန်သည် လောကကြီးတွင် ဆက်လက်ရှင်သန်နေဆဲဖြစ်ပြီး နန်လင်ဒေသ၏ လက်ချိုးရေတွက်၍ရသော မိစ္ဆာကြီးများထဲမှတစ်ဦး ဖြစ်လာခဲ့လေသည်။
ပခုံးကို ပျန်းချန်က ခပ်ဖွဖွပုတ်လိုက်သဖြင့် ချူချင်းသည် အတွေးထဲမှ ပြန်လည်နိုးထလာခဲ့၏။
"ဒီအရှုပ်ထုပ်ကို မင်း တကယ်ပဲ ဝင်ပါတော့မလို့လား..."
ပျန်းချန်က သျှီမောက်ကို တစ်ချက်ထပ်မံကြည့်လိုက်သည်။
ချူချင်းက သေချာစဉ်းစားပြီးနောက် ပြောလိုက်၏။
"သူက... သေသင့်တာ ကြာလှပြီ..."
ကျန်းဟူလောကကို နှစ်ပေါင်းနှစ်ဆယ်ကျော်တိုင်အောင် ဒုက္ခပေးခဲ့ပြီး လက်နှစ်ဖက်တွင် သွေးကြွေးများစွာရှိနေခဲ့ပြီ ဖြစ်၏။
ထိုကဲ့သို့သောလူကို သျှီမောက်နှင့် မတွေ့ဆုံခဲ့လျှင်ပင် ချူချင်းက သတ်ဖြတ်မည်သာ ဖြစ်သည်။
သူ့ကိုမသတ်မီ သူ၏လက်ထဲမှ လူတစ်ယောက်ကို ကယ်တင်နိုင်မည်ဆိုလျှင် ပို၍ပင်ကောင်းမွန်လှပေသည်။
ပျန်းချန်က ချူချင်းကို နက်ရှိုင်းစွာကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ..."
ဟွာကျင်နျန်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ငါ့အတွက် လူတစ်ယောက်လောက် ကူသတ်ပေးနိုင်မလား..."
ချူချင်းသည် အံ့အားသင့်သွားပြီး ဟွာကျင်နျန်း၏ကိုယ်ပေါ်သို့ အကြည့်ရောက်သွား၏။
"မင်းမှာလည်း ရန်သူရှိတာလား..."
"ဟူး... ကျန်းဟူလောကထဲ ကျင်လည်နေတဲ့သူတွေထဲမှာ ဘယ်သူက ရန်သူမရှိဘဲနေမှာလဲ..."
ဟွာကျင်နျန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
"ငါ့မှာလည်း ဘယ်လိုပဲဖြစ်ဖြစ် သတ်ရမဲ့လူတစ်ယောက် ရှိတယ်..."
"ဘယ်သူလဲ..."
"တစ္ဆေဧကရာဇ်မိုတိုရဲ့ဇနီး..."
"မင်း ပါးစပ်ပိတ်ထားလိုက်စမ်း..."
ပျန်းချန်၏မျက်နှာမှာ မည်းမှောင်သွားပြီး လက်ကိုဆန့်ကာ ဟွာကျင်နျန်းကို ဘေးသို့တွန်းထုတ်လိုက်၏။
တစ္ဆေဧကရာဇ်မိုတိုတွင် ဇနီးရှိမရှိဟူသည်မှာ ပြောရန်ခက်ခဲလှပေသည်။ တစ္ဆေဧကရာဇ်ကဲ့သို့သော လူစားမျိုးသည် မည်သို့ကြည့်ကြည့် ပုံမှန်လူမဟုတ်သဖြင့် မည်သူက ထိုကဲ့သို့သော လူမဟုတ်သရဲမဟုတ်သည့်သူနှင့် အတူတူ နေထိုင်လိုပါမည်နည်း။