← Chapters

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း ၂၀၄

Vol. 21 Ch. 204

အခန်း (၂၀၄) ငါ့ရဲ့အရာတွေကို ပြန်ယူရမယ့်အချိန် ရောက်ပြီ…

[တကယ်ပြောတာပါ...၊ တိုက်ခိုက်ရေးနည်းစနစ်တွေကို သုတေသနလုပ်ပြီး အချိန်ဖြုန်းနေမယ့်အစား စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အလွယ်တကူ ဝယ်လိုက်ရင် မပြီးဘူးလား...။]

“ဟွန့်... မင်း ဘာသိမှာလဲ။ ငါက ခဏခဏ တိုက်ခိုက်နေတာလည်း မဟုတ်ဘူး...။ ဘာလို့ အဲဒီအတွက် ပိုက်ဆံအလဟဿ အကုန်ခံရမှာလဲ...။”

“နောက်ပြီး နောင်ကျရင် ငါ့မှာ ကျွန်ပြုထားတဲ့လူတွေ ပိုများလာမှာပဲလေ...။ အဲဒီအခါကျရင် ငါက လက်ဖျားနဲ့တောင် တို့စရာ မလိုတော့ဘူးလေ...။”

“ပိုပြီး အရေးကြီးတာက အခုဝယ်တဲ့ ဂါထာတွေက အင်မော်တယ်ဘုံကို ရောက်သွားတဲ့အခါကျရင် ခေတ်နောက်ကျပြီး အသုံးမဝင်တော့တာမျိုး ဖြစ်သွားနိုင်တယ်...။”

“ဟင်းလင်းပြင်တံခါးနဲ့ သုံးဘီးစက်ဘီးလို အကွက်တွေကတော့ ငါ ပိုပြီး အစွမ်းထက်လာလေလေ သူတို့ကလည်း ပိုပြီး စွမ်းအားကြီးလာလေလေပဲ မဟုတ်လား...။”

[ပိုင်ရှင်ပြောတာကို တစ်စက်ကလေးမှ မယုံဘူး။ ခေတ်နောက်ကျမှာကို စိုးရိမ်တာ ဟုတ်လား...၊ ပိုင်ရှင့် ကြည့်ရတာ ကပ်စေးနှဲနေတာပဲ နေမှာပါ...။]

[အင်မော်တယ်ဘုံကို ရောက်သွားရင်တောင် ပိုင်ရှင်ကတော့ အင်မော်တယ် နည်းဗျူဟာတွေကို ဝယ်မှာ မဟုတ်ဘူးဆိုတာ ငါ လောင်းရဲတယ်...။]

စနစ်က မိမိ၏ အတွင်းစိတ်ကို ဖော်ထုတ်လိုက်သောအခါ လင်းဖန်က ခပ်ဟဟ ရယ်မောလိုက်လေ၏။

“ဟဲဟဲ...၊ အင်မော်တယ်ဘုံကို ရောက်သွားရင် ခရမ်းရွှေနတ်နဂါးထီးနဲ့ နတ်နဂါးဓားတွေက စွမ်းရည် အသစ်တွေ ထပ်ပြီး ရလာနိုင်တာပဲလေ...။”

“နတ်နဂါးထီး သုံးဘီးစက်ဘီး အပါအဝင် အဲဒီ ငါးမျိုးဆက်စုံရဲ့ စွမ်းရည်တွေက ဘယ်လို မှော်အတတ် ထက်မဆို ပိုပြီး အစွမ်းထက်မှာ သေချာတယ်...။”

[...ငါ သိသားပဲ...]

မှော်အတတ်များအကြောင်းကို ဆက်မပြောတော့ဘဲ လင်းဖန်က စကားလမ်းကြောင်း ပြောင်းကာ သူ နောက်ထပ် လုပ်ဆောင်မည့် အစီအစဉ်များကို စတင် ပြောဆိုလေတော့သည်။

“အရင်က ငါ့ရဲ့ စွမ်းရည်တွေကို ငါ သေချာ မသိခဲ့ဘူး...။ ဒါပေမဲ့ ဒီနေ့ စမ်းသပ်ပြီးတဲ့နောက်မှာတော့ ငါ့ကိုယ်ငါ ပိုပြီး နားလည်သွားပြီ...။”

“ငါ့ရဲ့ အပိုင်ဖြစ်တဲ့ အရာတွေကို ပြန်ယူရမယ့်အချိန် ရောက်ပြီပေါ့...။”

[ဘာ... ဘယ်သူကများ အရှင့်ရဲ့ ပစ္စည်းတွေကို သိမ်းထားပြီး ပြန်မပေးဘဲ နေရဲတာလဲ...။ ငါလဲ မသိပါ လား...။]

“ဟေး...၊ ထျန်းယွမ်မြို့ကို မင်း မေ့သွားပြီလား...။”

“ကျုံးကျိုးကို ငါ စရောက်တုန်းက သတင်းအချက်အလက်တွေ စုဆောင်းပြီး ပြောခဲ့တာ ရှိသားပဲ...။”

“ကျုံးကျိုးမှာ အကြီးဆုံးဖြစ်ပြီး ဘယ်သူမှ မပိုင်ဆိုင်သေးတဲ့ ထျန်းယွမ်မြို့ကြီးက ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွက် ပြင်ဆင်ထားတဲ့ မြို့ကြီး မဟုတ်လား...။”

“အဲဒီတုန်းက ထျန်းယွမ်မြို့ကို ဟင်းလင်းပြင်မြို့ အဖြစ် ပြောင်းလဲပစ်ရမယ်လို့ ငါ ပြောခဲ့တယ်လေ...။”

“အရင်က ငါ့ရဲ့ စွမ်းအားကို ငါ မယုံကြည်ခဲ့လို့ ဘာမှ မလှုပ်ရှားခဲ့တာ...၊ အခုတော့ အချိန်တန်ပြီ...။”

[ကောင်းပါပြီလေ...၊ ပိုင်ရှင် ပျော်သလိုသာ လုပ်ပါတော့...။]

သို့သော်လည်း ထျန်းယွမ်မြို့သို့ မသွားမီ လက်ရှိ အခြေအနေများကို အရင် ကိုင်တွယ်ရန် လိုအပ်သေး သည်။ ထို့ကြောင့် စနစ်နှင့် စကားပြောပြီးနောက် လင်းဖန်သည် အလုပ်ရှုပ်သွားတော့၏။

ပထမဆုံးအနေဖြင့် သူသည် ရှဲ့ခွန်းကို တစ်ယောက်တည်း ခေါ်တွေ့ကာ အင်မော်တယ် ခန္ဓာကိုယ် ပြန်လည် ဖြည့်တင်းပေးနိုင်သည့် အင်မော်တယ်ဆေးလုံးကို ပေးလိုက်လေသည်။

ထို့နောက် အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် လင်းရှောင်းဂိုဏ်းတို့ကို ဝိညာဉ်ကြောများ တည်ရှိရာ နေရာ များကို မှတ်သားခိုင်းလိုက်၏။ ဤသို့ လုပ်ဆောင်ခြင်းမှာ ရွှမ်းမင်ဂိုဏ်း၏ ဝိညာဉ်ကြောများကို ဝါးမြိုပြီး နောက် သူတို့၏ ဝိညာဉ်ကြောများကိုပါ ဆက်လက် ဝါးမြိုရန် လွယ်ကူစေရန် ဖြစ်သည်။

ထို့ပြင် လင်းဖန်သည် သူတို့အတွက် မြင့်မြတ်နယ်မြေအတွင်း၌ ကျင့်ကြံရန် နေရာများစွာကိုလည်း သတ်မှတ်ပေးခဲ့လေသည်။ ယခုမှစ၍ ကျင့်ကြံခြင်းနှင့် ဆက်စပ်သည့် လုပ်ငန်းဆောင်တာ အားလုံးကို မြင့်မြတ်နယ်မြေအတွင်း၌သာ လုပ်ဆောင်ရမည် ဖြစ်လေသည်။ သူတို့၏ ဂိုဏ်းများကိုမူ ပေါ်ယံ အကာ အကွယ်အဖြစ်သာ ထားရှိတော့မည် ဖြစ်၏။

တစ်ရက်အကြာတွင် လင်းဖန်သည် ဂိုဏ်းအသီးသီးမှ ဘိုးဘေးသုံးဦးကို ဆင့်ခေါ်လိုက်သည်။ မိမိရှေ့ရှိ ပြီးပြည့်စုံသော အင်မော်တယ် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားသည့် ကျဆုံးအင်မော်တယ် သုံးဦးကို ကြည့်ကာ လင်းဖန်သည် ပို၍ ယုံကြည်မှု ရှိလာတော့သည်။ ဤကဲ့သို့သော အင်အားဖြင့်ဆိုလျှင် မြင့်မြတ်နယ်မြေကြီးများနှင့်ပင် ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

“သခင်...၊ ဘာတွေများ အမိန့်ရှိလိုပါသလဲ...။”

ပထမဆုံး စကားပြောလာသူမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ကျောက်ဝူယာ ဖြစ်သည်။ လင်းဖန်က ရှဲ့ခွန်းကို အနိုင်ယူပြပြီးနောက်တွင် ကျောက်ဝူယာသည် မိမိ၏ ခေါ်ဝေါ်မှုကို ပြောင်းလဲကာ လင်းဖန် အား “သခင်” ဟု စတင် ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်သည်။

လင်းဖန်ကလည်း အားလုံးကို ထိုသို့ပင် ခေါ်ဝေါ်စေခဲ့၏။ မဟုတ်လျှင် အချို့က “ဆရာ”၊ အချို့က “သခင်” ဟု ခေါ်နေကြပါက အတော်လေး ရှုပ်ထွေးသွားပေလိမ့်မည်ပင်။

“ငါ မင်းတို့ကို ခေါ်လိုက်တာက ငါတို့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေရဲ့ နောင်လာမယ့် ဖွံ့ဖြိုးတိုး တက်ရေး လမ်းစဉ်ကို ပြောပြချင်လို့ပဲ...။”

“ငါတို့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက အဓိက ဘာလုပ်ငန်းတွေ လုပ်လဲဆိုတာ မင်းတို့ သိလား...။”

လင်းဖန်၏ မေးခွန်းကို ကြားသောအခါ တစ်ယောက်နှင့်တစ်ယောက် တုံ့ပြန်ပုံချင်း မတူကြပေ။

“သခင်...၊ ကျွန်တော်တို့ မြင့်မြတ်နယ်မြေက...၊ ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလား...။”

ပထမဆုံး ဖြေလိုက်သူမှာ လျိုပိုင်ချွမ်း ဖြစ်သည်။ အမှန်စင်စစ် သူ ပြောချင်သည်မှာ “ဓားပြတိုက်ခြင်း” ဟု ဖြစ်သော်လည်း အသံထွက်၍ မပြောဝံ့ပေ။ ထို့ကြောင့် “သယ်ယူပို့ဆောင်ရေး” ဟူသည့် စကားလုံး ကိုသာ သုံးလိုက်ရခြင်း ဖြစ်၏။ သူတစ်ပါး အိမ်ကို ပြောင်သလင်းခါအောင် လုပ်ပြီး ဝိညာဉ်ကြောတွေ ကို ဟင်းလင်းပြင်ထဲ ရွှေ့တာက အိမ်ပြောင်းပေးတာနဲ့ မတူဘူးလား။

ထိုအခါ လင်းဖန်က ခေါင်းခါလိုက်ပြီး ရှဲ့ခွန်းကို ကြည့်လိုက်လေသည်။ ခဏကြာသည်အထိ ရှဲ့ခွန်းက စကားမပြောသဖြင့် သူသည် ရှဲ့ခွန်းမှာ အင်မော်တယ်ဆေးလုံး သောက်ထားသဖြင့် ဘေးထွက်ဆိုးကျိုး များ ရှိနေဆဲ ဖြစ်ကြောင်း သတိရသွားခဲ့လေသည်။

“ဪ...၊ ငါ မေ့သွားတယ်...။ မင်း စကားပြောလို့ မရသေးဘူးပဲ...။”

“ဒါပေမဲ့ ရပါတယ်...၊ သူတို့ရဲ့ အတွေ့အကြုံအရဆိုရင် ဘေးထွက်ဆိုးကျိုးက တစ်ရက်၊ နှစ်ရက်လောက် ပဲ ကြာမှာပါ။ မင်း မနက်ဖြန်ဆိုရင် စကားပြောလို့ ရမှာပါ...။”

“အခုလောလောဆယ်တော့ စိတ်ချင်းဆက်သွယ်ပြီး စကားပြောလို့ ရပါတယ်...။”

“ထားလိုက်ပါတော့...၊ မင်းက မြင့်မြတ်နယ်မြေထဲကို အခုမှ ရောက်တာဆိုတော့ ဘာမှ သိဦးမှာ မဟုတ် ဘူး...။ ခန့်မှန်းမနေပါနဲ့တော့...။”

ပြောရင်းဖြင့် လင်းဖန်က စကားမပြောရသေးသည့် ကျောက်ဝူယာဘက်သို့ လှည့်ကြည့်လိုက်၏။ လင်းဖန် မိမိကို ကြည့်နေသည်ကို မြင်သောအခါ ကျောက်ဝူယာက ချက်ချင်းပင် ပြောလိုက်သည်။

“သခင်...၊ ကျွန်တော်တို့ မြင့်မြတ်နယ်မြေက ဆေးလုံးတွေနဲ့ ရတနာတွေ ရောင်းတာ မဟုတ်လား...။ လီချန်းချင်းတို့ ပြောတာ ကျွန်တော် ကြားဖူးပါတယ်...။”

သို့သော် ဤအဖြေကိုလည်း လင်းဖန်က ခေါင်းခါပြလိုက်ပြန်လေသည်။

“အဲဒါက အပြည့်အစုံ မဟုတ်သေးဘူး...။ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးလုံး၊ ရတနာ ရောင်းတဲ့ လုပ်ငန်း တွေက ငါတို့ မြင့်မြတ်နယ်မြေ လုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်...။”

“ဒါ့အပြင် တယ်လီပို့ အစီအရင် လုပ်ငန်းတွေ၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ စတာတွေလည်း ရှိသေးတယ်...။”

“ဒါပေမဲ့ ဒီလုပ်ငန်းတွေကို ချဲ့ထွင်ချင်တယ်ဆိုရင် ငါတို့မှာ ဆိုင်ခန်းတွေ အများကြီး လိုမယ်လို့ မင်းတို့ မထင်ဘူးလား...။”

လင်းဖန် စကားဆုံးသွားသောအခါမှ ထိုသုံးဦးမှာ လင်းဖန် သူတို့ကို ဘာကြောင့် ခေါ်လိုက်သည်ကို နားလည်သွားကြလေတော့သည်။

“သခင်က ဆိုင်ခန်းတွေ ပိုပြီး ဖွင့်ချင်တယ်လို့ ဆိုလိုတာလား...။”

ထိုအခါ လင်းဖန်က သူတို့ သုံးဦးကို သဘောကျဟန်ဖြင့် ကြည့်လိုက်လေ၏။

“မှန်တယ်...၊ မင်းတို့ ဂိုဏ်းသုံးဂိုဏ်းအောက်မှာ ရှိတဲ့ မြို့တွေနဲ့ ဆိုင်ခန်းတွေတင် မဟုတ်ဘူး...။”

“ငါ လိုချင်တာက ငါတို့ရဲ့ ဆိုင်ခန်းတွေကို ကျုံးကျိုး တစ်ခုလုံးသာမက ကျန်တဲ့ ဒေသ လေးခုလုံးမှာပါ ပျံ့နှံ့သွားဖို့ပဲ...။”

“အဲဒီနောက် ဆိုင်တိုင်းမှာ ဟင်းလင်းပြင်တံခါး တစ်ခုစီ ငါ ထားပေးမယ်...။”

“ဒါဆိုရင် တယ်လီပို့ အခကြေးငွေတွေက အများကြီး ရလာမှာ မဟုတ်ဘူးလား...။”

“ဒါ့အပြင် တယ်လီပို့ လုပ်တဲ့လူတွေ များလာလေလေ ဆိုင်ထဲမှာ ရှိတဲ့ ဆေးလုံးတွေနဲ့ မှော်ရတနာတွေရဲ့ အရောင်းအဝယ်ကလည်း ပိုပြီး ကောင်းလာလေလေ ဖြစ်မှာပဲ...။”

“ဒါတင်မကသေးဘူး...၊ ဆိုင်တွေမှာ ကြော်ငြာဆိုင်းဘုတ်တွေ ချိတ်ထားပြီး တခြားလုပ်ငန်းတွေနဲ့ မိတ်ဆက်ပေးတာက အားလုံးအတွက် အကျိုးရှိစေမှာပါ...။”

“ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငါတို့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက မကြာခင်မှာ ထျန်းယွမ် တိုက်ကြီးရဲ့ နံပါတ်တစ် အင်အားစု ဖြစ်လာမှာ သေချာတယ်...။”

လင်းဖန်၏ စကားများကို နားထောင်ရင်း လျိုပိုင်ချွမ်းနှင့် ကျန်နှစ်ဦး၏ မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပလာတော့သည်။ တခြားအရာတွေကို ခဏထားဦး...၊ လင်းဖန် ပြောသည့် တယ်လီပို့ အစီ အရင် လုပ်ငန်းတစ်ခုတည်းနှင့်တင် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက် လှပေသည်။

သို့သော် လျိုပိုင်ချွမ်းက ပြဿနာတစ်ခုကို စဉ်းစားမိပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေ၏။

“သခင်...။ ကျွန်တော်တို့ ဒီလိုပုံစံနဲ့ ဖွံ့ဖြိုးလာရင် မြင့်မြတ်နယ်မြေကြီး လေးခုက မကျေမနပ် ဖြစ်မလာ နိုင်ဘူးလား...။”

“တကယ်လို့ သူတို့က ကျွန်တော်တို့ကို ပြန်ပြီး တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ...။”

ထိုအခါ ကျောက်ဝူယာကလည်း ဝင်ပြောလိုက်လေသည်။

“ဟုတ်ပါတယ်...။ မြင့်မြတ်နယ်မြေကြီး လေးခုက ကျုံးကျိုးကို အုပ်ချုပ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတော့ သူတို့ရဲ့ အရင်းအမြစ်က တော်တော်လေး နက်ရှိုင်းနေတာ...။ ဂိုဏ်းအတော်များများ ကလည်း သူတို့နောက်မှာ ရှိနေကြတယ်...။”

“အဲဒီအချိန်ကျရင် အခက်အခဲတွေ အများကြီး ရှိလာမှာကို ကျွန်တော် စိုးရိမ်မိပါတယ်...။”

သူတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ လင်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေ၏။

“ဟွန့်...၊ သူတို့သာ ပြဿနာမရှာရင် ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ထျန်းယွမ်တိုက်ကြီးမှာ နံပါတ်တစ် အင်အားစု ဖြစ်လာလိမ့်မယ်...။”

“တကယ်လို့ သူတို့က ပြဿနာရှာလာရင်တော့ ငါ့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေက ထျန်းယွမ်တိုက် ကြီးရဲ့ တစ်ခုတည်းသော အင်အားစု ဖြစ်လာမှာပေါ့...။”

လင်းဖန် ထိုသို့ ပြောလိုက်သောအခါ လျိုပိုင်ချွမ်းနှင့် ကျန်နှစ်ဦးမှာ အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

*ဘာကို ဆိုလိုတာလဲ... ထျန်းယွမ်တိုက်ကြီးပေါ်မှာ ရှိသမျှ အင်အားစု အားလုံးကို ဝါးမြိုပစ်မလို့လား..။*

သို့သော် လင်းဖန်နှင့် ပတ်သက်သည့် အံ့သြဖွယ်ရာများကို ပြန်လည် စဉ်းစားကြည့်လိုက်သည့်အခါ ထိုအရာမှာ တကယ် ဖြစ်နိုင်ကြောင်း သူတို့ တွေးမိလိုက်ကြလေသည်။

“သခင်...၊ ဒါဆို ကျွန်တော်တို့ အရင်ဆုံး လက်ဦးမှု ယူလိုက်ရင်ကော ဘယ်လိုလဲ...။”

“ဟုတ်ပါတယ်...။ မြင့်မြတ်နယ်မြေကြီး လေးခုက တိုက်ခိုက်မှု မစခင် သူတို့အောက်မှာ ရှိတဲ့ အင်အားစု တွေကို တစ်ခုပြီးတစ်ခု ရှင်းပစ်ရအောင်...။ ပြီးမှ မြင့်မြတ်နယ်မြေကြီး လေးခုကို တဖြည်းဖြည်းချင်း ဝါးမြိုသွားကြတာပေါ့...။”

သူတို့၏ ထက်သန်လှသော အကြံဉာဏ်များကို ကြားသောအခါ လင်းဖန်မှာ အနည်းငယ် အံ့သြသွားရ လေသည်။ သို့သော် ဤအကြံဉာဏ်မှာ နောက်ဆုံးတွင် လက်တွေ့ ဖြစ်လာမည် မှန်သော်လည်း ယခု အချိန်မှာတော့ မဟုတ်သေးပေ။

“ဟေး...၊ မလောပါနဲ့ဦး...၊ မလောပါနဲ့ဦး...။ ငါက နာမည်ရော ဂုဏ်ရော ရချင်တဲ့ လူမျိုးပါ...။”

“ငါတို့က အရင်စပြီး တိုက်ခိုက်ရင် ငါတို့ရဲ့ ဟင်းလင်းပြင် မြင့်မြတ်နယ်မြေအတွက် နာမည်ပျက် ဖြစ် မသွားဘူးလား...။”

“ငါတို့က ကိုယ်ကျင့်တရား အစဉ်အလာအရ အသာစီးရတဲ့ နေရာမှာ ရှိနေရမယ်...။ သူတို့က ငါတို့ကို အရင် လာပြီး ပြဿနာရှာမှ ငါတို့က ပြန်ပြီး ကိုင်တွယ်ရမှာပေါ့...။”

လင်းဖန်၏ စကားများကြောင့် ထိုသုံးဦးမှာ လင်းဖန်သည် အတော်လေး ဟန်ဆောင်ကောင်းသူ တစ် ယောက်ပင်ဖြစ်ကြောင်း စိတ်ထဲမှ ခံစားလိုက်ရသည်။ သို့သော် လင်းဖန်ကိုမူ ထိုသို့ ပြောရန် မည်သူမျှ မဝံ့ရဲကြပေ။

All Chapters