← Chapters

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း ၁၅၆

Vol. 16 Ch. 156

အခန်း (၁၅၆) - လျန့်ပေချန် (၂)

ထို့ပြင် ဇနီးရှိခဲ့လျှင်ပင်…

ဧကရာဇ်သုံးပါးနှင့် ဘုရင်ငါးပါး၏ဇနီးကို သွားရောက်လုပ်ကြံမည်လော။ ၎င်းသည် ဧကရာဇ်သုံးပါးနှင့် ဘုရင်ငါးပါးကို ကိုယ်တိုင်လုပ်ကြံသည်ထက်ပင် ပို၍ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလှပေသည်။

ဟွာကျင်နျန်းက တကယ်ကို ပြောရဲလွန်းလှ၏။

ချူချင်းလည်း မတတ်နိုင်တော့ဘဲ ပြောလိုက်သည်။

"ဒါကတော့... ငါ အခုလောလောဆယ် သတ်နိုင်မှာ မဟုတ်ဘူး..."

"ရပါတယ်..."

ဟွာကျင်နျန်းသည်လည်း မိမိ၏တောင်းဆိုချက်မှာ လွန်ကဲနေသည်ကို သိရှိသွားပုံရ၏။

သူက ဆက်ပြောလိုက်သည်။

"သတ်လို့မရမှတော့ သခင်လေးသုံး ငါ့ကို ကတိတစ်ခုလောက်ပေးမလား..."

"ငါ သေချာစဉ်းစားကြည့်ဦးမယ်... ငါက တစ္ဆေဧကရာဇ်မိုတိုရဲ့ဇနီးကို မသတ်ပေးနိုင်ဘူးဆိုပေမဲ့ မင်းအ‌ပေါ် အကြွေးတင်နေတာ ဘာတစ်ခုမှမရှိဘူး..."

ချူချင်းသည် အလွန်ပင်သတိရှိလှ၏။ အကြောင်းပြချက်မရှိဘဲ ကတိတစ်ခုပေးရမည်လော။

ဤစာရင်းကို မည်သို့တွက်ချက်ရမည်နည်း။

ဟွာကျင်နျန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ဒါဆိုရင် ငါ့ကို တပည့်အဖြစ်လက်ခံလိုက်ရင် ဘယ်လိုလဲ..."

ချူချင်းသည် အံ့အားသင့်သွားမိ၏။

ချူချင်းက ပျန်းချန်ကို ကြည့်လိုက်ပြီးနောက် ဝမ်ရိုကို တစ်ချက်ကြည့်ကာ မိမိနားကြားမှားသွားခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်လိုက်၏။

"ငါ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် မရှုံးစေရဘူး..."

ဟွာကျင်နျန်းက အလျင်အမြန် ပြောလိုက်သည်။

"ငါက ပါရမီလည်းကောင်းတယ်... ဉာဏ်လည်းကောင်းတယ်... ရုပ်လည်းချောတယ်... လျင်လည်းလျင်မြန်တယ်... အကဲလည်းခတ်တတ်တယ်..."

"သခင်လေးဘေးမှာနေပြီးတော့ အနီးကပ် ပြုစုလုပ်ကျွေးပေးမယ်ဆိုရင် သခင်လေး သက်တောင့်သက်သာရှိမှာ သေချာတယ်..."

"သခင်လေးဘက်က ပေးရမဲ့တန်ဖိုးကတော့ ငါ့ကို သိုင်းပညာသင်ပေးရုံပဲလေ..."

ချူချင်း စကားမဆိုရသေးမီ မော့တူရှင်းက အနားသို့တိုးကပ်လာခဲ့၏။

"နားထောင်လို့တော့ မဆိုးဘူးပဲ..."

"သခင်လေးသုံးက မင်းကို တပည့်အဖြစ် လက်မခံချင်ဘူးဆိုရင် ငါက မင်းကို တပည့်အဖြစ်လက်ခံပေးရင် ဘယ်လိုလဲ..."

"ခင်များလား..."

ဟွာကျင်နျန်းသည် မော့တူရှင်း၏စိတ်နေစိတ်ထားကို ခန့်မှန်းရခက်ခဲနေ၏။

မော့တူရှင်းက သူ့အပေါ် အနက်ရှိုင်းဆုံးချန်ရစ်ခဲ့သော အမှတ်တရမှာ ထိုညက သူ၏လည်ပင်းမှာ အလွန်အမင်း နာကျင်နေခဲ့ခြင်း ဖြစ်၏။

ထိုအချိန်မှစ၍ သူသည် အမြဲပညာရှင်ကြီးတစ်ဦးကဲ့သို့ ဟန်ဆောင်နေခဲ့သည်။ ဟွာကျင်နျန်းသည် သူက ပျန်းချန်၏ ဂိုဏ်းတူအစ်ကိုကြီးဖြစ်ကြောင်း သိရှိထား၏။

ထိုက်ရိဂိုဏ်းသားများသည် အဘယ်ကြောင့် လက်သီးလက်မောင်းသိုင်းကို မကျင့်ကြံဘဲ ဓားသိုင်းကိုသာ အားသန်နေကြသနည်းဟုလည်း သူတွေးတောနေမိ၏။

သို့သော် သူသည် အသေးစိတ် မမေးမြန်းရဲချေ။

ယခုအခါ မော့တူရှင်း၏စကားကိုကြားရပြီးနောက် မျက်နှာပေါ်ရှိ ယုံကြည်ချက်များကို မြင်တွေ့ရသောအခါ သူသည် အမှန်တကယ်ပင် လောကပြင်ပမှ ပညာရှင်ကြီးတစ်ဦး ဖြစ်နေသလော။

မိမိသည်လည်း ရှောက်ယန့်ဂိုဏ်းတွင် ပုယီဓားသိုင်းဖြင့် ထင်ရှားခဲ့သောပညာရှင်တစ်ဦး ဖြစ်ပေရာ အကယ်၍ ထိုသူ၌ စွမ်းရည်အစစ်အမှန်မရှိပါက မိမိကို ဤကဲ့သို့ နောက်ပြောင်ရဲပါမည်လော။

သူသည် တစ်ခဏမျှ ဝေခွဲမရဖြစ်နေပြီး ဆရာတင်သင့်မတင်သင့်ကို စဉ်းစားနေမိ၏။

"ငါက ဘာဖြစ်လို့လဲ..."

မော့တူရှင်းသည် ဟွာကျင်နျန်း၏ မျက်နှာပေါ်ရှိ သံသယများကို မြင်သောအခါ အနည်းငယ်ဒေါသထွက်သွား၏။

"တကယ်ကို အဓိပ္ပာယ်မရှိတာပဲ... မင်းက သခင်လေးသုံးရဲ့ သာမန်သိုင်းကွက်လေးတွေကိုပဲ ကြည့်ပြီး သူ့ကို ဆရာတင်ချင်နေတယ်..."

"အခု မင်းရှေ့မှာ ဆရာကောင်းတစ်ယောက် ရှိနေတာကို မျက်စိကန်းနေတာကတော့ တကယ်ကို ရယ်စရာကောင်းလှတယ်..."

"သူတို့တွေက ငါ့ကို အမြဲတမ်းဝင်မတိုက်ဖို့ တားဆီးနေကြလို့သာပေါ့... မဟုတ်ရင် ငါက ကျန်းဟူလောကမှာ နာမည်ကြီးနေတာ ကြာလှပြီ..."

"အာ... ဒါက..."

ဟွာကျင်နျန်းသည် အနည်းငယ်စိုးရိမ်သွားပြီး ပျန်းချန်ကို ဦးစွာကြည့်ကာ ချူချင်းကို ဆက်လက်ကြည့်လိုက်၏။

သူသည် တကယ်ယုံကြည်ရမည်ကို မဆုံးဖြတ်တတ်တော့ချေ။

သို့သော် ပျန်းချန်က ကောင်းကင်ကိုသာမော့ကြည့်နေပြီး ချူချင်းကလည်း တည်ငြိမ်နေသဖြင့် သူတို့၏ မျက်နှာများမှ မည်သည့်အရာကိုမျှ ခန့်မှန်း၍မရနိုင်ခဲ့ပေ။

သူသည် ချက်ချင်းပင် အံကြိတ်ကာ ဒူးထောက်ရန်ပြင်လိုက်၏။

ပျန်းချန်က အလျင်အမြန်လက်ဆန့်ကာ သူ့ကို တားဆီးလိုက်သည်။

"မင်း တကယ်ကြီး ဒူးထောက်တော့မလို့လား..."

"ဗျာ..."

ဟွာကျင်နျန်းသည် မော့တူရှင်း၏စွမ်းရည်အပေါ် သံသယရှိနေဆဲဖြစ်သဖြင့် မေးလိုက်၏။

"ဒါဆို သူက ကြွားလုံးထုတ်နေတာလား..."

"အဲဒီလောက်အထိတော့ မဟုတ်ပါဘူး..."

ပျန်းချန်သည် အပြင်လူများရှေ့တွင် မော့တူရှင်းကို အလွန်မျက်နှာသာပေးတတ်၏။ မည်သို့ပင်ဆိုစေ သူသည် မိမိ၏ဂိုဏ်းတူအစ်ကိုကြီး ဖြစ်ပေရာ မိမိ၏အစ်ကိုကြီးမှာ ဟန်ဆောင်ကောင်းပြီး လှည့်စားတတ်သည်ဟု မပြောလိုပေ။

သူက ပြောလိုက်သည်။

"မင်း တကယ်လို့ သူ့ကိုဆရာတင်မယ်ဆိုရင် ငါတို့ ထိုက်ရိဂိုဏ်းရဲ့တပည့် ဖြစ်လာလိမ့်မယ်..."

"ဒါပေမဲ့ ငါတို့ထိုက်ရိဂိုဏ်းက တခြားသိုင်းပညာ တတ်မြောက်ထားတဲ့သူတွေကို တပည့်အဖြစ်လက်မခံဘူး... ဒါကြောင့် မိတ်ဆွေဟွာ စိတ်မရှိပါနဲ့..."

"အော်..."

ဟွာကျင်နျန်းသည် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။

သို့သော် ထိုက်ရိဂိုဏ်းသည် အခြားသိုင်းပညာတတ်မြောက်ထားသူများကို လက်မခံဟူသောအချက်ကို သူသိရှိထား၏။

သူသည် ချက်ချင်းပင် ခေါင်းညိတ်ကာ ထိုစိတ်ကူးကို စွန့်လွှတ်လိုက်လေသည်။

သို့သော် ဤသို့ရှုပ်ထွေးသွားပြီးနောက် သူသည် ချူချင်းကို ဆရာတင်ရန် စိတ်ကူးကိုလည်း ဖျက်သိမ်းလိုက်တော့၏။

မော့တူရှင်းက အလွန်နှမြောတသစွာဖြင့် ပြောလိုက်သည်။

"မင်းတို့တွေကတော့... ဓားသိုင်းပညာရှင်ကြီးတစ်ဦး ပေါ်ထွက်လာမှာကို ထပ်ပြီးတော့ တားဆီးလိုက်ကြပြန်ပြီ..."

ချူချင်းက သူ့ကို တစ်ချက်ကြည့်လိုက်မိသည်။ မော့တူရှင်း၏စကားများမှာ အလွန်ပင် ယုံကြည်ချက်ပြည့်ဝနေသကဲ့သို့ ခံစားရ၏။

သူသည် အမှန်တကယ်အစွမ်းထက်ခြင်းလော သို့မဟုတ် ဟန်ဆောင်နေခြင်းလော။ သို့မဟုတ်ပါက သူ၏ မွေးရာပါစရိုက်ကပင် ဤသို့ဖြစ်နေသလော။

သေချာစဉ်းစားကြည့်လျှင် ထိုသူနှင့် စတင်သိကျွမ်းချိန်မှစ၍ ယနေ့တိုင်အောင် ချူချင်းသည် သူတိုက်ခိုက်သည်ကို တစ်ကြိမ်မျှ မမြင်ဖူးသေးချေ။

သို့သော် မော့တူရှင်း၏ကိုယ်ဖော့သိုင်းမှာ မဆိုးလှဘဲ အတွင်းအားလည်း အတိုင်းအတာတစ်ခုအထိ ရှိပုံရ၏။ ယခုအချိန်အထိ သူတို့ခရီးနှင်လာရာတွင် သူသည် မည်သည့်အခါမျှ ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ဖူးချေ။

သူစဉ်းစားနေစဉ် ဝမ်ရိုသည် စာအုပ်ငယ်လေးပေါ်တွင် အလျင်အမြန်ရေးသားနေသည်ကို တွေ့ရှိလိုက်ရ၏။

ချူချင်းက တစ်ချက်ကြည့်လိုက်ရာ ထိုစာအုပ်ငယ်လေးပေါ်တွင် လက်ရေးလှဖြင့် ရေးသားထားသည်ကို မြင်တွေ့လိုက်ရသည်။

‘ဂိုဏ်းတူအစ်ကိုကြီးက လှည့်စားကာ တပည့်လက်ခံရန်ကြိုးပမ်းပြီး ဟွာကျင်နျန်းမှာ ဆရာမှားတင်လုနီးပါး ဖြစ်ခဲ့ရပုံ’

ချူချင်းသည် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သော်လည်း သေချာကြည့်လိုက်သောအခါ ထိုမိန်းကလေး၏လက်ရေးမှာ အလွန်ပင် သပ်ရပ်လှပပြီး ဖတ်ရသည်မှာ စိတ်ချမ်းမြေ့စရာကောင်းလှသည်ကို တွေ့ရှိလိုက်ရ၏။

ယခင်က ဝမ်ရိုကို ပထမဆုံးအကြိမ် လာရောက်လုပ်ကြံသော လူသတ်သမား၏ကိုယ်ပေါ်မှ ဝမ်ရို၏ပုံတူပန်းချီကားတစ်ချပ်ကို ရှာဖွေတွေ့ရှိခဲ့သည်ကို သူမှတ်မိနေသေး၏။

ထိုစဉ်က ဝမ်ရိုသည် ပန်းချီကားမှာ အလွန်ပင် ကြည့်ရဆိုးလှသည်ဟု ဝေဖန်ခဲ့ဖူးသည်။

ယခု သူမ၏လက်ရေးကို ကြည့်ခြင်းအားဖြင့် သူမတွင် အနုပညာကိုခံစားနိုင်စွမ်း ရှိနေသည်မှာ သေချာလှပေသည်။

ဤမိန်းကလေးသည် စာရေးရုံသာမက ပန်းချီအတတ်ပညာကိုလည်း ကျွမ်းကျင်နေသလော။

ရှီမောက်ကို အမြဲခေါ်ဆောင်ကာ ခရီးနှင်ရခြင်းမှာ အလွန်ပင် အလုပ်ရှုပ်လှပေသည်။

ထို့ကြောင့် နောက်ထပ်မြို့ငယ်လေးတစ်မြို့သို့ ရောက်ရှိသောအခါ ငွေပေး၍ ရထားလုံးတစ်စီးကို ဝယ်ယူလိုက်ကြ၏။

ငွေကိုမူ ရှီမောက်ပေးချေခဲ့သည်။ ထိုကောင်လေးသည် အလွန်ပင် ချမ်းသာကြွယ်ဝလှသဖြင့် ရထားလုံးဝယ်ယူစဉ် မျက်တောင်တစ်ချက်ပင် မခတ်ခဲ့ချေ။

ဝယ်ယူခဲ့သော ရထားလုံးမှာလည်း အလွန်ပင် ကျယ်ဝန်းလှပေသည်။

အလယ်တွင် လက်ဖက်ရည်သောက်ရန် စားပွဲငယ်လေးတစ်ခုရှိပြီး လူလေးဦးထိုင်လျှင်ပင် ကျယ်ကျယ်ဝန်းဝန်းရှိလှ၏။

ချူချင်းတို့အဖွဲ့သည် ရထားလုံးကို အလှည့်ကျမောင်းနှင်ကြသဖြင့် ယခင်ကထက် ခရီးသွားရသည်မှာ ပိုမိုအဆင်ပြေသွားခဲ့လေသည်။

လော့ချန်အိမ်တော်၏နယ်မြေမှာ စုစုပေါင်းတစ်ရာ့နှစ်ဆယ့်ရှစ်မိုင်သာ ရှိပြီး ပတ်ပတ်လည်တွင် ထိုမျှသာဖြစ်သဖြင့် လက်တွေ့တွင် နယ်မြေမှာ အလွန်မကျယ်ဝန်းလှချေ။

ရထားလုံးဖြင့် သွားလာရသဖြင့် ခရီးပေါက်နှုန်းမှာ ပိုမိုလျင်မြန်လာခဲ့၏။

ဝမ်ရိုကို ခေါ်ဆောင်လာခဲ့သဖြင့် လော့ချန်အိမ်တော်နှင့် ပိုမိုနီးကပ်လာလေ ပိုမိုကြီးမားသော အတားအဆီးများနှင့် ကြုံတွေ့ရလေ ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့ကြ၏။

သို့သော် ထိုအတွေးမှာ မှားယွင်းနေပုံရသည်။

ဤခရီးစဉ်အတွင်း ကြုံတွေ့ခဲ့ရသော အကြီးမားဆုံးအတားအဆီးမှာ ထျယ်ရွှဲ့ခန်းမဆောင်မှ ချန်ထျယ်ရှန်းသာ ဖြစ်၏။

ထိုမြို့ငယ်လေးမှ ထွက်ခွာလာပြီးနောက် လမ်းတစ်လျှောက်လုံးတွင် မည်သည့်အတားအဆီးမျှမရှိခဲ့ဘဲ နှစ်ရက်ပင်မပြည့်မီ လော့ချန်အိမ်တော်တည်ရှိရာ ထျန်းရှင်းတောင်ခြေသို့ ရောက်ရှိလာခဲ့ကြလေသည်။

ချူချင်းက လက်ဝါးတစ်ချက်ဖြင့် ချန်ထျယ်ရှန်းကို ဆုတ်ခွာသွားစေခဲ့သည့်သတင်း ပျံ့နှံ့သွားခဲ့သဖြင့် နောက်မှလိုက်လာသူများမှာ ကျား၏အရှိန်အဝါကို စိန်မခေါ်ရဲကြခြင်း ဖြစ်နိုင်သည်ဟု ပျန်းချန်က ခန့်မှန်းလိုက်၏။

သို့သော် လမ်းတစ်လျှောက်လုံးတွင် ကျန်းဟူလောက၏ ကောလာဟလများကို ဂရုမစိုက်နိုင်ခဲ့သဖြင့် ဤခန့်မှန်းချက်မှာ မှန်ကန်မှုရှိမရှိကိုမူ မသိရှိနိုင်ချေ။

ထျန်းရှင်းတောင်သို့ ရောက်ရှိသောအခါ ဝမ်ရိုသည် ရထားလုံးပြတင်းပေါက်ရှိ လိုက်ကာကို မတင်ကာ ပြင်ပသို့ငေးမောကြည့်ရှုနေမိ၏။

"နေရာဟောင်းကို ပြန်ရောက်ရတာ ဘယ်လိုခံစားရလဲ..."

ချူချင်းက သူမ၏ အခြားတစ်ဖက်တွင်ထိုင်ကာ မိမိအတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။

ဝမ်ရိုက တစ်ခဏမျှစဉ်းစားပြီးနောက် ပြောလိုက်၏။

"အိမ်က ထွက်သွားတုန်းက အရမ်းငယ်သေးတာ... ပြီးတော့ ဒီနှစ်တွေထဲမှာလည်း အိမ်ပြန်တာရှားတယ်... အခု ပြန်ကြည့်ရတာတော့ ထူးထူးခြားခြား မခံစားရပါဘူး..."

"ဒါပေမဲ့ အိမ်တော်ရှေ့မှာ အိုင်ကြီးတစ်အိုင်ရှိတာကိုတော့ မှတ်မိသေးတယ်..."

"ငယ်ငယ်တုန်းက ဖေဖေက ပြောဖူးတယ်... အဲဒီအိုင်ကို ကျဲရှင်းအိုင်လို့ခေါ်တယ်တဲ့..."

"ထျန်းရှင်းတောင်နဲ့ ကျဲရှင်းအိုင်က ကြယ်တွေနဲ့ ပတ်သက်နေတာ... ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက တောင်လယ်မှာ ကောင်းကင်က ဥက္ကာပျံတစ်လုံးကျလာလို့ တွင်းကြီးတစ်ခုဖြစ်သွားခဲ့တာ..."

"မိုးရေတွေဝင်လာပြီးတော့ နောက်ဆုံးမှာ အိုင်ကြီးဖြစ်သွားခဲ့တာပေါ့..."

"ဒီထျန်းရှင်းတောင်နဲ့ ကျဲရှင်းအိုင် ရှိလာပြီးတဲ့နောက်မှ... လော့ချန်အိမ်တော် ပေါ်ပေါက်လာခဲ့တာ..."

သူမ၏စကားမဆုံးမီ ပြင်ပမှအသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့၏။

"ဟင်..."

"မင်းပဲ..."

နောက်တစ်စက္ကန့်တွင် ရထားလုံးသည် ရုတ်တရက်ရပ်တန့်သွားခဲ့လေသည်။

ပျန်းချန်က လိုက်ကာကို မတင်ကာ အတွင်းရှိချူချင်းတို့အဖွဲ့ကို ပြောလိုက်၏။

"လုံယန်တောင်က လူတွေပဲ..."

ချူချင်းက မျက်တောင်ခတ်လိုက်ရာ ထိုသူ၏ရယ်မောသံကို ကြားလိုက်ရ၏။

"ကောင်းတယ်... ကောင်းတယ်... ကြည့်ရတာ သခင်လေးဟွာက ငါတို့ရဲ့နတ်ဘုရားအိုကြီးအပေါ်မှာ တကယ်ကို သံယောဇဉ်ကြီးပုံရတယ်..."

"လော့ချန်အိမ်တော်အထိ လိုက်လာပြီးတော့ နတ်ဘုရားအိုကြီးကို ရှာဖွေနေတာပဲ..."

"လာ... လာ... ငါနဲ့အတူတူ နတ်ဘုရားအိုကြီးဆီ သွားတွေ့ကြစို့..."

ချူချင်းသည် ရထားလုံးတံခါးဝသို့ ရောက်ရှိလာပြီး လိုက်ကာကို မတင်ကာ အပြင်သို့ကြည့်လိုက်ရာ ပန်းရောင်ဝတ်စုံဝတ်ထားသော ပုံရိပ်တစ်ခုသည် လေထဲမှ ပျံသန်းဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရ၏။

ဟွာကျင်နျန်းသည် ထိုသူတို့ကိုမြင်သောအခါ အလွန်ပင် စိတ်ပျက်သွားခဲ့ရသည်။

တစ်ဖက်လူ၏ ရိုင်းစိုင်းသောစကားလုံးများကို ကြားရသောအခါ သူသည် အလွန်အမင်းဒေါသထွက်သွားပြီး ချက်ချင်းပင် လေထဲသို့ခုန်တက်ကာ လက်ထဲရှိယပ်တောင်ကို လှည့်ပတ်၍ ဓားသဖွယ်အသုံးပြုကာ ထိုးနှက်လိုက်လေသည်။

All Chapters