အခန်း ၂၁၂
Vol. 22 Ch. 212
အခန်း (၂၁၂) ဆေးမီးဖိုမျှော်စင်မှ ပြဿနာ
လင်းဖန်က မမြင်ဘူးဟု ပြောလိုက်သောအခါ လမ်းသွားလမ်းလာသည် ပို၍ပင် ထိတ်လန့်သွား လေတော့သည်။
"တာအိုရောင်းရင်း...၊ ခင်ဗျားတကယ် မမြင်ဘူးလား...။ အဲ့ဒါက လမ်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေပြီး လမ်းကို လုံးဝ ပိတ်ဆို့ထားတာလေ...။"
ထိုစကားကို ကြားသောအခါ တစ်ဖက်လူသည် ဝင်္ကပါထဲ ပိတ်မိနေသည့် အာနိသင်ကို ရည်ညွှန်းနေခြင်း ဖြစ်ကြောင်း လင်းဖန် နားလည်သွားသည်။ သို့သော် ဤအာနိသင်သည် လမ်းသွားလမ်းလာများကိုသာ သက်ရောက်မှုရှိမည် ဖြစ်ရာ သူ မမြင်ရခြင်း ဖြစ်နိုင်ပေသည်။
ထို့ကြောင့် လင်းဖန်သည် ကြောက်လန့်သွားဟန်ဆောင်ကာ ပြောလိုက်၏။
"တာအိုရောင်းရင်း...၊ အခုက နေ့ခင်းကြောင်တောင်ကြီးနော်...၊ ကျွန်တော့်ကို လာမခြောက်ပါနဲ့... ။ လမ်းပေါ်မှာ ဘာမှမရှိပါဘူး...၊ ခင်ဗျားများ အာရုံချောက်ချားနေတာလား...။"
"ဒီလိုလုပ်ပါ တာအိုရောင်းရင်း...၊ ဆိုင်ထဲဝင်ပြီး ခဏလောက် အနားယူလိုက်ပါဦး...။ နားလိုက်ရင် အာရုံချောက်ချားတာတွေ ပျောက်သွားနိုင်ပါတယ်...။"
လင်းဖန်၏ အကြံပြုချက်ကို ကြားသောအခါ လမ်းသွားလမ်းလာသည် ငြင်းဆန်ခြင်းမရှိဘဲ လင်းဖန် နောက်သို့ လိုက်ကာ ဆိုင်ထဲသို့ ဝင်သွားလေတော့သည်။
"တာအိုရောင်းရင်း...၊ ခင်ဗျားကြည့်ရတာ နွမ်းနယ်နေသလိုပဲ...။ ခင်ဗျားရဲ့ ရှေးဟောင်းစိတ်ဝိညာဉ် ထိခိုက်ဒဏ်ရာရထားလို့ ခုလို အာရုံချောက်ချားမှုတွေ ဖြစ်နေတာများလား...။"
"ကျွန်တော့်ဆီမှာ ကုသရေးဆေးလုံးတချို့ ရှိတယ်...။ တာအိုရောင်းရင်း စမ်းသောက်ကြည့်ပါဦး...။"
လင်းဖန်၏ မြှောက်ပင့်ရောင်းချမှုအောက်တွင် အနည်းငယ် ထိတ်လန့်နေပြီဖြစ်သော လမ်းသွားလမ်း လာသည် လင်းဖန် ကမ်းပေးသော ဆေးလုံးကို မငြင်းဆန်ခဲ့ချေ။
ဆေးလုံးကို သောက်ပြီးနောက် လင်းဖန်သည် အာနိသင်ကို စမ်းသပ်ရန်အတွက် တစ်ဖက်လူကို ဆိုင်အပြင်ဘက်သို့ ခေါ်ဆောင်သွားခဲ့လေသည်။
"ပျောက်သွားပြီ...၊ လမ်းကို ပိတ်ဆို့ထားတဲ့ ဆိုင်တွေ ပျောက်သွားပြီ...။ တကယ်ကောင်းတာပဲ...။"
"ဒါက ကျွန်တော့်ရဲ့ ရှေးဟောင်းစိတ်ဝိညာဉ် ထိခိုက်သွားလို့ ဖြစ်လာတဲ့ အာရုံချောက်ချားမှုတစ်ခု ဖြစ်နေ တာပဲ...။ တာအိုရောင်းရင်းကို ကျေးဇူးအများကြီး တင်ပါတယ်...။"
"ဪ...၊ ဒါက ဆေးလုံးဝယ်တဲ့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေပါ...။"
အရောင်းအဝယ် ပြီးဆုံးသွားပြီးနောက် လင်းဖန်သည် ထွက်ခွာသွားသော တစ်ဖက်လူကို ကြည့်နေခဲ့ သည်။ ထို့နောက် လင်းဖန်သည် ဆိုင်းဘုတ်၏ အာနိသင်ကို အကျဉ်းချုံး သုံးသပ်ကြည့်လိုက်သည်။
"တစ္ဆေနံရံ ဆိုတာက လမ်းသွားလမ်းလာတွေရဲ့ အမြင်မှာ လမ်းကို ပိတ်ဆို့ထားတဲ့ ဆိုင်တစ်ဆိုင်ကို ရည်ညွှန်းတာ ဖြစ်ရမယ်...။"
"နံရံကို မတိုက်မိသရွေ့ နောက်ကြောင်းမလှည့်ဘူး ဆိုတာကတော့ ငါ့ဆီက ပစ္စည်းမဝယ်မချင်း ထွက်သွားလို့ မရဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ...။"
"ကောင်းပြီလေ...၊ ဒါက အရောင်းအဝယ်တွေ ရလာအောင် ကူညီပေးနိုင်ပေမဲ့ ရေရှည်အသုံးပြုဖို့တော့ မသင့်တော်ဘူး...။"
"ဒီဆိုင်းဘုတ်ရဲ့ တစ္ဆေနံရံ အာနိသင်ပဲဖြစ်ဖြစ်...၊ အင်မော်တယ်တိမ်တိုက်မျှော်စင် ဆိုင်းဘုတ်ရဲ့ တာအို ရောင်းရင်း ကျေးဇူးပြုပြီး နေပါဦး အာနိသင်ပဲဖြစ်ဖြစ်...၊ ဒါတွေအားလုံးက အတင်းအကျပ် စီးပွားရေး လုပ်ခိုင်းနေသလို ခံစားရတယ်...။"
"တစ်ကြိမ် နှစ်ကြိမ်ဆိုရင်တော့ အဆင်ပြေပေမဲ့ အကြိမ်ရေ များလာရင်တော့ လူတွေက ဒါတွေနောက် ကွယ်မှာ ရှိနေတာ ကိုယ့်ဆိုင်ပဲဆိုတာကို သေချာပေါက် ခန့်မှန်းမိသွားကြလိမ့်မယ်...။"
"ဒီလိုဖြစ်သွားရင် ဘယ်သူက ကိုယ့်ဆိုင်နားကို လာရဲတော့မှာလဲ...။ သူတို့တွေ ဒီလမ်းကနေတောင် ဖြတ်သွားကြတော့မှာ မဟုတ်ဘူး...။"
"ရွှမ်းမင် ဟင်းလင်းပြင်မျှော်စင်ရဲ့ ဆိုင်းဘုတ်နဲ့ ပတ်သက်ပြီးတော့ အခုချိန်ထိ အဆင်ပြေပုံရတယ်...။ ဘာပဲဖြစ်ဖြစ် ထိုအိပ်မက်ယောင် အာရုံချောက်ချားမှု အာနိသင်အောက်မှာ လမ်းသွားလမ်းလာက သူတို့ဆီကို ကိုယ်တိုင် ချဉ်းကပ်လာခဲ့တာပဲ...။"
"ဒီအချိန်က လမ်းသွားလမ်းလာတွေက သူ့ကို ဈေးသည်လို့ ထင်မှတ်သွားပြီး ဟင်းလင်းပြင်မျှော်စင် ထဲကို တကယ် မဝင်ခဲ့ကြဘူး...။ တကယ်လို့ ကိစ္စတွေ ပေါ်ပေါက်သွားရင်တောင် ဒါက ငါ့ရဲ့ ဟင်းလင်း ပြင်မျှော်စင်နဲ့ ဘာမှမဆိုင်ဘူးလေ...။"
"ဒါ့အပြင် ဒီလမ်းသွားလမ်းလာက သူ့ရဲ့ သိုလှောင်လက်စွပ်ကို အကုန်ထုတ်ပေးသွားခဲ့တာ အချိန်တော် တော်ကြာနေပြီ...။ ဒါပေမဲ့ အဲ့ဒီလူက ပြဿနာလာရှာဖို့ ပြန်မလာခဲ့ဘူး...။"
ထိုအချက်က တစ်ဖက်လူသည် သူတို့၏ အရောင်းအဝယ်ကို လုံးဝ မှတ်မိမည်မဟုတ်ကြောင်း လင်းဖန် ကို သံသယဖြစ်လာစေခဲ့သည်။
"အိပ်မက်ယောင် ဗလာနတ္ထိ ဖြစ်သွားခြင်း...။ ဗလာနတ္ထိ ဆိုတာ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေ ပြောင်စင်သွားခြင်းကို ခေါ်တာပဲ...။"
"အိပ်မက်ယောင် ဟုတ်လား...၊ တစ်ဖက်လူရဲ့ ဈေးဆစ်ပြီး ပစ္စည်းဝယ်တဲ့ လုပ်ရပ်က အိပ်မက်တစ်ခု လိုပဲ မကြာခင် မေ့ပျောက်သွားမယ့် အရာလို့ ဆိုလိုတာများလား...။"
"တကယ်ပဲ ဒီလိုသာဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ...။"
ဤသို့တွေးလိုက်မိသည်နှင့် လင်းဖန်၏ မျက်လုံးများက အရောင်လက်သွားပြီး ဟင်းလင်းပြင်မြင့်မြတ် နယ်မြေထဲသို့ အလျင်အမြန် ပြန်ဝင်သွားခဲ့လေသည်။ သူသည် အင်မော်တယ်တိမ်တိုက်နှင့် လင်းရှောင်း တို့၏ ဟင်းလင်းပြင်မျှော်စင်များတွင် ချိတ်ဆွဲထားခဲ့သော ဆိုင်းဘုတ်များကို အစားထိုးရန်အတွက် အိပ်မက်ယောင် အာရုံချောက်ချားမှု အာနိသင်ပါသော ဆိုင်းဘုတ် နှစ်ခုကို ထပ်မံ ဖန်တီးရန် ပြင်ဆင်နေ ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဆိုင်းဘုတ်များ၏ လုပ်ဆောင်ချက်များမှာ ကျပန်းဖြစ်ပေသည်။ ထို့ကြောင့် လင်းဖန်သည် ဆိုင်းဘုတ် တစ်ဒါဇင်ကျော် ဖန်တီးပြီးနောက်မှသာ အိပ်မက်ယောင် အာရုံချောက်ချားမှု အာနိသင်ပါသော ဆိုင်းဘုတ် နှစ်ခုကို နောက်ဆုံးတွင် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့လေသည်။
များစွာ ဖြုန်းတီးပစ်ခဲ့ရသော်လည်း လင်းဖန်သည် နောက်ဆုံးရလဒ်ကို ကျေနပ်နေဆဲ ဖြစ်၏။
ထို့အပြင် ဤတစ်ဒါဇင်ကျော်သော ဖန်တီးမှုများ အပြီးတွင် လင်းဖန်သည် ဆိုင်းဘုတ်၏ လုပ်ဆောင် ချက်များနှင့် အသုံးပြုပုံများကို ပိုမို နားလည်သဘောပေါက်လာခဲ့လေသည်။
ဆိုင်းဘုတ်ကို စတင်ဖန်တီးစဉ်က ဗလာသက်သက်သာ ဖြစ်လေသည်။ 'ဟင်းလင်းပြင်မျှော်စင်' ဆိုသည့် စာလုံးများကို အလုပ်ခန့်ထားမှု စာချုပ်ပေါ်ရှိ စုတ်တံဖြင့် ရေးသားထားခြင်း ဖြစ်လေသည်။
အဆုံးတွင်တော့ စုတ်တံသည် ဆိုင်းဘုတ်၏ လုပ်ဆောင်ချက်များအတွက် အဓိက ထိန်းချုပ်ရာ နေရာ ဖြစ်လာခဲ့လေသည်။ လင်းဖန်သည် ဟင်းလင်းပြင်မျှော်စင် တစ်ခုစီ၏ ဆိုင်းဘုတ် လုပ်ဆောင်ချက်ကို စုတ်တံအသုံးပြုကာ အဝေးမှနေ၍ ဖွင့်ခြင်း သို့မဟုတ် ပိတ်ခြင်းများကို ပြုလုပ်နိုင်ပေသေးသည်။
ထို့အပြင် ဟင်းလင်းပြင်မျှော်စင် အပြင်ဘက်တွင် လမ်းသွားလမ်းလာ အများအပြား ရှိနေချိန်၌...၊ လင်းဖန်သည် မည်သူ့ကို ဟင်းလင်းပြင်မျှော်စင်၏ လုပ်ဆောင်ချက် သက်ရောက်စေမည်ကို စုတ်တံဖြင့် ရွေးချယ်နိုင်သေးသည်။
ဤအသုံးပြုပုံများကို သိရှိပြီးနောက် လင်းဖန်သည် ဆိုင်းဘုတ်အပေါ် ပို၍ပင် ကျေနပ်လာခဲ့လေတော့ သည်။
နောက်ရက်အနည်းငယ်အတွင်း...၊ လင်းဖန်သည် ဟင်းလင်းပြင်မျှော်စင် သုံးခုကြားတွင် အသွားအပြန် လုပ်နေခဲ့ပြီး အပေါက်ဝမှ ဖြတ်သန်းသွားသော ကံဆိုးသူများကို ရွေးချယ်နေခဲ့လေသည်။
လင်းဖန်သည် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူတိုင်းကို ခွဲခြားမှုမရှိဘဲ လက်မခံခဲ့ပေ။ အဆင့်နိမ့် ကျင့်ကြံ သူအချို့၏ သိုလှောင်လက်စွပ်များကို လင်းဖန် စိတ်မဝင်စားသောကြောင့် ဂရုမစိုက်ခဲ့ချေ။ လင်းဖန် ရွေးချယ်ခဲ့သော ပစ်မှတ်များအားလုံးမှာ အနည်းဆုံး ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုရှိသူများသာ ဖြစ်ကြလေသည်။
ရက်အနည်းငယ်အတွင်း လင်းဖန်သည် ပေါင်းစည်းခြင်းအဆင့်နှင့် အထက်ရှိ ကျင့်ကြံသူ တစ်ရာကျော် ၏ သိုလှောင်လက်စွပ်များမှ ကြီးမားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့လေသည်။
လင်းဖန်သည် လိုအပ်ချက်ထက် ပိုမိုများပြားသော လက်ဆောင်များကို ရရှိနေစဉ်မှာပင်...၊ ဤကံဆိုး သော ကျင့်ကြံသူများသည်လည်း ဆေးမီးဖိုမျှော်စင်ဆီသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ ကြလေတော့သည်။
ရလဒ်မှာတော့ သဘာဝကျကျပင် အချည်းနှီးဖြစ်ခဲ့ပြီး သူတို့သည် ပြဿနာရှာသည်ဟူသော အကြောင်း ပြချက်ဖြင့် ဆေးမီးဖိုမျှော်စင်မှ မောင်းထုတ်ခံခဲ့ရလေသည်။
ဤနေ့တွင် ထျန်းယွမ်မြို့တော်၏ ဆေးမီးဖိုမျှော်စင်၌ ကျင့်ကြံသူ ရာပေါင်းများစွာ စုရုံးရောက်ရှိနေကြ လေသည်။ ပုံမှန်အားဖြင့် ဖောက်သည် အများအပြား တစ်ပြိုင်နက် ရောက်လာပါက ဆေးမီးဖိုမျှော်စင်ရှိ လူများမှာ ဝမ်းသာလုံးဆို့နေကြမည် ဖြစ်သည်။ သို့သော် ယနေ့တွင်တော့ သူတို့ မပျော်ရွှင်နိုင်ကြပေ။
အဘယ်ကြောင့်ဆိုသော် ထိုနေရာရှိ လူရာပေါင်းများစွာသည် ပြဿနာလာရှာရန် ရောက်ရှိနေကြခြင်း ဖြစ်သောကြောင့်တည်း။
ဆူပူအုံကြွမှုများအတွက် ပေးသော အကြောင်းပြချက်များမှာ အားလုံး အတူတူပင် ဖြစ်သည်။ ၎င်းမှာ သူတို့ ရောင်းချလိုက်သော သိုလှောင်လက်စွပ်များတွင် ပြဿနာရှိနေခြင်းဟူ၍ ဖြစ်လေ၏။
"မင်းတို့ဆီက ငါဝယ်သွားတဲ့ သိုလှောင်လက်စွပ်မှာ ပြဿနာရှိနေတယ်...။ ဒါပေမဲ့ မင်းတို့က ဒီပြဿနာ ကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေကြတယ်...။"
"မင်းတို့ ဆေးမီးဖိုမျှော်စင်က လုပ်ငန်းကြီးလို့ ဖောက်သည်တွေကို အနိုင်ကျင့်ဖို့ ရည်ရွယ်ထားတာ လား...။"
"ငါ မင်းတို့ဆီ ရှင်းလင်းချက် တောင်းဖို့ လာတုန်းက ငါက မင်းတို့ကို ချောက်ချနေတယ်လို့ ပြောခဲ့တယ် လေ...၊ အခုရော...။"
"မင်းတို့ဆီကနေ ဝယ်သွားတဲ့ သိုလှောင်လက်စွပ်တွေနဲ့ ပတ်သက်ပြီး ကျင့်ကြံသူ တော်တော်များများ ပြဿနာကြုံနေရတယ်...။ မင်းတို့ကရော သူတို့အားလုံးကို ချောက်ချနေတာလား...။"
ပုံမှန်အားဖြင့် မည်သည့် ကျင့်ကြံသူကမျှ သူတို့၏ ဆေးမီးဖိုမျှော်စင်တွင် ယခုကဲ့သို့ ပြဿနာ မရှာရဲကြ ပေ။ အကယ်၍ ပြဿနာရှာလာပါကလည်း သူတို့သည် ထိုသူများကို မောင်းထုတ်လိုက်ခြင်း သို့မဟုတ် ဒုက္ခိတ ဖြစ်သွားစေရန်ပင် ပြုလုပ်ပစ်လိုက်ကြမည်သာ ဖြစ်ပေသည်။
သို့သော် ယနေ့ကတော့ မတူညီချေ။ အင်အားစု အသီးသီးမှ ကျင့်ကြံသူ ရာပေါင်းများစွာသည် သူတို့၏ အပေါက်ဝသို့ တစ်ချိန်တည်း ရောက်ရှိလာသဖြင့် သူတို့သည် ယခင်ကကဲ့သို့ မကိုင်တွယ်ရဲကြတော့ပေ။
ထို့ကြောင့် ဆေးမီးဖိုမျှော်စင်တွင် တာဝန်ကျနေသော တပည့်များသည် ဂိုဏ်း၏ အတိဒုက္ခအဆင့် အကြီးအကဲဖြစ်သူ လင်းယုံယွမ်ကို အခြေအနေအား ကြီးကြပ်ရန် အရေးပေါ် ဆင့်ခေါ်ခဲ့ရလေသည်။
ယခုအချိန်တွင် သူသည် လူတိုင်း၏ မေးခွန်းထုတ်မှုများနှင့် ရင်ဆိုင်နေရပေသည်။ အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သော လင်းယုံယွမ်ပင်လျှင် ယဉ်ကျေးသိမ်မွေ့ကာ သည်းခံသောဟန်ဖြင့်သာ ရှင်းပြနိုင်ပေတော့သည်။
"တာအိုရောင်းရင်းတို့...၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ...။ ဒီနေရာမှာ နားလည်မှုလွဲတာ တစ်ခုခုများ ရှိနေလို့ပါလား...။"
"ငါတို့ ဆေးမီးဖိုဂိုဏ်းက ကျုံးကျိုးမှာ ရပ်တည်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ...။ ငါတို့ ရောင်းချခဲ့တဲ့ သိုလှောင်လက်စွပ် အရေအတွက်ကလည်း မရေမတွက်နိုင်အောင်ပါပဲ...။"
"ရောင်းရင်းတို့ ပြောနေတဲ့ အခြေအနေမျိုးက အရင်က တစ်ခါမှ မဖြစ်ဖူးပါဘူး...။"
"ရောင်းရင်းတို့အားလုံး လမ်းမှားရောက်သွားတာများလား...။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ထဲ ကျသွားတာများလား...။"
ဆေးမီးဖိုမျှော်စင်မှ လူများ ငြင်းဆန်သည်ကို ကြားသောအခါ ကျင့်ကြံသူများက တစ်ဖန် စတင် ငြင်းခုံကြပြန်လေသည်။
"အတိတ်မှာ ပြဿနာမရှိခဲ့ဘူးဆိုတဲ့ အချက်က ပြဿနာ လုံးဝမဖြစ်နိုင်တော့ဘူးလို့ ဆိုလိုတာလား...။"
"မင်းတို့က အပြစ်ကို ငါတို့ဆီ လွှဲချပြီး မင်းတို့ရဲ့ အကြွေးတွေကို ငြင်းပယ်ဖို့ ကြိုးစားနေတာလား...။"
"ငါ့ရဲ့ ပိုင်ဆိုင်မှု အားလုံးကို သိုလှောင်လက်စွပ်ထဲ ထည့်ထားခဲ့တာ...။ ဒါတွေအားလုံးက လေထဲ ပျောက်ကွယ်သွားခဲ့ပြီ...။ မင်းတို့ ငါ့ကို ရှင်းလင်းချက် မပေးရင် ငါလုံးဝ ထွက်မသွားဘူး...။"
"မင်းတို့ရဲ့ ဆေးမီးဖိုမျှော်စင်က သိုလှောင်လက်စွပ်ထဲမှာ အရန်အစီအစဉ်တစ်ခု တမင် သက်သက် ချန်ထားခဲ့တယ်လို့ ငါ သံသယဝင်မိတယ်...။ ဒီလိုနည်းလမ်းတွေနဲ့ ပိုက်ဆံရှာဖို့များလား...။"
"ကျစ်...၊ မင်း ပြောလိုက်မှ ငါလည်း သံသယဝင်လာပြီ...။ ကျုံးကျိုးမှာရှိတဲ့ သိုလှောင်လက်စွပ်တွေရဲ့ ခြောက်ဆယ် ရာခိုင်နှုန်းလောက်က ဆေးမီးဖိုမျှော်စင်ကနေ လာတာလေ...။ တကယ်လို့ သူတို့မှာသာ ဒီလို အရန်အစီအစဉ် ရှိနေမယ်ဆိုရင် ဒါက...။"
ကျင့်ကြံသူများထံမှ ပိုမို ဆိုးရွားလာသော စကားများကို ကြားသောအခါ လင်းယုံယွမ်၏ မျက်နှာအမူ အရာက ချက်ချင်း ပြောင်းလဲသွားလေတော့သည်။
ထိုကဲ့သို့သော မှားယွင်းသည့် စွပ်စွဲချက်များကို မပြောသင့်ပေ။ အကယ်၍ သတင်းထွက်သွားပါက ၎င်းသည် ကောလာဟလတစ်ခုမျှသာ ဖြစ်နေဦးတော့ ကျုံးကျိုးရှိ သူတို့၏ ရပ်တည်မှုကို ခြိမ်းခြောက် လာမည် ဖြစ်ပေသည်။
"ပါးစပ်ပိတ်ထား...။ အဓိပ္ပါယ်မရှိတာတွေကို ရမ်းပြောရဲတဲ့သူ ဘယ်သူမဆို ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းက နေရာမှာတင် သတ်ပစ်မယ်...။"
ဆေးမီးဖိုဂိုဏ်း၏ အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် လင်းယုံယွမ်သည် ကြီးမားသော သြဇာ လွှမ်းမိုးမှု ရှိပေသည်။ ထိုစကားကို ပြောလိုက်ပြီးနောက်တွင်တော့ မျှော်လင့်ထားသည့်အတိုင်းပင် ထို နေရာရှိ လူအားလုံးသည် ရမ်းသမ်း ခန့်မှန်းပြောဆိုနေမှုများကို ချက်ချင်း ရပ်တန့်သွားကြလေသည်။
သူတို့၏ မှော်လက်နက်များ ဖန်တီးရာတွင် ချို့ယွင်းချက်များ ရှိသည်ဟု ပြော၍ရသော်လည်း သူတို့ သည် မိမိတို့အတွက် အရန်အစီအစဉ်တစ်ခု တမင်သက်သက် ချန်ထားခဲ့သည်ဟုတော့ ပြော၍ မရနိုင် ချေ။ မည်သို့ပင်ဆိုစေ ဤအခြေအနေ နှစ်ခု၏ သဘောသဘာဝမှာ အလွန်တရာ ကွာခြားလှပေသည်။