← Chapters

အခန်း ၃၉

Vol. 4 Ch. 39

အခန်း ၃၉

Vol. 4 Ch. 39

🍅 Chapter 39

စုန့်ကျင်းဟွာလေးသည် မိခင်ဖြစ်သူကို စိတ်မပူစေလိုသဖြင့် ပြုံးပြုံးလေးဖြင့် ပြီးခဲ့သောရက်များအတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်လည်ပြောပြလေသည်။

သမီးဖြစ်သူကို မိခင်ထက် ပိုသိသူမရှိနိုင်ပေ။ သမီးဖြစ်သူက မိခင်ဖြစ်သူ စိတ်ပူမည်ကို စိုးရိမ်သဖြင့် တမင်သက်သက် ပေါ့ပေါ့တန်တန် ပြောနေခြင်းဖြစ်ကြောင်း ဝမ်ကွေ့ချင် မသိဘဲနေမည်လော။

သူမက ရေနွေးနွေးလေးယူလာကာ သမီးဖြစ်သူ၏ခန္ဓာကိုယ်ကို သေချာသုတ်ပေးပြီး အဝတ်အစားများ လဲလှယ်ပေးလိုက်လေသည်။

စုန့်ယင်ဟွာလေးက သူမ အစ်မဘေးတွင် နေကာ ပြီးခဲ့သောရက်များအတွင်း အိမ်တွင် ဖြစ်ပျက်ခဲ့သမျှကို ဖောက်သည်ချနေလေသည်။

ဝူယွီလန်၏ ဤရက်ပိုင်းအတွင်း အပြောင်းအလဲများကို ကြားလိုက်ရသောအခါ စုန့်ကျင်းဟွာလေးမှာ အလွန်အမင်း အံ့ဩသွားလေ၏။

“အဘွားက ငါတို့အပေါ် တကယ်ပဲ ဒီလောက်ကောင်းကောင်း ဆက်ဆံနေတာလား၊ ဆန်ကောင်းတွေနဲ့ ပြုတ်ထားတဲ့ ဆန်ပြုတ်ကိုတောင် တိုက်တယ်ပေါ့၊

ဒါတွေက ဦးလေး ၄ တစ်ယောက်ပဲ စားခွင့်ရှိတဲ့ဟာတွေလေ”

ဤရက်ပိုင်းအတွင်း စားသောက်ခဲ့ရသော အစားအစာများကို ပြန်လည်တွေးတောရင်း စုန့်ယင်ဟွာလေးသည်လည်း အိပ်မက်မက်နေသကဲ့သို့ ခံစားရလေသည်။

“အဘွားက ညီမတို့ကို ဆန်ပြုတ်တိုက်ရုံတင် မကဘူးနော်... အသားတွေ၊ ကြက်သားဟင်းချိုတွေပါ တိုက်သေးတာ”

စုန့်ကျင်းဟွာလေးမှာ အလွန်အမင်း အံ့ဩသွားပြီး သူမ၏ညီမလေးက နည်းနည်းလေး ပိုပြောနေခြင်းဖြစ်မည်ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

သူမ အဘွား မည်မျှကပ်စေးနှဲကြောင်း သူမ အသိဆုံးပင်မဟုတ်ပါလား။

အသားကို အသာထား... ဆန်ကောင်းဖြင့် ပြုတ်ထားသော ဆန်ပြုတ်လေး တစ်ခွက်တိုက်လျှင်ပင် ကျေးဇူးတင်ရမည်သာ ဖြစ်လေသည်။

“ဒါဆို ဦးလေး ၄ ကရော... အဘွားက ငါတို့ကို ဆန်သားအကောင်းနဲ့ပြုတ်ထားတဲ့ ဆန်ပြုတ်တွေ တိုက်တယ်ဆိုရင် ဦီးလေး ၄ က ဘာစားရတာလဲ”

စုန့်ကျစ်ရှုအကြောင်း ပြောလိုက်သည်နှင့် စုန့်ယင်ဟွာလေး၏မျက်လုံးများထဲတွင် အနည်းငယ် ဝမ်းသာအားရဖြစ်မှုများ ပေါ်လွင်လာခဲ့လေသည်။

“အစ်မ... အခု ဦးလေး ၄ ဘယ်ရောက်နေလဲဆိုတာ ခန့်မှန်းကြည့်ပါလား”

“ဦီးလေး ၄ အိမ်မှာ မရှိဘူးလား၊ စာသင်ကျောင်းများ သွားနေတာလား”

စုန့်ယင်ဟွာလေးက ခေါင်းခါယမ်းလိုက်လေသည်။

“အစ်မ ဘယ်လိုမှ ခန့်မှန်းလို့ရမှာ မဟုတ်ဘူး၊ အဘွားက ဦးလေး ၄ ကို ရောင်းစားလိုက်ပြီ”

“ရောင်းစားလိုက်တယ်... ဟုတ်လား”

စုန့်ကျင်းဟွာလေးသည် ထိုစကား၏အဓိပ္ပာယ်ကို နားလည်ရန် အချိန်အတန်ကြာအောင် ကြိုးစားခဲ့ရလေ၏။

စုန့်အာ့လန် တံခါးဝတွင်မှီလျက်ရပ်နေပြီး ချွမ်းနီလေးက သူ့ခြေထောက်ကို ဖက်ထားလေသည်။

“ဦးလေး ၄ က ချွမ်းနီကိုရောင်းစားချင်နေတာလေ၊ ဒါပေမဲ့ အဘွားသိသွားတော့ သူ့ကို သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်ဖို့ ရောင်းစားလိုက်တာ”

ချွမ်းနီလေး ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

“ဦးလေး ၄ က အရမ်းဆိုးတယ်၊ ချွမ်းနီကို ရောင်းစားချင်နေတာ”

“တကယ်လား... တကယ်ကြီးလား၊ အဘွားက သဘောတူလို့လား”

စုန့်ကျင်းဟွာလေးမှာ အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်နေလေသည်။

မည်သို့ပင်ဆိုစေ ဤမိသားစုအတွင်း ဦးလေး ၄ ၏နေရာမှာ မည်သူနှင့်မျှ မယှဉ်သာအောင် မြင့်မားလွန်းလှသည်မဟုတ်ပါလား။

တစ်ယောက်ယောက်က အဘွားက သူမကို ရောင်းစားလိုက်သည်ဟု ပြောလျှင်ပင် သူမ ယုံကြည်လိမ့်မည်။ သို့သော် ဦးလေး ၄ ကို ရောင်းစားလိုက်သည်ဟူသော စကားမှာ မည်သို့မျှ ဖြစ်နိုင်ချေမရှိပေ။

“အစ်မ မယုံရင် ဦးလေး ၄ အခန်းထဲ သွားကြည့်လေ၊ သူ့အဝတ်အစားတွေအကုန်လုံး သိမ်းပြီး သူဌေးလုအိမ်ကိုပို့လိုက်ပြီ”

“အဲဒီနေ့က ဦးလေး ၄ ကို အဘွားက တံမြက်စည်းအကြီးကြီးနဲ့ ရိုက်တာများလေ... တော်တော်ကို ရက်ရက်စက်စက်ပဲ”

စုန့်ကျင်းဟွာလေးသည် သူမ၏ ဒုတိယအစ်ကိုဖြစ်သူ စုန့်အာ့လန်ကို ကြည့်လိုက်မိ၏။

သူ့ မျက်ဝန်းများမှာ လေးနက်နေပြီး ဟန်ဆောင်နေသည့်ပုံမပေါ်ပေ။

“တကယ်ကြီးလား”

စုန့်တာ့လန်က အခန်းထဲသို့ ဝင်လာရင်း ပြောလိုက်လေသည်။

“အာ့လန် ပြောတာ အမှန်တွေချည်းပဲ၊ အဘွားက ဦးလေး ၄ ကို အရင်လို အရမ်းအလိုမလိုက်တော့ဘူး”

“ဦးလေး ၄ က အရူးတစ်ယောက်လို လုပ်နေတော့ အဘွားက သူ့ကို တံမြက်စည်းနဲ့ ဆုံးမရုံတင်မကဘူး၊ သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်ဖို့ပါ ပို့လိုက်တာ”

ထိုစကားများကို ကြားလိုက်ရသောအခါ စုန့်ကျင်းဟွာလေးမှာ အသက်ရှူမှားသွားလေသည်။

‘ဘုရားရေ... ငါ အိမ်မှာမရှိတဲ့အချိန်လေးအတွင်း အိမ်မှာ ဘာတွေများ ဖြစ်ပျက်သွားတာလဲ၊ အဘွားက ဦးလေး ၄ ကိုတောင် ရိုက်လိုက်တယ်ပေါ့’

စုန့်ကျင်းဟွာလေးအတွက် အံ့ဩစရာများ ဆက်ပြီးလာဦးမည်သာ။

“တာ့လန်... အာ့လန်... လာကြဦး၊ ဒီကြက်ကိုသတ်ရအောင်”

ဝူယွီလန်သည် ကြက်ခြံထဲမှ ကြက်တစ်ကောင်ကို ဖမ်းဆွဲလာပြီး ခြေထောက်များကို ကြိုးဖြင့်ချည်ကာ ရေဇလုံအနီးသို့ ပစ်ချလိုက်လေသည်။

တာ့လန်နှင့် အာ့လန်တို့က ထိုအသံကို ကြားသည်နှင့် ချက်ချင်းအပြင်သို့ ထွက်ကာ ကူညီပေးကြလေ၏။

စုန့်ကျင်းဟွာလေးသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမလည်း အပြင်သို့ထွက်ကာ ကူညီပေးလိုက်လေသည်။

သူမအနေဖြင့် ကြိုးကြိုးစားစား အလုပ်လုပ်ပြမှသာ အဘွားက သူမ၏တန်ဖိုးကို မြင်ပြီး နောက်တစ်ကြိမ် ထပ်မရောင်းစားတော့မည်မဟုတ်ပါလား။

စုန့်ကျင်းဟွာလေးကို မြင်လိုက်ရသောအခါ ဝူယွီလန် ဘာမှမပြောဘဲ သူမ၏ချက်ပြုတ်ရေးလုပ်ငန်းစဉ်များကိုသာ အရှိန်မြှင့်လိုက်လေသည်။

အိမ်တွင် ဟင်းသီးဟင်းရွက်များ သိပ်မရှိတော့ပေ။ ဝူယွီလန်က သူမ ယူလာသောအထုပ်ထဲတွင် မည်သည့်အရာများပါသည်ကို မည်သူကမျှ သတိမထားမိ ကြောင်း သိလိုက်ရသဖြင့် မီးဖိုချောင်ထဲသို့ဝင်ကာ တံခါးပိတ်လိုက်ပြီး ဆေးပညာကုန်တိုက်ထဲတွင် စားစရာများကို ရှာဖွေကြည့်ရှုလိုက်လေ၏။

‘ပဲကြာဆံ... တစ်ထုပ်ကို ကုန်တိုက်သုံးငွေကြေးနှစ်ပြား’

အိမ်တွင် ဂေါ်ဖီထုပ် ရှိနေသည်ကို သတိရလိုက်သဖြင့် ဝူယွီလန်သည် ပဲကြာဆံငါးထုပ်ကို သူမ၏ဈေးခြင်းထဲသို့ ထည့်လိုက်လေသည်။

‘ဝက်အူချောင်း၊ တရုတ်ဝက်အူချောင်း... ဒါတွေကလည်း ကောင်းတယ်၊ အကြာကြီး သိမ်းထားလို့ရတယ်’

သူမက ငါးကျင်းအလေးချိန်ရှိသော ဝက်အူချောင်း နှစ်ချောင်းကို ဈေးခြင်းထဲသို့ ထည့်လိုက်သည်။

ထို့နောက် ကွမ်တုံးစတိုင် ဝက်အူချောင်းငါးထုပ်ကိုပါ ထည့်လိုက်သည်။

တစ်ထုပ်လျှင် ဆယ်ချောင်းပါဝင်လေ၏။

ဆေးပညာကုန်တိုက်တွင် ယခုအခါ ကုန်တိုက်သုံးငွေကြေး ခြောက်ထောင်ကျော် ရှိနေပြီဖြစ်သည်။

ဝူယွီလန်သည် ကပ်စေးနှဲမနေတော့ဘဲ အချိန်အကြာကြီး သိမ်းဆည်းထားနိုင်သော အစားအစာများကို တွေ့သည်နှင့် ဈေးခြင်းထဲသို့ ထည့်လိုက်ရာ စုစုပေါင်း ကုန်တိုက်သုံးငွေကြေး သုံးရာကျော်ကုန်ကျသွားလေသည်။

မီးဖိုချောင် ဗီရိုထဲတွင်လည်း အစားအသောက်များ တစ်ဝက်ခန့် ပြည့်သွားပြီဖြစ်၏။

ပစ္စည်းများ ဝယ်ယူပြီးနောက် ဝူယွီလန်သည် ခြံဝင်းထဲသို့ ထွက်ကာ ဂေါ်ဖီထုပ်တစ်ထုပ်ကို ခူးလိုက်သည်။

ညစာအတွက် ကြက်သားစွပ်ပြုတ်၊ ဝက်သားသုံးထပ်သားဂေါ်ဖီထုပ်နှင့် ပဲကြာဆံ ရောနှပ်ထားသောဝက်အူချောင်း ပဲသီးစိမ်းကြော်တို့ကို ချက်ပြုတ်ရန် စီစဉ်ထားလေသည်။

လူတစ်ဒါဇင်ကျော်အတွက် ဟင်းသုံးခွက်ဆိုသည်မှာ အနည်းငယ် နည်းပါးနေသဖြင့် သူမ ပမာဏများများ ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

ဝူယွီလန်တစ်ယောက် ကြက်သတ်ကာ၊ ခြံဝင်းထဲမှ ဟင်းသီးဟင်းရွက်များခူးပြီး ခမ်းခမ်းနားနား ချက်ပြုတ်နေသည်ကို မြင်လိုက်ရသောအခါ စုန့်ကျင်းဟွာလေး၏မျက်လုံးများမှာ အပြင်ထွက်ကျမတတ် ပြူးကျယ်သွားရလေ၏။

“ညီမလေး... အဘွားက ဘာလို့ ကြက်ကို သတ်နေတာလဲ၊ ဥ ဥဖို့ ချန်ထားတာ မဟုတ်ဘူးလား၊ ပြီးတော့ ခြံထဲက ဒီဟင်းသီးဟင်းရွက်တွေကရော... အဘွားရောင်းဖို့ စိုက်ထားတာ မဟုတ်ဘူးလား”

“အရင်တုန်းကဆိုရင် ကြက်ကို သတ်ဖို့မပြောနဲ့ ကြက်ဥလေးတစ်လုံးလောက် မတွေ့ရရင်ကို အဘွားက လူသတ်ချင်နေတာ”

စုန့်ယင်ဟွာလေ နှုတ်ခမ်းသပ်လိုက်လေသည်။

“အဘွားက ခုနလေးတင် ပြောသွားတာလေ... အစ်မက အခုရက်ပိုင်းအတွင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ရတာဆိုတော့ အစ်မကို အားရှိအောင်လို့ ကြက်သားကျွေးမလို့ဆိုပဲ”

“ခြံထဲက ဟင်းသီးဟင်းရွက်တွေနဲ့ ပတ်သက်ပြီးတော့လည်း... အဘွားက ငါတို့ အဲဒါတွေကို မရောင်းတော့ဘူးတဲ့၊ ငါတို့ကိုယ်တိုင် စားဖို့အတွက် ချန်ထားမယ်လို့ပြောတယ်”

“ငါ့ကို အားရှိအောင်လို့လား...”

“အဘွားက ငါ့အတွက် သီးသန့် ကြက်သတ်ပေးတာပေါ့”

စုန့်ကျင်းဟွာလေး မျက်တောင်တဖျပ်ဖျပ် ခတ်သွားမိလေသည်။ အဘယ့်ကြောင့်များ ဤကိစ္စကို ယုံကြည်ဖို့ ဤမျှခက်ခဲနေရသနည်း။

အရင်တုန်းကဆိုလျှင် သူမကို ကြက်သားကျွေးဖို့နေနေသာသာ ကြက်ဥခွံလေးကိုပင် လျှာနှင့်လျက်ဖို့ အဘွားက ခွင့်မပြုခဲ့ပေ။

‘ဒါက ဦးလေး ၄ ပြန်လာတော့မှာမို့ ဖြစ်ရမယ်၊ ဒီအကြောင်းပြချက်ကလွဲပြီး တခြားမရှိနိုင်ဘူး’

သို့သော် စုန့်ကျင်းဟွာလေးမှာ မျှော်လင့်တကြီး စောင့်နေခဲ့သော်လည်း ညစာစားသည့် အချိန်ရောက်သည်အထိ စုန့်ကျစ်ရှု ပြန်ရောက်မလာသေးပေ။

“ဒုတိယအစ်ကို... ဦးလေး ၄ က ညစာစားဖို့ ပြန်မလာဘူးလား”

သူမက စုန့်အာ့လန်၏နားနားသို့ ကပ်ကာ တီးတိုးမေးလိုက်လေသည်။

စုန့်အာ့လန် ခေါင်းယမ်းလိုက်၏။

“ဦးလေး ၄ က အခု သူဌေးလုအိမ်မှာ အလုပ်ကြမ်းလုပ်နေရတာ၊ သူ အိမ်ပြန်လာလို့ မရဘူး”

စုန့်ကျင်းဟွာလေးသည် စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်ကာ မသိမသာ နှုတ်ခမ်းသပ်လိုက်မိလေသည်။

“ဒါဆို ဒီဟင်းတွေအားလုံးက ဘယ်သူ့အတွက်လဲ”

သူမ စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကြက်သားစွပ်ပြုတ်တစ်ပန်းကန်က သူမ၏ အရှေ့သို့ ရောက်ရှိလာလေသည်။

ဟင်းရည်ပေါ်တွင် ဝင်းလက်တောက်ပနေသော ကြက်ပေါင်ကြီးတစ်ချောင်းက အထူးပင် မျက်စိကျစရာကောင်းလှပေ၏။

စုန့်ကျင်းဟွာလေးမှာ လက်ချောင်းလေးများကို ဂနာမငြိမ်စွာ ပွတ်သပ်နေမိသည်။ စွပ်ပြုတ်ပန်းကန်ကို ယူလိုက်ချင်သော်လည်း အဆူခံရမည်ကို စိုးရိမ်သဖြင့် မတို့ဝံ့မထိဝံ့ ဖြစ်နေလေသည်။

“အဘွား... အဘွား လူမှားပေးလိုက်တာများလား”

ဝူယွီလန် ကြောက်ရွံ့တုံ့ဆိုင်းနေသော ကလေးမလေးကို တစ်ချက်ကြည့်လိုက်လေ၏။

“ငါ လူမှားမပေးပါဘူး... အဲဒါက နင့်အတွက်ပဲ၊ နင်က ဒီရက်ပိုင်းအတွင်း ဒုက္ခရောက်ခဲ့ရတာ၊ မြန်မြန်အားပြည့်လာအောင် ဒီကြက်ပေါင်ကို စားလိုက်”

ထိုသို့ပြောပြီးနောက် ဝူယွီလန် ကျန်သူများကို ကြည့်လိုက်လေသည်။

“မင်းတို့ ဘာမှကန့်ကွက်စရာမရှိကြဘူးမလား”

အခြားသူများမှာ စုန့်ကျင်းဟွာလေး ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များအတွက် အလွန်ပင် စိတ်မကောင်းဖြစ်နေကြရာ ကန့်ကွက်ရန် နေနေသာသာ သူတို့ဟာများပင် ခွဲပေးချင်နေသေး၏။

အားလုံး ချက်ချင်းခေါင်းယမ်းပြလိုက်ကြလေသည်။

All Chapters