အခန်း ၂၀၉
Vol. 21 Ch. 209
အခန်း (၂၀၉) ငါ့ရဲ့ ဂုဏ်သိက္ခာကို အပုပ်ခံမယ့်အစား…
*ဟွန့်... ဟင်းလင်းပြင်မျှော်စင်က ဒီနေ့မှ ဆိုင်းဘုတ်အသစ် ပြောင်းထားတာ...။ ဒါ ပထမဆုံး ဖွင့်တဲ့ရက် ပဲ။ ဒီနေ့က လူသတ်ဖို့အတွက် မကောင်းတဲ့နေ့မို့ သူ့ကို နောက်တစ်ရက်လောက် ထပ်ပြီး အသက်ရှင်ခွင့် ပေးလိုက်ဦးမယ်…။*
လင်းဖန်သည် ချက်ချင်းပင် အညှိုးအတေး ပြေပျောက်အောင် လုပ်လို့ရမည့် လူမျိုး မဟုတ်ပေ။ တစ်ည လောက် စောင့်ရသည်မှာလည်း လက်မခံနိုင်စရာ မဟုတ်ချေ။ ထိုသို့ တွေးကာ လင်းဖန်သည် တစ်ဖက် လူ၏ ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုကို လျှို့ဝှက်စွာ ထားခဲ့လိုက်ပြီး ဆိုင်တံခါးဘက်သို့ လှည့်ထွက်လာခဲ့လေသည်။
သို့သော် လင်းဖန် ထွက်သွားသော်လည်း ဤဖြတ်သွားဖြတ်လာ ကျင့်ကြံသူမှာမူ ဒုက္ခရောက်နေရှာလေ သည်။ သူသည် ညာဘက်ခြေထောက်ကို ကြွလိုက်စဉ်မှာပင် ဘယ်ဘက်ခြေထောက်နှင့် မတော်တဆ ခလုတ်တိုက်မိသွားလေသည်။ ထို့ကြောင့် သူသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့၏။
သူ၏နောက်ကွယ်မှ အသံကို ကြားသောအခါ လင်းဖန်သည် ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်လေသည်။
*ဟာ...၊ သူ လမ်းမကြည့်ဘဲ လျှောက်လို့ ခလုတ်တိုက်လဲတာလား...။*
*ဒါ မဖြစ်နိုင်တာပဲ။ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ မျက်စိကွယ်နေရင်တောင် ဒီလိုမျိုး လဲကျဖို့ မလွယ် ဘူးလေ...။*
*ဝါး...၊ ကြည့်ရတာ ဒီ 'တာအိုမိတ်ဆွေ...။ ခဏလောက် စောင့်ပါဦး' ဆိုတဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ...။*
ထိုအာနိသင်ကို စောင့်ကြည့်ရန်အတွက် လင်းဖန်သည် တံခါးဝတွင် ထိုင်ကာ သူ၏ မေးစေ့ကို လက်ဖြင့် ထောက်ပြီး ထိုအခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ၏ အပြုအမူကို သေသေချာချာ စောင့်ကြည့် နေပေတော့သည်။
နောက်ထပ် နာရီအနည်းငယ်အတွင်းမှာပင် ထိုကျင့်ကြံသူသည် အကြိမ်ပေါင်းများစွာ လဲကျနေခဲ့လေ သည်။ အကယ်၍ သူ ပြန်ထပြီး ငြိမ်ငြိမ်လေး ရပ်နေလျှင် ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။ သို့သော် သူ ထွက်ခွာရန် ကြိုးစားလိုက်တိုင်း မမျှော်လင့်ထားသော ကိစ္စမျိုးစုံနှင့် ကြုံတွေ့ရမြဲ ဖြစ်ချေသည်။
ခလုတ်တိုက်ခြင်း၊ ချော်လဲခြင်းနှင့် ခြေထောက်များ ရုတ်တရက် အားနည်းသွားကာ လဲကျခြင်းတို့ ဖြစ်နေလေတော့၏။
အကြိမ်ပေါင်းများစွာ လဲကျပြီးနောက်တွင်မူ ထိုကျင့်ကြံသူမှာ ဆက်လက်၍ ခေါင်းမာမနေတော့ပေ။ သူ နောက်တစ်ကြိမ် ပြန်ထလာပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စတင် စစ်ဆေးလေတော့သည်။
“ငါက ဆေးမီးဖိုဂိုဏ်းက လျိုယွမ်ပါ။ ဘယ်စီနီယာကများ ဒီဂျူနီယာကို ဒီလောက်အထိ နောက်ပြောင်နေ တာလဲဆိုတာ သိချင်မိပါတယ်...။”
တစ်ဖက်လူက မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်ကို ကြားသောအခါ လင်းဖန်သည် သူ၏ ဦးနှောက် ထဲတွင် “ဆေးမီးဖို” ဆိုသည့် နာမည်ကို လိုက်ရှာကြည့်လိုက်လေသည်။ ထိုနာမည်ကို တစ်စုံတစ်ယောက် ပြောဖူးသလိုလို ရှိသော်လည်း သူ သေသေချာချာတော့ မမှတ်မိတော့ပေ။
တစ်ချိန်တည်းမှာပင် လျိုယွမ်၏ စိတ်ဝိညာဉ်အာရုံကလည်း တံခါးဝတွင် ထိုင်နေသော လင်းဖန်ကို သတိပြုမိသွားခဲ့လေသည်။ လင်းဖန် သူ့ကို နှုတ်ဆက်တုန်းက သူ သတိထားမထားမိခဲ့ပေ။ ရုတ်တရက် သူ၏ စိတ်ဝိညာဉ်အာရုံက တစ်ဖက်လူအပေါ် ကျရောက်သွားသောအခါ တစ်ဖက်လူ၏ ကျင့်ကြံမှုအ ဆင့်ကို သူ မခန့်မှန်းနိုင်ကြောင်း တွေ့လိုက်ရလေသည်။
ဤတွေ့ရှိချက်က သူ့ကို မည်သူကများ နောက်ပြောင်နေသနည်းဟု တွေးတောသွားစေတော့သည်။ မည်သို့ပင်ဆိုစေ လင်းဖန် စကားလာပြောတုန်းက သူ၏ အမူအရာမှာ မကောင်းခဲ့ပေ။ ထိုသို့ တွေးမိ သည်နှင့် လျိုယွမ်သည် စီနီယာ၏ ခွင့်လွှတ်မှုကို ရရှိရန်အတွက် အမြန်ပင် တောင်းပန်ရန် ပြင်လိုက် လေတော့သည်။
ထို့ပြင် စီနီယာကို အရိုအသေပေးရန်အတွက် သူသည် နောက်တစ်ကြိမ် နောက်ကျောပေးရန် မဝံ့ရဲတော့ ပေ။ ထို့ကြောင့် သူသည် သူ၏ လည်ပင်းကို လက်ဖြင့် ပြန်လည် လိမ်ဖယ်ကာ လင်းဖန်ဘက်သို့ အတင်းအကျပ် မျက်နှာမူလိုက်လေတော့သည်။
ထို့နောက် လျိုယွမ်သည် ဘေးတိုက် လမ်းလျှောက်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်။ သူသည် လင်းဖန်ဘက်သို့ မျက်နှာမူကာ ဘေးတိုက် ခုန်ဆွခုန်ဆွနှင့် လာနေပြီး သူ၏ ခြေထောက်များမှာလည်း ဟစိဟစိ ဖြစ်နေတော့၏။
တစ်ချိန်တည်းမှာပင် သူသည် လက်နှစ်ဖက်ကို မြှောက်ကာ လင်းဖန်ကို အရိုအသေပေးရန် ပြင်လိုက် လေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ ဘေးတိုက် ဖြစ်နေဆဲ ဖြစ်သဖြင့် သူ၏ လက်များမှာ တစ်ဖက် က ရှေ့၊ တစ်ဖက်က နောက်သို့ ရောက်နေလေသည်။
သို့သော် လင်းဖန်၏ မျက်စိထဲတွင်မူ တစ်ဖက်လူ၏ အပြုအမူမှာ အတော်လေး ကွဲပြားနေ၏။
“ဟာ...၊ မင်း ဘာလုပ်မလို့လဲ။ ငါ့ကို လက်ဝှေ့ ထိုးမလို့လား...။”
ထို့ကြောင့် လင်းဖန်က ထိုသို့ မေးလိုက်ခြင်း ဖြစ်သည်။ အဓိက အကြောင်းရင်းမှာ တစ်ဖက်လူ၏ လှုပ်ရှားမှုများမှာ လက်ဝှေ့ကြိုးဝိုင်းထဲရှိ လက်ဝှေ့သမားတစ်ဦး၏ တိုက်ခိုက်မည့် ပုံစံနှင့် အလွန် တူနေသောကြောင့်ပင်။
လင်းဖန်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန်အတွက် တစ်ဖက်လူကို သတ်ပစ်ရန် ပြင်ဆင်နေစဉ်မှာပင်...၊ လျိုယွမ်က ရိုသေသော စကားများကို ပြောလိုက်လေသည်။
“စီနီယာ...၊ စောစောက ကျွန်တော် ရိုင်းပြခဲ့မိပါတယ်။ ဆေးမီးဖိုရဲ့ မျက်နှာကို ထောက်ထားပြီး ကျွန်တော့် ကို ခွင့်လွှတ်ပေးပါဦး...။”
လျိုယွမ်၏ အပြုအမူနှင့် လုံးဝ ဆန့်ကျင်နေသော ရိုသေလှသည့် စကားများကို ကြားရသောအခါ လင်းဖန်သည် မိမိ အထင်လွဲသွားမှန်း သိလိုက်လေသည်။ သို့သော် တစ်ဖက်လူ၏ စကားအရဆိုလျှင် ဤဆေးမီးဖိုမှာ အတော်လေး မျက်နှာပွင့်သည့် ဂိုဏ်းများ ဖြစ်နေပါသလား။
“ဆေးမီးဖို ဟုတ်လား...။ အဲဒါက အဆင့်ကိုး ဂိုဏ်းလား...။”
လင်းဖန်၏ မေးခွန်းက လျိုယွမ်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။
*ဆေးမီးဖိုဂိုဏ်း အကြောင်းတောင် မသိဘဲနဲ့ မင်းက လက်ရှိ ကျင့်ကြံမှုအဆင့်အထိ ဘယ်လိုရောက် အောင် လုပ် ခဲ့တာလဲ။ ကျုံးကျိုးမှာ ရှိတဲ့ဆေးလုံးများနှင့် မှော်ရတနာများ၏ အနည်းဆုံး ခြောက်ဆယ် ရာခိုင်နှုန်းက သူတို့၏ ဆေးမီးဖိုကနေ လာတာဆိုတာ သိထားသင့်တာပေါ့…။*
“မှန်ပါတယ် စီနီယာ...၊ ဆေးသန့်စင်တာနဲ့ မှော်ရတနာတွေ ပြုလုပ်တဲ့ နေရာမှာ နာမည်ကျော်ကြားတဲ့ အဆင့်ကိုး ဆေးမီးဖိုဂိုဏ်းပါပဲ...။”
လျိုယွမ်၏ စကားကြောင့် လင်းဖန်၏ မျက်လုံးများမှာ အနည်းငယ် မှေးစင်းသွားတော့သည်။
*ကြည့်ရတာ ငါ့ရဲ့ စတုတ္ထမြောက် ထိပ်တန်း ဝိညာဉ်ကြောကတော့ သေချာသွားပြီ ထင်တယ်…။*
*ဆေးမီးဖိုကလည်း ဆေးလုံးများနှင့် မှော်ရတနာများကို သန့်စင်တာဆိုတော့ သူတို့က ပြိုင်ဘက်တွေ မဟုတ်ဘူးလား။ ဤသို့ ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရရင်တော့ သူတို့ကို အမြစ်ပြတ် ရှင်းပစ်ရမယ်၊ ဒါမှ မဟုတ်ရင်လည်း ကိုယ့်ဘက်ပါအောင် သိမ်းသွင်းရမှာပေါ့…။*
သို့သော် လင်းဖန်ကမူ ဒုတိယနည်းလမ်းကို ပို၍ နှစ်သက်လေသည်။ အကယ်၍ သူတို့ကို သိမ်းသွင်းနိုင် မည်ဆိုလျှင် အမြတ်အစွန်း များစွာရမည့် အလုပ်သမား အုပ်စုကြီးကို ရရှိမည် မဟုတ်ပါလား။
သို့သော် သူတို့ကို သိမ်းသွင်းရန်အတွက် နောက်မှ အခွင့်အရေးကို စောင့်ရပေလိမ့်မည်။ အခုလော လောဆယ်တွင်တော့ လျိုယွမ်နှင့် အရောင်းအဝယ် အရင် လုပ်ဖို့သာ အာရုံစိုက်လိုက်တော့သည်။
“အဟမ်း...၊ မင်းက ဆေးမီးဖိုဂိုဏ်းက ဖြစ်နေတာကိုး။ ဆေးမီးဖိုဂိုဏ်းရဲ့ မျက်နှာကို ထောက်ထားပြီး မင်းကို ခွင့်လွှတ်ပေးလိုက်မယ်...။”
“ဒီအဆင့်မြင့် အားဖြည့်ဆေးလုံးကို သောက်လိုက်ရင် မင်းရဲ့ လည်ပင်းက ဒဏ်ရာ ပြန်ကောင်း သွား လိမ့်မယ်...။”
ပြောရင်းဖြင့် လင်းဖန်သည် အဆင့်မြင့် အားဖြည့်ဆေးလုံး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် တစ်ဖက်လူ ပြန်မပြောနိုင်သေးမီမှာပင် သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။
၎င်းသည် ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ဆေးအာနိသင်ကြောင့် လျိုယွမ်၏ လည်ပင်းမှာ ပုံမှန် အတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။
ဤဆေးလုံး၏ ဒဏ်ရာများကို ကုသပေးနိုင်သည့် စွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား ဖြည့်တင်းပေးနိုင် သည့် ကြောက်စရာကောင်းသော အာနိသင်ကို ကြုံတွေ့လိုက်ရသောအခါ လျိုယွမ်မှာ အလွန်အမင်းပင် တုန်လှုပ်သွားရတော့သည်။
ထို့နောက် သူသည် ကျေးဇူးတင်စကား ပြောရန်နှင့် ဆေးလုံး၏ အသေးစိတ် အချက်အလက်များကို မေးမြန်းရန် ပြင်လိုက်၏။
“ကျေးဇူးအများကြီး တင်ပါတယ်...။”
လျိုယွမ် စကားမဆုံးသေးမီမှာပင် လင်းဖန်က ဝင်ဟန့်လိုက်လေသည်။
“ပိုက်ဆံ ပိုပေးရမယ်နော်...။”
“မင်းက ဆေးမီးဖိုက ဆိုတော့ ငါတို့က မင်းရဲ့ မျက်နှာကို ထောက်ထားပြီး မိတ်ဆွေဈေးနဲ့ပဲ ပေးမယ်...။”
“ကဲ...။ ငါ့ကို အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းပဲ ပေးလိုက်ပါတော့...။”
လင်းဖန်၏ ဈေးနှုန်းကို ကြားလိုက်ရသည့်အခါ လျိုယွမ်၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ် သွားရလေတော့သည်။ သူသည် ဆိုင်ခန်းထဲတွင် ရှိနေသည့် အဆင့်မြင့် ဆေးလုံးများ၏ အခြေအနေ ကိုပင် ဂရုမစိုက်နိုင်တော့ပေ။
“စီ... စီနီယာ... ဒါက...။”
*လည်ပင်းဒဏ်ရာက စီနီယာကြောင့် ဖြစ်တာလေ...၊ ပြီးတော့ ခွင့်လွှတ်ပေးမယ်လို့လည်း ပြောပြီးသား ဆိုတော့ အလကား ပေးသင့်တာ မဟုတ်ဘူးလား…* ဟု လျိုယွမ် ပြောချင်နေမိသည်။ သို့သော် လင်းဖန် ၏ မကြင်နာလှသော အကြည့်ကို မြင်သောအခါ သူ၏ စိတ်ကူးကို အမြန်ပင် ပြောင်းလဲလိုက်ရ၏။
“စီနီယာ...၊ စောစောက အဆင့်မြင့် အားဖြည့်ဆေးလုံး တစ်လုံးကို နှစ်သောင်းလို့ ပြောခဲ့တာ မဟုတ် ဘူးလား...။”
“ဆေးမီးဖိုဂိုဏ်းရဲ့ မျက်နှာကို ထောက်ထားပြီး မိတ်ဆွေဈေးနဲ့ ပေးမယ်ဆိုပြီးတော့...၊ ဘာလို့ မိတ်ဆွေ ဈေးက ပိုပြီး ကြီးနေရတာလဲ...။”
ထိုစကားကို ကြားသောအခါ လင်းဖန်က အနည်းငယ် ပြုံးလိုက်၏။
*အဲဒါက ခုနတုန်းကလေ လို့ သူ စိတ်ထဲမှ ကျိတ်၍ ပြောလိုက်သည်။ စောစောက မင်း ဆေးမီးဖိုကမှန်း ငါ မသိခဲ့ဘူးလေ…။*
လုပ်ငန်းတူဖြစ်သည့်အတွက် ဆေးလုံးများနှင့် မှော်ရတနာများမှ ရရှိသည့် အဆမတန် များပြားသော အမြတ်အစွန်းများကို လင်းဖန် ကောင်းစွာ သိရှိထားလေသည်။ ဆေးမီးဖိုမှ လူများ၏ တန်ဖိုးမှာ သာမန် ကျင့်ကြံသူများနှင့် မတူနိုင်ပေ။
“ဪ...၊ ငါက မင်းတို့ ဆေးမီးဖိုရဲ့ မျက်နှာကို အများကြီး ထောက်ထားပေးတာလေ။ အဆင့်ကိုးဂိုဏ်း တစ်ခုက ဈေးနှုန်းအနည်းငယ်လေးကိုပဲ လက်ခံမယ်ဆိုရင် ဒါက မင်းတို့ကို မလေးစားရာ မရောက်ဘူး လား...။ မင်းတို့ရဲ့ သိက္ခာ ကျမသွားဘူးလား...။”
“နောက်ပြီး ဒါက မိတ်ဆွေဈေးပဲလေ...၊ ဈေးကြီးလေလေ ငါတို့ရဲ့ ခင်မင်မှုက ပိုပြီး နက်ရှိုင်းလေလေ ဆိုတာကို ကိုယ်စားပြုတာပဲ မဟုတ်လား...။”
လင်းဖန်၏ စကားများကြောင့် လျိုယွမ်၏ နှုတ်ခမ်းများမှာ တုန်ယင်သွားရတော့သည်။
*ဒီမျက်နှာကိုတော့...၊ ငါ အပုပ်မခံချင်တော့ပါဘူး….။*
“စီနီယာ... ကျွန်တော့်ကို အဲဒီ မျက်နှာ မပေးရင်ရော မရဘူးလား...။”
ထိုစကားကို ကြားသည်နှင့် လင်းဖန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။ သူ သည် သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး ရက်စက်သော လေသံဖြင့် ပြောလိုက်၏။
“ငါပေးတဲ့ မျက်နှာကို မင်းက အပုပ်ခံချင်တယ်ပေါ့...။ ဒါဆိုရင် ငါ မင်းရဲ့ လည်ပင်းကို နောက်တစ်ခါ ပြန်ပြီး လိမ်ပေးလိုက်ရမလား...။”
လင်းဖန် လှုပ်ရှားတော့မည့် ပုံစံကို မြင်သောအခါ လျိုယွမ်မှာ ပျာပျာသလဲ ဖြစ်သွားတော့သည်။
“စီနီယာ...၊ ဟုတ်ကဲ့... ဟုတ်ကဲ့...၊ ကျွန်တော် လိုချင်ပါတယ်...။ အခုချက်ချင်းပဲ စိတ်ဝိညာဉ် ကျောက်တုံးတွေ ပေးပါ့မယ်...။”
ပြောရင်းဖြင့် လျိုယွမ်သည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းကို ထုတ်ယူကာ လင်းဖန် ထံသို့ ပေးအပ်လိုက်လေသည်။ နောက်ထပ် အရောင်းအဝယ်တစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ သဖြင့် လင်းဖန်သည် သူ၏ ဝယ်သူကို ဝမ်းသာအားရဖြင့် လိုက်လံ ပို့ဆောင်ပေးလိုက်၏။
“ဟဲဟဲ...၊ နောက်တစ်ခါ ပြန်လာဖို့ ကြိုဆိုပါတယ်...။ လမ်းကို သေသေချာချာ ကြည့်သွားဦးနော်...။”
လျိုယွမ်မှာမူ အပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ရလိုက်သကဲ့သို့ ခံစားလိုက်ရပြီး အမြန်ပင် ထွက်ခွာသွားတော့ သည်။ လျိုယွမ် ထွက်သွားသည်ကို ကြည့်ကာ လင်းဖန်သည် တစ်ဖက်လူမှ လူစုပြီး ပြဿနာ လာရှာ လိမ့်မည်ဟု မျှော်လင့်နေတော့သည်။ ထိုမှသာ ပဋိပက္ခကို အသုံးချပြီး သူတို့ကို သဘာဝကျကျ ဝါးမြို ပစ်နိုင်မည် မဟုတ်ပါလား။
ဆိုင်ထဲသို့ ပြန်ဝင်ပြီး မကြာမီမှာပင် ချန်ရှီကျဲသည်လည်း ဟင်းလင်းပြင်တံခါးထဲမှ ထွက်လာခဲ့လေ သည်။
“သခင်... ဒီတယ်လီပို့ တံခါးက တကယ်ကို အဆင်ပြေတာပဲ။ အခုဆိုရင် အပြင်ရောက်နေတဲ့ ကျွန်တော် တို့ရဲ့ တပည့်တွေက ဂိုဏ်းကို အချိန်မရွေး ပြန်သွားလို့ ရပြီပေါ့...။”