အခန်း ၂၀၂
Vol. 21 Ch. 202
အခန်း (၂၀၂) ဒီလောက်ကောင်းတဲ့အရာကို...၊ စောစောက ပြောရမှာပေါ့...
သို့သော်လည်း လက်ရှိတွင်မူ သူ့အနေဖြင့် နောက်ဆုံးနည်းလမ်းအဖြစ် ကာယကံရှင်ကိုသာ မေးမြန်း ကြည့်ရန် တတ်နိုင်တော့သည်။
“ပြောစမ်း...၊ မင်း အလျှော့ပေးဖို့အတွက် ဘာလိုအပ်လဲ...။”
မည်သို့မျှ မတုံ့ပြန်ဘဲ နေမြဲတိုင်း နေနေသည့် ရှဲ့ခွန်းမှာ ထိုစကားကို ကြားသောအခါ ဆက်လက်၍ ဂရု မစိုက်ဟန် ပြရန် ပြင်လိုက်၏။ ထိုစဉ် သူ၏ ဦးနှောက်ထဲသို့ ကောင်းမွန်သော အကြံတစ်ခု ရုတ်တရက် ဖြတ်ခနဲ ပေါ်လာခဲ့လေသည်။
“မင်းက ငါ့ကို အညံ့ခံစေချင်တာလား...။ ဒါဆိုရင် အပြင်ကိုထွက်ပြီး ဒီလို ကောက်ကျစ်တဲ့ နည်းလမ်း တွေ သုံးမယ့်အစား တကယ့် လက်နက်ချင်း ယှဉ်ပြီး ငါ့ကို အနိုင်တိုက်ပြစမ်းပါလေ...။”
ရှဲ့ခွန်း၏ စကားမှာ အညံ့ခံရန် ကြိုးပမ်းခြင်း မဟုတ်ပေ။ ထိုသို့ပြောရခြင်းမှာ လွတ်မြောက်ရန် အခွင့် အရေး ရှာဖွေလိုခြင်းနှင့် လိုအပ်ပါက မိမိကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးကာ တစ်ယောက်ယောက်ကို အဖော်ခေါ်သွားရန် ရည်ရွယ်ခြင်းသာ ဖြစ်ပေသည်။
လင်းဖန်က သူ၏ အတွေးများကို သဘာဝကျကျပင် ရိပ်မိလိုက်လေ၏။
“ဟဲ...၊ မင်းကို အနိုင်တိုက်ရမယ် ဟုတ်လား...။ မင်းကိုယ်မင်း အတော်ကြီး အစွမ်းထက်နေတယ်လို့ ထင်နေတာလား...။ မင်းကို အလွယ်တကူ အနိုင်ယူနိုင်တဲ့သူ ငါ့ဆီမှာ လေးယောက်တောင် ရှိတယ်...။”
ထိုစကားကို ကြားလိုက်ရသောအခါ ရှဲ့ခွန်းမှာ တကယ်ပင် မကျေမနပ် ဖြစ်သွားလေတော့သည်။
“ဟားဟား...၊ ရယ်စရာပဲ...။ လေးယောက်တောင်ဟုတ်လား...။ မင်း တစ်ယောက်လောက်ကိုပဲ ရှာတွေ့ နိုင်ရင်တောင် ငါ အထင်ကြီးမိမှာပါ...။”
“ကဲ ပြောစမ်းပါဦး...၊ အဲဒီ လေးယောက်က ဘယ်သူတွေလဲ...။ သေဖို့ လက်တစ်ကမ်းပဲ လိုတော့တဲ့ အသုံးမကျတဲ့ လျိုပိုင်ချွမ်းလည်း အဲဒီထဲမှာ ပါသေးတာလား...။”
မိမိအား အထင်အမြင်သေးခြင်း ခံလိုက်ရသည်ကို မြင်သောအခါ လျိုပိုင်ချွမ်းသည် သူ၏ ဟန်ဆောင် မှုများကို ချက်ချင်းပင် ရပ်တန့်လိုက်တော့သည်။
“ငါက အသုံးမကျတဲ့သူ ဟုတ်လား...။ ငါ့သခင်က မင်းရဲ့ ပါရမီကို နှမြောလို့သာ မသတ်ခိုင်းတာ...။ မဟုတ်ရင် မင်းကို ငါ အသေသတ်လိုက်တာ ကြာပြီ...။ မင်း ယုံလား...။”
စကားပြောရင်းဖြင့် ဒဏ်ရာအပြင်းအထန် ရနေဟန်ဆောင်ထားသော လျိုပိုင်ချွမ်းမှာ ချက်ချင်းပင် အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားလေသည်။ ပြီးပြည့်စုံသော အင်မော်တယ် ခန္ဓာကိုယ်၏ အရှိန်အဝါကိုလည်း ရှဲ့ခွန်းထံသို့ တိုက်ရိုက် ထုတ်ဖော်ပြလိုက်၏။
မိမိရှေ့မှ လုံးဝ အခြားလူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားသည့် လျိုပိုင်ချွမ်းကို ကြည့်ကာ ရှဲ့ခွန်းမှာ မိမိမျက်စိကိုပင် မိမိ မယုံကြည်နိုင် ဖြစ်သွားရလေတော့သည်။
“မင်း... မင်း...၊ မင်းက ငါ့ရှေ့မှာ သရုပ်ဆောင်နေတာလား...။ ခဏနေဦး မင်းရဲ့ အင်မော်တယ် ခန္ဓာကိုယ် က တကယ်ပဲ ပြန်လည် ကောင်းမွန်သွားတာလား...။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။”
ရှဲ့ခွန်း၏ အံ့အားသင့်နေသော မျက်နှာထားကို ကြည့်ကာ လင်းဖန်က ပြုံးလျက် ပြောလိုက်လေသည်။
“ဟားဟား...၊ ဘယ်လိုလဲ...။ အင်မော်တယ် ခန္ဓာကိုယ်ကို အပြည့်အဝ ပိုင်ဆိုင်ထားတဲ့ ဒီအင်မော်တယ် က မင်းကို အနိုင်ယူနိုင်ပါ့မလား...။”
“ငါ့ဆီမှာ အဲဒီလို အင်မော်တယ် နောက်တစ်ယောက်လည်း ရှိသေးတယ်...။”
လျိုပိုင်ချွမ်းက အင်မော်တယ် ခန္ဓာကိုယ်ကို မည်သို့ ပြန်လည် ပြုပြင်လိုက်သည်ကို သူ နားမလည်သော် လည်း ယခုအချိန်တွင် အကျဉ်းသားတစ်ဦး ဖြစ်နေသဖြင့် မေးမြန်းနေရန် အချိန်မရှိပေ။
“ဟွန့်...၊ မင်းက နှစ်ယောက်ရှိတယ်လို့ ပြောတိုင်း ရှိတာလား...။ မင်းမှာ အင်မော်တယ် နှစ်ယောက် ရှိတယ်ပဲ ထားဦး...။ ကျန်တဲ့ နှစ်ယောက်ကကော ဘယ်သူတွေလဲ...။”
ထိုအခါ လင်းဖန်က ရှီလင်းကို ညွှန်ပြလိုက်လေ၏။
“ဟောဒီမှာ...။ သူမက ငါ့ရဲ့ ကိုယ်ရံတော်ပဲ...။ မင်းကို အနိုင်ယူဖို့ဆိုတာ သူမအတွက်တော့ အသေးအဖွဲ ပါပဲ...။”
ထို့နောက် လင်းဖန်က မိမိကိုယ်ကိုယ် ညွှန်ပြလိုက်ပြန်သည်။
“နောက်ပြီး ငါလည်း ရှိသေးတယ်...။ ငါသာ တကယ် အတည်တကျ လုပ်ပြီဆိုရင် ငါ့ကိုယ်ငါတောင် ကြောက်မိတယ်...။ မင်းလို ကျဆုံးအင်မော်တယ် တစ်ယောက်ကို ကိုင်တွယ်ဖို့က ငါ့အတွက် အေးဆေး ပဲ...။”
လင်းဖန်၏ စကားကို ကြားသောအခါ ရှဲ့ခွန်းက အကျယ်ကြီး ရယ်မောလိုက်လေသည်။
“ဟားဟားဟား...၊ မင်း နောက်နေတာလား...။ သူမလို အတိဒုက္ခအဆင့် အထွတ်အထိပ် ကျင့်ကြံသူ တစ်ယောက်က ငါ့ကို အနိုင်ယူမယ် ဟုတ်လား...။”
“ပိုပြီး ရယ်ရတာကတော့ မင်းပဲ...။ အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ယောက်ကများ...၊ ငါတို့သာ အပြင်မှာဆိုရင် မင်းကို ငါ လက်တစ်ဖက်တည်းနဲ့ ရှင်းပစ်လိုက်လို့ ရတယ်...။”
လင်းဖန် ပြန်မပြောရသေးမီမှာပင် မိမိသခင် အလှောင်ပြောင် ခံလိုက်ရသည်ကို မြင်သော လျိုပိုင်ချွမ်း မှာ ချက်ချင်းပင် ရှေ့သို့ တိုးလာခဲ့လေသည်။
“ပါးစပ်ပိတ်ထားစမ်း...။ ငါ့သခင်ကို ဤသို့ စော်ကားရဲတယ်ဟုတ်လား...။ မင်း တကယ်ပဲ သေချင်နေ တာပဲ...။”
လင်းဖန်က လျိုပိုင်ချွမ်းကို စိတ်မလောရန် လက်ကာပြလိုက်၏။
“ဟဲဟဲ...၊ ငါ့ရဲ့ ကိုယ်ရံတော်က ကျဆုံးအင်မော်တယ် တစ်ယောက် မဟုတ်ပေမဲ့ ခန္ဓာကိုယ်နဲ့ ရှေးဟောင်းစိတ်ဝိညာဉ်အပေါ် တိုက်ခိုက်မှု မှန်သမျှကို လျစ်လျူရှုနိုင်တယ်...။”
“ပြီးတော့ သူမလက်ထဲက နတ်ဘုရားသတ်နှင်တံက ရှေးဟောင်းစိတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့ သီးသန့် ပြုလုပ်ထားတာ...။ အဲဒီ ခံစားချက်ကို မင်းကိုယ်တိုင်လည်း သိမှာပါ...။”
“မင်းက ခေါင်းမာပြီး ဘာမှ မပြောပေမဲ့ မင်းရဲ့ ရှေးဟောင်းစိတ်ဝိညာဉ်ကတော့ အခုအချိန်မှာ တော် တော်လေး ခံစားနေရမှာပဲ...။”
“သူမက မင်းရဲ့ တိုက်ခိုက်မှုအားလုံးကို ဂရုမစိုက်နိုင်ပေမဲ့ မင်းရဲ့ ရှေးဟောင်းစိတ်ဝိညာဉ်ကကော သူမရဲ့ ရိုက်ချက် ဘယ်နှစ်ချက်ကို ခံနိုင်မှာတဲ့လဲ...။”
လင်းဖန်၏ စကားများကြောင့် ရှီလင်းအပေါ် ထားရှိသည့် ရှဲ့ခွန်း၏ မျက်နှာထားမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာလေတော့သည်။ အကယ်၍ လင်းဖန် ပြောသည့်အတိုင်းသာ မှန်လျှင် သူသည် ရှီလင်း၏ လက်ချက်ဖြင့် အရိုက်ခံရပြီး တဖြည်းဖြည်းချင်း သေဆုံးသွားပေလိမ့်မည်။
ရှီလင်းအကြောင်း ပြောပြီးနောက် လင်းဖန်က မိမိကိုယ်ကိုယ်ဘက်သို့ စကားလမ်းကြောင်း ပြန်လှည့် လိုက်လေသည်။
“ငါနဲ့ ပတ်သက်လို့ကတော့...။ ဟဲဟဲ...၊ မင်း ငါ့ကို အညံ့ခံပြီးရင် မင်းကို ငါ့ကို စိန်ခေါ်ဖို့ အခွင့်အရေး တစ်ခု ပေးမယ်...။”
“အချိန်ကိုက်ပါပဲ...။ ငါ တကယ် မတိုက်ခိုက်ဖြစ်တာလည်း တော်တော်ကြာပြီ...။ မင်းနဲ့ တိုက်ခိုက်ရင်း ငါ အသေအချာ ပြင်ဆင်ထားတဲ့ တိုက်ခိုက်ရေး ပုံစံတွေကို ထုတ်ဖော်ပြသရမှာပေါ့...။”
လင်းဖန်က အတည်ပြောနေခြင်း ဖြစ်သည်။ သူသည် မိမိ၏ အစွမ်းကို သက်သေပြရန်အတွက် တစ်စုံ တစ်ယောက်နှင့် ပွင့်ပွင့်လင်းလင်း ယှဉ်ပြိုင် တိုက်ခိုက်လိုနေခြင်း ဖြစ်၏။ မဟုတ်လျှင် သူသည် နောက် ကွယ်မှ တိုက်ခိုက်ခြင်းနှင့် ချုံခိုတိုက်ခိုက်ခြင်းကိုသာ သိသည်ဟု လူများက အထင်လွဲသွားပေလိမ့်မည်။
ထိုအချိန်တွင် ရှဲ့ခွန်းသည် လင်းဖန်၏ စကားကို နားထောင်ပြီး လေးလေးနက်နက် စဉ်းစားနေခဲ့ပေ သည်။ ခဏအကြာတွင် ရှဲ့ခွန်းက ရုတ်တရက် တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်၏။
“ငါ အညံ့ခံဖို့က မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး...။ ဒါပေမဲ့ ငါ့ကို တိုက်ရိုက် အနိုင်ယူရမှာအပြင်ကို လျိုပိုင်ချွမ်းက အင်မော်တယ် ခန္ဓာကိုယ်ကို အပြည့်အဝ ပြန်လည်ပြုပြင်နိုင်တဲ့ လျှို့ဝှက်ချက်ကို ငါ့ကို ပြောပြရမယ်...။”
“သူသာ အဲဒီလျှို့ဝှက်ချက်ကို ပြောပြမယ်ဆိုရင် ငါ့ကို အနိုင်ယူဖို့ ကိစ္စက ငါ အညံ့ခံပြီးတဲ့အထိ စောင့်လို့ ရတယ်...။”
ထိုစကားကို ကြားရသောအခါ လင်းဖန်၏ မျက်လုံးများ ဝင်းလက်သွားသည်။
*ဒီလောက် အလွယ်တကူ အလျှော့ပေးလိုက်တာလား...။ တကယ်ကို ရုတ်တရက်ကြီးပါပဲလား။*
“ကောင်းပြီ...။ မင်းကိုယ်တိုင် ပြောတာဆိုတော့ အတည်ပဲနော်..။. အင်မော်တယ် ခန္ဓာကိုယ်ကို ပြုပြင် တာက လျှို့ဝှက်ချက် မဟုတ်ပါဘူး...။ ငါက သူ့အတွက် အင်မော်တယ်ဆေးလုံး တစ်လုံး သန့်စင် ပေး လိုက်တာပဲ...။”
“ဒါ့အပြင် မင်း ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီးရင် မင်းအတွက်လည်း အဲဒီလို ဆေးလုံးတစ်လုံး ငါ သန့်စင်ပေးဦးမှာပါ...။”
ရှဲ့ခွန်းမှာ ထိုစကားကြောင့် မျက်လုံးများ ပြူးကျယ်သွားရလေတော့သည်။
“ဟား...၊ တကယ်ပဲလား...။ အဲဒါကို ဘာလို့ စောစောက မပြောရတာလဲ...။”
“ဒီလောက်ကောင်းတဲ့ ကိစ္စကို စောစောက ပြောခဲ့ရင် ငါ အစောကြီးကတည်းက အညံ့ခံလိုက်မှာပေါ့ ကွ...။”
လင်းဖန်မှာ ထိုစကားကြောင့် မကျေမနပ် ဖြစ်သွားရလေ၏။
“ဒီကောင်ကတော့...၊ မင်းက ငါ့ကို ပြန်အပြစ်တင်နေတာလား...။ စောစောက မင်းရဲ့ ကြမ်းတမ်းတဲ့ ပုံစံ ကြီးနဲ့ဆိုရင် မင်းက အင်မော်တယ် ခန္ဓာကိုယ် ပြန်ကောင်းဖို့ကို ဒီလောက်အထိ ဂရုစိုက်မယ်လို့ ဘယ်သူ က ထင်မှာလဲ...။”
ထိုအခါ ရှဲ့ခွန်းသာမက ကျန်သည့်လူများပါ လင်းဖန်ကို ဝိုင်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံး များက “ကျွန်တော်တို့အားလုံး ဂရုစိုက်ကြပါတယ်” ဟု ပြောနေသကဲ့သို့ပင်။
“မင်းတို့က ငါ့ကို ဘယ်လို မျက်လုံးတွေနဲ့ ကြည့်နေကြတာလဲ...။ အင်မော်တယ် ခန္ဓာကိုယ် ပြည့်စုံဖို့ ဆိုတာက ဒီလောက်အထိ ဆွဲဆောင်မှု ရှိတာကို ဘာလို့ ငါ့ကို စောစောက သတိမပေးကြတာလဲ...။”
ထိုအခါ လူတိုင်းက စိတ်မကောင်းဟန်ဖြင့် ပြောလိုက်ကြလေသည်။
“သခင်...၊ ကျွန်တော်တို့က သခင်မှာ အင်မော်တယ် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်နိုင်တဲ့ အဖိုးတန် ဆေးလုံးတွေ မရှိတော့ဘူးလို့ ထင်နေကြတာပါ...။ အဲဒါကြောင့် သူ့ကို အဲဒါနဲ့ မဆွဲဆောင်ခဲ့တာပါ...။”
လင်းဖန်မှာ ဆွံ့အသွားရတော့သည်။
*နောက်ဆုံးတော့လည်း သူ့အပြစ်ပဲ ဖြစ်သွားရတာလား…။*
“ကောင်းပြီလေ...၊ အခုတော့ မရှိတော့ဘူး...။ ဒါပေမဲ့ ငါ ထပ်ပြီး သန့်စင်လို့ ရတာပဲလေ...။”
“ရှဲ့ခွန်း...၊ မဟုတ်လား...။ နောက်ထပ် ကျွန်ပြုတာကို မခုခံနဲ့တော့...။ ငါ မင်းကို အောင်မြင်အောင် ကျွန်ပြုပြီးတာနဲ့ မင်းရဲ့ အင်မော်တယ် ခန္ဓာကိုယ်ကို ပြုပြင်ပေးမယ့် ဆေးလုံးတစ်လုံး သန့်စင်ပေးမယ် လို့ ငါ အာမခံတယ်...။”
“ငါ လိမ်မယ်လို့ မစိုးရိမ်ပါနဲ့...။ နောက်ဆုံးတော့ မင်းက ငါ့ရဲ့ လက်အောက်ငယ်သား ဖြစ်လာမှာပဲလေ... ။ မင်းရဲ့ အစွမ်းတွေ တိုးတက်လာတာက ငါ့အတွက်လည်း ကောင်းတဲ့အရာပဲ...။”
လင်းဖန်၏ အာမခံချက်ကို ရရှိပြီးနောက် ရှဲ့ခွန်းမှာ ခဏမျှသာ တုံ့ဆိုင်းနေပြီး သဘောတူလိုက်လေ သည်။
“ကောင်းပြီ...၊ စလိုက်ကြတာပေါ့...။”
ထို့နောက် ခဏတာအတွင်းမှာပင် ရှဲ့ခွန်းကို အောင်မြင်စွာ ကျွန်ပြုနိုင်လိုက်ပေတော့သည်။
“သခင်...။”
အောင်မြင်စွာ ကျွန်ပြုခံလိုက်ရသဖြင့် ရှဲ့ခွန်းမှာ “သခင်” ဟု ရိုသေစွာ ခေါ်လိုက်ပြီးနောက် ဘာမှတော့ ထပ်မပြောတော့ပေ။
လက်ရှိ အခြေအနေအရ သူသည် ကျွန်ပြုခံလိုက်ရသော်လည်း သူ၏ သစ္စာစောင့်သိမှုမှာ လျိုပိုင်ချွမ်း တို့လောက် မမြင့်မားသေးပေ။ ဖြစ်နိုင်သည်မှာ သူ၏ စိတ်ထဲတွင် တစ်ခုခု ရှိနေသောကြောင့် ဖြစ်ပေ လိမ့်မည်။
ဥပမာအားဖြင့်...၊ သူ့ကို တိုက်ရိုက် အနိုင်ယူရန်နှင့် အင်မော်တယ် ခန္ဓာကိုယ် ပြုပြင်ရန် ကိစ္စမျိုးပင်။
“ဟုတ်ပြီ...။ မင်းအတွက် အင်မော်တယ်ဆေးလုံးကို ငါ မကြာခင် သန့်စင်ပေးမယ်...။ ဒါပေမဲ့ အဲဒီ မတိုင်ခင် ပိုပြီး အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ရဦးမယ်...။”
ရှဲ့ခွန်း၏ ဝေခွဲမရဖြစ်နေသော ပုံစံကို ကြည့်ကာ လင်းဖန်က တည်ငြိမ်စွာ ပြောလိုက်လေသည်။
“ငါ ခုနက ပြောခဲ့တာကို မင်း မေ့သွားပြီလား...။ မင်းအတွက် ငါ့ကို စိန်ခေါ်ဖို့ အခွင့်အရေး ပေးမယ်လို့ ပြောခဲ့တယ်လေ...။”
ထိုစကားကို ကြားသောအခါ ရှဲ့ခွန်းမှာ ပျာပျာသလဲ ဖြစ်သွားလေတော့သည်။
“သခင်...၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ...။ ခုနက ကျွန်တော်က ကျေးဇူးကန်းမိခဲ့တာပါ...။ ကျွန်တော်က သခင့်ကို ဘယ်လိုလုပ် လက်ဖျားနဲ့တောင် တို့ဝံ့ပါ့မလဲ...။”
သို့သော် လင်းဖန်ကမူ သူ့ကို အလွယ်တကူ လွှတ်မပေးပေ။
“ဟွန့်...၊ နောက်ကျသွားပြီ...။ မင်း အခု ငါနဲ့ တိုက်ရမယ်...။ ဘာလဲ...၊ မင်းက ငါ့ကို သခင်အဖြစ် အသိ အမှတ်ပြုပြီးတာနဲ့ ငါ့ရဲ့ အမိန့်ကို ဖီဆန်ချင်နေတာလား...။”
လင်းဖန်က ဇွတ်အတင်း ခိုင်းစေနေသဖြင့် ရှဲ့ခွန်းလည်း “ကျွန်တော်မျိုး မဝံ့ရဲပါဘူး” ဟု အမြန်ပင် ရိုသေစွာ ပြောလိုက်ရတော့သည်။
ထို့နောက် လင်းဖန် ဦးဆောင်မှုဖြင့် လူတိုင်းသည် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေထဲမှ ထွက်လာခဲ့ကြ လေသည်။
ကွင်းပြင်တစ်ခုတွင် လင်းဖန်နှင့် ရှဲ့ခွန်းတို့ ရင်ဆိုင်ရပ်လိုက်ကြပြီး ကျန်သည့်လူများမှာမူ အဝေးမှ စောင့်ကြည့်နေခဲ့ကြ၏။ သူတို့သည်လည်း လင်းဖန်၏ အစစ်အမှန် စွမ်းအားကို အလွန် စိတ်ဝင်စားနေ ကြသည်ပင်။
ပထမအကြိမ် အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးက ကျဆုံးအင်မော်တယ် တစ်ဦးကို တိုက်ရိုက် အနိုင်ယူနိုင်လိမ့်မည်ဟု ဘာကြောင့် ဤမျှလောက် ယုံကြည်မှု ရှိနေရသနည်း ဆိုသည်ကို သူတို့ သိချင်နေကြလေတော့သည်။