← Chapters

အခန်း ၄၀

Vol. 4 Ch. 40

အခန်း ၄၀

Vol. 4 Ch. 40

🍅 Chapter 40

“သမီးအတွက်လား...”

စုန့်ကျင်းဟွာလေးသည် သူမ၏အရှေ့ရှိ ရွှေရောင်ဝင်းလက်နေသော ကြက်ပေါင်ကြီးကို ကြည့်ရင်း မျက်ဝန်းများထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေလေသည်။

ဝမ်ကွေ့ချင် မျက်ရည်များကို သုတ်လိုက်၏။

“လိမ္မာတယ် သမီးလေး... အဘွားက သမီးအတွက်လို့ပြောရင် သမီးအတွက်မို့လို့ပေါ့၊ အဘွားကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်လေ”

စုန့်ကျင်းဟွာလေး သူမ မိခင်ကို မျက်လုံးများဖြင့် မေးခွန်းထုတ်လိုက်လေသည်။

‘အမေ... သမီး ဒီကြက်ပေါင်ကို တကယ်စားလို့ရတာလားဟင်’

ဝမ်ကွေ့ချင် အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေ၏။

‘သေချာပေါက်ပေါ့’

မိခင်ဖြစ်သူ၏အတည်ပြုချက်ကို ရရှိပြီးမှသာ စုန့်ကျင်းဟွာလေးသည် ကြက်သားစွပ်ပြုတ်ပန်းကန်ကို ရဲရဲဝံ့ဝံ့ ကိုင်မြှောက်လိုက်ပြီး သတိကြီးစွာဖြင့် တစ်ငုံသောက်လိုက်လေသည်။

ကြက်သားစွပ်ပြုတ်၏ထူးခြားလှသော မွှေးပျံ့သည့်အရသာက သူမ၏ပါးစပ်တစ်ခုလုံးကို ပြည့်နှက်သွား၏။

ကြက်သားစွပ်ပြုတ်မှာလည်း စုန့်ကျင်းဟွာတစ်ယောက် သူမ လျှာကိုပါ ပြန်မျိုချချင်စိတ်ပေါက်သွားသည်အထိ အရသာရှိလွန်းလှပေသည်။

‘ဒါကြောင့်ကိုး၊ ကြက်သားစွပ်ပြုတ်က ဒီလောက်တောင် အရသာရှိတာလား’

သူမ စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိလေသည်။

ပန်းကန်ထဲရှိ ကြက်ပေါင်ကိုကြည့်ရင်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ ကြက်ပေါင်ကို ကောက်ကိုင်လိုက်လေ၏။

“အဘွား... သမီးက ကြက်ပေါင်မကြိုက်ဘူး၊ အဘွားပဲ စားလိုက်ပါ”

ဝူယွီလန် ထိုကလေးမလေးနှင့် အချိန်ဆွဲမနေချင်တော့ပေ။ သူမက တမင်သက်သက် မျက်နှာထားကို တင်းမာလိုက်လေသည်။

“ငါ နင့်ကို စားခိုင်းနေတယ်ဆိုရင် မြန်မြန်စားလိုက်၊ နင် ထပ်ပြီး တွန့်ဆုတ်နေမယ်ဆိုရင်တော့ ငါ နင့်ကို ရိုက်မိတော့မယ်”

စုန့်ကျင်းဟွာလေး၏လက်မှာ တုန်ယင်သွားပြီး ကြက်ပေါင်ပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရလေ၏။

သူမသည် နောက်ထပ်စကားတစ်ခွန်းမျှ မဟဝံ့တော့ဘဲ ကြက်ပေါင်ကို ပါးစပ်ထဲသို့ အလျင်စလို ထည့်လိုက်လေတော့သည်။

သူမက ကြက်ပေါင်ကို တစ်ကိုက်ကိုက်လိုက်ရာ နူးညံ့ပြီး ချောမွေ့လှသော ကြက်သားက သူမ၏ပါးစပ်တစ်ခုလုံး ပြည့်နှက်သွားလေသည်။ အရသာရှိလွန်းလှသဖြင့် သူမမှာ မျိုပင်မချရက်နိုင်အောင် ဖြစ်နေတော့၏။

သူမသည် အလွန်မြတ်နိုးတန်ဖိုးထားစွာဖြင့် အကိုက်သေးသေးလေးချင်း ကိုက်ကာ စားသုံးနေပြီးနောက်ဆုံးတွင် အရိုးကိုပါ ဝါးစားပြီး မျိုချချင်စိတ်ပေါက်လာသည်အထိပင် ဖြစ်လေသည်။

စုန့်ကျင်းဟွာလေးကိုကြည့်ရင်း ဝူယွီလန်၏ရင်ထဲတွင် သနားကြင်နာမှုများ ဖြစ်ပေါ်လာခဲ့လေသည်။ သူမက စကားသိပ်မပြောဘဲ ကလေးမလေးအတွက် ဟင်းများကိုသာ ဆက်တိုက်ထည့်ပေးနေလေ၏။

စုန့်ကျင်းဟွာလေးက ကြက်ပေါင်စားပြီးသွားသောအခါ အောက်သို့ငုံ့ကြည့်လိုက်ရာ သူမ၏ပန်းကန်ထဲတွင် ဟင်းများက တောင်တန်းလေးတစ်ခုပမာ မောက်နေအောင် ပုံနေသည်ကို တွေ့လိုက်ရလေသည်။

သူမက ဝူယွီလန်ကို မော့ကြည့်လိုက်သော်လည်း ဝူယွီလန်၏မျက်နှာထားမှာ ခံစားချက်ကင်းမဲ့နေပြီး သူမကို လုံးဝ ဂရုမစိုက်ချင်သကဲ့သို့ ဖြစ်နေလေသည်။

“ဘာလို့ ကြောင်ကြည့်နေတာလဲ... စားလေ”

ဝူယွီလန် စကားပြောပြီးနောက် အခြားသူများအတွက်လည်း ဟင်းများ ခပ်ထည့်ပေးလိုက်လေ၏။

“မင်းတို့တွေကကော ဘာလို့ မစားကြတာလဲ၊ ငါ့လက်ရာက မကောင်းဘူးလို့ ထင်နေကြတာလား”

ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးက တူများကို အသီးသီးလှမ်းယူလိုက်ကြပြီး တစ်ယောက်ထက်တစ်ယောက် အပြိုင်အဆိုင် စားသောက်ကြလေတော့သည်။

“အဘွား... အဘွားလက်ရာက သား စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ၊ သားအမြင်တော့ အဘွားရဲ့ဟင်းတွေက တောင်ပေါ်က ဟင်းလျာတွေနဲ့ ပင်လယ်စာတွေထက်တောင် ပိုကောင်းသေးတယ်”

ဝူယွီလန် လက်လှမ်းကာ စုန့်အာ့လန်၏နဖူးကို အသာအယာ ခေါက်လိုက်လေသည်။

“မင်းက ဒီမိသားစုတစ်ခုလုံးမှာ အချွဲဆုံးပဲ၊ မင်း ဘယ်သူနဲ့တူလို့ ဒီလောက် အပြောကောင်းနေရတာလဲမသိဘူး”

စုန့်အာ့လန် ရယ်မောလိုက်လေ၏။

“အဘွားနဲ့ တူတာပေါ့”

ဤစကားနှင့်ပတ်သတ်၍ ဝူယွီလန် ဘာမှပြန်မပြောသော်လည်း သူမ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့လေသည်။

“ကိုယ့်ထမင်းကိုသာ သေချာစားစမ်းပါ... စကားအရမ်းများမနေနဲ့”

စုန့်အာ့လန်၏စကားများကြောင့် ထမင်းစားဝိုင်းလေထုမှာ များစွာပေါ့ပါးသွားခဲ့လေသည်။

“အမေ... ကျင်းဟွာ့ကို ဘယ်လိုရှာတွေ့ပြီး ဘယ်လို ပြန်ရွေးလာခဲ့တာလဲဟင်”

ဝမ်ကွေ့ချင် မနေနိုင်တော့ဘဲ မေးလိုကမိလေ၏။

ဝူယွီလန် သူမ သိချင်နေသည့်အရာကို သိသဖြင့် အဖြစ်အပျက်တစ်ခုလုံးအား အတိုချုံး၍သာ ပြောပြလိုက်ပြီး လေးနက်သောအပိုင်းများကိုမူ ချန်လှပ်ထားခဲ့လေသည်။

သမီးဖြစ်သူ မည်မျှဒုက္ခရောက်ခဲ့ရကြောင်း ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်၏မျက်လုံးထဲမှ ပဲစေ့ခန့်ရှိသော မျက်ရည်ပေါက်ကြီးများ ကျဆင်းလာခဲ့လေသည်။

“ကဲပါ... အခု ပြန်ရောက်လာပြီဆိုတော့လည်း ကောင်းတာပေါ့”

“အခုကစပြီး ငါတို့မိသားစုထဲမှာ မျိုးဆက်တွေကို ရောင်းစားတာ ဝယ်စားတာတွေ ထပ်မရှိစေရဘူး၊ မင်းတို့ စိတ်အေးအေးသာထားကြ”

ဘေးတွင် ထိုင်နေသော ကျောက်လီကျွမ် တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေလေ၏။

“ဒုတိယချွေးမ... နင်လည်း စိတ်မပူပါနဲ့၊ မနက်ဖြန်ကျရင် ထုန်ဟွာကို ဘယ်နေရာမှာ ရောင်းလိုက်လဲဆိုတာ ငါတို့ အတူတူ သွားစုံစမ်းကြမယ်၊ ပြီးရင် ငါ သူ့ကို ပြန်ရွေးလာခဲ့ပါ့မယ်”

ယောက္ခမကြီး၏စကားကို ကြားလိုက်ရသောအခါ ကျောက်လီကျွမ်တစ်ယောက် အနည်းငယ် စိတ်အေးသွားလေသည်။

“ကျေးဇူးတင်ပါတယ် အမေ”

ဝူယွီလန် ခါးသက်စွာ ပြုံးလိုက်မ်လေသည်။ မူလပိုင်ရှင်၏အမှားများအတွက် သူမက မတရား အပြစ်တင်ခံနေရသည်မဟုတ်ပါလား။

“အရင်တုန်းက အမေ နင်တို့အပေါ် တကယ်ပဲ မတရားလုပ်ခဲ့မိပါတယ်၊ အခုကစပြီး မိသားစုလိုက် ဘဝကို ကောင်းကောင်းမွန်မွန်နေထိုင်ကြတာပေါ့”

ထမင်းစားပြီးသောအခါ အားလုံး ပန်းကန်များကို အလုအယက်သိမ်းဆည်းဆေးကြောကြလေသည်။

ဝူယွီလန်သည်လည်း တစ်နေ့လုံး ပင်ပန်းလာခဲ့ပြီဖြစ်သဖြင့် အနားယူရန်အတွက် သူမ အခန်းသို့သာ ပြန်သွားခဲ့လေ၏။

သူမ လှဲလျောင်းလိုက်ရုံရှိသေး တံခါးခေါက်သံကို ကြားလိုက်ရလေသည်။

“ဘယ်သူလဲ”

“အမေ... သားပါ”

စုန့်ကျစ်ယုံသည် သူ့ဇနီး ဝမ်ကွေ့ချင်၊ သမီး စုန့်ကျင်းဟွာတို့နှင့်အတူ တံခါးဝတွင် ရပ်နေလေသည်။ ဝူယွီလန် တံခါးဖွင့်ပြီး သူတို့ကို အထဲသို့ ဝင်ခွင့်ပြုလိုက်လေ၏။

ဘုတ်။

“အမေ”

စုန့်ကျစ်ယုံက မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး သူ့ဇနီးနှင့် သမီးတို့နှင့်အတူ ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်အထိ အကြိမ်ကြိမ် ဦးချကန်တော့ကြလေသည်။

“ထကြတော့... မင်းတို့ ဘာတွေလုပ်နေကြတာလဲ”

ဝူယွီလန်မှာ သူတို့ကို တားဆီးရန်ပင် အချိန်မမီလိုက်ပေ။

“အမေ... ကျင်းဟွာ့ကို ပြန်ရွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ နောင်ကို အမေ သူတို့ကို ထပ်မရောင်းစားတော့သရွေ့ သားက အမေ့အတွက် တာဝန်ကျေတဲ့ သားကောင်းတစ်ယောက် ဖြစ်ပါ့မယ်လို့ ကောင်းကင်ကြီးကိုတိုင်တည်ပြီး ကျိန်ဆိုပါတယ်”

စုန့်ကျစ်ယုံ ခိုင်မာပြတ်သားစွာ ပြောလိုက်လေသည်။

“ဒါပေမဲ့ အမေက သားကို အသိမပေးဘဲ ကျင်းဟွာ ဒါမှမဟုတ် ယင်ဟွာကို နောက်ထပ်တစ်ကြိမ် ထပ်ရောင်းစားမယ်ဆိုရင်တော့...”

သူက အံတင်းတင်းကြိတ်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည့်အလား နောက်ထပ်တစ်ကြိမ် ဦးချကန်တော့လိုက်ပြန်လေသည်။

“အဲဒီအခါကျရင်တော့... သား မိုက်ရိုင်းတယ်ဆိုပြီး သားကို အပြစ်မတင်ပါနဲ့တော့”

သမီးဖြစ်သူ ပျောက်ဆုံးနေခဲ့သည့် ရက်များအတွင်း သူ့နှလုံးသားမှာ နေ့စဉ်နှင့်အမျှ ဆင်းရဲဒုက္ခများ ခံစားနေခဲ့ရ၏။

သူသည် မိမိ၏သတ္တိကြောင်မှုကိုလည်း ရင်ထဲအသည်းထဲမှ မုန်းတီးမိလေသည်။ အကယ်၍ သူသာ အရင်က မိဘကို မျက်ကန်းတစ္ဆေအလိုမလိုက်ခဲ့လျှင် သူ့သမီးမှာ မိခင်ဖြစ်သူ၏တိတ်တဆိတ် ရောင်းစားခြင်းကို ခံရမည်မဟုတ်ပေ။

“မင်း ဒီလိုတွေးနိုင်တာကို ငါ အရမ်းဝမ်းသာပါတယ်၊ စုန့်မိသားစုရဲ့ ယောက်ျားတွေက တာဝန်သိစိတ်ရှိရမယ်၊ ကိုယ့်ဇနီးနဲ့ သားသမီးကိုတောင် မကာကွယ်နိုင်ဘူးဆိုရင် မင်းက ဘယ်လိုယောက်ျားမျိုးလဲ”

“နောင်တစ်ချိန်မှာ အမေက မင်းတို့ကို တကယ်ပဲ မတရားလုပ်ခဲ့မယ်ဆိုရင် မင်းတို့ဘက်က လွတ်လွတ်လပ်လပ် ပြန်လည်တုံ့ပြန်ခွင့် ရှိပါတယ်၊

သားသမီးဝတ္တရားဆိုတာနဲ့ ပတ်သက်ပြီး ပြောရရင် လူကြီးမိဘတွေမှာ ကိုယ်ကျင့်တရား မရှိဘူးဆိုရင် သားသမီးတွေကလည်း ဝတ္တရားကျေပွန်နေစရာမလိုပါဘူး”

စုန့်ကျစ်ယုံသည် ရင်းနှီးကျွမ်းဝင်နေသော ထိုမျက်နှာကိုကြည့်လိုက်ရာ အလွန်တရာမှ သူစိမ်းဆန်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

သူ့အရှေ့ရှိ ပုဂ္ဂိုလ်မှာ သူသိထားသော မိခင်နှင့်လုံးဝမတူတော့ပေ။ သူမ အမူအရာမှာ ချမ်းသာကြွယ်ဝသော အိမ်ကြီးရှင်မတစ်ဦးနှင့် ပိုတူနေလေသည်။

ဝူယွီလန်ကမူ စုန့်ကျစ်ယုံ၏အကြည့်များကို မြင်လိုက်ရသောအခါ ရင်တစ်ချက်တုန်သွားကာ အနည်းငယ် ထိတ်လန့်သွားလေ၏။

“ကဲပါ... တခြားဘာမှမရှိရင် ပြန်ပြီး စောစောနားကြတော့လေ”

သူတို့ ထွက်သွားသည်ကိုကြည့်ရင်း ဝူယွီလန်သည် နောက်ဆုံးတွင်တော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်သွားလေတော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် အစိုးရရုံးမှ လူတစ်ယောက် ရောက်ရှိလာလေသည်။

“ခွင့်ပြုပါ... ဒီအိမ်က သမားတော်ဝူ... ဝူယွီလန်ရဲ့ အိမ်များလားခင်ဗျာ”

စုန့်အာ့လန်က တံခါးကို ဖွင့်ပေးလိုက်သည်။ မနေ့က ဝူယွီလန်မှ အစိုးရအရာရှိတစ်ဦး ရောက်လာနိုင်ကြောင်း ပြောပြထားသဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းမရှိပေ။

အစိုးရအရာရှိက သူ့အဘွားအား ‘သမားတော်ဝူ’ ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသောအခါ သူက ခေါင်းကုတ်လိုက်ရင်း တီးတိုးရေရွတ်လိုက်လေသည်။

“အဘွားက ဘယ်တုန်းက သမားတော်ဖြစ်သွားတာလဲ”

သံသယများ ရှိနေသော်လည်း စုန့်အာ့လန်သည် အချိန်ဆွဲမနေဝံ့ပေ။

“ဟုတ်ပါတယ်၊ ကျွန်တော့်အဘွား နာမည်က ဝူယွီလန်ပါ၊ ခဏစောင့်ပါဦး၊ ကျွန်တော် သွားခေါ်လိုက်ပါ့မယ်”

သူ နောက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဝူယွီလန် အလျင်အမြန် လျှောက်လာသည်ကို တွေ့လိုက်ရလေ၏။

“အဘွား... ဒီအစိုးရအရာရှိက အဘွားကိုရှာနေတာ”

ဝူယွီလန် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီး တံခါးဝသို့ လျင်မြန်စွာ လျှောက်သွားလိုက်လေသည်။

“ကျွန်မက ဝူယွီလန်ပါ”

All Chapters