← Chapters

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း ၂၁၉

Vol. 22 Ch. 219

အခန်း (၂၁၉) ဆေးမီးဖိုဂိုဏ်းကို စိန်ခေါ်ခြင်း

"ထျန်းယွမ်မြို့တော်က လူတွေ အများကြီး ဒီကိစ္စကို ပြောနေကြတာလေ...။ မင်းတို့က ဘာလို့ သူတို့ဆီ သွားပြီး တစ်ယောက်ချင်းစီကို ရှင်းလင်းချက် မတောင်းတာလဲ...။"

ထို​စကားကို ကြားသောအခါ လင်းယုံယွမ်က ဆက်လက်၍ အေးစက်စွာ နှာမှုတ်လိုက်လေသည်။

"ဟမ့်...၊ ငါတို့က မှန်ကန်နေရင် ဘာမှ ကြောက်စရာ မလိုဘူး...။ ဒါကြောင့် တခြားသူတွေ ဘာပြောပြော ငါတို့ မကြောက်ဘူး...။ အမှန်တရားက တစ်နေ့ကျရင် အမြဲတမ်း ပေါ်လာမှာပဲ...။"

"ဒါပေမဲ့ တချို့ ယုတ်မာတဲ့ လူတွေက ငါတို့ရဲ့ နာမည်ကို အသုံးပြုပြီး လုပ်ကြံဖန်တီးထားတဲ့ လုံခြုံရေး အလွန်ကောင်းမွန်တဲ့ သိုလှောင်လက်စွပ်တွေကို ရောင်းချနေတာကိုတော့ ငါတို့ သည်းမခံနိုင်ဘူး...။"

ထိုစကားကို ကြားသောအခါ လင်းဖန် ပြုံးလိုက်လေ၏။ သူသည် ဟင်းလင်းပြင်လက်စွပ် တစ်ကွင်းကို ချက်ချင်း ထုတ်ယူကာ တစ်ဖက်လူထံ ကမ်းပေးလိုက်လေသည်။

"မင်းတို့ရဲ့ နာမည်ကို အသုံးပြုတယ် ဟုတ်လား...။ ရယ်စရာ ကောင်းလိုက်တာ...။"

"လာ...၊ ကြည့်လိုက်စမ်း...။ ငါ့ရဲ့ ဟင်းလင်းပြင်မျှော်စင်က ဒီဟင်းလင်းပြင်လက်စွပ်အတွက် မင်းတို့ရဲ့ နာမည်ကို ငှားသုံးဖို့ လိုလို့လားဆိုတာကို...။"

"မင်းတို့ကရော ဒီလိုသိုလှောင်လက်စွပ် အမျိုးအစားသစ်ကို ဖန်တီးနိုင်လို့လား...။"

"ဖောက်သည်တွေက ငါတို့ရဲ့ ဟင်းလင်းပြင်လက်စွပ်ကို ရွေးချယ်တာက သူတို့ ရင်ထဲကနေ ငါတို့ကို ယုံကြည်လို့ပဲ...။"

"ဘာပဲဖြစ်ဖြစ် ဒီလောက် လုံခြုံတဲ့ ဟင်းလင်းပြင်လက်စွပ် ရှိနေတဲ့အချိန်မှာ အချိန်မရွေး ပစ္စည်းတွေ ပျောက်ဆုံးနိုင်တဲ့ စျေးပေါတဲ့ သိုလှောင်လက်စွပ်ကို ဘယ်သူက အလိုရှိတော့မှာလဲ...။"

ဟင်းလင်းပြင်လက်စွပ်ကို ယခုလေးတင် လက်ခံရရှိခဲ့သော လင်းယုံယွမ်သည် ၎င်းကို ဇဝေဇဝါဖြစ်စွာ စစ်ဆေးကြည့်လိုက်လေသည်။ မကြာမီမှာပင် အံ့သြသွားသည့် အမူအရာက သူ၏ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

"ဒါ... ဒါက မဖြစ်နိုင်ဘူး...။ ဒါကို ဘယ်လို ဖန်တီးထားတာလဲ...။"

ဆေးမီးဖိုဂိုဏ်း၏ အတိဒုက္ခအဆင့် အကြီးအကဲ တစ်ဦးအနေဖြင့် သူသည်လည်း လက်နက်ဖန်တီးသူ တစ်ဦး ဖြစ်ပေသည်။ သို့သော် များပြားလှသော ဗဟုသုတများ ရှိသည့် သူပင်လျှင် သူ့ရှေ့ရှိ ဟင်းလင်း ပြင်လက်စွပ်ကြောင့် အလွန်အမင်း အံ့သြသွားခဲ့ရလေသည်။

တစ်ဖက်လူ၏ အံ့သြနေသော အမူအရာကို မြင်သောအခါ လင်းဖန်က ဆက်ပြောလိုက်လေသည်။

"အဲ့ဒီတော့ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက ဒီလိုမျိုး မဖန်တီးနိုင်ဘူး မဟုတ်လား...၊ သင်ယူချင်လား...။"

အံ့သြနေဆဲဖြစ်သော လင်းယုံယွမ်သည် ထိုစကားကို ကြားသောအခါ အလိုအလျောက် ခေါင်းညိတ်ချင် သွားခဲ့လေသည်။ ဆေးဆရာများနှင့် လက်နက်ဖန်တီးသူများ ဖြစ်လာနိုင်သူများသည် ဤအသက်မွေး ဝမ်းကျောင်း အလုပ်အပေါ် အလွန်အမင်း စိတ်အားထက်သန်သူများ ဖြစ်ကြလေသည်။

ဤသိုလှောင်ရေး မှော်ပစ္စည်း အမျိုးအစားသစ်သည် သူ့အတွက် အင်မော်တယ် ဖြစ်လာရန် ကျင့်ကြံ ရခြင်း၏ ဆွဲဆောင်မှု ကဲ့သို့ပင် ဆွဲဆောင်မှု ရှိလှပေသည်။

ကံကောင်းထောက်မစွာဖြင့် တစ်ဖက်လူက သူ၏ ပြိုင်ဘက် ဖြစ်နေကြောင်း သူ အချိန်မီ သတိပြုမိသွား ခဲ့လေသည်။ ထို့ကြောင့် သူသည် သင်ယူချင်စိတ်ကို အတင်းအကျပ် ဖိနှိပ်ကာ ခေါင်းမာစွာ ပြောလိုက် လေ၏။

"ဟမ့်...ဒီလို သိုလှောင်ရေး မှော်ရတနာမျိုးက အနည်းငယ် ထူးဆန်းပေမဲ့ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းအတွက် တော့ ဘာမှ မဟုတ်ပါဘူး...။"

"ငါတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက ကျုံးကျိုးမှာ ရပ်တည်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...။ ဘယ်လို ထူးဆန်းပြီး ထူးခြားတဲ့ မှော်ရတနာမျိုးကို ငါတို့က မဖန်တီးခဲ့ဖူးလို့လဲ...။"

"အသေးအဖွဲ ကိစ္စလေးလောက်နဲ့ ဆရာလုပ်ဖို့ ကြိုးစားရဲတယ်ပေါ့...။ မင်းက ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းရဲ့ အနက်ရှိုင်းဆုံး အခြေခံကို အထင်သေးနေတာပဲ...။"

တစ်ဖက်လူ၏ သိသိသာသာ ခေါင်းမာနေသော သဘောထားကို မြင်သောအခါ လင်းဖန်သည် သူ့ဘာ သာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။

သူသည် သူ၏ ကျွမ်းကျင်မှုနှင့် ကိုက်ညီသော ဆေးမီးဖိုဂိုဏ်းကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူတို့ကို သူ၏ လက်အောက်သို့ သိမ်းသွင်းချင်နေခဲ့သည်ပင်။

သူ၏ ကိုယ်ပိုင် ဆေးလုံးများနှင့် မှော်ရတနာများက စွမ်းအားကြီးမားသော်လည်း အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးများကြောင့် ၎င်းတို့သည် နေရာအနှံ့ ပျံ့နှံ့ဖို့အတွက် အဆင်မပြေလှပေ။ ထို့ကြောင့် လင်းဖန်သည် ယခုအချိန်အထိ ဆေးလုံးများနှင့် မှော်ရတနာ အမျိုးအစားများစွာကို မရရှိခဲ့ခြင်း ဖြစ် လေသည်။

အကယ်၍ ဆေးမီးဖိုဂိုဏ်းကိုသာ သူတို့ သိမ်းသွင်းနိုင်မည် ဆိုလျှင်...၊ ထို့နောက် သူတို့၏ သာမန် ဆေးလုံးများကို သူ၏ ကိုယ်ပိုင် အထူး ဆေးလုံးများနှင့် ပေါင်းစပ်လိုက်မည်။ ထိုအခါ သူတို့သည် ထျန်းယွမ်တိုက်ကြီး တစ်ခုလုံးရှိ စီးပွားရေးကို လုံးဝ လက်ဝါးကြီးအုပ်နိုင်မည် ဖြစ်ပေသည်။

ဆေးမီးဖိုဂိုဏ်းမှ လူများကဲ့သို့ အရည်အချင်းရှိသူများအတွက် လင်းဖန်သည် သူတို့ကို အရင်ဆုံး သိမ်မွေ့သော နည်းလမ်းများကို အသုံးပြုကာ သိမ်းသွင်းရန် ရည်ရွယ်ထားလေသည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့် ရက်အနည်းငယ်က ဆေးမီးဖိုဂိုဏ်းမှ ကျင့်ကြံသူများ၏ စရိုက်များ ကို သူ စုံစမ်းမေးမြန်းထားခဲ့သောကြောင့်ပင်။ ထိုဆေးဆရာများနှင့် လက်နက်ဖန်တီးသူများသည် မောက်မာပြီး ခေါင်းမာသည်ဟု နာမည်ကြီးကြလေသည်။

ဤကဲ့သို့သော လူမျိုးကို အတင်းအကျပ် သိမ်းသွင်းခြင်းက ရွှမ်းမင်ဂိုဏ်းနှင့် လင်းရှောင်းဂိုဏ်းတို့ကို သိမ်းသွင်းရသည်ထက် အများကြီး ပိုမို ခက်ခဲနိုင်ပေသည်။ လင်းရှောင်းဂိုဏ်း၏ ဘိုးဘေးပင်လျှင် သူ့ကို သိမ်းသွင်းရန် ကျရှုံးလုနီးပါး ဖြစ်ခဲ့ရလေသည်။ အဆုံးတွင် ပြီးပြည့်စုံသော အင်မော်တယ် ခန္ဓာကိုယ်၏ ဆွဲဆောင်မှုကြောင့်သာ သူ နောက်ဆုံးတွင် လက်နက်ချသွားခဲ့ခြင်း ဖြစ်ပေသည်။

ဆေးမီးဖိုဂိုဏ်း၏ ဘိုးဘေးအတွက်မူ ပြီးပြည့်စုံသော အင်မော်တယ် ခန္ဓာကိုယ်၏ ဆွဲဆောင်မှုက ကြီးမားလှမည် မဟုတ်ပေ။ သူတို့ ဂိုဏ်း၏ သဘာဝအရ အကယ်၍ သူတို့ကို အလွန်အမင်း ဖိအားပေး လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ပါက ၎င်းသည် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေ လိမ့်မည်။

လင်းဖန်ကတော့ ပိုမို သိမ်မွေ့သော ချဉ်းကပ်မှုကို စဉ်းစားထားခဲ့သည်။ သူတို့သည် သူတို့၏ ကျွမ်းကျင် မှု နယ်ပယ်များမှ စတင်ကာ ရန်သူကို မတိုက်ခိုက်ဘဲ သိမ်းသွင်းမည်သာ ဖြစ်လေသည်။

လင်းဖန် နားလည်ထားသည်မှာ ဆေးမီးဖိုဂိုဏ်းအတွင်းရှိ အဆင့်အတန်း ခွဲခြားမှုသည် ကျင့်ကြံမှုအဆင့် အပေါ် အခြေခံထားခြင်း မဟုတ်ဘဲ ဆေးဖော်စပ်နိုင်စွမ်းနှင့် လက်နက်ဖန်တီးနိုင်စွမ်းတို့အပေါ် အခြေခံ ထားခြင်း ဖြစ်လေသည်။

အကယ်၍ လင်းဖန်ကသာ သူတို့ကို လက်နက်ချစေရန် သူ၏ ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးနိုင် စွမ်းများကို ပြသမည်ဆိုပါက သူ့ကို သိမ်းသွင်းရန် အများကြီး ပိုမို လွယ်ကူသွားပေလိမ့်မည်။ ထို့ကြောင့် လင်းဖန် နောက်ထပ် လုပ်ဆောင်ရမည့် အရာမှာ ဆေးမီးဖိုဂိုဏ်းကို ဆေးသန့်စင်ခြင်းနှင့် လက်နက် ဖန်တီးခြင်း နှစ်ခုလုံးတွင် လုံးဝ အနိုင်ယူပစ်ရန်ပင်။

"ဟားဟား...၊ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက တည်ရှိလာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ...။ ဒါပေမဲ့ မင်းတို့ရဲ့ သိုလှောင်ရေး မှော်ရတနာတွေက ဘာတိုးတက်မှုမှ မရှိဘဲ အရင်ကအတိုင်းပဲ ရှိနေသေးတယ်...။"

"မင်းတို့က အတိတ်က အောင်မြင်မှုတွေနဲ့ပဲ ရပ်တည်နေကြပြီး ဘာတီထွင်ဖန်တီးနိုင်စွမ်းမှ မရှိဘူးလို့ ငါ ထင်တယ်...။"

"တာအိုရောင်းရင်း…၊ ခေတ်တွေ ပြောင်းသွားပြီ...။ မင်းတို့ ဆေးမီးဖိုဂိုဏ်းရဲ့ ဆေးသန့်စင်ခြင်းနဲ့ လက်နက် ဖန်တီးခြင်း နည်းလမ်းတွေက ခေတ်နောက်ကျနေပြီ...။"

"ပြီးတော့ ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းကို လုံးဝ အသွင်သစ်နဲ့ အစားထိုးလိမ့်မယ်...။"

လင်းဖန်၏ ရန်စသော စကားများကို တုံ့ပြန်သည့်အနေဖြင့် လင်းယုံယွမ်က အရေးမစိုက်ဟန်ဖြင့် ရယ်မောလိုက်လေ၏။

"ရယ်စရာကောင်းလိုက်တာ...၊ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို အစားထိုးမယ် ဟုတ်လား...။ မင်း အဲ့လို လုပ်နိုင် မယ်လို့ ထင်နေတာလား...။"

လင်းဖန်က အခွင့်အရေးကို ဆုပ်ကိုင်ကာ စကားပြောလိုက်လေသည်။

"သေချာတာပေါ့...၊ တကယ်လို့ တာအိုရဲဘော်က ငါ့ကို မယုံဘူးဆိုရင် ယှဉ်ပြိုင်ဖို့ ရဲရဲ့လား...။"

"ရည်ရွယ်ချက် တူညီတဲ့ ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို နှိုင်းယှဉ်ကြည့်ပြီး မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်း က ပိုထိရောက်မှု ရှိလား ဒါမှမဟုတ် ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက ပိုသာလွန်သလား ဆိုတာ ကြည့်ကြတာပေါ့...။"

ထိုစကားကို ကြားသောအခါ လင်းယုံယွမ်က တွေဝေသွားခဲ့လေသည်။ ဆေးမီးဖိုဂိုဏ်းမှ ကျင့်ကြံသူ တစ်ဦးအနေဖြင့် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတွင် မည်သည့် အင်အားစုကိုမျှ မကြောက် ရွံ့သင့်သော်လည်း...၊

လင်းဖန်၏ သိုလှောင်ရေး မှော်ရတနာကို မြင်ပြီးနောက် သူ အနည်းငယ် မသေချာသလို ခံစားလိုက်ရ လေသည်။ အနည်းဆုံးတော့ သိုလှောင်ရေး မှော်ပစ္စည်းများ၏ အာနိသင်များကို ကြည့်ခြင်းအားဖြင့် သူတို့၏ ဆေးမီးဖိုဂိုဏ်းမှ သိုလှောင်လက်စွပ်များသည် တစ်ဖက်လူ၏ လက်စွပ်များကို မယှဉ်နိုင် ကြောင်း ထင်ရှားလှပေသည်။

တစ်ဖက်လူ၏ တွေဝေမှုကို ခံစားမိသွားသည့်အလား လင်းဖန်က မီးလောင်ရာ လေပင့်ပြောလိုက်လေ သည်။

"မဖြစ်နိုင်တာ...၊ မဖြစ်နိုင်တာ...။ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း မှာ အကောင်းဆုံး မဟုတ်ဘူးလား...။ ဒါကိုတောင် မယှဉ်ပြိုင်ရဲဘူးလား...။"

"မင်းတို့အားလုံး မြင်တဲ့အတိုင်းပဲ...၊ ဆေးမီးဖိုဂိုဏ်းကတောင် ငါတို့ရဲ့ ဟင်းလင်းပြင်မျှော်စင်ကို ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းမှာ မယှဉ်ပြိုင်ရဲကြဘူး... ။သူတို့ရဲ့ အရည်အချင်းတွေကို သူတို့ ယုံကြည်မှု မရှိကြဘူး...။"

"နောင်ကျရင် ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို ဘယ်မှာ ဝယ်ရမလဲဆိုတာ မင်းတို့ကို ငါ ပြောပြနေ စရာ မလိုတော့ဘူး မဟုတ်လား...။"

ယခုလေးတင် လူစုကွဲသွားခဲ့သော ဖောက်သည်များသည် ဆိုင်ထဲမှ ထွက်လာပြီးနောက် အဝေးသို့ မသွားကြသေးပေ။ သူတို့သည် လမ်းပေါ်တွင် နေကာ အဝေးမှနေ၍ ဤမြင်ကွင်းကို ကြည့်ရှုနေခဲ့ကြ လေသည်။ လင်းဖန်က သူတို့ကို ပြောလိုက်သော စကားများကြောင့် သူတို့အကြား ဆွေးနွေးမှုများ ဖြစ်ပေါ်လေတော့သည်။

"ငါ ကြားလိုက်တာ မှန်ရဲ့လား...။ ဆေးမီးဖိုဂိုဏ်းက ဒီလောက်တောင် သတ္တိကြောင်သွားပြီလား...။"

"ဆေးမီးဖိုဂိုဏ်းရဲ့ ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်းမှာ ကြီးစိုးမှုကို စိန်ခေါ်တာက နှစ်ပေါင်းများ စွာအတွင်း မဖြစ်ဖူးတဲ့ ကိစ္စပဲ...။"

"ဒါပေမဲ့ ဒီဟင်းလင်းပြင်မျှော်စင်ရဲ့ သိုလှောင်ရေး မှော်ရတနာတွေက တကယ်ကို အံ့မခန်းပဲ...၊ အကယ် ၍ သိုလှောင်ရေး မှော်ရတနာတွေ ဖန်တီးတာကို နှိုင်းယှဉ်မယ်ဆိုရင် ဆေးမီးဖိုဂိုဏ်းက သူတို့ကို တကယ် မယှဉ်နိုင်ဘူးထင်တယ်...။"

"အကြီးစား အလယ်အလတ်စားနဲ့ အသေးစား အားဖြည့်ဆေးလုံးတွေရဲ့ အာနိသင်တွေကလည်း အံ့မခန်းပဲ...။ ဆေးမီးဖိုဂိုဏ်းက ဒီလိုဆေးလုံးမျိုး ရောင်းတာ ငါ တစ်ခါမှ မမြင်ဖူးဘူး...။"

အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် လင်းယုံယွမ်သည် လမ်းပေါ်ရှိ လူများ၏ ဆွေးနွေးမှုများ ကို သဘာဝကျကျ ကြားနေရပေသည်။ ယနေ့ ဤစိန်ခေါ်မှုကို လက်မခံပါက သူတို့၏ ဆေးမီးဖိုဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ကို သူတို့ သိထားကြလေသည်။

သို့သော် သူက မျက်ကန်းတစ်ယောက်လို ရမ်းသန်း သဘောတူမည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ သူ လုံးဝ သေချာနေမှ ဖြစ်ပေမည်။

"ကောင်းပြီ...၊ ယှဉ်ပြိုင်ကြတာပေါ့...။ နှစ်ပေါင်းများစွာအတွင်း ဘယ်သူကမှ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို စိန်မခေါ်ရဲခဲ့ကြဘူး...။ ဆန့်ကျင်ဘက်အနေနဲ့ ကြောင်သူတော် ကြွက်သူခိုးတိုင်းက ငါ့ရဲ့ ဆေးမီးဖို ဂိုဏ်းရဲ့ ရပ်တည်မှုကို လှုပ်ခါဖို့ ကြိုးစားရဲကြပုံပဲ...။"

"ဒီတစ်ကြိမ်တော့ မင်းတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေဆိုတာကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ဆေးမီးဖို ဂိုဏ်းရဲ့ အစစ်အမှန် အင်အားကို လူတွေကို သိအောင် လုပ်ပေးရမယ်...။"

"ဒါပေမဲ့ ဒါက ပြိုင်ပွဲတစ်ခု ဖြစ်တဲ့အတွက် အရာတစ်ခုတည်း အကြောင်း ဖြစ်လို့ မရဘူး...။ တကယ်လို့ ငါတို့ ယှဉ်ပြိုင်မယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် ယှဉ်ပြိုင်ရမယ်...။"

"ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း နှစ်ခုလုံးကို နှိုင်းယှဉ်ရမယ်...။ ဆေးလုံးတွေရော မှော်ရတနာ တွေကိုပါ သီးခြားစီ နှိုင်းယှဉ်လို့ မရဘူး...။"

"ဒါ့အပြင် ကျင့်ကြံသူတွေကြားက တိုက်ခိုက်ရေး စွမ်းအားကိုလည်း ယှဉ်ပြိုင်သင့်တယ်...။"

လင်းယုံယွမ်သည် သူ ပြောခဲ့သည့်အရာများက အလွန် သတိထားပြီး ပြောခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်​နေခဲ့လေသည်။

အကယ်၍ ၎င်းသာ ပြိုင်ပွဲတစ်ခုတည်း ဖြစ်နေပါက ပြိုင်ဘက်သည် ဤသိုလှောင်လက်စွပ် အမျိုးအစား သစ်ကို အလွယ်တကူ ထုတ်သုံးလာမည်ဖြစ်ရာ သူတို့ အကူအညီမဲ့သွားပေလိမ့်မည်။ သို့သော် အခြား ပြိုင်ပွဲများအတွက်မူ သူတို့ လုံးဝ မကြောက်ရွံ့ကြပေ။

ဤသိုလှောင်လက်စွပ်မှလွဲ၍ တစ်ဖက်လူတွင် အခြား မှတ်သားလောက်စရာများ သိပ်မရှိနိုင်ဘူးဟု သူ ယုံကြည်ထားခြင်းဖြစ်ပေသည်။ သူ၏ လက်အောက်ငယ်သားများ စုဆောင်းလာသော အချက်အလက် များအရ ဟင်းလင်းပြင်လက်စွပ်အပြင် ဟင်းလင်းပြင်မျှော်စင်သည် ကြီးမြတ်သော အားဖြည့်ဆေးလုံး ကိုလည်း ရောင်းချကြောင်း သိရလေသည်။

သူ ကိုယ်တိုင် မမြင်ဖူးသော်လည်း ၎င်း၏ အာနိသင်များက အံ့မခန်း ဖြစ်ပုံရကြောင်း သူ ကြားသိခဲ့ ရလေသည်။ ၎င်းက အဆိုးဆုံး အခြေအနေတွင် တစ်ဖက်လူက သူတို့၏ အားသာချက်အဖြစ် အသုံးပြု နိုင်သည့် အရာပင်။

သို့သော် စုစုပေါင်း ဤနှစ်မျိုးသာ ရှိပေသည်။ ဆေးလုံးများနှင့် မှော်ရတနာ အမျိုးအစားများစွာ ရှိပြီး အမျိုးအစားတစ်ခုစီတိုင်းအတွက် အများအပြားကို နှိုင်းယှဉ်နိုင်ပေသည်။

သူတို့ ဆေးမီးဖိုဂိုဏ်း၏ ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းဆိုင်ရာ ကျယ်ပြန့်သော ကျွမ်းကျင်မှု များကို ထည့်သွင်းစဉ်းစားပါက သူတို့သည် နောက်ဆုံး တိုက်ပွဲတွင် ပြိုင်ဘက်များကို သေချာပေါက် ချေမှုန်းနိုင်မည်သာ ဖြစ်ချေသည်။

All Chapters