အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) - ရန်ငြိုးခံယူခြင်း (၁)
လူရိပ်နှစ်ရိပ်သည် ထိုတောင်ခြေရင်း၌ပင် ချက်ချင်းတိုက်ခိုက်ကြတော့၏။
ယွီလုံသူခိုးအိုကြီးသည် နာမည်ဆိုးဖြင့် ကျော်ကြားသော်လည်း သူ၏သိုင်းပညာမှာမူ အလွန်ပင်ထူးချွန်ထက်မြက်လှပေ၏။
သူ၏တပည့်များအား သင်ကြားပေးသော သိုင်းပညာရပ်များမှာ များသောအားဖြင့် လက်ဝါးသိုင်း၊ လက်ညှိုးသိုင်းနှင့် လက်သည်းသိုင်းတို့ကို အဓိကထားလေသည်။
ယနေ့တွေ့ဆုံရသော ပန်းရောင်ဝတ်အမျိုးသားသည် ထိုညက အိမ်အိုကြီး၏တံခါးရှေ့တွင် တွေ့ခဲ့ရသည့်လူစားမျိုး မဟုတ်သည်မှာ ထင်ရှားလှပေ၏။
ထိုသူ၏ လက်သည်းသိုင်းမှာ ဆန်းကြယ်လှပြီး လက်ချောင်းထိပ်များမှ ပြင်းထန်သောလေလှိုင်းများကို ထုတ်လွှတ်ကာ ဟွာကျင်နျန်း၏ ခန္ဓာကိုယ်အရိုးအဆစ်များနှင့် သွေးကြောဆုံမှတ်များကိုသာ ကွက်တိပစ်မှတ်ထားတိုက်ခိုက်နေချေသည်။
အနည်းငယ်မျှ သတိလက်လွတ်ဖြစ်ပြီး အရိုးအဆစ်များ ထိခိုက်သွားပါက ရှုံးနိမ့်သွားရမည် ဖြစ်ပေ၏။
သို့သော် ဟွာကျင်နျန်း၏ သိုင်းပညာမှာလည်း သာမန်မဟုတ်ချေ။
သူ၏ဓားသိုင်းသည် 'ကိုးပါးညီညွတ်ခြင်းနှင့် ရှစ်ပါးမတူညီခြင်း'ကို အဓိကထားပေသည်။
ကိုးပါးညီညွတ်ခြင်း ဆိုသည်မှာ 'လက်နှင့်မျက်လုံး ညီညွတ်ခြင်း'၊ 'မျက်လုံးနှင့်ခြေလှမ်း ညီညွတ်ခြင်း'၊ 'ခြေလှမ်းနှင့်ခန္ဓာကိုယ် ညီညွတ်ခြင်း'၊ 'ခန္ဓာကိုယ်နှင့်ပုံသဏ္ဌာန် ညီညွတ်ခြင်း'၊ 'ပုံသဏ္ဌာန်နှင့်စိတ်ကူး ညီညွတ်ခြင်း'၊ 'စိတ်ကူးနှင့်စိတ်ဝိညာဉ် ညီညွတ်ခြင်း'၊ 'စိတ်ကူးနှင့်အတွေး ညီညွတ်ခြင်း'၊ 'အတွေးနှင့်နှလုံးသား ညီညွတ်ခြင်း'၊ 'နှလုံးသားနှင့်ဓား ညီညွတ်ခြင်း' တို့ဖြစ်ကြပေ၏။
ဤကိုးပါးညီညွတ်ခြင်းကို ရရှိပါက တစ်ကိုယ်လုံး တစ်သားတည်းဖြစ်သွားပြီး 'အထက်အောက် မတူညီခြင်း'၊ 'ရှေ့နောက် မတူညီခြင်း'၊ 'ဘယ်ညာ မတူညီခြင်း'၊ 'အရှည်အတို မတူညီခြင်း'၊ 'အကြီးအသေး မတူညီခြင်း'၊ 'လှုပ်ရှားရပ်တန့်မှု မတူညီခြင်း'၊ 'အတွင်းအပြင် မတူညီခြင်း' နှင့် 'အတွင်းအားကျင့်စဉ် မတူညီခြင်း’တို့ကို လုပ်ဆောင်နိုင်ပေလိမ့်မည်။
အတွင်းပိုင်း၌ညီညွတ်ပြီး ပြင်ပ၌မတူကွဲပြားခြင်းသည်ပင် ဤဓားသိုင်း၏အနှစ်သာရ ဖြစ်ချေသည်။
၎င်းကို အသုံးပြုသည့်အခါမှသာ စိတ်တိုင်းကျထိန်းချုပ်နိုင်ပြီး အလီလီပြောင်းလဲနိုင်ပေလိမ့်မည်။
ဟွာကျင်နျန်းသည် ခေါက်ယပ်တောင်တစ်ချောင်းဖြင့် ဤသိုင်းပညာကိုအသုံးပြုကာ ဓားအရှိန်အဝါကို စိတ်အလိုကျပြောင်းလဲနေပြီး သူ၏ခြေလှမ်းများနှင့် လှုပ်ရှားမှုများမှာ ပို၍ပင်ခန့်မှန်းရခက်လှပေ၏။
တစ်ယောက်က လက်နက်တိုကိုကိုင်ဆောင်ထားပြီး အခြားတစ်ယောက်က လက်သည်းသိုင်းဖြင့် တိုက်ခိုက်နေကာ တိုက်ကွက်တိုင်းမှာ အနီးကပ်ဖြစ်သဖြင့် တိုက်ပွဲမှာ အလွန်ပင် အန္တရာယ်များလှချေသည်။
သို့သော် ဟွာကျင်နျန်းသည် ပုံစံမတူဓားသိုင်း၏အနှစ်သာရကို ရရှိထားသဖြင့် တိုက်ကွက်အနည်းငယ်အတွင်းမှာပင် ထိုလုံယန်တောင်တပည့်ကို အသည်းအသန်ခုခံရအောင် ပြုလုပ်နိုင်ခဲ့ချေပြီ။
ဟွာကျင်နျန်းသည် မိမိကဲ့သို့ချောမောလှပသော လူငယ်လေးတစ်ဦးကို ထိုရမ္မက်ကြီးလှသော မြေခွေးအိုကြီးထံသို့ အဓမ္မခေါ်ဆောင်သွားရန် ကြိုးပမ်းနေသည့် သူတို့၏ရိုင်းစိုင်းမှုကို အလွန်နာကြည်းမိသဖြင့် အသာစီးရလာသည်နှင့် လက်မလျှော့တော့ဘဲ ခေါက်ယပ်တောင်ကိုဝှေ့ယမ်းကာ ဓားအရှိန်အဝါကို အမျိုးမျိုးပြောင်းလဲစေလျက် စမ်းချောင်းငယ်လေးနှင့် သမုဒ္ဒရာကြီးအကြား စိတ်ကြိုက်စီးဆင်းနေသကဲ့သို့ တိုက်ခိုက်လေတော့၏။
ဘေးပတ်ဝန်းကျင်ရှိ ကျန်းဟူလောကသားများမှာ ထိုမြင်ကွင်းကိုကြည့်ရင်း မချီးကျူးဘဲ မနေနိုင်ဖြစ်ကြရချေသည်။
ပျန်းချန်ကပင် မနေနိုင်ဘဲ ပြောလိုက်၏။
"တကယ့်ကို ကောင်းမွန်တဲ့ပုံစံမတူဓားသိုင်းပဲ... ဆန်းကြယ်လွန်းပါပေတယ်..."
ချူချင်းလည်း ခေါင်းညိတ်လိုက်၏။ ဤဓားသိုင်းသည် 'မတူကွဲပြားခြင်း'ဟူသော စကားလုံးကို အဆုံးစွန်အထိ ဖော်ဆောင်ထားပြီး ဤကဲ့သို့ မညီမညာဖြစ်နေခြင်းမှာ အမှန်တကယ်ပင် ခန့်မှန်းရခက်ခဲလှပေသည်။
မော့တူရှင်းကမူ နှာခေါင်းရှုံ့လိုက်၏။
"ကလေးကစားစရာသိုင်းကွက်တွေပါ..."
သို့သော် မည်သူမျှ သူ့ကိုဂရုမစိုက်ကြချေ။
မည်သို့ပင်ဖြစ်စေ သူသည် မည်သည့်သိုင်းပညာကိုမဆို ကလေးကစားစရာဟုသာ ထင်မှတ်နေသူ မဟုတ်ပါလော။
ထိုအချိန်တွင် ပန်းရောင်ဝတ်အမျိုးသားသည် ဟွာကျင်နျန်း၏ဓားချက်ကြောင့် သုံးလှမ်းခန့်နောက်ဆုတ်သွားရပြီး ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဟွာကျင်နျန်းက ရုတ်တရက် ဓားတစ်ချက်ထပ်မံထိုးလိုက်သည်ကို မြင်လိုက်ရ၏။
ဓားစွမ်းအင်က ရုတ်တရက် မြင့်တက်လာသည်။
မူလက အရှည်ဆုံးသုံးပေခွဲခန့်သာ ရှိနိုင်သော ဓားအရှိန်အဝါသည် ဤအခိုက်အတန့်တွင် တစ်ပေကျော်ခန့်အထိ အတင်းအကျပ်တိုးမြင့်လာခဲ့၏။
အတွင်းအားများက နှလုံးသွေးကြောဆီသို့ ဦးတည်သွားပြီး မထင်မှတ်ထားသောအချိန်တွင် သေစေနိုင်သောတိုက်ကွက်ကို ထုတ်သုံးလိုက်ခြင်းပင်။
ပန်းရောင်ဝတ်အမျိုးသားသည် အလွန်ထိတ်လန့်သွားပြီး ပျာပျာသလဲဖြစ်သွားကာ တိုက်ကွက်ပြောင်းရန် အချိန်မရတော့သဖြင့် မြေပြင်ပေါ်တွင် လှိမ့်ချလိုက်ပြီး မြေလူးနည်းဗျူဟာကို အသုံးပြုကာ သီသီလေးရှောင်တိမ်းလိုက်ရလေသည်။
သို့သော်ငြားလည်း သူ၏ခေါင်းစည်းနှင့်အတူ ဦးရေပြားအချို့မှာ ဤဓားချက်ကြောင့် ပြတ်တောက်သွားပြီး တစ်ခေါင်းလုံးနှင့် မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားရချေသည်။
ပန်းရောင်ဝတ်အမျိုးသားသည် စူးစူးဝါးဝါးအော်ဟစ်ကာ မြေပြင်မှထရပ်လိုက်ပြီး မိမိ၏ သနားစဖွယ်အခြေအနေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အင်္ကျီလက်ကို ရုတ်တရက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အငွေ့များ လေထဲတွင် ချက်ချင်းပျံ့နှံ့သွားလေတော့၏။
ဟွာကျင်နျန်းသည် တစ်ကွက်တည်းဖြင့် ထိုပန်းရောင်ဝတ်အမျိုးသား၏ အသက်ကိုမယူနိုင်ခဲ့သဖြင့် မကျေမနပ်ဖြစ်နေပြီး ရှေ့သို့တိုးကာ ဆက်လက်သတ်ဖြတ်ရန် ပြင်လိုက်၏။
ဤအဖြူရောင်အငွေ့များမှာ ရုတ်တရက်ထွက်ပေါ်လာသဖြင့် သူ၏ခေါင်းနှင့် မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းသွားရချေသည်။
သူသည် အဖြူရောင်အငွေ့များ မျက်လုံးထဲသို့မဝင်စေရန် မျက်လုံးကိုတင်းတင်းပိတ်ထားသော်လည်း နှာခေါင်းမှ ရှူရှိုက်မိလိုက်သဖြင့် ခေါင်းမူးနောက်သွားကာ ခြေလှမ်းများပင်ယိုင်နဲ့သွားရ၏။
သူ၏စိတ်ထဲတွင် မကောင်းတော့ကြောင်း တွေးလိုက်မိစဉ် နားထဲတွင် ပြင်းထန်သောလေတိုးသံကို ကြားလိုက်ရပြီး ထိုပန်းရောင်ဝတ်အမျိုးသားက လက်သည်းဖြင့် ကုတ်ခြစ်တိုက်ခိုက်လာခြင်းပင် ဖြစ်ချေသည်။
ဤအဖြူရောင်အငွေ့မှာ မူလကပင် လုံယန်တောင်တွင် အသုံးများသော မူးယစ်ဆေးမှုန့်ဖြစ်ပြီး ပန်းရောင်ဝတ်အမျိုးသားသည် မြေပြင်ပေါ်တွင် လှိမ့်ချလိုက်စဉ်ကတည်းက အခြားနည်းလမ်းကို မစဉ်းစားပါက အသက်ဘေးကြုံရတော့မည်ကို သိရှိသဖြင့် ဤအရာကို လက်ဖဝါးထဲတွင်ဝှက်ထားကာ အခွင့်ကောင်းယူ၍ ကြဲပက်လိုက်ခြင်း ဖြစ်ပေသည်။
ယခုအခါ အကွက်စေ့သွားပြီဖြစ်ရာ ဟွာကျင်နျန်းကို မည်သို့လျှင် လွတ်မြောက်ခွင့်ပေးတော့မည်နည်း။
ထို့ကြောင့် ဤလက်သည်းချက်မှာ အလွန်ပင် ပြင်းထန်ပြီး ရက်စက်လှပေ၏။
ဟွာကျင်နျန်းကို ဒုက္ခိတဖြစ်စေရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ မသတ်ပစ်ခြင်းမှာ မသတ်ချင်၍မဟုတ်ဘဲ မဝံ့ရဲသောကြောင့်သာ ဖြစ်ချေသည်။
မည်သို့ပင်ဖြစ်စေ ဤလူမှာ ယွီလုံဆရာအိုအလိုရှိနေသူ ဖြစ်သဖြင့် မိမိကသတ်ပစ်လိုက်ပါက ဆရာအိုထံတွင် အစီရင်ခံရန် ခက်ခဲသွားပေလိမ့်မည်။
ဤအခိုက်အတန့်မှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှပြီး ဟွာကျင်နျန်းရှုံးနိမ့်တော့မည့်အချိန်တွင် ဓားအရှိန်အဝါတစ်ခုသည် မြေပြင်တစ်လျှောက် ရုတ်တရက်ဖြတ်သန်းသွားသည်ကို မြင်လိုက်ရ၏။
ထိုအရာသည် ပန်းရောင်ဝတ်အမျိုးသား၏ လက်သည်းချက် ဟွာကျင်နျန်းထံသို့မကျရောက်မီ သူ၏ဘေးနားသို့ အချိန်ကိုက်ရောက်ရှိလာခဲ့ပေသည်။
သူသည် ဤလက်သည်းချက်ကို ဇွတ်အတင်းထုတ်သုံးလိုက်ပါက ဤဓားအရှိန်အဝါ၏ အစွမ်းမှာ ခန့်မှန်းရခက်လှသဖြင့် အနည်းဆုံးဒဏ်ရာရရှိသွားနိုင်ပြီး အဆိုးဆုံးမှာ အသက်ဆုံးရှုံးသွားနိုင်ပေသည်။
ပန်းရောင်ဝတ်အမျိုးသားသည် မိမိ၏အသက်ကို လောင်းကြေးမထပ်ဝံ့သဖြင့် တိုက်ကွက်ကိုရုပ်သိမ်းကာ နောက်ဆုတ်လိုက်ရလေတော့၏။
ထိုဓားအရှိန်အဝါသည် ဖြတ်သန်းသွားပြီးနောက် မြေပြင်ပေါ်ရှိ ကျောက်တုံးကြီးတစ်တုံးကို နှစ်ခြမ်းဖြတ်တောက်သွားသည်ကို မြင်လိုက်ရ၏။
ဖြတ်ရာမှာ အလွန်ပင်ညီညာချောမွေ့လှသဖြင့် ကြည့်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေပေသည်။
ပန်းရောင်ဝတ်အမျိုးသား၏မျက်နှာမှာ ချက်ချင်းပျက်သွားရပြီး အကယ်၍ မရှောင်ဘဲ ဟွာကျင်နျန်းကို ဇွတ်ဖမ်းရန်ကြိုးစားခဲ့ပါက ယခုအချိန်တွင် နှစ်ခြမ်းကွဲသွားမည့်သူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
"ဘယ်သူလဲ..."
သူသည် အလွန်အမင်းဒေါသထွက်သွားပြီး ဓားအရှိန်အဝါထွက်ပေါ်လာရာ အရပ်သို့ လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် အစိမ်းရောင်ဝတ်ဓားသမားတစ်ဦးသည် ရထားလုံးဘေးတွင် ရပ်နေပြီး လက်တစ်ဖက်ဖြင့် ဓားကိုကိုင်ကာ မိမိအား အေးစက်စွာကြည့်နေသည်ကို မြင်လိုက်ရပေသည်။
မျက်လုံးချင်းဆုံမိလိုက်သည့်အခါ သူ၏ဒေါသများမှာ ရုတ်ချည်းပင် ငြိမ်းအေးသွားရ၏။
အမည်မဖော်နိုင်သော ကြောက်ရွံ့မှုတစ်ခုသည် စိတ်ထဲတွင် ပေါ်ပေါက်လာသဖြင့် သူသည် မသိစိတ်ဖြင့် တံတွေးတစ်ချက်မျိုချလိုက်မိ၏။
"ဒါက လုံယန်တောင်ရဲ့ ကိစ္စပဲ... မဆိုင်တဲ့သူတွေက... ကိစ္စထဲ ဝင်မပါတာကောင်းလိမ့်မယ်..."
“ကျုပ်က ဇွတ်ဝင်ပါမယ်ဆိုရင်ကော ခင်များက ဘာလုပ်နိုင်မှာလဲ..."
ချူချင်းသည် ဓားကိုကိုင်ဆောင်ကာ ရှေ့သို့လှမ်းလာပြီး ဟွာကျင်နျန်း၏ ဘေးနားသို့ ရောက်ရှိလာခဲ့၏။
ထိုအချိန်တွင် ဟွာကျင်နျန်းသည် မတ်တတ်ပင်မရပ်နိုင်တော့သဖြင့် ချူချင်းက သူ၏ပခုံးကို လှမ်းကိုင်ပေးလိုက်၏။
ဟွာကျင်နျန်းသည် တစ်စုံတစ်ယောက်က မိမိကိုတွဲပေးထားသည်ဟု ထင်မှတ်ကာ သက်ပြင်းချလိုက်စဉ် ချူချင်းက လက်ကိုဝှေ့ယမ်းပြီး သူ့ကို ရထားလုံး၏မောင်းတံဆီသို့ တိုက်ရိုက်ပစ်ပေါက်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
"အား..."
ဟွာကျင်နျန်းသည် မူလကပင် ခေါင်းမူးနောက်နေသဖြင့် ဤကဲ့သို့အပစ်ခံလိုက်ရသည့်အခါ တစ်ကိုယ်လုံး လေထဲတွင်ဝဲပျံသွားသကဲ့သို့ ခံစားလိုက်ရပြီး မအော်ဘဲ မနေနိုင်ဖြစ်သွားရ၏။
ကံကောင်းထောက်မစွာဖြင့် ပျန်းချန်သည် ရထားလုံးပေါ်တွင် ရှိနေသဖြင့် လက်လှမ်းကာ သူ့ကိုဖမ်းထိန်းပေးလိုက်၏။
သို့သော် ပျန်းချန်သည် သူ့ကို အလွန်သံသယရှိသော မျက်လုံးများဖြင့် ကြည့်လိုက်၏။
"တစ်ကိုယ်လုံး ပူလောင်လာသလို ခံစားရလား... ရင်ဘတ်တွေ အရမ်းတုန်နေလား..."
"အဝတ်အစားတွေ ချွတ်ပစ်ချင်လား... အဲလိုဆိုရင်တော့ ငါနဲ့ဝေးဝေးမှာ နေတာကောင်းလိမ့်မယ်... ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးနားကို သွားလို့ရတယ်..."
မော့တူရှင်းသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အလွန်ဒေါသထွက်သွား၏။
"တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ... မင်းက ငါ့ရဲ့ ဂိုဏ်းတူညီလေး ဟုတ်ရောဟုတ်ရဲ့လား... မင်းငယ်ငယ်တုန်းက ဘယ်သူက နေ့တိုင်းအဝတ်အစားဝတ်ပေး၊ မျက်နှာသစ်ပေးပြီး ထမင်းကျွေးခဲ့လဲဆိုတာ မေ့သွားပြီလား..."
"မအိပ်ခင် ကိုယ်တိုင်ပွေ့ချီပြီး သေးတည်ပေးခဲ့တာရော ဘယ်သူလဲ..."
ပျန်းချန်၏မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားရ၏။
"အဲဒါ ငါ့မိဘတွေလေ... ငါက ကိုးနှစ်အရွယ်ကျမှ ဂိုဏ်းထဲကိုဝင်ခဲ့တာ... ဘယ်သူက မင်းကို အဲလိုတွေလုပ်ခိုင်းလို့လဲ..."
"ပြီးတော့ ငါတို့နှစ်ယောက်က နှစ်နှစ်ပဲကွာတာလေ... ဘယ်သူက မင်းကိုပွေ့ချီခိုင်းလို့လဲ..."
ဟွာကျင်နျန်းလည်း နားထောင်ရင်း မျက်နှာပျက်သွားရ၏။
"ဒါက မူးယစ်ဆေးမှုန့်ပါ... စိတ်ကြွဆေးမဟုတ်ဘူး... မင်းတို့နှစ်ယောက် တော်ကြပါတော့..."
ရထားလုံးထဲမှ ခေါင်းပြူထွက်ကြည့်နေသော ရှီမောက်သည် သူတို့၏စကားပြောသံများကို ကြားရသည့်အခါ ဤကဲ့သို့ မြင့်မြတ်လှသော ကျန်းဟူလောကမှ သိုင်းပညာရှင်ကြီးများသည်လည်း သာမန်လူများနှင့် မခြားနားလှကြောင်း ရုတ်တရက်ခံစားလိုက်ရ၏။
သူတို့ပြောဆိုနေကြပုံမှာ သာမန်လူများရန်ဖြစ်နေကြသည်နှင့် မည်သို့မျှ မခြားနားလှပေ။
ပျန်းချန်ကမူ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဒါက မူးယစ်ဆေးမှုန့်ဆိုရင် မင်း ဘာလို့လဲမကျသေးတာလဲ..."
"ငါက မူးယစ်ဆေးမိသွားတာပဲ... အတွင်းအားတွေ အကုန်ဆုံးရှုံးသွားတာ မဟုတ်ဘူး... သူတို့ရဲ့ မူးယစ်ဆေးက တကယ်ပဲ အစွမ်းထက်လှတယ်ဆိုရင် ငါလည်း ယွီလုံသူခိုးအိုရဲ့လက်ချက်နဲ့ သေတာ ကြာလှပြီ..."
"အခုတော့ ငါ အများကြီး သက်သာသွားပါပြီ..."
ဟွာကျင်နျန်းသည် မျက်နှာပျက်နေဆဲဖြစ်ပြီး ထိုလူနှစ်ဦးသည် စောစောက အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းသော အရာများကို တွေးတောပူပန်နေကြသည်ဟု ခံစားလိုက်ရ၏။