အခန်း ၂၂၀
Vol. 22 Ch. 220
အခန်း (၂၂၀) အံ့သြဖွယ်ကောင်းသော လောင်းကြေးတစ်ခု
ကျင့်ကြံသူများကြား ပြိုင်ပွဲတစ်ခု အဘယ်ကြောင့် ထည့်သွင်းရသနည်း ဆိုသည်နှင့် ပတ်သက်၍ သေချာသည်မှာ သူ၏ ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေပေသည်။
သူ၏ လက်အောက်ငယ်သားများ စုဆောင်းလာသော အချက်အလက်များအရ ဟင်းလင်းပြင် မြင့်မြတ် နယ်မြေမှ အဖွဲ့ဝင်များ၏ ကျင့်ကြံမှုအဆင့်များမှာ နိမ့်ကျသည်ဟု ဆိုကြသည်။ သူတို့နောက်ကွယ်တွင် နဝမအဆင့် ဂိုဏ်းသုံးဂိုဏ်း ရှိနေလျှင်ပင် ရွှမ်းမင်၊ အင်မော်တယ်တိမ်တိုက်နှင့် လင်းရှောင်းဟူသော ထို သုံးဂိုဏ်း၏ အင်အားသည် သူတို့၏ ဆေးမီးဖိုဂိုဏ်းနှင့် ယှဉ်လျှင် နိမ့်ကျနေသေးသည်။
ထို့ကြောင့် ကျင့်ကြံသူချင်း ယှဉ်ပြိုင်ရာတွင် ဆေးလုံးများနှင့် မှော်ရတနာများကို အသုံးပြု၍ အသာစီးရ သူများက အနိုင်ရရန် အခွင့်အရေး ပိုများပေသည်။
ထိုအတောအတွင်း လင်းယုံယွမ်က စိန်ခေါ်မှုကို လက်ခံလိုက်သည်ဟု ကြားသောအခါ လင်းဖန်မှာ အလွန် ဝမ်းသာသွားလေတော့သည်။
တစ်ဖက်လူက နောက်ဆုံးတွင် ထောင်ချောက်ထဲ ကျသွားခဲ့ပြီ ဖြစ်ပေသည်။
အချိန်တိုတောင်းလွန်းသဖြင့် တစ်ဖက်လူက သူ၏ အကြောင်းကို သေချာ စုံစမ်းစစ်ဆေးနိုင်ခဲ့မည် မဟုတ်ဟု လင်းဖန် ယုံကြည်ထားခဲ့လေသည်။
ထျန်းယွမ်မြို့တော်ရှိ ဟင်းလင်းပြင်မျှော်စင်တွင် ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံးနှင့် ဟင်းလင်းပြင်လက်စွပ်ဟူ၍ ထုတ်ကုန် နှစ်မျိုးသာ ရောင်းချထားပေသည်။ ဤပစ္စည်း နှစ်မျိုးကိုသာ ရောင်းချခြင်းဖြင့် ဖောက်သည်များအား ဤရောင်းချသူတွင် ဤအရာနှစ်ခုသာ ရှိသည်ဟု ထင်မှတ်မှား သွားစေခဲ့လေသည်။
ထိုအချက်က တစ်ဖက်လူအနေဖြင့် စိန်ခေါ်မှုကို လက်ခံရန် အခွင့်အရေးကို ပိုမိုများပြားသွားစေခဲ့သည် ပင်။
သူသည် နဝမအဆင့် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်း အဆင့်သို့ တက်လှမ်းပြီးနောက် အခြား သူများထက် ပိုမိုများပြားသော အရာများကို ဖန်တီးနိုင်ပြီး ၎င်းတို့၏ အာနိသင်များမှာလည်း အများကြီး ပိုမို အစွမ်းထက်ကြောင်း တစ်ဖက်လူ မသိနိုင်ချေ။
သူကိုယ်တိုင် ဖန်တီးထားသော ဆေးလုံးများနှင့် မှော်ပစ္စည်းများတွင် ဘေးထွက်ဆိုးကျိုးများ ရှိနေသော် လည်း...၊
ခုနက ပြောခဲ့သလိုပင် ဤပြိုင်ပွဲသည် အာနိသင်နှင့်သာ သက်ဆိုင်ပြီး ဘေးထွက်ဆိုးကျိုးများနှင့် ဘာမှ မဆိုင်ပေ။
တစ်ဖက်လူသည် သူ၏ မှော်ရတနာများနှင့် တစ်ခါမှ အဆက်အသွယ် မရှိခဲ့ဖူးရာ ဘေးထွက်ဆိုးကျိုး များ ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။
"ဟားဟား...၊ နောက်ဆုံးတော့ မင်းက လက်ခံရဲသွားပြီပေါ့...၊ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းက ကြောက်ချေး ပါနေပြီ လို့တောင် ငါ ထင်နေခဲ့တာ...။"
"ဒါပေမဲ့ ဆေးမီးဖိုဂိုဏ်းမှာ မင်းရဲ့ အဆင့်အတန်းက ဘာလဲ...။ မင်းက ဆေးမီးဖိုဂိုဏ်းကို ကိုယ်စားပြုနိုင် လို့လား...။"
"ငါတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက မင်းတစ်ယောက်တည်းကို စိန်ခေါ်နေတာ မဟုတ်ဘူးနော်...၊ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်း တစ်ခုလုံးကို စိန်ခေါ်နေတာ...။"
ထိုစကားကို ကြားသောအခါ လင်းယုံယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေ၏။
"ဟမ့်...၊ ငါက ဂိုဏ်းတစ်ခုလုံးကို ကိုယ်စားမပြုနိုင်ရင်တောင် ဒီလို စိန်ခေါ်မှုမျိုးကိုတော့ လက်ခံနိုင် ပါတယ်...။"
"ပိုတိတိကျကျ ပြောရရင် ဆေးသန့်စင်ခြင်းနဲ့ လက်နက်ဖန်တီးခြင်း စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရတဲ့အခါ ဘယ် ဆေးမီးဖိုဂိုဏ်းက ကျင့်ကြံသူမဆို ဂိုဏ်းကို ကိုယ်စားပြုပြီး စိန်ခေါ်မှုကို လက်ခံနိုင်တယ်...။"
"ဒါက ငါတို့ ဆေးမီးဖိုဂိုဏ်းရဲ့ ယုံကြည်မှု အရင်းအမြစ်ပဲ...။"
"ဒါပေမဲ့ မင်းကရော...၊ မင်းနောက်ကွယ်က အင်အားစုတွေကို တကယ် ထိန်းချုပ်နိုင်လို့လား...။"
လင်းဖန်က မဖြေနိုင်သေးခင်မှာပင် လင်းယုံယွမ်က ရုတ်တရက် အေးစက်စက် ရယ်မောလိုက်လေ သည်။
"ဟားဟား...၊ ငါက မေးခွန်းတွေ အများကြီး မေးနေမိတာပဲ...။ ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို စိန်ခေါ်တယ်ဆို တာက မင်းနောက်ကွယ်က အင်အားစုတွေရဲ့ အကြံအစည် တစ်ခု ဖြစ်လောက်တယ်...။"
"တကယ်လို့များ မင်းတို့က ဒီအခွင့်အရေးကို အသုံးပြုပြီး ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းကို နင်းပြီး အာဏာရယူ ဖို့ ကြိုးစားနေတာဆိုရင်တော့ မင်းတို့ လူရွေးမှားသွားပြီ...။"
အတိဒုက္ခအဆင့် ကျင့်ကြံသူ တစ်ဦးအနေဖြင့် တစ်ဖက်လူက သူ့ကို တမင်သက်သက် ရန်စလာလိမ့် မည်ဟု လင်းယုံယွမ် မျှော်လင့်ထားခဲ့မည် မဟုတ်ပေ။
သို့သော် ခဏအကြာတွင် ဤအရာများအားလုံးသည် အစကတည်းက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေ ဆိုသည်၏ အကြံအစည်တစ်ခုသာ ဖြစ်ကြောင်း သဘာဝကျကျ ခန့်မှန်းမိသွားခဲ့လေသည်။
သူ့ကို မြှူဆွယ်ရန်အတွက် သူတို့၏ တပည့်များကို သိုလှောင်လက်စွပ်များဖြင့် ဆွဲဆောင်ခိုင်းခဲ့သည်။ ထို့နောက် ဤအခွင့်အရေးကို အသုံးပြုကာ လူတိုင်းရှေ့တွင် စိန်ခေါ်မှုတစ်ခု ပြုလုပ်ခဲ့သည်။
အကယ်၍ သူတို့သာ လက်မခံရဲပါက ၎င်းသည် သူတို့၏ ဆေးမီးဖိုဂိုဏ်းက ကြောက်ရွံ့နေကြောင်း ဆိုလိုရာရောက်သွားမည် ဖြစ်ပြီး တစ်ဖက်လူက သူတို့ကို အသုံးပြုကာ နာမည်ကောင်း ရသွားနိုင်ပေ သည်။ အကယ်၍ သူတို့ စိန်ခေါ်မှုကို လက်ခံပြီး နောက်ဆုံးတွင် အနိုင်ရသွားလျှင်တောင်...
ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်းတွင် နာမည်ကြီးသော ဆေးမီးဖိုဂိုဏ်းအား ရှုံးနိမ့်သွားခြင်းက တစ်ဖက်လူအတွက် ကြီးမားသော နာမည်သတင်းကို ယူဆောင်ပေးလာမည် ဖြစ်သည်။
အကယ်၍ ပြိုင်ဘက်က ဟင်းလင်းပြင်လက်စွပ်နှင့် ကြီးမြတ်သောပြန်လည်ကုသခြင်းဆေးလုံးတို့၏ အကူအညီဖြင့် တစ်ပွဲ သို့မဟုတ် နှစ်ပွဲ အနိုင်ရသွားပါက ၎င်းသည်လည်း သူတို့၏ နာမည်သတင်းကို ပိုမို ကြီးမားလာစေမည်သာ ဖြစ်လေသည်။
ဘယ်ဘက်ကပဲ ကြည့်ကြည့်...၊ ဤပြိုင်ပွဲမှ နောက်ဆုံးတွင် အကျိုးအမြတ် ရသွားမည့်သူက တစ်ဖက် လူသာလျင် ဖြစ်နေပေသည်။
ယခု သူ သတိထားမိသွားပြီ ဖြစ်သော်လည်း စိန်ခေါ်မှုကို လက်ခံခဲ့ခြင်းအတွက် သူ နောင်တရမည် မဟုတ်ပေ။ အစောပိုင်းက ပြောခဲ့သလိုပင် သူတို့သည် ဆေးသန့်စင်ခြင်းနှင့် လက်နက်ဖန်တီးခြင်း စိန်ခေါ်မှုများကိုပင် လက်မခံရဲပါက သူတို့၏ ဆေးမီးဖိုဂိုဏ်းသည် အမှန်တကယ်ပင် သတ္တိကြောင်သူ များ ဖြစ်သွားပေလိမ့်မည်။
တစ်ဖက်လူ၏ စကားကို ကြားပြီးနောက် လင်းဖန်သည် သူ ဆုံးဖြတ်ချက်ချနိုင်ခြင်း ရှိမရှိကို မရှင်းပြခဲ့ တော့ချေ။
"မင်းက ဒီစိန်ခေါ်မှုကို လက်ခံလိုက်ပြီဆိုမှတော့ အချိန်နဲ့ နေရာကို သတ်မှတ်လိုက်ကြရအောင်...။"
လင်းဖန် စကားပြောလို့ပင် မဆုံးသေးခင် လင်းယုံယွမ်က ကြားဖြတ်ပြောလိုက်လေသည်။
"အချိန်နဲ့ နေရာက စီစဉ်ရ လွယ်ပါတယ်...။ ဒါပေမဲ့ ငါတို့ ဆုံးဖြတ်ရမယ့် နောက်ထပ် ကိစ္စတစ်ခု ရှိသေး တယ်...။"
လင်းဖန်၏ မျက်လုံးများထဲရှိ မေးခွန်းထုတ်နေသည့် အကြည့်ကို မြင်သောအခါ လင်းယုံယွမ်က ဆက်ပြောလိုက်လေ၏။
"ဟမ့်...၊ ပြိုင်ပွဲတစ်ခု ဖြစ်နေမှတော့ လောင်းကြေးတွေလည်း သဘာဝကျကျ ရှိရမှာပေါ့...။"
"ငါ့ရဲ့ ဆေးမီးဖိုဂိုဏ်းက ထိပ်တန်း နဝမအဆင့် ဂိုဏ်းတစ်ခုဖြစ်ပြီး မင်းတို့ရဲ့ ဟင်းလင်းပြင်မြင့်မြတ် နယ်မြေမှာတော့ နဝမအဆင့် အင်အားစု သုံးခု ရှိနေတယ်လို့ ပြောကြတယ်...။ ဒါကလည်း အတော် လေး အင်အားကြီးပုံရပါတယ်...။"
"ဒါဆိုရင် လောင်းကြေးကလည်း အရမ်း နည်းနေလို့ မဖြစ်ဘူးလေ...။"
"ဒီလိုလုပ်ရင် ဘယ်လိုလဲ...၊ လောင်းကြေးအဖြစ် ထိပ်တန်း ဝိညာဉ်ကြော တစ်ခု ထားလိုက်မယ်လေ...။"
"ဘာပဲဖြစ်ဖြစ် မင်းတို့ နောက်ကွယ်မှာ ဂိုဏ်းသုံးဂိုဏ်း ရှိနေတာပဲ။ မင်းတို့ ရှုံးသွားရင်တောင် တစ်ဂိုဏ်း က ဝိညာဉ်ကြော တစ်ခု ထုတ်ပေးလိုက်ရင် ကျန်တဲ့ ဂိုဏ်းနှစ်ခုက လွတ်သွားမှာပဲလေ...။"
လင်းယုံယွမ် ရုတ်တရက် လောင်းကြေး ကိစ္စကို အဆိုပြုလာရခြင်း အကြောင်းရင်းမှာ...၊
အဓိက အကြောင်းရင်းမှာ ဤပြိုင်ပွဲကို တစ်ဖက်လူက ငွေညှစ်ရန် အသုံးပြုသည့် အကြံအစည် တစ်ခု အဖြစ် သူ ရှုမြင်ထားသောကြောင့် ဖြစ်လေသည်။
သူတို့ ကမ်းလှမ်းချက်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူတို့၏ ဆေးမီးဖိုဂိုဏ်းအတွက် ဆုံးရှုံးမှုသာ ဖြစ်ပြီး တစ်ဖက်လူကို သူတို့၏ ဂုဏ်သိက္ခာ တည်ဆောက်ရန် အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားပေမည်။
ထို့ကြောင့် သူ့ဂိုဏ်းမှ ခံစားခဲ့ရသော ဆုံးရှုံးမှုများကို ပြန်လည် အစားထိုးရန်အတွက် အလွန် ခက်ခဲသော လောင်းကြေးတစ်ခု သတ်မှတ်ရန် တွေးတောခဲ့ခြင်း ဖြစ်ပေသည်။
သေချာသည်မှာ အကယ်၍ တစ်ဖက်လူက ကြောက်လန့်ပြီး သဘောမတူခဲ့ပါက ပို၍ပင် ကောင်းသေး သည်။ ၎င်းက သူတို့သည် ပြိုင်ပွဲတွင် မပါဝင်ရဲကြောင်း ဆိုလိုပေသည်။ ထိုအခြေအနေမျိုးတွင် ဆေးမီးဖိုဂိုဏ်းက ပြိုင်ပွဲတွင် မပါဝင်ချင်ဟု အပြစ်တင်၍ မရနိုင်တော့ချေ။
ထို့ကြောင့် ဤလောင်းကြေးသည် အခြေခံအားဖြင့် တစ်ဖက်လူအပေါ် ခက်ခဲသော ပြဿနာတစ်ခုကို တွန်းပို့ လိုက်ခြင်းဖြစ်ပြီး သူတို့ကို လက်ခံရမည်လား၊ လက်မခံရဘူးလား ဆိုသည့် အကျပ်အတည်းတစ်ခုတွင် ကျရောက်သွားစေမည်ပင်။
လင်းယုံယွမ်၏ စကားကို ကြားသောအခါ လင်းဖန်သည်လည်း အံ့အားသင့်သွားခဲ့သည်။ တစ်ဖက်လူက လောင်းကြေးအကြောင်း မပြောခဲ့လျှင်တောင် လင်းဖန်က ဤကိစ္စကို သေချာပေါက် ပြောလာမည် ဖြစ်သည် ။ သို့သော် တစ်ဖက်လူက သူ့ထက် အရင် လက်ဦးသွားခဲ့ခြင်းသာ ဖြစ်လေ၏။
လင်းဖန် အံ့အားသင့်သွားပြီး အချိန်အကြာကြီး ပြန်မဖြေသည်ကို မြင်သောအခါ လင်းယုံယွမ်က သူ ကြောက်လန့်သွားပြီဟု ထင်လိုက်သည်။ သူက ချက်ချင်းပင် လင်းဖန်၏ စကားကို ပြန်လည် အသုံးပြု ကာ ထပ်မံ ပြောဆိုလိုက်လေသည်။
"ဟားဟား...၊ ဘယ်လိုတုန်း...။ မင်းက ဤလောင်းကြေး အသေးလေးကိုတောင် လက်မခံရဲဘူးလား...။"
"ခုနက မင်း ဘာပြောလိုက်တယ်...၊ သတ္တိကြောင်တယ် ဟုတ်လား...။ ငါထင်တာတော့ မင်းနောက်ကွယ် က အင်အားကြီး အင်အားစုတွေက အုပ်ချုပ်နေတာ ထင်တယ်...။"
လင်းယုံယွမ်၏ လှောင်ပြောင်သော စကားများကို ကြားသောအခါ လင်းဖန်သည် ရုတ်တရက် အကြံ တစ်ခု ရသွားခဲ့လေသည်။
လင်းဖန်သည် ထိတ်လန့်သွားသည့် အမူအရာကို တမင် ဟန်ဆောင်လိုက်သည်။ ထို့နောက် တစ်ဖက်လူ ၏ စကားများကြောင့် ဒေါသထွက်သွားပုံရကာ ရန်လိုစွာ ပြောလိုက်လေ၏။
"ဟမ့်...၊ ဘယ်သူက မရဲရမှာလဲ...။ ဒီလောင်းကြေး အသေးလေးက ဘာများ အရေးကြီးလို့လဲ...။"
"မင်းက အကြီးကြီး လောင်းချင်တာပေါ့လေ ဟုတ်လား...။ ကောင်းပြီ... ဒါဆိုရင် ငါတို့ ပိုကြီးအောင် လောင်းကြတာပေါ့...။"
"ငါ့ရဲ့ ဟင်းလင်းပြင်မြင့်မြတ်နယ်မြေရဲ့ ပိုင်ဆိုင်မှု အားလုံးနဲ့ မင်းတို့ရဲ့ ဆေးမီးဖိုဂိုဏ်းရဲ့ ပိုင်ဆိုင်မှု အားလုံးကို လောင်းကြေးထပ်မယ်...။ မင်း လက်ခံရဲလား...။"
လင်းဖန်၏ အဆိုပြုလာသော လောင်းကြေးကို ကြားသောအခါ လင်းယုံယွမ်သာမက ထိုနေရာရှိ ပရိသတ်များပါ အံ့အားသင့်သွားကြလေတာ့သည်။
"ကျစ်...၊ အားလုံးကို လောင်းမယ် ဟုတ်လား...။ အဲ့ဒါရဲ့ အဓိပ္ပါယ်ကို ခင်ဗျား သိရဲ့လား...။"
"အားလုံးကို လောင်းမယ်ဆိုတာ အဓိပ္ပါယ်က တော်တော်လေး ရှင်းလင်းနေတာပဲလေ...။"
"ဘုရားရေ...၊ အနိုင်ရတဲ့ဘက်က ရှုံးတဲ့သူရဲ့ အရာအားလုံးကို မျိုချသွားမယ်ဆိုတဲ့ သဘောလား...။"
"ဒီလောက်ကြီး လောင်းတာ...၊ ဒါကက အစုလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ ဘာကွာတော့မှာလဲ...။"
"အများကြီး ကွာတာပေါ့...။ အနည်းဆုံးတော့ ဒီနည်းလမ်းက ဘယ်သူ့ကိုမှ မသေစေနိုင်ဘူးလေ...။"
"တကယ်ပဲ...၊ အရင်ကလည်း ဒီလို လောင်းကြေးမျိုး ရှိခဲ့ဖူးပါတယ်...။ ဒါပေမဲ့ နဝမအဆင့် အင်အားစု တစ်ခုက ဒီလိုလောင်းရဲတာကို မြင်ဖူးတာတော့ ပထမဆုံးအကြိမ်ပဲ...။"
လူအုပ်ကြီး၏ ဆွေးနွေးသံများကို ကြားသောအခါ လင်းယုံယွမ်၏ မျက်နှာအမူအရာကလည်း လေးနက် သွားလေတော့သည်။
ဤကိစ္စသည် သူ ထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်သွားခဲ့ပြီဖြစ်၏။
သူတို့ဘက်က ရှုံးရန် အခွင့်အရေး မရှိဟု သူ ခံစားရသော်လည်း...၊ဂိုဏ်းတစ်ခုလုံးကို အန္တရာယ်ပြုမည့် ဤကဲ့သို့သော လောင်းကြေးမျိုးကို လွယ်လွယ်ကူကူ ဆုံးဖြတ်၍ မရနိုင်ချေ။
ဆန့်ကျင်ဘက်အနေဖြင့် လင်းဖန်ကတော့ တစ်ဖက်လူကို ခြောက်လှန့်လိုက်နိုင်သည့်အတွက် ပျော်ရွှင် နေဟန် ပြသနေဆဲ ဖြစ်ပေသည်။
သေချာသည်မှာ ဤအရာများအားလုံးသည် သူ၏ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပေသည်။ တစ်ဖက်လူ အနေဖြင့် သူတို့သည် ဟန်ရေးပြနေခြင်းသာဖြစ်သည်ဟု ထင်မှတ်ကာ လောင်းကြေးကို လက်ခံလာစေ ရန် လှည့်စားလိုခြင်းသာ ဖြစ်ပေ၏။
သို့သော် လင်းဖန် စိတ်ပျက်ရမည်မှာ ထင်ရှားလှပေသည်။ ဤမျှ အရေးကြီးသော ကိစ္စအတွက် လင်းယုံယွမ်သည် ဆွေးနွေးတိုင်ပင်ရန် သူ၏ဂိုဏ်းသို့ သေချာပေါက် ပြန်သွားရမည် ဖြစ်ပေသည်။
အပြန်အလှန် ပစ်ပေါက်ခံနေရသော ဘောလုံးကို ရင်ဆိုင်ရချိန်တွင် လင်းယုံယွမ်က လေးနက်သော အမူအရာဖြင့် မေးလိုက်လေသည်။
"မင်းက တကယ်ပဲ ဒီလို လောင်းချင်တာ သေချာလို့လား...။ ဒါက မင်းကို ထောက်ပံ့နေတဲ့သူတွေရဲ့ အကြံဉာဏ်လား...။ ဒါမှမဟုတ် မင်းရဲ့ ကိုယ်ပိုင် အကြံဉာဏ်လား...။"
လင်းဖန်က မောက်မာစွာ ပြန်ဖြေလိုက်လေ၏။
"ဟမ့်...၊ အားလုံး အတူတူပါပဲ...။ ငါက ဟင်းလင်းပြင်မြင့်မြတ်နယ်မြေက ပူးတွဲရွေးချယ်တင်မြှောက် ထားတဲ့ အရှင်မြတ်ပဲ...။ ငါတစ်ယောက်တည်းက လူတိုင်းကို ကိုယ်စားပြုနိုင်တယ်...။"
လင်းဖန်က တစ်ဖက်လူအတွက် မှားယွင်းသော အထင်အမြင်တစ်ခု ဖန်တီးရန် ဤသို့ ပြောလိုက်ခြင်း ဖြစ်လေသည်။
လင်းဖန်၏ စကားကို ကြားသောအခါ လင်းယုံယွမ်သည် တတိယမြောက် အတိဒုက္ခအဆင့်တွင်သာ ရှိသေးသော လင်းဖန်၏ ကျင့်ကြံမှုအဆင့်ကို ကြည့်လိုက်လေ၏။ သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင် သည့် အမူအရာတစ်ခု ပေါ်လာခဲ့လေသည်။
*နဝမအဆင့် ဂိုဏ်းသုံးဂိုဏ်းက မြှင့်တင်ပေးထားတဲ့ အရှင်မြတ် ဟုတ်လား။ သူက တတိယမြောက် အတိဒုက္ခအဆင့်မှာပဲ ရှိသေးတာလေ….။*
*သူတို့က ပြပွဲအတွက် တင်ထားတဲ့ ရုပ်သေးရုပ် ဖြစ်ဖို့များတယ်…။*