← Chapters

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း ၁၅၈

Vol. 16 Ch. 158

အခန်း (၁၅၈) - ရန်ငြိုးခံယူခြင်း (၂)

ပျန်းချန်သည် သူ၏မျက်နှာမှာ ပုံမှန်အတိုင်းဖြစ်နေပြီး အသက်ရှူမြန်ခြင်း သို့မဟုတ် မျက်နှာနီမြန်းခြင်း မရှိသည်ကို မြင်တွေ့ရသည့်အခါမှသာ စိတ်အေးသွားရလေသည်။

ချူချင်းရှိရာဘက်သို့ ပြန်ကြည့်လိုက်သည့်အခါ ပန်းရောင်ဝတ်အမျိုးသားက မျက်နှာပျက်လျက် ပြောဆိုနေသည်ကို ကြားလိုက်ရ၏။

"မင်းက တကယ်ပဲ ငါတို့ လုံယန်တောင်နဲ့ ရန်ငြိုးဖွဲ့ချင်တာလား..."

"လုံယန်တောင်က... တကယ်ပဲ အရမ်းအစွမ်းထက်လို့လား..."

ချူချင်း၏စကားလုံးများထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ပါဝင်နေပေသည်။

"မင်း သေချင်နေတာပဲ..."

ပန်းရောင်ဝတ်အမျိုးသားသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ယနေ့ကိစ္စမှာ ကောင်းမွန်စွာပြီးဆုံးလိမ့်မည် မဟုတ်ကြောင်း သိရှိသွားရ၏။

ချူချင်း၏စကားများမှာ လုံယန်တောင်ကို စော်ကားလိုက်ခြင်း ဖြစ်သဖြင့် အကယ်၍ မိမိက မတိုက်ခိုက်ဝံ့ပါက ချူချင်းက သူ့ကိုလွှတ်ပေးလျှင်ပင် ပြန်ရောက်သည့်အခါ ယွီလုံဆရာအိုက သူ့ကိုလွှတ်ပေးမည် မဟုတ်ချေ။

သူသည် ချက်ချင်းပင် လက်ကိုဝှေ့ယမ်းလိုက်၏။

"သတ်ကြစမ်း"

"သတ်ကြ..."

စောစောက ဟွာကျင်နျန်းနှင့် တိုက်ခိုက်နေစဉ်က ဘေးပတ်ဝန်းကျင်တွင် အခြားလုံယန်တောင်တပည့်များ ရှိနေခဲ့သည်။

သို့သော် ပန်းရောင်ဝတ်အမျိုးသားက မိမိဘာသာတိုက်ခိုက်ရန် တောင်းဆိုခဲ့သဖြင့် အခြားသူများကလည်း ဘေးမှကြည့်နေခဲ့ကြခြင်းသာ ဖြစ်ချေသည်။

ယခုအခါ ချူချင်းနှင့် ရင်ဆိုင်ရသည့်အခါ စောစောက ကျောက်တုံးကြီးကို နှစ်ခြမ်းခွဲပစ်လိုက်သော ဓားအရှိန်အဝါကို မြင်တွေ့ခဲ့ရသဖြင့် ပန်းရောင်ဝတ်အမျိုးသားသည် မဝံ့မရဲဖြစ်သွားကာ အခြားသူများကိုပါ အတူတကွတိုက်ခိုက်ရန် လှမ်းခေါ်လိုက်လေတော့၏။

ကျန်ရှိနေသော လုံယန်တောင်တပည့်များသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။

သူတို့၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေကြသော်လည်း ရှေ့သို့သာ တိုးဝင်တိုက်ခိုက်ကြရလေတော့သည်။

တစ်ခဏချင်းမှာပင် ချူချင်းသည် အရပ်မျက်နှာအသီးသီးမှ ရန်သူများနှင့် ရင်ဆိုင်လိုက်ရသဖြင့် ပျန်းချန်သည် ထိုမြင်ကွင်းကိုကြည့်ကာ ချက်ချင်းပင် ခုန်ဆင်းလိုက်၏။

"သခင်လေးသုံး... ငါ ကူညီပေးမယ်..."

သို့သော် သူ၏စကားသံဆုံးသွားသည်နှင့် လူအုပ်ထဲမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက်ပေါက်ကွဲထွက်လာသည်ကို မြင်လိုက်ရ၏။

ဖျတ်... ဖျတ်... ဖျတ်...

လူခေါင်းသုံးလုံးသည် ကောင်းကင်သို့လွင့်ပျံသွားပြီးနောက် ချူချင်းသည် ခန္ဓာကိုယ်ကိုလှည့်ကာ သူ၏ဓားသိုင်းကို ထုတ်သုံးလိုက်လေတော့၏။

သူသည် ဓားနှင့်အတူရွေ့လျားကာ တားဆီး၍မရသော အရှိန်အဝါဖြင့် တိုက်ခိုက်လေသည်။

ဓားချက်များအောက်တွင် မျက်တောင်တစ်ခတ်အတွင်းမှာပင် မြေပြင်ပေါ်၌ အလောင်းတစ်ဆယ်ကျော်ခန့် ပြန့်ကျဲကာ လဲလျောင်းသွားရချေပြီ။

ပန်းရောင်ဝတ်အမျိုးသား ခေါ်ယူလိုက်သော အပေါင်းအဖော်များအားလုံး ထိုနေရာ၌ပင် သေဆုံးသွားကြရ၏။

ထိုအချိန်ကျမှသာ ပျန်းချန်သည် မြေပြင်ပေါ်သို့ သက်ဆင်းနိုင်ခဲ့ချေသည်။

သူသည် ချူချင်းနှင့်ပူးပေါင်းတိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော်လည်း ရလဒ်မှာမူ... မလိုအပ်တော့ချေ။

သူသည် လက်သီးကိုဆုပ်ကိုင်ထားရင်း ချူချင်းနှင့် မျက်လုံးချင်းဆုံမိလိုက်သည့်အခါ ချူချင်းက မေးလိုက်၏။

"မင်းက ငါ့ကို ဘာလာကူညီတာလဲ..."

"ဒီနေ့ ရာသီဥတုက တကယ်ကောင်းတယ်... ရှုခင်းကလည်း အရမ်းလှတယ်... ငါက မင်းအတွက် ရှုခင်းလာကြည့်ပေးတာပါ..."

ပျန်းချန်သည် ချောင်းတစ်ချက်ဆိုးကာ လက်နှစ်ဖက်ကိုနောက်ပစ်လျက် ရပ်နေပြီး တကယ်ပင် ရှုခင်းကြည့်ရန် ရောက်လာသည့်အလား ပြုမူနေချေသည်။

ချူချင်းသည် ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်မှာ ပန်းရောင်ဝတ်အမျိုးသားထံသို့ တစ်ဖန်ကျရောက်သွား၏။

"မင်း စောစောက ဘယ်သူသေချင်နေတာလဲလို့ မေးလိုက်တယ်မလား..."

ပန်းရောင်ဝတ်အမျိုးသားသည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး အလွန်ပင် အံ့အားသင့်သွားရ၏။

မိမိ၏ဂိုဏ်းတူညီလေးများ ဤမျှလောက် လွယ်ကူစွာသေဆုံးသွားလိမ့်မည်ဟု သူလုံးဝမထင်မှတ်ထားခဲ့ချေ။

ဓားချက်အနည်းငယ်သာ ထုတ်သုံးခဲ့ရသည် မဟုတ်ပါလော။

မည်သို့ကြောင့် ဤမျှလောက် အစွမ်းထက်နေရသနည်း။

ဘေးပတ်ဝန်းကျင်ရှိ ကျန်းဟူလောကသားများလည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး အချို့သူများမှာ ဤဓားသမားသည် မည်သူမည်ဝါဖြစ်ကြောင်း မသိရှိကြသဖြင့် ဤမျှလောက် ကောင်းမွန်သောသိုင်းပညာကို ပိုင်ဆိုင်ထားသည့်အတွက် အံ့ဩနေကြချေသည်။

သို့သော် အချို့သူများမှာ ပျန်းချန်၏စကားကို ကြားလိုက်ရသဖြင့် သူ၏သရုပ်မှန်ကို ခန့်မှန်းမိကာ တိုးတိုးတိတ်တိတ် ပြောဆိုနေကြ၏။

"သခင်လေးသုံး... ဒါဆိုရင် ရှင်တောက်မြို့မှာ လူသတ်ပွဲတွေဆင်နွှဲခဲ့တဲ့ ဓားရူးသခင်လေးသုံးလား..."

"ကြားဖူးတာကတော့ ညီလာခံမှာ ဘယ်လိုမှသတ်လို့မရတဲ့ ထူးဆန်းတဲ့လူတစ်ယောက် ပေါ်လာခဲ့တယ်တဲ့... ဒါပေမဲ့ ဒီဓားရူးသခင်လေးသုံးက လက်ဦးမှုယူလိုက်တဲ့အခါ အဲဒီလူကအလောင်းတောင် မကျန်ဘဲ သေသွားခဲ့ရတယ်..."

"အဆိုးဆုံးကတော့ အဲဒီညက ရှင်တောက်မြို့ရဲ့ ပုန်ကန်မှုမှာ အင်အားစုငယ်လေးတွေက အခွင့်ကောင်းယူပြီး လုယက်ဖျက်ဆီးနေကြတာကို ဒီသခင်လေးသုံးက မကြည့်ရက်လို့ ဓားကိုင်ပြီး သတ်ဖြတ်ခဲ့တာပဲ…”

“အင်အားစု ဘယ်လောက်တောင်ပျက်စီးသွားလဲ မသိရဘူး... တစ်ညတည်းနဲ့ ရှင်တောက်မြို့ကို ရှင်းလင်းပေးခဲ့လို့ နဂါးလှံဖန်ထျန်းရွေ့က အခွင့်ကောင်းကြီးရသွားခဲ့တာ..."

"သူပဲလား... တကယ်ကို နာမည်နဲ့လိုက်ဖက်တာပဲ... တကယ်ကို ပြင်းထန်တဲ့ဓားသိုင်းနဲ့ နက်ရှိုင်းတဲ့အတွင်းအားပဲ..."

ပန်းရောင်ဝတ်အမျိုးသားသည် ထိုပြောဆိုသံများကို ကြားလိုက်ရသည့်အခါမှသာ မိမိရှေ့တွင် ရပ်နေသူမှာ မည်သူဖြစ်ကြောင်း သဘောပေါက်သွားရ၏။

သူ၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော်သွားရချေသည်။

"မင်းက... ဓားရူးသခင်လေးသုံး ဖြစ်နေတာကိုး..."

"ဒီနေ့ ငါက လူမှားပြီးစော်ကားမိသွားတယ်... ဒါပေမဲ့ မင်းက ငါတို့လုံယန်တောင်နဲ့ ရန်ငြိုးဖွဲ့ပြီးပြီ... တကယ်လို့ ငါ့ကို ထပ်သတ်မယ်ဆိုရင် ယွီလုံဆရာအိုက မင်းကို ဘယ်တော့မှလွှတ်ထားမှာ မဟုတ်ဘူး..."

"တိုက်ဆိုင်လိုက်တာ..."

ချူချင်းက ပြုံးလိုက်၏။

"ကျုပ်ကလည်း သူ့ကိုလွှတ်ပေးဖို့ မရည်ရွယ်ထားဘူး..."

ယွီလုံဆရာအိုသည် လုံယန်တောင်တွင် ရှိနေဆဲဖြစ်ပါက ချူချင်းအနေဖြင့် သူ့ကိုဂရုစိုက်ရန် အချိန်မရှိသေးပေ။

သူသည် နန်လင်သို့လာရောက်ကာ သေကြောင်းကြံစည်နေသဖြင့် ချူချင်းအနေဖြင့် သူ့ကို သေမင်းထံသို့ ပို့ဆောင်ပေးရန် ဝန်မလေးချေ။

အကယ်၍ ဤအချိန်တွင် တစ်စုံတစ်ယောက်က မိမိအား လုပ်ငန်းအပ်နှံလာပါက ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။

အနည်းဆုံးတော့ ထိုယွီလုံဆရာအိုကို အလကားမသတ်ပစ်လိုက်ချင်ပေ။

ပန်းရောင်ဝတ်အမျိုးသားသည် အလွန်ထိတ်လန့်သွားပြီး အင်္ကျီလက်ကို ဝှေ့ယမ်းကာ စောစောက နည်းလမ်းဟောင်းကို ထပ်မံအသုံးပြုရန် ပြင်လိုက်၏။

သို့သော် ချူချင်းသည် ဤအရာကို ကြိုတင်ပြင်ဆင်ထားသဖြင့် ခန္ဓာကိုယ်ကိုလှုပ်ရှားကာ အကွာအဝေးတစ်ခုသို့ ရှောင်တိမ်းလိုက်ပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ ပန်းရောင်ဝတ်အမျိုးသားက လှည့်ပြေးရန်ပြင်နေသည်ကို မြင်လိုက်ရ၏။

သူသည် ချက်ချင်းပင် လက်ကိုဆန့်ထုတ်ကာ လှမ်းဖမ်းလိုက်လေသည်။

မင်ယွိကျင့်စဉ်၏ အတွင်းအားကို လည်ပတ်စေလိုက်ရာ ပြင်းထန်လှသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ပန်းရောင်ဝတ်အမျိုးသားသည် အလွန်အေးစိမ့်သော အအေးဓာတ်တစ်ခု မိမိ၏သွေးကြောများထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသဖြင့် လွတ်မြောက်ရန် အသည်းအသန်ကြိုးပမ်းနေရ၏။

သို့သော် သူ၏ခန္ဓာကိုယ်မှာ ချူချင်းရှိရာဘက်သို့ တဖြည်းဖြည်းဆွဲငင်ခြင်း ခံနေရချေသည်။

အနီးသို့ရောက်ရှိလာသည့်အခါ သူသည် ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ချူချင်း၏ဆွဲအားကို အသုံးပြုကာ အလစ်အငိုက်တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော် ၎င်းမှာ အချည်းနှီးသာ ဖြစ်ပေသည်။

ချူချင်းသည် ဓားသွားကိုလှည့်ကာ အောက်မှအထက်သို့စောင်းလျက် ပိုင်းဖြတ်လိုက်ရာ ဓားသွားသည် ပန်းရောင်ဝတ်အမျိုးသား၏ ဘယ်ဘက်ခါးမှ စတင်ကာ သူ၏ဦးခေါင်းကို ဖြတ်သန်းသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း ထိုနေရာ၌ပင် ရပ်တန့်သွားကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ချေ။

သူသည် တစ်ချက်ယိုင်နဲ့သွားပြီးနောက် မြေပြင်ပေါ်သို့လဲကျကာ ထိုနေရာ၌ပင် သေဆုံးသွားရလေတော့၏။

ချူချင်းသည် ဓားပေါ်ရှိသွေးများကို ခါထုတ်လိုက်ပြီး ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်ကာ ဘေးပတ်ဝန်းကျင်ရှိလူများကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ရထားလုံးပေါ်သို့ ပြန်လည်တက်လာခဲ့၏။

“သွားရအောင်။"

"သွားကြစို့..."

ပျန်းချန်လည်း မောင်းတံပေါ်သို့ ပြန်လည်ထိုင်လိုက်ပြီး ဇက်ကြိုးဆွဲကာ အော်လိုက်၏။

"ဟေ့..."

ရထားလုံးသည် တဂျိဂျိမြည်သံနှင့်အတူ ထျန်းရှင်းတောင်၏ တောင်ပတ်လမ်းအတိုင်း မောင်းနှင်သွားလေတော့၏။

ရထားလုံး ပျောက်ကွယ်သွားသည့်တိုင်အောင် တောင်ခြေရင်းရှိ ကျန်းဟူလောကသားများသည် တိုးတိုးတိတ်တိတ် ဆက်လက်ဆွေးနွေးနေကြဆဲ ဖြစ်ပေသည်။

ရထားလုံးအတွင်း၌မူ။

ချူချင်းသည် မျက်လုံးများကို အနည်းငယ်မှိတ်ထားရင်း ဟွာကျင်နျန်းကို တစ်ချက်ကြည့်လိုက်၏။

"ယွီလုံသူခိုးအိုက မင်းကိုလွှတ်ထားမှာ မဟုတ်တော့ဘူး..."

"……"

"..."

ဟွာကျင်နျန်းသည် ခေတ္တမျှ ဆွံ့အသွားရ၏။

"ဒါဆိုဘာလုပ်ရမလဲ... ငါကလည်း ထွက်သွားလို့မရဘူးလေ..."

"ဒါမှမဟုတ် ငါက မင်းအတွက် သူ့ကိုသတ်ပေးရမလား..."

ချူချင်းသည် ဟွာကျင်နျန်းကို ပြုံးစိစိဖြင့်ကြည့်လိုက်ပြီး အကျိုးအမြတ်ရယူရန် စိတ်ကူးလိုက်မိ၏။

ဟွာကျင်နျန်းသည် ချူချင်းကို သံသယရှိသောမျက်လုံးများဖြင့် ကြည့်လိုက်၏။

"တကယ်လား..."

"ဘာလို့မရရမှာလဲ... ဒါပေမဲ့ ငါ့ကို လူသတ်ခိုင်းရင်တော့ ငွေပေးရလိမ့်မယ်..."

ချူချင်းသည် ရှီမောက်ကို လှမ်းကြည့်လိုက်၏။

"ဟုတ်တယ်မလား..."

ရှီမောက်က ခေါင်းကို အဆက်မပြတ်ညိတ်ပြလိုက်ပြီး ဟွာကျင်နျန်းကို မေးလိုက်၏။

"မင်းမှာ ငွေရှိလား..."

"ငါ..."

သူ၏စကားမှာ ဤနေရာသို့ရောက်ရှိလာစဉ် ရထားလုံးပြင်ပမှ မြင်းခွာသံများကို ရုတ်တရက်ကြားလိုက်ရ၏။

ထို့နောက် ဝမ်းသာအားရပြောဆိုသံတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။

"ညီလေးပျန်း... မင်းလည်း ဒီမှာ ရှိနေတာလား... ရထားလုံးထဲကလူက ဘယ်သူလဲ..."

ချူချင်းသည် ရထားလုံး၏လိုက်ကာကို လှစ်ကြည့်လိုက်ရာ မြင်းဖြူတစ်ကောင်သည် ထျန်းရှင်းတောင်၏ တောင်ပတ်လမ်းပေါ်တွင် လျှောက်လှမ်းနေသည်ကို မြင်လိုက်ရ၏။

မြင်းပေါ်တွင် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦး ထိုင်နေပြီး မည်သည့်မိတ်ကပ်မျှ လိမ်းခြယ်ထားခြင်း မရှိသော်လည်း သူမ၏ လှပချောမောသော ရုပ်ရည်ကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။

သူမသည် ထိုလင်ဖေးမိန်းကလေးပင် ဖြစ်ပေသည်။

မြင်းဖြူ၏ဘေးနားတွင် ရွှေရောင်ဓားကို ကျောပိုးထားသော အမျိုးသားတစ်ဦး လိုက်ပါလာခဲ့၏။

"ချောင်သိုင်းသမားကြီး... ပြန်ဆုံကြပြန်ပြီနော်..."

ချူချင်းသည် သူ့ကိုမြင်တွေ့ရသည့်အခါ ပြုံးလိုက်ပြီး မြင်းပေါ်ရှိလင်ဖေးမိန်းကလေးကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"မင်းတို့နှစ်ယောက်က... လက်ထပ်လိုက်ကြပြီလား..."

ချောင်ချိုးဖူသည် ထိုစကားကိုကြားရသည့်အခါ မျက်နှာနီမြန်းသွားပြီး လက်ခါပြရန်ပြင်လိုက်စဉ် လင်ဖေးမိန်းကလေးက ခေါင်းကို အဆက်မပြတ်ခါယမ်းကာ ပြောလိုက်၏။

"မဟုတ်ပါဘူး... မဟုတ်ပါဘူး... သခင်လေး လျှောက်မပြောပါနဲ့..."

“ကျွန်မ... ကျွန်မက အစ်ကိုချောင်နဲ့အတူ... သိုင်းပြိုင်ပွဲကို လိုက်လာခဲ့တာပါ..."

ချောင်ချိုးဖူသည်လည်း ပျာပျာသလဲခေါင်းခါပြလိုက်၏။

"ငါကလည်း သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ဖို့လာတာ မဟုတ်ပါဘူး... ငါက ပွဲကြည့်ဖို့ပဲ လာတာပါ... လင်ဖေး... မင်း ငါ့ကိုယုံပါ..."

ချူချင်းသည် ထိုလူနှစ်ဦး၏စကားများကို ဂရုမစိုက်တော့ဘဲ အနည်းငယ် ဇဝေဇဝါဖြစ်သွားရ၏။

"ဘာသိုင်းပြိုင်ပွဲလဲ…”

All Chapters