အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) စူးစမ်းချင်စိတ်က ဒုက္ခပေးသလား…
ထို့နောက် ချန်ရှီကျဲသည် စူးစမ်းလိုသော မျက်နှာထားဖြင့် လင်းဖန်နှင့်အတူ ဟင်းလင်းပြင်တံခါး အတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။
မြင့်မြတ်နယ်မြေသို့ ရောက်ရှိပြီးနောက် လင်းဖန်သည် ချန်ရှီကျဲအား ၎င်း၏ဘာသာ လေ့လာခွင့်ပေး ထားလိုက်ပြီး သူကမူ ဆိုင်းဘုတ်သန့်စင်ရန်အတွက် စတင် သုတေသနပြုလေတော့သည်။ လင်းဖန်၏ စိတ်ထဲတွင် ဆိုင်းဘုတ်သန့်စင်မည့် ပုံစံနှင့် ပတ်သက်၍ အကြံတစ်ခု ရှိပြီးသားပင်။
“ဒါက ဆိုင်ဆိုင်းဘုတ် ဖြစ်တဲ့အတွက် သဘာဝကျကျပဲ လူတွေရဲ့ အာရုံကို ဆွဲဆောင်နိုင်ဖို့ လိုတာ ပေါ့...။”
“ဟုတ်တယ်...၊ ဒါကြောင့် ဒီလို ဆိုင်းဘုတ် အမျိုးအစား မှော်လက်နက်တွေရဲ့ လုပ်ဆောင်ချက်ကို ဆွဲဆောင်မှု ပေးနိုင်တဲ့ အရာတွေကနေ စရမယ်...။”
“ဒါပေမဲ့ ဒီလုပ်ဆောင်ချက်ကို ဘယ်လိုမျိုး သန့်စင်အောင် လုပ်ရမလဲ...။”
ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်သည် အဖြူရောင်ဓါးသွား၏ လက်ဗလာဖြင့် ဓါးသွားကို ဖမ်းစေ သည့် လုပ်ဆောင်ချက်ကို သတိရသွားလေ၏။
“လူတွေကို အလိုအလျောက် ဒူးထောက်ခိုင်းစေတဲ့ တိုက်ခိုက်ရေးဓါးက လူတွေကို ဆွဲဆောင်တဲ့ လုပ်ဆောင်ချက်လို့ ဆိုနိုင်ပေမဲ့ အဲဒါက နည်းနည်းတော့ ဖိအားပေးရာရောက်လွန်းတယ်...။”
“မဖြစ်ဘူး... မဖြစ်ဘူး...။ ဆိုရိုးစကားအတိုင်း ဝယ်သူက သခင်ပဲလေ။ ဝယ်သူတွေကို ပစ္စည်းဝယ် ဖို့အတွက် ဒူးထောက်ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ...။”
“ဒါဆိုရင် ဒီစီးပွားရေးက ရေရှည်တည်တံ့မှာ မဟုတ်တော့ဘူး...။”
ထို့နောက် လင်းဖန်သည် အဆာရှောင်ဆေး၏ လုပ်ဆောင်ချက်ကို စဉ်းစားမိပြန်လေသည်။
“အဆာရှောင်ဆေးရဲ့ ဆွဲဆောင်မှုက လူတွေကို ရာဂစိတ်တွေ ဖြစ်ပေါ်လာစေနိုင်တယ်...။”
“အကယ်၍ ဆိုင်းဘုတ်မှာ ဒီလုပ်ဆောင်ချက် ပါဝင်ပြီး ဆိုင်ကလည်း လှပတဲ့ အမျိုးသမီးတစ်ယောက် ကို ငှားထားမယ်ဆိုရင် ဝယ်သူတွေကတော့ ဆွဲဆောင်ခံရမှာ သေချာတယ်...။”
“အင်း...၊ ဒါပေမဲ့ ကာမဂုဏ်နဲ့ ဆွဲဆောင်တာက ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်...။ ဒါကြောင့် နောက်ထပ် နည်းနည်းလောက် ထပ်စဉ်းစားကြည့်ရအောင်...။”
လုပ်ဆောင်ချက် နှစ်ခုလုံးကို ပယ်ချပြီးနောက် လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး သန့်စင်ရာ တွင် အသုံးပြုသည့် ပစ္စည်းတစ်ခုဖြစ်သော စိတ်ဝိညာဉ်ထိန်းချုပ်မြက်ကို သတိရသွားလေတော့သည်။ ဤဆေးဖက်ဝင်အပင်ကို အသုံးပြုရခြင်း၏ အဓိကအကြောင်းရင်းမှာ လူတို့၏ စိတ်အာရုံကို မိန်းမော တွေဝေသွားစေနိုင်သော အစွမ်းရှိသောကြောင့်ပင်။
ထို့ကြောင့် ၎င်းကို လူတို့၏ စိတ်ကို ထိန်းချုပ်ရန်နှင့် ကိုယ်ပိုင်ရုပ်သေးအဖြစ် ပြောင်းလဲရန် အသုံးပြု သည့် စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး သန့်စင်ရာတွင် အသုံးပြုခြင်း ဖြစ်လေသည်။
“စိတ်ဝိညာဉ်ထိန်းချုပ်မြက်...၊ ဒါပဲပေါ့။ အဲဒါကို အဓိကကုန်ကြမ်းအနေနဲ့ အရင်စမ်းကြည့်ရအောင်...။”
ဆုံးဖြတ်ချက် ချပြီးသည်နှင့် လင်းဖန်သည် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို ချက်ချင်း စတင်လေတော့သည်။
“မြည်းလေး...၊ မီးဖိုထဲမှာ ဆေးသန့်စင်နေတာကို ခဏရပ်လိုက်ဦး...။ ငါ အဲဒါကို သုံးဖို့ လိုတယ်...။”
လင်းဖန်၏ ယခင် အမိန့်များကြောင့်...၊ ရတနာစိတ်ဝိညာဉ် မြည်းလေးသည် အလုပ်ရုံတစ်ခုရှိ နွား သို့မဟုတ် မြင်းကဲ့သို့ မနားမနေ အလုပ်လုပ်ကာ အသေးစား အားဖြည့်ဆေးလုံးများကို ထုတ်လုပ်နေ ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မီးဖိုကို အသုံးပြုနိုင်ရန် သူ့အား ရပ်ခိုင်းလိုက်ရခြင်း ဖြစ်၏။
“အီး... အော... အော...”
မျှော်လင့်ထားသည့်အတိုင်းပင် မြည်းလေးက ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် မီးဖို၏ ကိုယ်ပွားများမှာ ဆေးလုံးများ ဆက်လက် သန့်စင်နေသော်လည်း ပင်မမီးဖိုကြီးမှာမူ ရပ်တန့်သွားလေသည်။ ထို့နောက် လင်းဖန်သည် သန့်စင်ခြင်း လုပ်ငန်းစဉ်ကို စတင်တော့၏။
ဤသန့်စင်ခြင်း လုပ်ငန်းစဉ်အတွက် လင်းဖန်သည် စိတ်ဝိညာဉ်ထိန်းချုပ်မြက် ဆယ်ပင်ထက်မနည်း အသုံးပြုရန် တိုက်ရိုက် ရွေးချယ်လိုက်သည်။ ထို့ပြင် လင်းဖန်သည် အာနိသင်ကို ပိုမို အားကောင်းစေရန် အတွက် အဆာရှောင်ဆေးနှင့် အဖြူရောင်ဓါးသွားတို့မှ ပစ္စည်းအချို့ကိုလည်း စမ်းသပ်ထည့်သွင်း လိုက်သေး၏။
ဤသို့ လုပ်ဆောင်ရခြင်း၏ အဓိက အကြောင်းရင်းမှာ ဆေး၏ ထိရောက်မှုကို မြှင့်တင်ရန်ပင်။ နောက်ဆုံးတော့ ဤအရာသည် သူတို့၏ စီးပွားရေးအပေါ် သက်ရောက်မှု ရှိမည်ဖြစ်သောကြောင့် ဆွဲဆောင်မှု ရှိလေလေ ပိုကောင်းလေလေ မဟုတ်ပါလား။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးနောက် “ဒင်” ခနဲ အသံနှင့်အတူ ဆိုင်းဘုတ်မှာ အောင်မြင်စွာ ထွက်ပေါ် လာလေတော့သည်။
လင်းဖန် မီးဖိုကို ဖွင့်လိုက်သောအခါ လက်ဝါးခန့် အရွယ်အစားရှိသည့် ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက် ရလေ၏။ ဆိုင်းဘုတ်၏ အရွယ်အစားမှာ လင်းဖန်အတွက် အထူးအဆန်း မဟုတ်ပေ။ မှော်လက်နက် တစ်ခုအနေဖြင့် ၎င်း၏ အရွယ်အစားကို ပြောင်းလဲနိုင်သည့် အခြေခံ စွမ်းရည်ရှိသောကြောင့် ဖြစ်သည်။
လင်းဖန် စစ်ဆေးခြင်း လုပ်ဆောင်ချက်ကို အသုံးပြုလိုက်သောအခါ ဆိုင်းဘုတ်၏ အချက်အလက်များ မှာ သူ၏ စိတ်ထဲသို့ ရောက်ရှိလာလေတော့သည်။
[ဆိုင်းဘုတ် (မြည်းတံဆိပ်) - အထူး မှော်လက်နက်။
လုပ်ဆောင်ချက် (၁) - လူတို့၏ စိတ်ထဲတွင် ပြင်းထန်သော စူးစမ်းလိုစိတ်ကို နှိုးဆွပေးနိုင်သည်။
လုပ်ဆောင်ချက် (၂) - တာအိုမိတ်ဆွေ... ခဏလောက် ရပ်ပါဦး...။
ဘေးထွက်ဆိုးကျိုး - စူးစမ်းချင်စိတ်က ဒုက္ခပေးသည်...။]
ဤရိုးရှင်းလှသော မိတ်ဆက်ချက်က လင်းဖန်ကို လုံးဝ ဇဝေဇဝါ ဖြစ်သွားစေတော့သည်။ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာစေခြင်းကို နားလည်နိုင်သော်လည်း “တာအိုမိတ်ဆွေ...၊ ခဏလောက် ရပ်ပါဦး...” ဆိုသည့် အရာက ဘာကို ဆိုလိုပါသနည်း။
ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍မူ လင်းဖန်၏ စိတ်ထဲတွင် မကောင်းသော အတွေးအချို့ ဝင်လာခဲ့ လေသည်။
“အင်း...၊ အရင်က ထွက်ကုန်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပေါ့ပေါ့ပါးပါးပဲ ဖော်ပြလေ့ ရှိတာလေ။ အခုတစ်ခါ ဘေးထွက်ဆိုးကျိုးမှာ 'ဒုက္ခပေးသည်' ဆိုတဲ့ စကားလုံးတောင် ပါနေတာဆိုတော့ နည်းနည်း တော့ ပြင်းထန်လွန်းမနေဘူးလား...။”
ထိုအချိန်တွင် ဒုက္ခပေးသည်ဟူသော စကားလုံးကို မြင်လိုက်ရသဖြင့် လင်းဖန်သည် ဤဆိုင်းဘုတ် ကို အသုံးပြုရန် တွန့်ဆုတ်နေမိသည်။ သို့သော် လင်းဖန်သည် မိမိကိုယ်ကိုယ် ချက်ချင်းပင် ပြန်လည် ဆွဲဆောင်လိုက်၏။
“အင်း...၊ စူးစမ်းချင်စိတ်က ဒုက္ခပေးတာပဲလေ...။ အဲဒါက ငါနဲ့ ငါ့ရဲ့ ဝယ်သူတွေနဲ့ ဘာဆိုင်လို့လဲ...။”
“ဒါဆို ဒါက ငါ အောင်မြင်အောင် သန့်စင်နိုင်လိုက်တယ်လို့ ဆိုလိုတာလား...။”
သူ၏ စိတ်ထဲတွင် မသေချာသော်လည်း လင်းဖန်သည် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မီးဖို ထဲမှ ဆိုင်းဘုတ်ကို ထုတ်ယူလိုက်ပြီး အပြင်သို့ထွက်ကာ အင်မော်တယ်တိမ်တိုက်မျှော်စင်၏ ဆိုင်းဘုတ် ကို အစားထိုးရန် ပြင်ဆင်လိုက်၏။
သို့သော် ဆိုင်းဘုတ်ကို ရရှိပြီးနောက်တွင်မူ ၎င်းမှာ လုံးဝ ဗလာ ဖြစ်နေသည်ကို လင်းဖန် တွေ့လိုက်ရ လေသည်။
“ဝါး... ကြည့်ရတာ ဆိုင်နာမည်ကို ငါ့ဘာသာငါပဲ ရေးရမယ် ထင်တယ်။ ဆိုင်းဘုတ်သန့်စင်လိုက်ရင် နာမည်ပါ တစ်ခါတည်း ပါလာမယ်လို့ ထင်နေတာ...။”
လင်းဖန်သည် စာလုံးများ ထွင်းထုရန်အတွက် သူ၏ ပျံသန်းရေးဓါးကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် ဗလာဆိုင်းဘုတ်ကို ကြည့်ကာ အခြားအကြံတစ်ခု ရလာပြန်လေသည်။
“ဟေး...၊ ငါ့ရဲ့ အလုပ်ခန့်စာချုပ် စာလိပ်မှာ စုတ်တံတစ်ချောင်း ပါတာပဲ...၊ အဲဒါနဲ့ ရေးလို့ ရ၊ မရ စမ်းကြည့်ရမှာပေါ့...။”
ထိုသို့ တွေးမိသည်နှင့် လင်းဖန်သည် စာလိပ်တံမှ ကလောင်တံကို ထုတ်ယူလိုက်၏။ ခဏမျှ စဉ်းစား ပြီးနောက် သူသည် ဆိုင်းဘုတ်၏ ဗလာနေရာတွင် “ဟင်းလင်းပြင်မျှော်စင်” ဟူသော စာလုံးသုံးလုံးကို ရေးသားလိုက်လေသည်။
“ဟင်းလင်းပြင်ဆိုင်” ထက် “ဟင်းလင်းပြင်မျှော်စင်” ဆိုသည့် နာမည်က ပိုပြီး အဆင့်မြင့်သည်ဟု ခံစားရသဖြင့် ဤနာမည်ကို ရွေးချယ်လိုက်ခြင်း ဖြစ်လေသည်။ မိမိ၏ လက်ရာကို ကျေနပ်စွာ ကြည့်ပြီး နောက် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်မျှော်စင်သို့ တိုက်ရိုက် ပြန်သွားခဲ့သည်။
မကြာမီမှာပင် လင်းဖန်သည် အင်မော်တယ်တိမ်တိုက်မျှော်စင်၏ ဆိုင်းဘုတ်ကို ဟင်းလင်းပြင်မျှော်စင် အဖြစ် အောင်မြင်စွာ အစားထိုးလိုက်လေတော့သည်။
ယခုမှစ၍ ဤဆိုင်ကို သဘာဝကျကျပင် ဟင်းလင်းပြင်မျှော်စင်ဟု အမည်ပြောင်းလဲလိုက်ပြီ ဖြစ်၏။ အရာအားလုံး လုပ်ဆောင်ပြီးနောက် လင်းဖန်သည် ဆိုင်အတွင်းသို့ ပြန်ဝင်ကာ ဆိုင်းဘုတ်၏ အာနိသင် ကို စောင့်ကြည့်ရန် ပြင်လိုက်လေသည်။
သို့သော် လင်းဖန် ဆိုင်ထဲသို့ ခြေလှမ်းလှမ်းလိုက်စဉ်မှာပင်...၊ လမ်းသွားလမ်းလာ ကျင့်ကြံသူ တစ်ဦး သည် ဟင်းလင်းပြင်မျှော်စင်၏ ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
ထိုကျင့်ကြံသူ၏ အလျင်စလို လမ်းလျှောက်နေသည့် ပုံစံအရ သူသည် ဈေးဝယ်ထွက်နေခြင်း မဟုတ် သည်မှာ ထင်ရှားလှပေသည်။ ပုံမှန်အားဖြင့် လမ်းသွားလမ်းလာများသည် မည်သည့်ဆိုင်ရှေ့တွင်မျှ ရပ်တန့်လေ့ မရှိကြပေ။
သို့သော် သူသည် ဟင်းလင်းပြင်မျှော်စင်၏ ရှေ့သို့ ရောက်သောအခါတွင်မူ... သူ၏ ဦးခေါင်းမှာ ဟင်းလင်းပြင်မျှော်စင်၏ ဝင်ပေါက်ဆီသို့ ချက်ချင်းပင် လှည့်သွားလေတော့သည်။
“ဂျွတ်...”
ဦးခေါင်းကို အလွန်အမင်း မြန်ဆန်စွာ လှည့်လိုက်သောကြောင့် လည်ပင်းကျိုးသွားသည့်အလား အသံ တစ်ခု ထွက်ပေါ်လာလေ၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ရုတ်တရက် ဖြစ်ပေါ်လာသော တုံ့ပြန်မှုကြောင့် ထိုကျင့်ကြံသူမှာ လမ်းလျှောက်နေရင်းမှ ရပ်တန့်သွားရတော့သည်။ တစ်ချိန်တည်းမှာပင် နာကျင်နေ သော အသံတစ်ခုလည်း ထွက်ပေါ်လာ၏။
“အား...”
ဆိုင်ထဲသို့ ဝင်ရန် ပြင်နေသော လင်းဖန်သည်လည်း သူ၏နောက်ကွယ်မှ ထွက်ပေါ်လာသော အသံ ကြောင့် အာရုံစိုက်မိသွားသည်။ ဝယ်သူတစ်ယောက် ရောက်လာပြီဟု တွေးကာ သူသည် ချက်ချင်းပင် ဝမ်းသာသွားရ၏။ ဆိုင်းဘုတ်က အတော်လေး အစွမ်းထက်သည်ဟုပင် သူ တွေးလိုက်မိသေးသည်။
တပ်ဆင်ပြီး ခဏလေးအတွင်းမှာပင် ဝယ်သူကို ဆွဲဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
သို့သော် လင်းဖန် လှည့်ကြည့်လိုက်သည်နှင့် ရှေ့ရှိ ဝယ်သူ၏ ထူးဆန်းလှသော ပုံစံကြောင့် သူသည် လုံးဝ ဇဝေဇဝါ ဖြစ်သွားရတော့သည်။ ထိုကျင့်ကြံသူသည် ဆိုင်ဘက်သို့ မျက်နှာမူထားခြင်း ဖြစ်၏။ ထို့ကြောင့် လင်းဖန်က တစ်ဖက်လူသည် ဆိုင်ထဲသို့ လမ်းလျှောက်လာနေသည်ဟု သဘာဝကျကျပင် ထင်မှတ်နေခဲ့သည်။
*ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က ဘာလို့ ပြောင်းပြန်ကြီး ဖြစ်နေရတာလဲ။ သူ့မှာ အစွမ်းထက်တဲ့ နောက်ခံ အင်အား ရှိလို့လား။ အဲဒါကြောင့်များ သူက ဒီလိုမျိုး မောက်မာတဲ့ ပုံစံနဲ့ လမ်းလျှောက်နေတာလား။*
ထိုသို့ တွေးမိသောအခါ လင်းဖန်မှာ အလွန်ဝမ်းသာသွားရသည်။ အစွမ်းထက်သော နောက်ခံအင်အား ရှိခြင်းမှာ ချမ်းသာကြွယ်ဝပြီး သုံးနိုင်စွဲနိုင်စွမ်း ရှိသည်ကို ပြသနေခြင်းပင်။
*ငါ တကယ့် အကြီးစား အရောင်းအဝယ်တစ်ခု လုပ်ရတော့မှာလား…။*
ထိုသို့ ခန့်မှန်းမိပြီးနောက် လင်းဖန်က ပြုံးလျက် ချက်ချင်းပင် ကြိုဆိုလိုက်လေတော့သည်။
“ခုနက ဘာလို့ ငှက်ကလေးတွေ သာယာစွာ အော်မြည်နေတာလဲလို့ ငါ စဉ်းစားနေတာ...၊ အခုတော့ တကယ့် အဖိုးတန် ဧည့်သည်တော်ကြီး ရောက်လာတာကိုး...။”
“တာအိုမိတ်ဆွေ...၊ မိတ်ဆွေက အင်အားကြီး အဖွဲ့အစည်းတစ်ခုက လာတာဆိုတာ သိသာလှပါတယ်။ သေသေချာချာ မကြိုဆိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးပါဦး...။”
“ဘာများ လိုချင်လို့ပါလဲ...။ ငါတို့ ဆိုင်မှာ မှော်ရတနာတွေရော ဆေးလုံးတွေပါ အမျိုးစုံ ရှိပါတယ်...။”
လမ်းသွားလမ်းလာ ကျင့်ကြံသူမှာမူ သူ၏ လည်ပင်းကို နာကျင်စွာ ပွတ်နေလေသည်။ လင်းဖန်၏ အသံ ကို ကြားသောအခါ သူသည် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။ တစ်စုံတစ်ရာသော အကြောင်းပြချက် ကြောင့် သူ၏ စိတ်ထဲတွင် ပြင်းထန်သော စူးစမ်းလိုစိတ်များ ရုတ်တရက် ဖြစ်ပေါ်လာတော့သည်။
သူ၏ ဦးနှောက်ထဲတွင် “ဘာကြောင့်လဲ” ဆိုသည့် မေးခွန်းများစွာ ချက်ချင်းပင် လျှပ်ခနဲ ပေါ်လာပြီး မမေးဘဲ မနေနိုင် ဖြစ်သွားရ၏။ ထိုစူးစမ်းလိုစိတ်မှာ သူ၏ လည်ပင်းမှ နာကျင်မှုကိုပင် ခေတ္တမျှ မေ့ပျောက်သွားစေသည်။
“ဟင်... ငါက အင်အားကြီး အဖွဲ့အစည်းတစ်ခုက လာတာလို့ မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ...။”
လင်းဖန်သည် အရောင်းအဝယ် ဖြစ်ရန် စိတ်အားထက်သန်နေသော်လည်း ဝယ်သူ၏ မေးခွန်းကို စိတ်ရှည်စွာပင် ပြန်ဖြေလိုက်၏။
“ဟားဟား...၊ အဲဒါက လွယ်ပါတယ်...။ မိတ်ဆွေရဲ့ ထူးခြားလှတဲ့ လမ်းလျှောက်ပုံကို ကြည့်ရုံနဲ့တင် သိနိုင်တာပေါ့...။”
“အင်အားကြီးတဲ့ နောက်ခံသာ မရှိရင် ဘယ်သူကများ ဒီလောက်အထိ မောက်မောက်မာမာပုံစံနဲ့ လမ်းလျှောက်ရဲမှာလဲ...။”
“အဆင့်မြင့် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သာမန် ဆေးလုံးတွေနဲ့ မှော်ရတနာတွေကိုတော့ စိတ်ဝင်စားမှာ မဟုတ်ဘူး မဟုတ်လား...။”
“ပြဿနာ မရှိပါဘူး...၊ ငါတို့ ဆိုင်မှာ အမှာစာတွေ လက်ခံပေးပါတယ်။ မိတ်ဆွေ ဘယ်လို ဆေးလုံးမျိုးပဲ လိုအပ်ပါစေ...၊ ငါတို့က သန့်စင်ပေးနိုင်ပါတယ်...။”