← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) ထျန်းယွမ်မြို့ကြီးဆီသို့ ဦးတည်ခြင်း

ထိုရှင်းပြချက်ကို ကြားသောအခါ လင်းဖန်သည် နောက်ဆုံးတွင် စိတ်အနည်းငယ် သက်သာရာ ရသွား လေတော့သည်။

“ဒီလိုဆိုရင်တော့ တစ်ခုခုတော့ အသုံးဝင်သေးတာပဲ...။”

“အခုတော့ အလိုအလျောက် ပုလင်းထဲ ထည့်ပေးတဲ့စနစ်ပါ ပါဝင်တဲ့ ကုန်ထုတ်လုပ်မှုလိုင်း တစ်ခုလုံး ပြည့်စုံသွားပြီပေါ့...။”

ဤစွမ်းရည်မှာ လက်ရှိတွင် အမှန်တကယ်ပင် အလွန်အသုံးဝင်လှပေသည်။ နောက်ပိုင်းတွင် လင်းဖန်၏ နာမည်အောက်ရှိ ဆိုင်ခွဲများမှာ အဆမတန် တိုးပွားလာတော့မည် ဖြစ်၏။ ထိုအချိန်ကျလျှင် ဆေးလုံး များနှင့် မှော်ရတနာ အမြောက်အမြား လိုအပ်လာမည်မှာ သေချာပေသည်။

ဤကဲ့သို့သော ဆေးသန့်စင်ခြင်းနှင့် လက်နက်ပြုလုပ်ခြင်း အလုပ်များကို ရတနာစိတ်ဝိညာဉ်ထံသို့သာ လွှဲအပ်ထားလိုက်ရုံပင်။

“မြည်းလေး...၊ ငါ့အတွက် ဆေးလုံးတွေကို အုပ်စုလိုက် စတင် သန့်စင်ပေးစမ်း။ အရင်ဆုံး အသေးစား၊ အလယ်အလတ်နဲ့ အဆင့်မြင့် အားဖြည့်ဆေးလုံး သုံးမျိုးကို အရင်ဆုံး သန့်စင်လိုက်စမ်း...။”

ဤဆေးလုံး သုံးမျိုးကို ရွေးချယ်ရခြင်းမှာ ရောင်းအားအကောင်းဆုံး ဖြစ်သောကြောင့်ပင်။ ၎င်းတို့သည် ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သည့် ဒဏ်ရာကုသခြင်းနှင့် စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်း ခြင်းများကို လုပ်ဆောင်ပေးနိုင်လေသည်။

ထို့ပြင် ဤဆေးလုံး သုံးမျိုးမှာ ချီစုဆောင်းခြင်းအဆင့်မှသည် အတိဒုက္ခအဆင့်အထိ ကျင့်ကြံသူ အားလုံးနှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။ ဤကဲ့သို့သော ဆေးလုံးများကို ဆိုင်၏ အဓိက ထုတ်ကုန်အဖြစ် ထားရှိပါက ရောင်းအားအတွက် စိုးရိမ်နေစရာ မလိုတော့ပေ။

လင်းဖန်၏ ညွှန်ကြားချက်ကို ရရှိပြီးနောက် မြည်းလေးက လျင်မြန်စွာ ပြန်လည် တုံ့ပြန်လိုက်၏။

“အီး... အော... အော...။”

ထိုတုံ့ပြန်မှုကို ကြားပြီးနောက် လင်းဖန်သည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုဆီသို့ သွားကြည့်လိုက်ရာ မီးဖို နှင့် ၎င်း၏ ကိုယ်ပွားများစွာမှာ ဆေးသန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်နေကြပြီ ဖြစ်ကြောင်း တွေ့လိုက် ရလေသည်။ သူတို့သည် ဆေးသန့်စင်ပြီးနောက် အလိုအလျောက် ပုလင်းများထဲသို့ ထည့်နေကြသည် ကို ကြည့်ကာ လင်းဖန်သည် လုံးဝ စိတ်အေးသွားရတော့သည်။

ထို့နောက် လင်းဖန်သည် လင်းရှောင်းဂိုဏ်း၏ ဝိညာဉ်ကြောဆီသို့ သွားကာ ဝါးမြိုခြင်း လုပ်ဆောင်ချက် ကို အသက်သွင်းလိုက်လေ၏။ လင်းရှောင်းဂိုဏ်း၏ ဝိညာဉ်ကြောများကို ဝါးမြိုပြီးသွားပါက သူသည် တတိယအကြိမ် အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။ ထိုမျှော်လင့်ချက်ဖြင့် လင်းဖန်သည် ထျန်းယွမ်မြို့သို့ ခရီးစတင်ခဲ့တော့သည်။

ခရီးသွားနှုန်းကို မြှင့်တင်ရန်အတွက် လင်းဖန်သည် သုံးဘီးစက်ဘီး၏ လူတင်ဆောင်နိုင်သည့် လုပ်ဆောင်ချက်ကို တိုက်ရိုက် အသက်သွင်းလိုက်၏။ ထိုအခါ သုံးဘီးစက်ဘီးမှာ ရွှေကျီးကန်း တိုက်လေယာဉ်အဖြစ်သို့ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ "ဝူး" ခနဲ မြည်သံနှင့်အတူ ၎င်းသည် ထျန်းယွမ်မြို့ဆီသို့ ပျံသန်းသွားလေတော့၏။

မကြာမီမှာပင် ခမ်းနားထည်ဝါလှသော မြို့ကြီးတစ်မြို့ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ ထိုမြို့ကြီးမှာ လင်းဖန် မြင်ဖူးသမျှ မြို့များထက် ပိုမို ကြီးမားလှပြီး အဆင့်ကိုး ဂိုဏ်းချုပ်ရုံးစိုက်ရာ နေရာထက်ပင် ပို၍ ကျယ်ဝန်းလှပေသည်။

ထိုမြို့ကြီးကို ကြည့်ကာ လင်းဖန်သည် သူ၏ သုံးဘီးစက်ဘီးကို ရုတ်တရက် သတိရသွားလေ၏။

“တကယ်လို့ သုံးဘီးစက်ဘီးက ဒီမြို့ကြီးကို ဆွဲပြီး တိုက်ခိုက်မှု စွမ်းရည်ကို သုံးလိုက်ရင် စွမ်းအားက အတော်လေး ကြီးမားမှာပဲ...။”

“ဟဲဟဲ...၊ အဲဒီ မြင်ကွင်းက...၊ ဟင်...။”

ထျန်းယွမ်မြို့ကြီးကို နောက်ကနေ ဆွဲပြီး လူတွေကို လိုက်တိုက်နေသည့် မြင်ကွင်းကို စိတ်ကူးကြည့် နေစဉ်မှာပင် သူ၏ ဦးနှောက်ထဲသို့ နောက်ထပ် စကားတစ်ခွန်း ရုတ်တရက် ဝင်လာပြန်သည်။

“အဟမ်း...၊ ငါ့ပခုံးပေါ်မှာ ကောင်းကင်ဘုံကြီးကို ထမ်းထားရရင်တောင်၊ လက်တစ်ဖက်က ထျန်းယွမ် မြို့ကြီးကို ပင့်မထားရရင်တောင်မှ ငါလင်းဖန်ကတော့ ဒီကမ္ဘာပေါ်မှာ ဘယ်သူမှ ယှဉ်လို့မရတဲ့သူ ဖြစ်နေဦးမှာပဲ...။”

“ဟဲဟဲ...၊ ထားလိုက်ပါတော့...။ အဲဒီလိုတော့ သွားပြောလို့ မဖြစ်သေးပါဘူးလေ...။”

ထျန်းယွမ်မြို့၏ တံခါးဝသို့ ရောက်သောအခါ လင်းဖန်သည် မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ မြို့ထဲ သို့ ဝင်ရောက်နိုင်ခဲ့လေသည်။ ထျန်းယွမ်မြို့က မြို့ဝင်ကြေး မကောက်ခံခြင်းကြောင့် မဟုတ်ပေ။

ထိုအစား မြင့်မြတ်နယ်မြေကြီး လေးခုနှင့် အဆင့်ကိုး ဂိုဏ်းများ ပူးတွဲ အုပ်ချုပ်သည့် ထျန်းယွမ်မြို့သည် ထိုအင်အားကြီး အဖွဲ့အစည်းများအတွက် အခမဲ့ ဝန်ဆောင်မှု ပေးထားခြင်းကြောင့် ဖြစ်ချေသည်။

လင်းဖန် ဤနေရာသို့ မလာမီကပင် ကျောက်ဝူယာတို့ထံမှ အဆင့်ကိုး ဂိုဏ်းဝင် အမှတ်အသားများကို တောင်းဆိုထားခဲ့ခြင်း ဖြစ်လေ၏။ ထို့ကြောင့်ပင် ထျန်းယွမ်မြို့သို့ ဝင်ရောက်ရာတွင် မြို့ဝင်ကြေး ပေးဆောင်ရန် မလိုတော့ပေ။

ကျောက်ဝူယာ ပြောပြထားသည့် တည်နေရာအတိုင်း လိုက်ရှာရာ လင်းဖန်သည် အဆောက်အဦး တစ်ခု၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။ အဆောက်အဦးပေါ်တွင် ချိတ်ဆွဲထားသည့် "အင်မော်တယ်တိမ်တိုက်မျှော်စင်" ဟူသော ကမ္ပည်းစာမှာ ဤနေရာသည် အင်မော်တယ်တိမ်တိုက် ဂိုဏ်း၏ ပိုင်ဆိုင်မှု ဖြစ်ကြောင်း သက်သေပြနေခဲ့လေသည်။

“သခင်...၊ ဘာများ အလိုရှိလို့ပါလဲ...။”

အင်မော်တယ်တိမ်တိုက်မျှော်စင် အတွင်းသို့ ဝင်လိုက်သည်နှင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ တပည့် များက နွေးထွေးစွာ ကြိုဆိုကြသည်။ သူတို့သည် လင်းဖန်နှင့် တစ်ခါမျှ မတွေ့ဖူးသဖြင့် မိမိတို့၏ သခင် မှန်း မသိကြပေ။

“ဟဲဟဲ...၊ ငါက ဘာမှ လာဝယ်တာ မဟုတ်ပါဘူး...။”

“ငါက လင်းဖန်ပါ...၊ မင်းတို့ ဂိုဏ်းချုပ်က ငါ့အကြောင်း မင်းတို့ကို ပြောထားမှာပါနော်...။”

လင်းဖန်၏ စကားကို ကြားလိုက်ရသည့်အခါ ရှေ့ရှိ တပည့်မှာ အတော်လေး အံ့သြသွားတော့သည်။ ထို့နောက် သူသည် အမြန်ပင် ဦးညွှတ်၍ ဂါရဝပြုလိုက်၏။

“တပည့် ချန်ရှီကျဲက သခင်ကြီးကို ဂါရဝပြုပါတယ်...။”

လင်းဖန်က တစ်ဖက်လူကို ထရန် လက်ရိပ်ပြလိုက်လေသည်။

“နောင်ကျရင် ငါတို့တွေ့တဲ့အခါ ဒီလို အရိုအသေပေးစရာ မလိုပါဘူး။ ငါတို့ မြင့်မြတ်နယ်မြေမှာ ဒီလို စည်းကမ်းတွေ အများကြီး မရှိဘူး...။”

ချန်ရှီကျဲက ခေါင်းညိတ် နာခံလိုက်ပြီး ဆက်ပြောလိုက်၏။

“သခင်...၊ ဆိုင်နာမည် ပြောင်းမယ့်ကိစ္စကို ဂိုဏ်းချုပ်က ကျွန်တော့်ကို ပြောထားပြီးသားပါ။ ကျွန်တော် ဆိုင်းဘုတ်အသစ်တစ်ခု မှာထားပါတယ်...၊ မကြာခင် ရတော့မှာပါ...။”

ထိုစကားကို ကြားသောအခါ လင်းဖန်က မျက်မှောင်ကြုတ်လိုက်လေသည်။

“ဆိုင်းဘုတ်တစ်ခုအတွက် ဒီလောက်အထိ အကုန်အကျခံဖို့ လိုလို့လား...။ ငါတို့ဘာသာ နာမည်ပြောင်း လိုက်ရင် မရဘူးလား...။ ဘာလို့ ပိုက်ဆံတွေ အလဟဿ အကုန်ခံနေတာလဲ...။”

“သွားပြီး အဲဒီဆိုင်းဘုတ်ကို ပြန်ဖျက်လိုက်တော့...၊ ငါ့ဘာသာငါပဲ ပြောင်းလိုက်မယ်...။”

လင်းဖန်၏ အမိန့်ကို ကြားသောအခါ ချန်ရှီကျဲက ခဏမျှ တုံ့ဆိုင်းနေပြီးမှ သတိပေးစကား ပြောလိုက် လေသည်။

“သခင်...၊ ထျန်းယွမ်မြို့က ကျုံးကျိုးမှာ အကြီးဆုံးမြို့ ဖြစ်တာနဲ့အညီ ဒီမှာ ရှိတဲ့ ဆိုင်ခန်းတွေကလည်း အတော်လေး ခမ်းနားကြပါတယ်။ အဲဒီတော့ ဆိုင်းဘုတ်ပြုလုပ်တာကလည်း အတော်လေးကို အရေး ကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေပါတယ်...။ သာမန် ဆိုင်းဘုတ်တွေလို လွယ်လွယ်ကူကူ ပြောင်းလို့ မရပါ ဘူး...။”

ထိုစကားများက လင်းဖန်၏ သံသယကို နှိုးဆွလိုက်၏။

*သုန်ယွဲ့အင်ပါယာရဲ့ မြို့တော်မှာတုန်းကတော့ ငါက စိတ်ကူးပေါက်သလို ဆိုင်းဘုတ်တွေကို ပြောင်းခဲ့ တာပဲလေ။ ဘာစည်းကမ်းတွေမှလည်း ရှိတယ်လို့ မကြားဖူးပါဘူး။ ဒါပေမဲ့ ထျန်းယွမ်မြို့ ရောက်တော့မှ အခြေအနေတွေက ပြောင်းလဲသွားပြီလား…။*

“ဪ...၊ အဲဒီနောက်ကွယ်မှာ ဘာအကြောင်းအရာတွေ ရှိလို့လဲ...။ ငါ့ကို ပြောပြပါဦး...။”

ခဏမျှ စဉ်းစားပြီးနောက် ချန်ရှီကျဲက ရိုသေစွာ ပြန်ဖြေလိုက်လေသည်။

“သခင်...၊ ထျန်းယွမ်မြို့မှာ ရှိတဲ့ ဆိုင်ဆိုင်းဘုတ်တွေကို များသောအားဖြင့် လက်နက်ပညာရှင်တွေက ပြုလုပ်ကြတာဖြစ်ပြီး သူတို့က မှော်လက်နက် အမျိုးအစားဝင်တွေ ဖြစ်ကြပါတယ်။ အဲဒီ ဆိုင်းဘုတ် တွေမှာ ထူးခြားတဲ့ စွမ်းရည်တွေ မရှိပေမဲ့ တစ်ဖက်လူရဲ့ ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုကိုတော့ ဖော်ပြပေးနိုင်ကြပါတယ်...။”

“ဆိုင်းဘုတ်ရဲ့ အရည်အသွေးက ပိုမြင့်လေလေ...၊ ဆိုင်နောက်ကွယ်မှာ ရှိတဲ့ အင်အားစုရဲ့ ဂုဏ်သိက္ခာနဲ့ ချမ်းသာမှုက ပိုပြီး မြင့်မားလေလေပါပဲ...။”

ချန်ရှီကျဲ၏ ရှင်းပြချက်က လင်းဖန်ကို အံ့အားသင့်သွားစေခဲ့သည်ပင်။

*ကျုံးကျိုးက အင်အားစုတွေက သူတို့ရဲ့ ဂုဏ်သိက္ခာအတွက် ဒီလောက်အထိ ဂရုစိုက်ကြမယ်လို့ မထင် ခဲ့မိဘူး။ ဂုဏ်ဖော်ဖို့ သက်သက်နဲ့တင် အသုံးမဝင်တဲ့ ဆိုင်းဘုတ်တွေ၊ မှော်လက်နက်တွေ လုပ်ဖို့အတွက် ပစ္စည်းတွေကို အလဟဿ ဖြုန်းတီးနေကြတာလား….။*

သို့သော် လင်းဖန်သည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားပြီး ထိုသူများသည် အချိန်ဖြုန်းနေခြင်း မဟုတ်ကြောင်း သိလိုက်ရပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် နောက်ထပ် စီးပွားရေး အခွင့်အလမ်းတစ်ခုကို တွေ့ရှိသွားသောကြောင့်ပင်။

*ငါ့ရဲ့ လက်နက်ပြုလုပ်တဲ့ အရည်အချင်းနဲ့ဆိုရင် နည်းနည်းလောက် သုတေသန လုပ်လိုက်တာနဲ့ သူတို့ ထက် ပိုကောင်းတဲ့ ဆိုင်းဘုတ်တွေကို သန့်စင်နိုင်မှာ သေချာတယ်။ ဒါဆိုရင် ငါ့ရဲ့ လုပ်ငန်းတွေထဲမှာ ဆိုင်းဘုတ်ပြုလုပ်တဲ့ လုပ်ငန်းကိုပါ ထည့်လိုက်ရင် မကောင်းဘူးလား…။*

ထိုသို့ တွေးမိလိုက်သောအခါ လင်းဖန်က ဝမ်းသာအားရဖြင့် ချန်ရှီကျဲကို ပြောလိုက်၏။

“ဟားဟား...၊ မှော်လက်နက် အဆင့်ရှိတဲ့ ဆိုင်းဘုတ်ဆိုရင်တော့ သူများဆီမှာ မှာနေစရာ ပိုလို့တောင် မလိုတော့ဘူးပေါ့...။”

“ငါက လက်နက်သန့်စင်တဲ့ပညာရှင် တစ်ယောက်ဆိုတာကို မင်းတို့ ဂိုဏ်းချုပ်က မပြောပြထားဘူး လား...။”

ထိုစကားကို ကြားသောအခါ ချန်ရှီကျဲ၏ မျက်နှာတွင် အံ့သြသွားသည့် အမူအရာ ပေါ်လာခဲ့လေသည်။ လင်းဖန်က လက်နက်များ သန့်စင်နိုင်မှန်း သူ တကယ် မသိခဲ့ပေ။ သူတို့၏ ဂိုဏ်းချုပ်ကလည်း ထို အကြောင်းကို ပြောမပြထားခဲ့ချေ။

“ကျွန်တော် ထင်ထားတာက သခင်ကြီးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နေလို့ အစွမ်းထက်တယ်လို့ပဲ ထင်နေတာ...။ လက်နက်သန့်စင်တဲ့ပညာရှင် တစ် ယောက် ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး...။”

လင်းဖန်က ခပ်ဟဟ ရယ်မောကာ ဆိုလိုက်သည်။

“ဟားဟား...၊ အဲဒါက ဘာထူးဆန်းလို့လဲ...။ ငါက အဆင့်ကိုး ဆေးဆရာကြီး တစ်ယောက်လည်း ဖြစ်သေးတယ်နော်...။”

ထိုစကားက ချန်ရှီကျဲ၏ အံ့သြမှုကို တုန်လှုပ်ခြောက်ခြားမှု အဖြစ်သို့ ပြောင်းလဲသွားစေခဲ့တော့သည်။ လင်းဖန်က မှော်လက်နက်တွေ သန့်စင်နိုင်သည်ဟု ပြောတုန်းက သူသည် အဆင့်နိမ့် လက်နက်ပညာရှင် တစ်ယောက်ဟုသာ ထင်ခဲ့ခြင်း ဖြစ်သည်။ ယခုမူ လက်နက်ရော ဆေးလုံးပါ အဆင့်ကိုး ကျွမ်းကျင်သူ ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ပါ့မည် နည်း။

*ထျန်းယွမ်တိုက်ကြီးရဲ့ သမိုင်းတစ်လျှောက်မှာတောင် ဒီလိုလူမျိုး တစ်ခါမှ မရှိခဲ့ဖူးတာ သေချာသ လောက်ပဲ။ လူတစ်ယောက်ရဲ့ အချိန်က ကန့်သတ်ထားတာလေ...။ တစ်ခုခုကိုပဲ ကျွမ်းကျင်ဖို့တောင် အများကြီး အားစိုက်ထုတ်ရတာ မဟုတ်လား…။*

ချန်ရှီကျဲ၏ အံ့သြမှိုင်တွေနေသော အကြည့်အောက်တွင် လင်းဖန်က ဆက်လက်၍ ညွှန်ကြားလိုက်၏။

“ကဲ...၊ ငါ့အတွက် တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပေးစမ်း။ တယ်လီပို့ တံခါးတစ်ခု တပ်ဆင်ပြီးရင် ငါ ဆိုင်းဘုတ်ကို သန့်စင်လိုက်မယ်...။”

ထို့နောက် ချန်ရှီကျဲ၏ ဦးဆောင်မှုဖြင့် သူတို့သည် အခန်းအလွတ်တစ်ခုသို့ ရောက်လာခဲ့ကြလေသည်။ ကျယ်ဝန်းလှသော ထိုအခန်းထဲတွင် လင်းဖန်သည် ဟင်းလင်းပြင်တံခါး တစ်ခုကို ချက်ချင်းပင် တပ်ဆင် လိုက်တော့သည်။ ထို့နောက် သူက ချန်ရှီကျဲဘက်သို့ လှည့်ကာ ပြောလိုက်၏။

“နောင်ကျရင် ငါ ဂိုဏ်းကို ပြန်ချင်ရင် ခရီးသွားပြီး အချိန်ဖြုန်းနေစရာ မလိုတော့ဘဲ ဒီဟင်းလင်းပြင် တံခါးကို သုံးပြီး ပြန်သွားလို့ ရပြီ...။”

“လာ...၊ အထဲကို အရင်ဝင်ကြည့်ရအောင်။ မင်း အသုံးပြုပုံကို ကျွမ်းကျင်သွားရင် ကျန်တဲ့လူတွေကိုပါ တစ်ဆင့် ပြန်ပြောပြထားလိုက်ဦး...။”

အင်မော်တယ်တိမ်တိုက်မျှော်စင်ကဲ့သို့ ကြီးမားသော ဆိုင်တစ်ဆိုင်ကို ချန်ရှီကျဲ တစ်ယောက်တည်း စီမံခန့်ခွဲနေခြင်း မဟုတ်သည်မှာ သေချာလှပေသည်။

သို့သော် လင်းဖန် ရောက်လာချိန်ကတည်းက အခြားလူများကို မတွေ့ရသေးပေ။ လင်းဖန်၏ ညွှန်ကြား ချက်ကို ကြားသောအခါ ချန်ရှီကျဲက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်လေတော့သည်။

All Chapters