← Chapters

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း ၂၀၅

Vol. 21 Ch. 205

အခန်း (၂၀၅) ဒုတိယအကြိမ် အတိဒုက္ခအဆင့်သို့ တက်လှမ်းခြင်းနှင့် ရတနာစိတ်ဝိညာဉ် နိုးထလာခြင်း

လင်းဖန်သည် ထိုသုံးဦး၏ မျက်နှာအမူအရာကို ကြည့်ကာ သူတို့ ဘာတွေးနေသည်ကို ခန့်မှန်းမိလိုက် သည်။

“ဟဲဟဲ...၊ စိတ်မပူပါနဲ့။ သူတို့ ငါ့ဆီကို ပြဿနာ လာရှာအောင် လုပ်ဖို့ နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိပါတယ်...။”

“ပိုက်ဆံရှာတာက တစ်ပိုင်း၊ နာမည်ကျော်ဖို့က တစ်ပိုင်းပဲ။ အဲဒီနှစ်ခုလုံးကို ရနိုင်မယ့် အခွင့်အရေး ရှိနေမှတော့ ဘာလို့ နာမည်ကို အပျက်ခံမလဲ...။”

အမှန်စင်စစ် လင်းဖန် လက်ရှိတွင် ဘာမှမလှုပ်ရှားသေးခြင်းမှာ နာမည်ဂုဏ်သတင်း တစ်ခုတည်း အတွက် မဟုတ်ချေ။ ၎င်းသည် ဟင်းလင်းပြင် မြင့်မြတ်နယ်မြေ၏ ဝါးမြိုခြင်း စွမ်းရည်နှင့်လည်း သက်ဆိုင်နေပေသည်။ ဝါးမြိုခြင်း စွမ်းရည် ပေါ်လာကတည်းက လင်းဖန်သည် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးကို တိုက်ရိုက် ဝါးမြိုပစ်ရန် စဉ်းစားခဲ့ဖူးပေသည်။

*ငါ့မှာသာ အဲဒီအစွမ်းရှိရင် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးကို မြင့်မြတ်နယ်မြေထဲ ဝါးမြိုထည့်လိုက် မှာပေါ့။ ဒီလို အစွမ်းမျိုး ရှိနေမှတော့ ဘာလို့ တစ်ခုချင်းစီ လိုက်ရှင်းနေတော့မှာလဲ….။*

သို့သော် ထိုအရာများမှာ အနာဂတ်အတွက်သာ ဖြစ်လေသည်။ လက်ရှိတွင် ဝါးမြိုခြင်း နှုန်းမှာ အတော် လေး နှေးကွေးနေသေး၏။ ထို့ကြောင့် မြင့်မြတ်နယ်မြေ၏ အစာခြေနိုင်စွမ်းကို ဝိညာဉ်ကြောများက ထောက်ပံ့ပေးနိုင်ရန် သေချာအောင် လုပ်ဖို့သာ လိုအပ်သည်။ မည်သို့ပင်ဆိုစေ ထိုအင်အားစုများ၏ ဝိညာဉ်ကြောများသည် ထိုနေရာတွင်ပင် ရှိနေပြီး အနှေးနှင့်အမြန် သူ၏အပိုင် ဖြစ်လာမည် ဖြစ်သဖြင့် မလောတော့ပေ။

“ကဲ...၊ ငါပြောချင်တာ အဲဒါပါပဲ...။”

“နောက်ပြီး မင်းတို့ဂိုဏ်းက ကျင့်ကြံသူတွေကို ကျုံးကျိုးမှာ ရှိတဲ့ မြို့အသီးသီးကို လွှတ်လိုက်ကြ...။”

“မြို့တိုင်းမှာ အနည်းဆုံး ငါတို့ရဲ့ ဟင်းလင်းပြင် ဆိုင် တစ်ဆိုင်စီ ရှိနေဖို့ ငါတို့ သေချာအောင် လုပ်ရ မယ်...၊ ဖြစ်နိုင်ပါ့မလား...။”

လင်းဖန်၏ ညွှန်ကြားချက်ကို ကြားသောအခါ ထိုသုံးဦးမှာ ချက်ချင်းပင် နာခံလိုက်ကြလေ၏။

“ဟုတ်ကဲ့ပါ သခင်...၊ ကျွန်တော် ဒီတာဝန်ကို အောင်မြင်အောင် လုပ်ဆောင်မယ်လို့ အာမခံပါတယ်...။”

“စိတ်ချပါ သခင်...၊ ဒီလောက် အသေးအဖွဲ ကိစ္စလေးကိုတောင် မလုပ်နိုင်ရင် ကျွန်တော်တို့ ခေါင်းကိုပဲ ဖြတ်ပစ်လိုက်ပါတော့...။”

သူတို့၏ စကားများကို ကြားသောအခါ လင်းဖန်မှာ အလွန်ကျေနပ်သွားပြီး ဆက်လက်၍ မေးမြန်းလိုက် လေသည်။

“အင်း...၊ ငါမှတ်မိသလောက်တော့ ထျန်းယွမ်မြို့ကို မြင့်မြတ်နယ်မြေကြီးတွေနဲ့ အဆင့်ကိုး ဂိုဏ်းတွေ က ပူးတွဲ အုပ်ချုပ်ကြတာ မဟုတ်လား။ ဒါဆို မင်းတို့ရဲ့ ဆိုင်တွေလည်း ထျန်းယွမ်မြို့မှာ ရှိမှာပေါ့...။”

ထိုသုံးဦးက ခေါင်းညိတ် ထောက်ခံလိုက်သည်ကို မြင်သောအခါ လင်းဖန်က ဆက်ပြောလိုက်လေ၏။

“ငါ နောက်ထပ် ထျန်းယွမ်မြို့ကို သွားမယ်။ အဲဒီမှာ ရှိတဲ့ မင်းတို့ရဲ့ ဆိုင်ခွဲတွေကို ကြိုပြီး သတင်းပို့ထား လိုက်ကြ...။”

“အဲဒီအချိန်ကျရင် ထျန်းယွမ်မြို့မှာ ရှိတဲ့ မင်းတို့ရဲ့ လုပ်ငန်းတွေကို ငါ လွှဲပြောင်းယူမယ်...။”

ထိုအခါ လျိုပိုင်ချွမ်းက ပြဿနာတစ်ခုကို စဉ်းစားမိသွားလေသည်။

“သခင်...၊ ထျန်းယွမ်မြို့က တော်တော်လေး ဝေးတဲ့အတွက် အဲဒီမှာ ရှိတဲ့ တပည့်တွေကို စိတ်ဝိညာဉ် ထိန်းချုပ်ဆေးလုံး ပေးဖို့ အချိန်မရသေးဘူး ဖြစ်နေပါတယ်...။”

ထိုပြဿနာကို ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်က အကြံတစ်ခု ရလိုက်လေ၏။

“အဲဒါက လွယ်ပါတယ်...၊ ဂိုဏ်းကနေ စိတ်ဝိညာဉ် စွမ်းအား မြှင့်တင်ပေးမယ့် ဆေးလုံးတွေ ဝေပေး မယ်၊ နောက်ရက်တွေမှာ တစ်ယောက်ယောက်က လာပို့ပေးမယ်လို့ပဲ သူတို့ကို သတင်းပို့ထားလိုက်...။”

“ငါ အဲဒီကို ရောက်တဲ့အခါ သူတို့ကို တန်းပြီး တိုက်လိုက်မှာပေါ့...။”

ဤနေရာတွင် လင်းဖန်က ကျောက်ဝူယာကို သီးသန့် ကြည့်လိုက်လေသည်။ အကြောင်းမှာ အင်မော် တယ်တိမ်တိုက်ဂိုဏ်းမှ တပည့်များသည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံးကို သောက်စရာ မလိုသော ကြောင့် ဖြစ်လေ၏။

“ထျန်းယွမ်မြို့မှာ ရှိတဲ့ မင်းရဲ့ တပည့်တွေကော သစ္စာဆိုပြီးပြီလား...။”

လင်းဖန် မိမိကို ကြည့်နေသည်ကို မြင်သောအခါ ကျောက်ဝူယာက အမြန်ပင် ပြန်ဖြေလိုက်သည်။

“သခင်...၊ ကျွန်တော်တို့ အုပ်စုလိုက် မြင့်မြတ်နယ်မြေထဲ ဝင်လာတုန်းက အပြင်ရောက်နေတဲ့ တပည့် အားလုံးကို သတင်းပို့ခဲ့ပါတယ်...။”

“သူတို့ အားလုံးက ဆက်သွယ်ရေး ကျောက်စိမ်းပြားကနေတစ်ဆင့် သစ္စာဆိုချက်ကို အသံထွက်ပြီး ဖတ်ခဲ့ကြပါတယ်...။”

ထိုစကားကို ကြားသောအခါ လင်းဖန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ...၊ လောလောဆယ်တော့ ဒီလောက်ပါပဲ။ မင်းတို့ အလုပ်ပြန်လုပ်ကြတော့...၊ ငါ ထျန်းယွမ် မြို့ကို သွားတော့မယ်...။”

ထိုအခါ ထိုသုံးဦးမှာ ဆိုင်ခန်းများ စီစဉ်ရန်အတွက် လှည့်ထွက်သွားကြတော့သည်။ လင်းဖန်လည်း သူ၏ သုံးဘီးစက်ဘီးကို ထုတ်ကာ ခရီးထွက်ရန် ပြင်လိုက်၏။ သို့သော် ထိုစဉ်မှာပင် စနစ်၏ အသိ ပေးသံက ထွက်ပေါ်လာခဲ့လေသည်။

[ဒင်... ထိပ်တန်း ဝိညာဉ်ကြောကို ဝါးမြိုခြင်း ပြီးဆုံးပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်...။ ပိုင်ရှင်က ဒုတိယ အကြိမ် အတိဒုက္ခအဆင့်ကို တက်လှမ်းသွားပါပြီ...။]

[ဂုဏ်ယူပါတယ်...]

ဒုတိယအကြိမ် အတိဒုက္ခအဆင့်သို့ တက်လှမ်းသွားကြောင်း အသိပေးချက်ကို ကြားသောအခါ လင်းဖန် က စနစ် စကားမဆုံးမီမှာပင် ဒေါသတကြီး ကြိမ်းမောင်းလိုက်လေသည်။

“တောက်...၊ မင်းလို ငတုံးက ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်နေတာလဲ။ ရွှမ်းမင်ဂိုဏ်းရဲ့ ဝိညာဉ် ကြောတွေက ခန်းခြောက်တော့မှာလေ။ အဲဒါတွေကို အဆင့်တက်ဖို့ အသုံးမပြုဘူးလို့ ငါ မပြောထား ဘူးလား...။”

[...ပိုင်ရှင်...၊ ဝိညာဉ်ကြောကို မြင့်မြတ်နယ်မြေအတွင်း ဝါးမြိုလိုက်တာက အလိုအလျောက် အားဖြည့် ပေးတာနဲ့ အတူတူပါပဲ...။]

“ဘာလို့ အဲဒါကို စောစောက မပြောတာလဲ။ ငါသာ သိရင် အဲဒါကို ဝါးမြိုမှာ မဟုတ်ဘူး...။”

“သေစမ်း...၊ သေစမ်း...၊ ကျင့်ကြံသူ တစ်ယောက်အတွက် အခြေခံအုတ်မြစ်က တော်တော် အရေးကြီး တာလေ။ မင်းက ငါ့ကို အားနည်းနေတဲ့ ဝိညာဉ်ကြောနဲ့ အဆင့်တက်ခိုင်းလိုက်တော့...။ ငါ နောင်မှာ အင်မော်တယ် ဖြစ်မယ့် အခြေခံအုတ်မြစ်ကို ထိခိုက်သွားနိုင်လား...။”

[...ပိုင်ရှင်...၊ ပိုင်ရှင်က အများကြီး တွေးနေတာပဲ။ ပိုင်ရှင့်လို မိစ္ဆာကောင်က အခြေခံအုတ်မြစ်အတွက် စိုးရိမ်နေစရာ မလိုပါဘူး...။]

[ဒါ့အပြင် အားဖြည့်လိုက်တဲ့ ဝိညာဉ်ကြောတွေက မြင့်မြတ်နယ်မြေထဲမှာပဲ ရှိနေတုန်းပါ။ မြင့်မြတ် နယ်မြေက ခန်းခြောက်နေတဲ့ ဝိညာဉ်ကြောတွေကို တဖြည်းဖြည်းနဲ့ ပုံမှန်အခြေအနေ ပြန်ရောက်အောင် လုပ်ပေးပါလိမ့်မယ်...။]

ထိုစကားကို ကြားမှ လင်းဖန်မှာ သက်ပြင်းချနိုင်တော့သည်။ အဆင့်တက်ပြီးနောက် ဝိညာဉ်ကြောမှာ မိမိထံတွင် ရှိနေဦးမည်ဟူသော အချက်ကြောင့် လင်းဖန်မှာ ပို၍ပင် ဝမ်းသာသွားရလေသည်။

“အဟမ်း...၊ ဆောရီးပဲ ငတုံးကြီးရာ...။ ခုနက ငါ့အသံ နည်းနည်း ကျယ်သွားတယ်...။”

“အခုနက မင်းပြောတာ အားဖြည့်လိုက်တဲ့ ဝိညာဉ်ကြောက မြင့်မြတ်နယ်မြေထဲမှာ ရှိနေသေးတယ် ဆိုတော့...၊ အဲဒီ ဝိညာဉ်ကြောက ငါ့အပိုင်ပဲပေါ့ ဟုတ်လား...။”

[အိပ်မက်မက်နေလိုက်...။ အဲဒါက ပိုင်ရှင့်အပိုင်လည်း ဟုတ်သလို ငါ့အပိုင်လည်း ဟုတ်တယ်...။ အတိ အကျ ပြောရရင်တော့ ငါတို့ နှစ်ယောက်လုံးရဲ့ ပိုင်ဆိုင်မှုပေါ့...။]

ထိုစကားကို ကြားသောအခါ လင်းဖန်မှာ စိတ်အေးသွားတော့သည်။ စနစ်က အလွဲသုံးစား လုပ်မည့် အစား အတူတူ ပိုင်ဆိုင်တာက ပိုကောင်းပေလိမ့်မည်။

“အဟမ်း...၊ ကောင်းပြီလေ...။ အခု ငါ ဒုတိယအကြိမ် အတိဒုက္ခအဆင့်ကို ရောက်သွားပြီဆိုတော့ လုပ်ဆောင်ချက် အသစ်တွေ ဘာများ တိုးလာသေးလဲ...။”

[ပိုင်ရှင့်ကို ပြောနေတုန်းက ဝင်ဟန့်လိုက်တာလေ...။ အခုကျမှ လာမေးနေတာလား... ကိုယ့်ဘာသာ ကိုယ်ပဲ ကြည့်လိုက်တော့...။]

စနစ်၏ ဆိုးရွားလှသော အမူအရာကို ဂရုမစိုက်တော့ဘဲ လင်းဖန်ကိုယ်တိုင်သာ စစ်ဆေးလိုက်တော့ သည်။

[ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို (မြည်းတံဆိပ်) - ရတနာစိတ်ဝိညာဉ် နိုးထလာခြင်း။

ဖော်ပြချက် - နတ်ဘုရား စွမ်းအင်များ၏ ပံ့ပိုးမှုကြောင့် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖို၏ စိတ်ဝိညာဉ် သည် စတင် နိုးထလာခဲ့သည်။]

“ဟာ...၊ ရတနာစိတ်ဝိညာဉ် နိုးထလာတာလား။ ငါ ဆေးလုံးတွေ သန့်စင်တုန်းက သုံးခဲ့တဲ့ အင်မော်တယ် စွမ်းအင်တွေကြောင့်များလား...။”

“ဒါပေမဲ့ ရတနာစိတ်ဝိညာဉ် နိုးထလာတော့ ဘာထူးခြားသွားလို့လဲ။ မိတ်ဆက်ထဲမှာလည်း ဘာမှ မရေး ထားပါလား...။”

[ရတနာစိတ်ဝိညာဉ် နိုးထလာတာက ကြီးမားတဲ့ သက်ရောက်မှု ရှိပါတယ်။ ဒါက ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုမှာ ကိုယ်ပိုင် အသိစိတ်နဲ့ စွမ်းရည်တွေ ရှိလာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ...။]

[ဒါပေမဲ့ ဒါက အစောပိုင်း နိုးထမှုပဲ ရှိသေးလို့ သူ့ရဲ့ ဉာဏ်ရည်နဲ့ စွမ်းရည်တွေက နည်းနေသေးတာပါ။ ပိုင်ရှင့်ရဲ့ စွမ်းအား တိုးတက်လာတာနဲ့အမျှ စိတ်ဝိညာဉ်ရဲ့ ဉာဏ်ရည်နဲ့ စွမ်းရည်တွေကလည်း တိုးတက် လာမှာ ဖြစ်ပါတယ်...။]

စနစ်၏ ရှင်းပြချက်ကို ကြားသောအခါ လင်းဖန်က ခေါင်းညိတ်လိုက်ပြီး ဆက်မေးလိုက်လေ၏။

“ဒါဆို ငါ အဲဒီ စိတ်ဝိညာဉ်နဲ့ စကားပြောလို့ ရမှာပေါ့...။ ဘယ်လို လုပ်ရမှာလဲ...။”

[ပိုင်ရှင်က အရင်ဆုံး စိတ်ဝိညာဉ်ကို နာမည်တစ်ခု ပေးရပါမယ်။ နာမည်ပေးပြီးတာနဲ့ သူက ပိုင်ရှင့်ရဲ့ အသိစိတ်နဲ့ ချိတ်ဆက်သွားပါလိမ့်မယ်...။]

“ဪ...၊ အဲဒါက လွယ်ပါတယ်...။ ငါက နာမည်ပေးတဲ့နေရာမှာ တော်တော်လေး ကျွမ်းကျင်တာပဲ...။”

“ဒီမီးဖိုက မြည်းသူတော်စင်နဲ့ ပတ်သက်နေတာဆိုတော့...၊ 'မြည်းလေး' လို့ပဲ ခေါ်ကြတာပေါ့...။”

“နောင်ကျရင် ခရမ်းရွှေနတ်နဂါးထီးရဲ့ စိတ်ဝိညာဉ် ပေါ်လာရင်တော့ 'နဂါးလေး' လို့ ခေါ်မယ်...။”

“ဟင်းလင်းပြင်သားရဲတဲရဲ့ စိတ်ဝိညာဉ်ကိုတော့ 'သားရဲလေး'၊ ကမ္ဘာ‌ပေါင်းများစွာရတနာသေတ္တာရဲ့ စိတ်ဝိညာဉ်ကိုတော့ 'သစ်ပင်လေး' လို့ ခေါ်ရမှာပေါ့...။”

“သုံးဘီးစက်ဘီးကိုတော့ 'ရွှေကျီးလေး' ဒါမှမဟုတ် 'ငှက်ကလေး' လို့ပဲ ခေါ်ကြတာပေါ့...။”

လင်းဖန် ပေးလိုက်သည့် နာမည်များကို ကြားသောအခါ စနစ်မှာ ဆွံ့အသွားရပေတော့သည်။

[...နာမည်ပေးတာက ဒီလောက်တောင် လွယ်လွယ်ကူကူပဲလား...။]

လင်းဖန်က ပြန်လည် တုံ့ပြန်လိုက်၏။

“ဒါက ဘယ်လိုလုပ် လွယ်လွယ်ကူကူ ဖြစ်မှာလဲ။ အနောက်မှာ 'လေး' ဆိုတာ ထည့်လိုက်တာက ပိုပြီး ရင်းနှီးမှု ရှိစေတာလေ... ရှေ့က နာမည်တွေကလည်း သူတို့ရဲ့ မူလဇာစ်မြစ်ကို ဖော်ပြနေတာပဲ မဟုတ် ဘူးလား...။ တကယ်ကို ကောင်းတဲ့ နာမည်တွေပဲလေ...။”

[ပိုင်ရှင် ကြိုက်သလိုသာ လုပ်ပါတော့...။]

စနစ်က ထပ်ပြီး ကန့်ကွက်မနေတော့သည်ကို မြင်သောအခါ လင်းဖန်သည် ဆေးမီးဖို၏ စိတ်ဝိညာဉ်ကို စတင် ခေါ်ယူလိုက်သည်။

“မြည်းလေး...၊ မင်း ရှိလား...။ ငါ့စကားကို ကြားရင် အသံပေးစမ်း...။”

ခဏအကြာတွင် လင်းဖန်၏ စိတ်ထဲသို့ အသံတစ်ခု ရောက်ရှိလာခဲ့သည်။

“အီး... အဲ...”

ကလေးငယ် တစ်ယောက်၏ အသံကဲ့သို့ မြည်းအော်သံကို လင်းဖန် ကြားလိုက်ရသည်။ လင်းဖန်မှာ ဆွံ့အသွားရပြန်လေ၏။

ဒီစိတ်ဝိညာဉ်ကတော့ တကယ်ကို ထူးခြားတာပဲ။ နာမည်နဲ့လည်း တကယ် လိုက်ဖက်ပါပေတယ်။

သို့သော် ထိုကလေးဆန်သော အသံမှာ စိတ်ဝိညာဉ်၏ ဉာဏ်ရည်မှာ လက်ရှိတွင် မမြင့်မားသေးကြောင်း နှင့် ကလေးငယ် တစ်ဦးကဲ့သို့သာ ရှိသေးကြောင်း သက်သေပြနေသည်။ လက်ရှိ အခြေအနေတွင် ၎င်း၌ မည်သည့် စွမ်းရည်များ ရှိသည်ကိုမူ မသိရသေးပေ။ စိတ်ဝိညာဉ်၏ တုံ့ပြန်ပုံအရ တိုက်ရိုက် မေးမြန်းပါ ကလည်း ထူးခြားမည် မဟုတ်သဖြင့် စနစ်ကိုသာ ဆက်လက် မေးမြန်းလိုက်လေတော့သည်။

“မင်းလို အသုံးမကျတဲ့ကောင်...၊ ဒီရတနာစိတ်ဝိညာဉ်မှာ အခု ဘာစွမ်းရည်တွေ ရှိနေပြီလဲ...။”

[အင်း... ပိုင်ရှင့်အတွက် ဆေးဖော်တာနဲ့ လက်နက်တွေ ပြုပြင်ရာမှာ ကူညီပေးနိုင်တာက စွမ်းရည် တစ်ခုလို့ သတ်မှတ်လို့ ရမလား...။]

လင်းဖန်မှာ စကားပင် မဆိုနိုင်တော့ပေ။ ဤဆေးမီးဖိုမှာ အလိုအလျောက် ဆေးသန့်စင်ပေးသည့် စက်ကဲ့သို့ ဖြစ်နေသည်ကို စိတ်ဝိညာဉ်၏ အကူအညီ လိုအပ်ပါဦးမည်လော။ လင်းဖန် ဘာတွေးနေ သည်ကို စနစ်က သိနေဟန်ဖြင့် ဆက်လက် ရှင်းပြလိုက်၏။

[ဥပမာအားဖြင့် ပိုင်ရှင်က နောင်ကျရင် ဆေးလုံးတွေကို အမြောက်အမြား သန့်စင်ချင်တယ်ဆိုရင် ကိုယ်တိုင် ကြီးကြပ်နေစရာ မလိုတော့ပါဘူး။ ရတနာစိတ်ဝိညာဉ်ကိုသာ ညွှန်ကြားထားလိုက်ရုံပါပဲ...။]

[သန့်စင်ပြီးသား ဆေးလုံးတွေကိုတောင် အလိုအလျောက် ပုလင်းထဲ ထည့်ပေးဦးမှာပါ။ တော်တော် လေး အဆင်ပြေတာပဲ မဟုတ်ဘူးလား...။]

All Chapters