အခန်း ၂၁၁
Vol. 22 Ch. 211
အခန်း (၂၁၁) ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ ဘယ်ရောက်သွားတာလဲ
"စိတ်ဝိညာဉ်ကျောက်တုံးတွေကို ပေးပြီးပြီဆိုတော့ ကျွန်တော် ဆေးဖော်စပ်ဖို့ အလျင်လိုနေလို့ သွား လိုက်ပါဦးမယ်...။"
ထိုသို့ပြောပြီးနောက် မာချီသည် အလျင်စလို ထွက်ခွာသွားခဲ့လေသည်။
ထိုအချိန်တွင် လင်းဖန်သည် ထွက်ခွာသွားသော မာချီကို ဂရုမစိုက်တော့ဘဲ မြေပြင်ကိုသာ ကြောင်အမ်း အမ်းဖြင့် စိုက်ကြည့်နေမိလေ၏။
"ကျစ်...၊ ဘာတွေဖြစ်ကုန်တာလဲ...။ ဒါက...၊ ရူးလောက်စရာပဲ မဟုတ်လား...။"
မြေပြင်ပေါ်၌ ပစ္စည်းများ အပုံလိုက်ရှိနေသည်။ စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ၊ မှော်ပစ္စည်း များနှင့် အခြားသော ကုန်ကြမ်းပစ္စည်း အမျိုးမျိုး အစုံအလင် ပါဝင်နေ၏။
လင်းဖန်၏ အမြင်တွင် သူသည် ထိုကျောက်တုံးကွဲကို တစ်ဖက်လူထံ ကမ်းပေးလိုက်ပြီးနောက် မာချီ သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများကို ရူးသွပ်နေသူတစ်ဦးလို အငမ်းမရ ထုတ်ယူလာခဲ့ခြင်း ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် အခြားသော အဖိုးတန်ပစ္စည်းများက မြေပြင် ပေါ်သို့ ဝုန်းခနဲ ကျလာခဲ့လေသည်။
တစ်ဖက်လူ ထုတ်ယူလာသည့် ပစ္စည်းအရေအတွက်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ သိုလှောင် လက်စွပ်ထဲရှိ အရာအားလုံးကို ပြောင်စင်သွားအောင် ထုတ်ပေးလိုက်ခြင်း ဖြစ်နိုင်ပေသည်။
"အိပ်မက်ယောင် ဗလာနတ္ထိ ဖြစ်သွားခြင်း ဆိုတဲ့အထဲက ဗလာနတ္ထိ ဆိုတာက...၊ ဒီလိုမျိုး ပြောင်စင် သွားခြင်းကို ဆိုလိုတာများလား...။"
"ဒါက ဘေးထွက်ဆိုးကျိုး လုံးဝမဟုတ်ဘူး...၊ ရှင်းရှင်းလင်းလင်းကို ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်ပဲ...။"
ခဏကြာ အံ့သြတကြီး ရေရွတ်ပြီးနောက် လင်းဖန်သည် သူ၏ အတွေ့အကြုံကို အကျဉ်းချုံး သုံးသပ် ကြည့်လိုက်လေသည်။
"ဒီကျင့်ကြံသူရဲ့ အမူအရာကို ကြည့်ရတာ သူက ဟာကွက်တစ်ခုကို အခွင့်ကောင်းယူနိုင်မယ့် စိတ်ကူး ယဉ် အာရုံချောက်ချားမှုထဲ ကျရောက်သွားတာ ဖြစ်ရမယ်...။"
"သူက ငါ့ကို ဈေးသည်လို့ ထင်မှတ်သွားပြီး ကျောက်တုံးကိုတော့ သူရှာတွေ့ခဲ့တဲ့ ရတနာတစ်ခုလို့ ထင်သွားတာပဲ...။"
"ပြီးတော့ သူက စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေမယ်လို့ ပြောပြီး သူ့ရဲ့ သိုလှောင်လက်စွပ် တစ်ခု လုံးကို ပြောင်စင်အောင် ထုတ်ပေးသွားတာပေါ့...။"
"ဒါပေမဲ့ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာတော့ သူက ကျောက်စိမ်းကို ဝယ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး တွေလောက်ပဲ ပေးလိုက်ရတယ်လို့ ထင်နေတာပဲ...။"
"ဟူး...၊ အခုမှ လုပ်ထားတဲ့ ဒီဆိုင်းဘုတ်အသစ်က ကြောက်ခမန်းလိလိ စွမ်းအားကြီးမားလွန်းတယ်...။"
ရလဒ်များကို အကျဉ်းချုံး သုံးသပ်ပြီးနောက် လင်းဖန်သည် ဆိုင်းဘုတ်၏ အာနိသင်ကို အပြည့်အဝ နားလည်သွားခဲ့လေသည်။
"ဒီဆိုင်းဘုတ်က အလုပ်များများလုပ်ဖို့နဲ့ အများကြီး အသုံးချနိုင်ဖို့ လေ့ကျင့်ဖို့ လိုအပ်သေးတယ်...။"
ဤသို့ တွေးလိုက်မိပြီးနောက် လင်းဖန်သည် အလျင်အမြန် လှည့်ကာ ဆိုင်ထဲသို့ ပြန်ဝင်သွားခဲ့လေသည် ။ သူသည် ဤဆိုင်းဘုတ်မျိုးကို နောက်ထပ် ပြုလုပ်နိုင်ခြင်း ရှိမရှိ စမ်းသပ်ကြည့်ချင်နေသည်ပင်။ ဤ အရာက ပထမဆုံး ဆိုင်းဘုတ်ထက် အများကြီး ပိုမိုထိရောက်မှု ရှိနေပေသည်မဟုတ်ပါလား။
ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လင်းဖန်သည် ကျူးဖေးမှ ဟင်းလင်းပြင် တံခါးကို စူးစမ်းလေ့လာနေသည် ကို တွေ့လိုက်ရသဖြင့် ရုတ်တရက် စကားပြောလိုက်သည်။
"ရှောင်ကျူး...၊ ဆိုင်ပေါက်ဝမှာ ဖြန့်ခင်းထားဖို့ ကျောက်ခဲတွေ ပေါင်းပင်တွေနဲ့ အခြား အမှိုက်တွေကို သွားရှာချေ...။"
လင်းဖန်၏ အမိန့်ကို ကြားသောအခါ ကျူးဖေးသည် လုံးဝ ဇဝေဇဝါ ဖြစ်သွားခဲ့လေသည်။
"အ... အရှင်မြတ်...၊ အဲ့ဒါတွေကို ဘာလုပ်ဖို့ ခင်းထားရမှာလဲ...။"
လင်းဖန်ကတော့ လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုကို ပြုံးလိုက်၏။
"ဟားဟား...၊ မင်း နောက်မှ သိရလိမ့်မယ်...။ ဘာရင်းနှီးမြှုပ်နှံမှုမှ မလိုဘဲ အချည်းနှီးကနေ အကျိုး အမြတ် ဘယ်လိုရလာသလဲ ဆိုတာကို မင်း မြင်တွေ့ရမှာပါ...။"
ကျူးဖေးသည် ဆက်မမေးတော့ဘဲ လင်းဖန် ပြောသည့်အရာများကို ရှာဖွေရန် ဟင်းလင်းပြင်မျှော်စင်မှ ထွက်သွားခဲ့လေသည်။ ကျူးဖေး ထွက်သွားသည်ကို ကြည့်ရင်း လင်းဖန်က သူ့ဘာသာ တီးတိုးရေရွတ် လိုက်လေသည်။
"ကျောက်ခဲတွေတဲ့လား...၊ အဓိပ္ပါယ်မရှိတာ...။ အဲ့ဒါတွေက ရှားပါးရတနာတွေဆိုတာ ရှင်းနေတာပဲ...။"
"ပေါင်းပင်တွေ ဟုတ်လား...၊ ဟီးဟီး...။ ဒါတွေကလဲ အဖိုးတန် ဆေးဘက်ဝင်အပင်တွေလေ...။"
"အင်း... ဒီဆိုင်းဘုတ်ရဲ့ စိတ်ကူးယဉ် အာရုံချောက်ချားမှု အာနိသင်အတွက် ရောင်းပြီးနောက် ဝန်ဆောင် မှုဆိုတာများ ရှိမလား မသိဘူး...။ အဲ့ဒီလူက အာရုံချောက်ချားမှုကနေ လွတ်မြောက်သွားပြီးရင်တော့ ပြဿနာများလာရှာ လောက်မလား...။"
စကားအနည်းငယ် ရေရွတ်ပြီးနောက် လင်းဖန်သည် ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲသို့ ပြန်ဝင်ကာ ဆိုင်းဘုတ်ကို ဆက်လက်လေ့လာနေခဲ့သည်။
ထိုအတောအတွင်း ဟင်းလင်းပြင်မျှော်စင်ကို ဖြတ်သန်းသွားခဲ့သော မာချီသည် ထျန်းယွမ်မြို့တော် အပြင်ဘက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအချိန်တွင် သူသည် အာရုံချောက်ချားမှုထဲမှ ပြန်လည် သတိရလာခဲ့ပြီ ဖြစ်၏။ သို့သော် သူ၏ တုံ့ပြန်မှုကို ကြည့်ရလျှင် သူသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် အရာများကို မှတ်မိပုံမပေါ်ပေ။
မြို့တံခါးမှ ထွက်ခွာလာပြီးနောက် သူသည် ခရီးဆက်ရန်အတွက် သူ၏ ပျံသန်းသည့် ဓားပျံကို ထုတ်ယူ ရန် ပြင်ဆင်လိုက်သည်။ ရုတ်တရက် မာချီ သူ၏ ဓားပျံကို ဆွဲယူရန် ပြင်လိုက်ချိန်တွင် သူ၏ လက်ထဲ၌ ကျောက်တုံးကွဲတစ်ခုသာ ပေါ်လာခဲ့လေသည်။
သူ၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွား၏။ ရှုပ်ထွေးမှု၊ အံ့သြမှုနှင့် ထိတ်လန့်မှုတို့က သူ၏ မျက်နှာပေါ်တွင် ချက်ချင်း ဖြတ်ပြေးသွားခဲ့သည်။
"ကျစ်...၊ ငါ့ရဲ့ ဓားပျံက ဘယ်ရောက်သွားတာလဲ...။ ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေရော ဘယ်မှာလဲ... ။ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ ဘယ်ရောက်ကုန်တာလဲ...။ အားလုံး ဘယ်လိုဖြစ်ပြီး ပျောက်ကွယ်သွားရတာလဲ...။"
"ဒီကျောက်တုံးကွဲက ဘယ်အချိန်တည်းက သိုလှောင်လက်စွပ်ထဲ ရောက်နေတာလဲ...။"
လက်တွေ့ကို လက်မခံနိုင်သည့်အလား မာချီသည် သိုလှောင်လက်စွပ်ကို အကြိမ်ကြိမ် ဆက်တိုက် စစ်ဆေးကြည့်နေမိလေသည်။ သို့သော် ရလဒ်ကတော့ အမြဲတမ်း အတူတူပင်။ ဘာမှ မရှိတော့ချေ။ ထိုရလဒ်ကြောင့် မာချီ၏ မျက်နှာက ချက်ချင်းပင် အလွန်တရာ ဆိုးရွားသွားခဲ့လေသည်။
"ဒီသိုလှောင်လက်စွပ်မှာ တစ်ခုခုတော့ မှားနေပြီ...။ ပစ္စည်းတွေ ထွက်ကျနေတာပဲ...။"
"ခွေးကောင် ဆေးမီးဖိုဂိုဏ်းကများ ဒီလို ပြဿနာရှိတဲ့ သိုလှောင်လက်စွပ်မျိုးကို အပြင်လူတွေဆီ ရောင်းချရဲတယ်ပေါ့...။"
"ငါ မင်းတို့ဆီက ရှင်းလင်းချက်ကို သေချာပေါက် တောင်းဆိုရမယ်...။"
ထိုသို့ပြောပြီးသည်နှင့် မာချီသည် ထျန်းယွမ်မြို့တော်သို့ ပြန်လှည့်ကာ ဆေးမီးဖိုဂိုဏ်း၏ ဆေးမီးဖို မျှော်စင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေတော့သည်။
အကယ်၍ လင်းဖန်သာ မာချီ၏ လက်ရှိ အခြေအနေကို သိရှိခဲ့ပါလျှင် သူသည် အကြောင်းရင်းကို ချက်ချင်း နားလည်သွားပေလိမ့်မည်။
"အိပ်မက်ယောင် ဗလာနတ္ထိ ဖြစ်သွားခြင်း" ဆိုသည်မှာ သိုလှောင်လက်စွပ်ကို ရည်ညွှန်းပြီး "အိပ်မက် ယောင်" ဆိုသည်မှာတော့ မှတ်ဉာဏ်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ၎င်းက အိပ်မက်တစ်ခုနှင့် တူလှ ပေသည်။ နိုးလာပြီးနောက် အရာအားလုံးကို မေ့သွားခဲ့ခြင်းပင်။
ဟင်းလင်းပြင်မြင့်မြတ်နယ်မြေထဲတွင် ဒင်ခနဲ အသံနှင့်အတူ လင်းဖန်သည် အခြား ဆိုင်းဘုတ်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။ ဆေးမီးဖိုကို ဖွင့်ပြီးနောက် လင်းဖန်သည် အတွင်းတွင် ရှိနေသော ဆိုင်းဘုတ်၏ အချက်အလက်များကို စိတ်အားထက်သန်စွာ စစ်ဆေးကြည့်လိုက်သည်။
[ဆိုင်းဘုတ် (မြည်းတံဆိပ်) - အထူး မှော်လက်နက်တစ်ခု။
လုပ်ဆောင်ချက် - တစ္ဆေနံရံ။
ဘေးထွက်ဆိုးကျိုး - နံရံကို မတိုက်မိသရွေ့ နောက်ကြောင်းမလှည့်ခြင်း။]
စကားလုံး အနည်းငယ်မျှသာ ပါဝင်နေဆဲဖြစ်သော အကျဉ်းချုပ် မိတ်ဆက်ကို ကြည့်ပြီးနောက် လင်းဖန် မှာ ဆွံ့အသွားခဲ့ပြန်လေသည်။
"ထားပါတော့လေ...။ ဒီစစ်ဆေးခြင်း လုပ်ဆောင်ချက်ကို သုံးလို့ကောရသေးရဲ့လား...၊ ဖော်ပြချက်တွေ က ပိုပိုပြီး ဝေဝါးလာသလိုပဲ...။"
"စစ်ဆေးပြီးနောက်မှာတောင် တကယ့်အာနိသင်ကို ကိုယ်တိုင် စမ်းသပ်နေရသေးရင် စစ်ဆေးခြင်း လုပ်ဆောင်ချက်က ဘာအဓိပ္ပါယ်ရှိတော့မှာလဲ...။"
မည်သို့ပင်ဆိုစေကာမူ စနစ်သည် လင်းဖန်၏ ညည်းညူမှုများကို ဂရုမစိုက်ဘဲ မည်သည့်တုံ့ပြန်မှုမျှ မပေးခဲ့ချေ။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် လင်းဖန်သည် ဆိုင်းဘုတ်ကို ယူဆောင်ကာ စမ်းသပ် ရန် အပြင်သို့ ထွက်လာရလေတော့သည်။
ရွှမ်းမင်ဂိုဏ်းမှ တပည့်များကို ဟင်းလင်းပြင်မျှော်စင်အား စောင့်ကြည့်ရန် စီစဉ်ပေးပြီးနောက် လင်းဖန် သည် လင်းရှောင်းမျှော်စင်ဆီသို့ ဦးတည်သွားခဲ့လေသည်။ လင်းရှောင်းမျှော်စင်မှ တပည့်များကို စိတ်ဝိညာဉ်ထိန်းချုပ်ဆေးလုံး တိုက်ကျွေးပြီးနောက် လင်းဖန်သည် ဆိုင်းဘုတ်လဲလှယ်သည့် အလုပ်ကို စတင်လေတော့သည်။
မကြာမီမှာပင် ဆိုင်းဘုတ်ကို လဲလှယ်ပြီးသွားသော လင်းဖန်သည် ဆိုင်ပေါက်ဝတွင် ထိုင်ကာ သူ၏ သားကောင်များ လာရောက်မည့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။
အချိန်အနည်းငယ် စောင့်ဆိုင်းပြီးနောက် လမ်းသွားလမ်းလာ တစ်ဦးသည် သူရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရလေသည်။
လင်းဖန်ကတော့ တစ်ဖက်လူ၏ အပြောင်းအလဲများကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့၏။ လမ်းသွားလမ်းလာက ဟင်းလင်းပြင်မျှော်စင်၏ အပေါက်ဝသို့ တဖြည်းဖြည်း ချဉ်းကပ်လာချိန်တွင် လင်းဖန်အတွက် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ထိုလူသည် အင်မော်တယ်တိမ်တိုက် ဟင်းလင်းပြင်မျှော်စင်မှ လူကဲ့သို့ လည်ပင်းကို မလိမ်ချိုးခဲ့သလို ရွှမ်းမင်ဟင်းလင်းပြင်မျှော်စင်မှ လူကဲ့သို့လည်း ရူးသွပ်နေသလိုမျိုး မပြုမူခဲ့ပေ။ ထိုအစား သူသည် လင်းရှောင်းဟင်းလင်းပြင်မျှော်စင်၏ ဝင်ပေါက်ဆီသို့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတော့ သည်။
"ကျစ်... ဒါကို ဝင်္ကပါထဲ ပိတ်မိနေတယ်လို့ ခေါ်ကြတာကိုး...။"
"ဒါက အင်မော်တယ်တိမ်တိုက်မျှော်စင်ရဲ့ ဆိုင်းဘုတ်နဲ့ ခပ်ဆင်ဆင်ပဲ...။ နှစ်ခုလုံးက တစ်ဖက်လူကို အတင်းအကျပ် ဆွဲထားဖို့ ဖန်တီးထားတာပဲ...။"
"တကယ်လို့ ဒီလောက်ပဲ ဆိုရင်တော့ အင်မော်တယ်တိမ်တိုက်နဲ့ ရွှမ်းမင်ရဲ့ ဆိုင်းဘုတ်တွေကို ယှဉ်နိုင်မှာ မဟုတ်ဘူး...။"
လင်းဖန်က ဆိုင်းဘုတ်၏ အာနိသင်ကို မှတ်ချက်ချနေစဉ်မှာပင် ရပ်တန့်နေသော ထိုကျင့်ကြံသူသည် မျက်မှောင်ကြုတ်သွားခဲ့လေသည်။
"ဟင်... ဒီလမ်းပေါ်မှာ ဘယ်အချိန်တည်းက ဆိုင်ဖွင့်သွားတာလဲ...။ လမ်းကို လုံးဝ ပိတ်ထားတာပဲ...။ ထျန်းယွမ်မြို့တော်ရဲ့ စည်းကမ်းထိန်းသိမ်းရေးသမားတွေက ဂရုမစိုက်ကြဘူးလား...။"
ထိုလမ်းသွားလမ်းလာ၏ အမြင်တွင် သူသည် လမ်းတစ်လျှောက် လျှောက်လာနေစဉ် ရုတ်တရက် လမ်းပိတ်သွားခဲ့ခြင်း ဖြစ်လေသည်။ လမ်း၏ အရှေ့ဘက်တွင် ဆိုင်တစ်ဆိုင်က အချိုးကျကျ ပေါ်လာခဲ့ သည်။ ဤလမ်းသည် လမ်းပိတ်တစ်ခုအဖြစ် လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။
သံသယများ ရှိနေသော်လည်း လမ်းသွားလမ်းလာသည် နောက်ကြောင်းပြန်လှည့်ကာ အခြားလမ်းမှ သွားရန် ဆုံးဖြတ်လိုက်လေသည်။ သို့သော် သူ လှည့်ကြည့်လိုက်သောအခါ သူ့နောက်ရှိ လမ်းမှာလည်း ပိတ်ဆို့နေကြောင်း တွေ့လိုက်ရသည်။ လမ်းပိတ်ဆို့မှုသည် ဆိုင်တစ်ဆိုင်ကြောင့် ဖြစ်နေခြင်းပင်။
"ကျစ်...၊ တစ္ဆေခြောက်နေတာပဲ...၊ ငါ ခုနလေးတင်...။"
ထိုအချိန်တွင် လမ်းသွားလမ်းလာသည် အမည်မသိ အကြောက်တရားများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူ၏ အရှေ့နှင့် အနောက်တွင် ရုတ်တရက် ပေါ်လာသော ဆိုင်များနှင့် ရင်ဆိုင်ရချိန်တွင် လမ်းသွား လမ်းလာသည် အမည်မသိ အန္တရာယ်များကို စိုးရိမ်နေပြီး ရမ်းသမ်းကာ သွားရောက် မစစ်ဆေးရဲ တော့ချေ။ သူ အလိုချင်ဆုံး အရာမှာ ဤအမည်မသိ အကျပ်အတည်းမှ လွတ်မြောက်ရန် ဘေးကင်း သော နေရာတစ်ခုကို ရှာဖွေရေးပင်။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် လမ်းသွားလမ်းလာသည် လင်းဖန်၏ ဟင်းလင်းပြင်မျှော်စင်နှင့် အပေါက်ဝတွင် ထိုင်နေသော လင်းဖန်ကို မြင်လိုက်ရလေသည်။ ထို့ကြောင့် သူသည် လင်းဖန်ရှိရာသို့ ခပ်သွက်သွက် လျှောက်သွားလိုက်လေသည်။
လင်းဖန်၏ အမြင်တွင်မူ လမ်းသွားလမ်းလာသည် ခဏတာ မတ်တတ်ရပ်နေပြီးမှ သူရှိရာသို့ လျှောက် လာနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်းသာသွားခဲ့လေသည်။
"ဟင်းလင်းပြင်မျှော်စင်မှ ကြိုဆိုပါတယ်...၊ ဘာများ ဝယ်ယူချင်ပါသလဲ...။"
လင်းဖန်၏ နှုတ်ဆက်စကားကို ကြားသောအခါ လမ်းသွားလမ်းလာသည် ထိတ်လန့်တကြား မေးလိုက် လေသည်။
"တာအိုရောင်းရင်း...၊ ရုတ်တရက် ပေါ်လာတဲ့ ဒီဆိုင်နှစ်ဆိုင်က ဘာတွေ ဖြစ်နေတာလဲဆိုတာများ သိပါ သလား...။"
လမ်းသွားလမ်းလာ၏ စကားကြောင့် လင်းဖန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ လမ်းကို တစ်ချက်ဝေ့ ကြည့်လိုက်ပြီး ဘာမှ ထူးခြားမှု မတွေ့ရသဖြင့် သူက ပြန်မေးလိုက်လေ၏။
"ဘယ်ဆိုင်ကို ပြောတာလဲ...၊ ကျွန်တော် မမြင်မိပါဘူး...။"