← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း (၁၅၉) - လော့ချန်အိမ်တော် (၁)

ချူချင်းတို့တစ်စုသည် လော့ချန်အိမ်တော်ဘက်တွင် တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် တစ်လမ်းလုံး စိုးရိမ်မကင်းဖြစ်နေခဲ့ကြ၏။

ထို့ကြောင့် သတင်းအချက်အလက် ရရှိမှုအပိုင်းတွင် အနည်းငယ် နောက်ကျကျန်နေခဲ့ချေသည်။

ပျန်းချန်က ချောင်ချိုးဖူ၏စကားကို ကြားလိုက်ရသောအခါ မျက်လုံးပြူးသွားပြီး မေးလိုက်၏။

"ဘာသဘောလဲ... သခင်ဝမ်က ငါ့ရဲ့ ဂိုဏ်းတူညီမလေးကို သူများနဲဲ့ပေးစားဖို့ ကြံစည်နေတာလား..."

"အာ..."

ချောင်ချိုးဖူက အလျင်အမြန်ပင် ရှင်းပြလိုက်၏။

"သူ့သမီးအတွက် သမက်ရွေးတာမဟုတ်ဘူး ထင်တယ်... ဝမ်မိသားစု ဒုတိယသခင်ရဲ့ သမီးဖြစ်သူ ဝမ်ခယ်ရန်အတွက် သမက်ရွေးတာလို့ ကြားတယ်..."

"ဒီသတင်း ထွက်လာတာ မကြာသေးဘူး... ငါလည်း မနေ့ကမှသိရတာ... အရင်ကတော့ လော့ချန်အိမ်တော်ကိုလာပြီး ထျန်းကျီးအမိန့်တော်ပြားရဲ့ အခြေအနေကို လာကြည့်မလို့ပဲ... အခုတော့ သိုင်းပြိုင်ပွဲနဲ့ သမက်ရွေးပွဲကြည့်ဖို့ ဖြစ်သွားတာပေါ့..."

"ရှင်က ပွဲကြည့်ချင်ရုံတင်လား... ဒါမှမဟုတ် ကိုယ်တိုင်စင်ပေါ်တက်ပြီး စွမ်းရည်ပြချင်နေတာလား ဘယ်သူသိမှာလဲ..."

မိန်းကလေးလင်ဖေးက ဘေးမှနေ၍ တိုးတိုးလေးရေရွတ်လိုက်၏။

သို့သော် ရှီမောက်မှလွဲ၍ ထိုနေရာရှိ လူအားလုံးက ကြားလိုက်ရလေသည်။

ချောင်ချိုးဖူမှာ သက်ပြင်းသာချနိုင်တော့ပြီး ချူချင်းကမူ ပြုံးရင်း မေးလိုက်၏။

"ဒီသမက်ရွေးပွဲကိစ္စမှာ သခင်ဝမ်က ထျန်းကျီးအမိန့်တော်ပြားအကြောင်း ထည့်ပြောထားတာ ရှိလား..."

"အဲဒါတော့ မရှိဘူး... ဒါပေမဲ့ လော့ချန်အိမ်တော်ရဲ့ သမက်ဖြစ်လာမဲ့သူကို သခင်ဝမ်က လက်ဆောင်တချို့ ပေးမယ်လို့တော့ ပြောထားတယ်..."

"ဒါပေမဲ့ အဲဒီလက်ဆောင်တွေက ဘာလဲဆိုတာကိုတော့ ငါတို့လည်း မသိနိုင်ဘူး..."

ချောင်ချိုးဖူက ထိုသို့ပြောရင်း ရယ်မောလိုက်၏။

"ဒါပေမဲ့ လူအများစုကတော့ အဲဒီဘက်ကိုပဲ ဦးတည်ပြီး တွေးတောကြမှာ သေချာတယ်..."

ချူချင်းက မေးစေ့ကိုပွတ်သပ်ရင်း တွေးတောလိုက်၏။

"သခင်ဝမ်ရဲ့ ဒီလှည့်ကွက်က... နည်းနည်းတော့ မရိုးသားဘူးလို့ ထင်ရတယ်..."

"သူက အခြေအနေကို ထိန်းချုပ်ချင်ရုံပဲလား... ဒါမှမဟုတ် ဒုတိယသခင်ကို တကယ်ပဲ ဒိုင်းအဖြစ်သုံးချင်တာလား မသိဘူး..."

ပျန်းချန်က ထိုစကားကိုကြားသောအခါ ချက်ချင်းပင် သဘောပေါက်သွားလေသည်။

ထျန်းကျီးအမိန့်တော်ပြားကြောင့် အခြေအနေ တင်းမာနေချိန်တွင် ဝမ်ဖူစန်းက ရုတ်တရက် သိုင်းပြိုင်ပွဲကျင်းပခဲ့၏။ စကားထဲတွင် ထျန်းကျီးအမိန့်တော်ပြားအကြောင်း မပါဝင်သော်လည်း လူအများ သံသယဝင်ကြမည်မှာ အမှန်ပင်။

ထိုသို့ဆိုလျှင် တင်းမာနေသော အခြေအနေမှာ အတိုင်းအတာတစ်ခုအထိ လျော့ပါးသွားနိုင်ပေသည်။

ထျန်းကျီးအမိန့်တော်ပြားကို အသည်းအသန်လိုချင်နေကြသူများ၏ ခြေလှမ်းကိုလည်း နှောင့်နှေးစေနိုင်၏။

အကယ်၍ နောက်ဆုံးတွင် သိုင်းပညာ၊ စရိုက်လက္ခဏာနှင့် နောက်ခံအင်အားအားလုံး ပြည့်စုံကောင်းမွန်သော လူငယ်တစ်ဦးကို ဝမ်ခယ်ရန်၏ခင်ပွန်းအဖြစ် ရွေးချယ်နိုင်ခဲ့လျှင်ပင်။

ထို့နောက် ထျန်းကျီးအမိန့်တော်ပြားကို လက်ဆောင်အဖြစ်ပေးအပ်လိုက်မည် ဖြစ်၏။

ဤနည်းဖြင့် ဘေးကင်းစွာ လွတ်မြောက်နိုင်မည့် ရည်ရွယ်ချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။

ဆုံးရှုံးမှုရှိခဲ့လျှင်ပင် ဆုံးရှုံးရမည့်သူမှာ ဝမ်မိသားစု၏ ဒုတိယသခင်သာဖြစ်ချေသည်။

သို့သော် ဤသို့လုပ်ဆောင်ခြင်းမှာ အလွန်ပင် မရိုးသားလှပေ။

ဤသည်မှာ ဒုတိယသခင်ကို ဒိုင်းအဖြစ် အသုံးပြုခြင်းပင်။

သို့သော် ဝမ်ဖူစန်းသည် ဤနည်းလမ်းဖြင့် အကျပ်အတည်းဖြစ်ပေါ်လာမည့် အချိန်ကို ဆွဲဆန့်ပြီး ဖြေရှင်းနည်းကို ရှာဖွေနေခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိ လော့ချန်အိမ်တော်၏ အခြေအနေမှာ အလွန်ပင် စိတ်ဝင်စားစရာကောင်းနေတော့မည် ဖြစ်၏။

လူစုမှာ အနည်းငယ် စကားစမြည်ပြောဆိုပြီးနောက် တောင်ပေါ်သို့ အတူတူတက်လာခဲ့ကြလေသည်။

တစ်ခဏအကြာတွင်မူ သူတို့သည် ကြယ်ဆွတ်အိုင်သို့ ရောက်ရှိလာခဲ့ကြပြီ။

ကြယ်ဆွတ်အိုင်ရှေ့ရှိ ကြီးမားလှသော အိမ်တော်ကြီးမှာ တောင်ခြေတွင် တည်ဆောက်ထားပြီး ယခုအချိန်တွင် တံခါးဝ၌ လူအများပြည့်နှက်ကာ အလွန်ပင် စည်ကားနေချေသည်။

ထိုနေရာတွင် လူတန်းစားပေါင်းစုံနှင့် ဂိုဏ်းအသီးသီးမှ သိုင်းပညာရှင်များစွာ ရှိနေကြ၏။

ချူချင်း၏ ကြိုတင်တွေးဆချက်မှာ မှန်ကန်ပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝမ်ဖူစန်းက လူလွှတ်၍ ကြိုဆိုခိုင်းလျှင်ပင် လူအင်အားခွဲဝေပေးနိုင်မည် မဟုတ်ချေ။

အကယ်၍ ဝမ်ဖူစန်းကိုယ်တိုင်သာ လော့ချန်အိမ်တော်မှ ထွက်ခွာသွားပါက ထိုလူအုပ်ကြီးသည် မျက်စိတစ်မှိတ်အတွင်း လော့ချန်အိမ်တော်ကို ဖျက်ဆီးပစ်ကြမည်မှာ အမှန်ပင်။

ဤကျန်းဟူလောကတွင် မျက်နှာချင်းဆိုင်၌ လူကောင်းဟန်ဆောင်ပြီး ကွယ်ရာတွင် မိစ္ဆာကဲ့သို့ ပြုမူတတ်သူများမှာ အလွန်ပင် များပြားလှပေသည်။

ချူချင်းတို့အဖွဲ့ တံခါးဝသို့ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်မှာ အိမ်တော်ထဲမှ အလျင်အမြန်ထွက်၍ ကြိုဆိုလေသည်။

ထိုသူမှာ ဝဝတုတ်တုတ်နှင့် ခန္ဓာကိုယ်ထွားကြိုင်းသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်၏။

သူ၏မျက်နှာတစ်ခုလုံးမှာ ချမ်းသာကြွယ်ဝဟန်ရှိပြီး မျက်လုံးများမှာ သေးငယ်ကာ ပြုံးလိုက်လျှင် မျဉ်းကြောင်းတစ်ခုကဲ့သို့ ဖြစ်သွားတတ်၏။

သူက အပြင်သို့လျှောက်လှမ်းလာရင်း မေးလိုက်လေသည်။

"ရိုအာ ပြန်လာတာလား..."

"ဒုတိယဦးလေး..."

ဝမ်ရိုက မြင်းလှည်းလိုက်ကာကို ဖယ်ရှားလိုက်ပြီး ခံစားချက်မဲ့သော မျက်နှာဖြင့် ခေါ်လိုက်၏။

"ကောင်းပြီ... ကောင်းပြီ..."

ဤဝမ်မိသားစု ဒုတိယသခင်၏အမည်မှာ ဝမ်ခိုင်ယွမ် ဖြစ်ပြီး သူက မျက်နှာတစ်ခုလုံးပြုံးရွှင်နေကာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရ၏။

"သမီးကလည်း... ဘယ်ကိုရောက်နေလဲဆိုတာ အိမ်ကို တစ်ချက်လေးတောင် အကြောင်းမပြန်ဘူး..."

"ကြိုသိရင် သမီးကိုကြိုဖို့ လူလွှတ်လိုက်မှာပေါ့..."

"ဒါနဲ့... ဒီလူတွေက ဘယ်သူတွေလဲ..."

ဝမ်ရိုက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် မိတ်ဆက်ပေးရသည်မှာ အလွန်ရှုပ်ထွေးမည်ဟု ခံစားရသဖြင့် ပျန်းချန်ကိုကြည့်လိုက်၏။

ပျန်းချန်လည်း မတတ်သာဘဲ စတင်မိတ်ဆက်ပေးရတော့သည်။

သူသည် မိမိနှင့်မော့တူရှင်းတို့၏ သရုပ်မှန်ကို ဦးစွာပြောပြလိုက်၏။ သူတို့နှစ်ဦးလုံးမှာ ထိုက်ရိဂိုဏ်းမှ ချွေ့ပုနူ၏တပည့်များဖြစ်ပြီး ဝမ်ရို၏ဂိုဏ်းတူအစ်ကိုများ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ဝမ်ခိုင်ယွမ်က ချက်ချင်းပြုံးရွှင်သွားပြီး ဝမ်ရိုကို လမ်းတစ်လျှောက် လိုက်လံပို့ဆောင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားလေသည်။

ပျန်းချန်က အလျင်အမြန်ပင် လက်ယမ်းလိုက်ပြီး မိမိတွင် ထိုမျှလောက် စွမ်းရည်မရှိကြောင်း ပြောလိုက်၏။

ထို့နောက် သူက ချူချင်းကို ရှေ့သို့တွန်းထုတ်ပေးလိုက်၏။

"ငါတို့ လမ်းတစ်လျှောက် ဘာအနှောင့်အယှက်မှမရှိဘဲ လော့ချန်အိမ်တော်ကို ပြန်ရောက်နိုင်ခဲ့တာက ဒီသခင်လေးသုံးကြောင့်ပဲ..."

"သခင်လေးသုံးလား... ဒါဆို အခုကျော်ကြားနေတဲ့ ဓားရူးသခင်လေးသုံးလား..."

ဝမ်ခိုင်ယွမ်က ထိုစကားကိုကြားလိုက်ရသောအခါ ရင်ထဲ၌တုန်လှုပ်သွားပြီး ချူချင်းကိုမကြည့်ဘဲ မနေနိုင်ဖြစ်သွား၏။

သူက ငယ်ရွယ်ပြီး ဖြူဖွေးနုနယ်သော မျက်နှာရှိသဖြင့် ကျန်းဟူလောကတွင် ကျင်လည်နေသူနှင့်မတူဘဲ ချမ်းသာသောအိမ်တော်မှ သခင်လေးတစ်ဦးနှင့် ပို၍တူနေချေသည်။

သူက အနည်းငယ် မယုံကြည်နိုင်ဖြစ်နေမိ၏။

"ဒါ... တကယ်ပဲ အဲဒီသခင်လေးသုံးလား..."

မည်သို့ကြည့်ပါစေ လူသတ်ရန်ဝန်မလေးဘဲ ရက်စက်ကြမ်းကြုတ်သောသူတစ်ဦးနှင့် လုံးဝမတူပေ။

ချူချင်းက လက်သီးဆုပ်၍ အနည်းငယ်ဂါရဝပြုရင်း ပြောလိုက်၏။

"ဒုတိယသခင်ဝမ်ကို နှုတ်ဆက်ပါတယ်..."

"အားနာစရာကြီး... အားနာစရာကြီး..."

ဝမ်ခိုင်ယွမ်က ချူချင်းငြင်းဆိုခြင်းမရှိသည်ကို မြင်သောအခါမှ အလျင်အမြန်ပင် လက်ပြန်အုပ်၍ ဂါရဝပြုလိုက်ပြီး အလွန်ပင် ရိုသေကိုင်းညွတ်သော သဘောထားကို ပြသလေသည်။

ယခင်က ပျန်းချန်နှင့်မော့တူရှင်းတို့ ဂါရဝပြုစဉ်က သူသည် လူကြီးသူမတစ်ဦးကဲ့သို့ နေခဲ့သော်လည်း ယခုမူ သက်တူရွယ်တူကဲ့သို့ ဂါရဝပြုလိုက်ခြင်း ဖြစ်၏။

လက်ရှိတွင် ထျန်းကျီးအမိန့်တော်ပြားကိစ္စကြောင့် ဆူညံပွက်လောရိုက်နေသော်လည်း ဓားရူးသခင်လေးသုံး၏ ကျော်ကြားမှုမှာမူ အလွန်ထင်ရှားကျော်ကြားနေဆဲ ဖြစ်ပေသည်။

ဤသည်မှာ ချူချင်းက ရှင်တောက်မြို့အတွင်း လူများစွာကိုသတ်ဖြတ်ခဲ့သောကြောင့်သာမက ထိုမြို့ငယ်လေးတွင် ဟုန်ယွန်းတောင်ဧည့်သည်၊ သံလက်ဝါး မြစ်ဖြတ်ကျော်တို့နှင့် တိုက်ခိုက်ခဲ့သောကြောင့်လည်း ဖြစ်၏။

ထိုတိုက်ပွဲမှာ အပြင်ပန်းအားဖြင့် အနိုင်အရှုံးမပေါ်ခဲ့ချေ။

သို့သော် လော့ချန်အိမ်တော်မှ ဝမ်ခိုင်ယွမ်ကမူ ဤဖြူဖွေးနုနယ်သော လူငယ်သည် လက်သီးတစ်ချက်တည်းဖြင့် ချန်ထျယ်ရှန်းကို ပြင်းထန်စွာဒဏ်ရာရစေခဲ့ကြောင်း ကောင်းစွာသိရှိထားပေသည်။

ထျယ်ရွှဲ့ခန်းမဆောင်မှ လူစုမှာ ထျယ်ရွှဲ့သို့ပြန်ရာလမ်းတွင် အေးချမ်းသာယာခြင်း မရှိခဲ့ကြချေ။

ချန်ထျယ်ရှန်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားသဖြင့် အခွင့်ကောင်းယူ၍ ပြဿနာရှာလိုသူများရှိနေခဲ့ရာ သူ၏ဘေးတွင် ဓားသမားနှင့်လှံသမားသာ မရှိပါက သူသည် လမ်းခုလတ်၌ပင် သေဆုံးသွားခဲ့လောက်ပြီ ဖြစ်၏။

ထျယ်လင်ယွန်းသည် မူလက ထျန်းကျီးအမိန့်တော်ပြားကိစ္စကြောင့် လော့ချန်အိမ်တော်သို့လာရောက်ရန် ကြံစည်ထားသော်လည်း ဤသတင်းကို ကြားလိုက်ရပြီးနောက် လမ်းကြောင်းပြောင်း၍ ချန်ထျယ်ရှန်းကို သွားရောက်ကြိုဆိုခဲ့ရလေသည်။

ဤအရေးကြီးသောအချိန်တွင် ထျယ်လင်ယွန်း၏နှောင့်ယှက်မှုကို မခံရတော့သဖြင့် လော့ချန်အိမ်တော်အတွက် ဖိအားများစွာလျော့နည်းသွားခဲ့ချေသည်။

ထို့ကြောင့်ပင် ဝမ်ခိုင်ယွမ်က ချူချင်းကို အထူးတလည် တန်ဖိုးထားဆက်ဆံခြင်း ဖြစ်၏။

ပျန်းချန်က ပန်းပျိုလေး ဟွာကျင်နျန်းကို ဆက်လက်မိတ်ဆက်ပေးရာတွင်မူ အလွန်ပင် ပေါ့ပေါ့ပါးပါးပြောဆိုလိုက်၏။

"လမ်းမှာတွေ့တဲ့ မရိုးသားတဲ့သူတစ်ယောက်ပဲ... ငါတို့နဲ့အတူလိုက်ပြီး ပွဲကြည့်ချင်လို့တဲ့..."

ဟွာကျင်နျန်းမှာ ဒေါသထွက်လွန်းသဖြင့် အံကြိတ်နေမိသော်လည်း မတတ်နိုင်ရှာပေ။

ဝမ်ခိုင်ယွမ်လည်း ထိုစကားကိုကြားသောအခါ နားမလည်နိုင်ဖြစ်သွား၏။ မရိုးသားသောသူကို အဘယ်ကြောင့် ရိုက်မသတ်ဘဲ ခေါ်ဆောင်လာရသနည်း။

သို့သော် ရောက်လာသူမှာ ဧည့်သည်ဖြစ်သဖြင့် ဝမ်ခိုင်ယွမ်ကလည်း မည်သည့် ကြမ်းတမ်းသောစကားကိုမျှ မပြောခဲ့ချေ။

ချောင်ချိုးဖူကိုမူ မိတ်ဆက်ပေးရန် မလိုတော့ပေ။ သူ၏ဝတ်စားဆင်ယင်ပုံကိုကြည့်ရုံဖြင့် ဝမ်ခိုင်ယွမ်က မည်သူဖြစ်ကြောင်း သိရှိပြီးဖြစ်၏။

နောက်ဆုံးမှရှီမောက်ကိုမူ ချူချင်းက ထည့်သွင်းပြောကြားခြင်းမရှိပါက ဝမ်ခိုင်ယွမ်သည် သူ့ကို လှည်းမောင်းသမားတစ်ဦးဟုသာ ထင်မှတ်နေမည်ဖြစ်၏။

ကျန်းဟူလောကမှ လူအများ၏ ဝိုင်းဝန်းကြည့်ရှုမှုအောက်တွင် သူတို့သည် ဤတွေ့ဆုံမှုကို ပြီးမြောက်စေခဲ့ကြလေသည်။

All Chapters