← Chapters

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း ၂၂၈

Vol. 23 Ch. 228

အခန်း (၂၂၈) ဂုဏ်ယူပါတယ်...။ မင်းက ထိပ်ပြောင်သွားပြီး ပိုသန်မာလာပြီ...။

ဤမြင်ကွင်းကို စင်ပေါ်စင်အောက်ရှိ လူတိုင်း သဘာဝကျကျပင် မြင်တွေ့ခဲ့ကြရလေသည်။

အချို့လူများမှာ ဤမြင်ကွင်းကြောင့် တုန်လှုပ်သွားကြပြီး အာမေဍိတ်သံများပင် ထွက်ပေါ်လာခဲ့လေ သည်။

"ငါ...၊ ငါ ဘာဖြစ်သွားတာလဲ...။ ငါ သေတော့မှာလား...။"

ဆေးစမ်းသပ်သည့် ကလေးသည်လည်း သူ့ကိုယ်သူ ဖြစ်ပျက်သွားသောအရာကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ရလေသည်။

သူ၏ အခြေခံအုတ်မြစ် ပျက်စီးသွားပြီးနောက် သူ၏ဘဝလည်း ပြီးဆုံးသွားပြီဟု သူ ထင်မှတ်နေ ခဲ့လေသည်။

ဆေးစမ်းသပ်သည့် ကလေး၏ စကားကို ကြားသောအခါ လင်းဖန်က ပြုံးလျက် ရှင်းပြလိုက်လေသည်။

"ဂုဏ်ယူပါတယ်...။ မင်း ထိပ်ပြောင်သွားပြီဆိုတော့...၊ ပိုသန်မာလာဖို့ အချိန်ရောက်ပြီပေါ့...။"

လင်းဖန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သိပ်သည်းလှသော စိတ်ဝိညာဉ်စွမ်းအားများသည် ဆေး စမ်းသပ်သည့် ကလေး၏ ပတ်ပတ်လည်တွင် လျင်မြန်စွာ စုဝေးလာခဲ့ပေသည်။

ထို့အပြင် သူ၏ ခန္ဓာကိုယ်အတွင်းမှလည်း စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား ရုတ်တရက် ထွက်ပေါ် လာခဲ့လေတော့သည်။

စိတ်ဝိညာဉ်စွမ်းအားများ၏ ပေါင်းစပ်လွှမ်းမိုးမှုအောက်တွင် ဆေးစမ်းသပ်သည့် ကလေးသည် နောက်ထပ် ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခံစားလိုက်ရချေသည်။

သာမန်လူအဆင့်မှ ချီစုဆောင်းခြင်းအဆင့် (၁)၊ ထို့နောက် အဆင့် (၂)၊ အဆင့် (၃)... ထို့နောက် လူတိုင်း အံ့သြမှင်တက်သွားစေရန်ပင် သူသည် ချီစုဆောင်းခြင်းအဆင့် (၉) သို့ ချိုးဖျက်ရောက်ရှိသွားပြီးနောက် မည်သည့် အဟန့်အတားမျှမရှိဘဲ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ တိုက်ရိုက် ဝင်ရောက် သွားခဲ့လေသည်။

ထိုမျှနှင့် မပြီးသေးပေ။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ ဝင်ရောက်ပြီးနောက် ဆေးစမ်း သပ်သည့် ကလေး၏ ကျင့်ကြံမှုသည် လျင်မြန်စွာ ဆက်လက်တိုးတက်နေခဲ့ပြီး မကြာမီမှာပင် အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် အလယ်အလတ်သို့ ရောက်ရှိသွားခဲ့ပေသည်။

ဤအချိန်တွင် ဆေးမီးဖိုဂိုဏ်းမှ လူများသည်လည်း အခြေအနေကို သဘောပေါက်သွားကြပြီး ဆေးစမ်းသပ်သည့် ကလေးအား မျက်စိစတင် မှိတ်ပြလာခဲ့ကြလေသည်။

ထိုအတောအတွင်း ဆေးစမ်းသပ်သည့် ကလေးသည် သူ၏ အခြေခံအုတ်မြစ် ပြန်လည်ရရှိလာပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့ ဝင်ရောက်လာခြင်း၏ ပျော်ရွှင်မှုကို ခံစားနေခဲ့သည်။

သို့သော် ဂိုဏ်းမှ လူများက သူ့ကို စူးရဲစွာ ကြည့်နေကြသည်ကို မြင်သောအခါ သူ၏ကျောရိုးတစ် လျှောက် ကြက်သီးမွေးညင်းများ ထပ်မံထသွားခဲ့လေသည်။

*ဒီနေ့ ငါ့ရဲ့ အခြေခံအုတ်မြစ် အဖျက်ဆီးခံရမယ့် ကံကြမ္မာကနေ ငါ လွတ်မြောက်နိုင်ဦးမယ့်ပုံ မပေါ် သေးဘူးပဲ...။*

ဆေးမီးဖိုဂိုဏ်းအတွက် ဆေးစမ်းသပ်သည့် ကလေးအဖြစ် သူ သဘောတူခဲ့ရခြင်း၏ အကြောင်းရင်းမှာ သဘာဝကျကျပင် ဆေးမီးဖိုဂိုဏ်းက ချုပ်ကိုင်ထားသော အားနည်းချက်တစ်ခု သူ့တွင် ရှိနေသော ကြောင့် ဖြစ်ပေသည်။

သူတို့၏ အမိန့်ကို သူသာ မနာခံရဲပါက သူ၏ မိသားစုမှာ သေချာပေါက် ဒုက္ခရောက်ရမည် ဖြစ်ချေသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဆေးစမ်းသပ်သည့် ကောင်လေးသည် သတ္တိမွေးကာ သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို ဒန်တျန် ဆီသို့ ပို့လွှတ်ရန် ပြင်ဆင်လိုက်လေသည်။

သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများကို စတင်ထုတ်လွှတ် တော့မည့် ဆဲဆဲတွင်ပင်...၊

"ပူ..." ဟူသော အသံနှင့်အတူ အသံကျယ်လောင်လှသော လေလည်သံတစ်ချက်က သူ စုစည်းထား သော စိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်း ပျောက်ကွယ်သွားစေခဲ့လေသည်။

ထို့နောက် သူ၏ ချွေးပေါက်များမှတစ်ဆင့် အမည်းရောင် အရည်စက်များ ထွက်ပေါ်လာခဲ့လေသည်။

မကြာမီမှာပင် ဆိုးရွားလှသော အနံ့ဆိုးကြီးက သူ့ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုအနံ့ဆိုးကြောင့် ပင် သူကိုယ်တိုင် သတိလစ်သွားခဲ့လေတော့သည်။

"အော့...၊နံလိုက်တာ...။"

"သောက်ကျိုးနည်း...။ ဘာတွေ ဖြစ်နေတာလဲ...။"

"မြန်မြန်...၊ ငါတို့တွေ အတူတူ မှောနည်းစနစ်သုံးပြီး ဒီအနံ့ဆိုးတွေကို ဖယ်ရှားလိုက်ကြရအောင်...။"

ပရိသတ်များ အခြေအနေကို နားမလည်နိုင်မီမှာပင်။

ဆေးစမ်းသပ်သည့် ကလေးနှင့် အနီးဆုံးတွင် ရှိနေသော ဆေးမီးဖိုဂိုဏ်းမှ လူများသည် အခြေအနေကို စတင် ဖြေရှင်းနေကြပြီ ဖြစ်ပေသည်။

မှော်နည်းစနစ်အချို့ အသုံးပြုလိုက်ရုံဖြင့် အခြေအနေကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့လေသည်။

ဆေးစမ်းသပ်သည့် ကလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် အရည်များကြောင့် ဖြစ်ပေါ်လာသော အညစ်အကြေးများကို ရေနည်းစနစ်ကို အသုံးပြုကာ သူတို့က လျင်မြန်စွာ သန့်စင်ပေးလိုက်ကြသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဆေးမီးဖိုဂိုဏ်းမှ လူများသည် လင်းဖန်အား ဒေါသတကြီး ဖြင့် စိုက်ကြည့်လာခဲ့ကြလေသည်။

*မင်း ဘာတွေများ ဖန်တီးထားတာလဲ…။*

"ဆေးလုံးအများစုက သောက်သုံးပြီးရင် ဆေးနံ့လေး မွှေးပျံ့နေတတ်တယ်...။ ဒါပေမဲ့ ဒီအနံ့ဆိုးကြီးက ဘာကြီးလဲ...။"

မေးခွန်းထုတ်ခံရချိန်တွင် လင်းဖန်က ရိုးရှင်းစွာပင် ရယ်မောလိုက်လေသည်။

"အနံ့မွှေးမွှေး မမွှေးမွှေး ကျွန်တော် ဂရုမစိုက်ဘူး...။ ကျွန်တော် မေးချင်တာက ဒီပွဲစဉ်မှာ ကျွန်တော် နိုင်ပြီလား...။"

ထိုအခါမှသာ အနံ့ဆိုးထွက်လာရသည့် အကြောင်းရင်းကို လူတိုင်း သဘောပေါက်သွားကြလေသည်။

ထို့နောက် သူတို့သည် ဆေးစမ်းသပ်သည့် ကလေး၏ ကျင့်ကြံမှုအဆင့်ကို စစ်ဆေးရန်အတွက် သူတို့၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်ကြလေသည်။

"အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း...။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"

ဤရလဒ်ကို လက်မခံလိုသော ဆေးမီးဖိုဂိုဏ်းမှ အကြီးအကဲဆွန်း သည် ကနဦး အံ့သြသွားပြီးနောက် အပြစ်ရှာရန် စတင်လိုက်လေသည်။

"ဟွန့်...၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း...။ ကျင့်ကြံမှု တိုးတက်လာတဲ့အပိုင်း မှာတော့ မင်းရဲ့ ဆေးလုံးက တကယ်ကို နည်းနည်းလောက် ပိုကောင်းတယ် ဆိုတာ မှန်ပါတယ်...။"

"ဒါပေမဲ့ ဒီလောက်နဲ့တော့ မင်း နိုင်သွားပြီလို့ မဆိုလိုဘူး...။"

ထို့နောက် အကြီးအကဲဆွန်း သည် စင်အောက်ရှိ ပရိသတ်များဆီသို့ အကြည့်လွှဲလိုက်သည်။

"အားလုံးပဲ...။ ခုနက ဆေးစမ်းသပ်ပေးခဲ့တဲ့ ကျွန်တော့်တပည့်ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို ခင်ဗျားတို့ အားလုံး မြင်တွေ့ခဲ့ကြပြီးပြီ...။"

"ကျင့်ကြံမှုအဆင့် တိုးတက်လာတာက ကျွန်တော့်ရဲ့ ဆေးလုံးထက် နည်းနည်းလောက် ပိုကောင်းတယ် ဆိုတာ မှန်ပေမဲ့...။ ဒီလို သနားစရာကောင်းတဲ့ အခြေအနေမျိုးကို ခင်ဗျားတို့ကော လက်ခံနိုင်ကြပါ့ မလား...။"

"အကယ်၍ ခင်ဗျားတို့ကိုသာ ရွေးချယ်ခိုင်းမယ်ဆိုရင် ဘယ်တစ်ခုကို ရွေးချယ်ကြမလဲ...။"

အကြီးအကဲဆွန်း ၏ စကားကြောင့် စင်အောက်ရှိ လူအုပ်ကြီးသည် ခဏတာ တုံ့ဆိုင်းသွားကြပေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် သူတို့သည် တိုးတက်မှု အများဆုံး ပေးစွမ်းနိုင်မည့်အရာကိုသာ သေချာပေါက် ရွေးချယ်ကြမည်သာ ဖြစ်ပေသည်။

သို့ပေမဲ့...၊

*အဲဒီ အနံ့ဆိုးကြီးကို တွေးကြည့်လိုက်တာနဲ့...၊ ငါသာ အဲဒီလို ဖြစ်သွားခဲ့ရင်ကော...။*

ဤအချက်က လူတိုင်းကို တုံ့ဆိုင်းသွားစေခဲ့ပေသည်။

လူအုပ်ကြီး တုံ့ဆိုင်းနေသည်ကို မြင်သောအခါ လင်းဖန်က စကားစလိုက်လေသည်။

"ဟက်...၊ နည်းနည်းလောက် ဟုတ်လား...။ ခင်ဗျားရဲ့ ဆေးလုံးက အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် နှောင်းပိုင်းနဲ့ နီးစပ်သွားရုံလေးတင်လေ...။ ကျွန်တော့်ရဲ့ ဆေးလုံးကကျတော့ အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းကို တိုက်ရိုက် ရောက်သွားစေတာ...။ အဲဒါကိုတောင် နည်းနည်းလောက်ပဲ ကွာတယ်လို့ ခေါ်လို့ရသေးလား...။"

"ပြီးတော့ ဒီတပည့်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ကော...။"

"အကြောင်းရင်းကိုသာ အားလုံး သိသွားကြရင် ဘယ်သူမှ စိတ်ထဲထားနေမှာ မဟုတ်တော့ဘူးလို့ ကျွန်တော် ယုံကြည်တယ်....။"

ပရိသတ်များထံမှ မေးခွန်းထုတ်သည့် အကြည့်များကို မြင်သောအခါ လင်းဖန်သည် ဆက်လက်၍ အချိန်ဆွဲမနေတော့ဘဲ ရှင်းပြလိုက်လေသည်။

"ခုနက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတဲ့ အမည်းရောင် အရည်စက်တွေက အမှန်တော့ သူ့ခန္ဓာ ကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ထုတ်လိုက်တာပဲ...။ အဲဒီကနေတစ်ဆင့် သူ့ရဲ့ ကျင့်ကြံခြင်း အရည်အချင်း ကို မြှင့်တင်ပေးလိုက်တာ...။"

"သူ့ရဲ့ ကျင့်ကြံခြင်းအရည်အချင်း က အရင်ကထက် သိသိသာသာကို တိုးတက်သွားလောက်ပြီ...။"

"အရည်အချင်းကို မြှင့်တင်ပေးတယ်" ဟူသော စကားလုံးများသည် ထျန်းယွမ်မြို့ ရင်ပြင်တစ်ခုလုံးတွင် မိုးကြိုးပစ်ချလိုက်သည့်အလား ပဲ့တင်ထပ်သွားခဲ့လေသည်။

ပရိသတ်များနှင့် ဆေးမီးဖိုဂိုဏ်းမှ လူများသည် မယုံနိုင်စွာဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။

"မဖြစ်နိုင်တာ...၊ ကျင့်ကြံခြင်းအရည်အချင်း ကို မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ ဒီလောက်ကြီးမားတဲ့ အခွင့် အရေးမျိုးကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံး လို အဆင့်နိမ့် ဆေးလုံးမျိုးက ဘယ်လိုလုပ် ပေးစွမ်းနိုင်မှာလဲ...။"

ဆေးမီးဖိုဂိုဏ်းမှ လူများက မေးခွန်းထုတ်လာသောအခါ လင်းဖန်က ပြုံးလျက် ပြောလိုက်လေသည်...။

"ဖြစ်နိုင် မဖြစ်နိုင် ဆိုတာကို ကျွန်တော်တို့ ကိုယ်တိုင် စစ်ဆေးကြည့်လိုက်ရင် မသိနိုင်ဘူးလား...။"

ဤစကားကို ကြားသောအခါ အကြီးအကဲဆွန်း သည် သူ၏ အရည်အချင်း စစ်ဆေးသည့် မှော်လက်နက် ကို ချက်ချင်း ထုတ်ယူကာ ဆေးစမ်းသပ်သည့် ကလေးကို စတင် စစ်ဆေးကြည့်လိုက်လေသည်။

"ပဉ္စမအဆင့် ကျင့်ကြံခြင်းအရည်အချင်း...။ ဒါ...ဒါက...။"

အကြီးအကဲဆွန်း ၏ တုန်လှုပ်နေသော စကားများကို ဆေးမီးဖိုဂိုဏ်း၏ ဂိုဏ်းချုပ် ဟန်ရွှမ်က တိုက်ရိုက် ဖြတ်ပြောလိုက်လေသည်။

အကြီးအကဲဆွန်း ၏ စကားကို သူက ဆက်ပြောလိုက်လေသည်။

"ပဉ္စမအဆင့် အရည်အချင်း...။ ဘာမှတောင် တိုးတက်မလာပါလား...။"

"ငါ့တပည့်က မူလကတည်းက ပဉ္စမအဆင့် ကျင့်ကြံခြင်းအရည်အချင်း ကို ပိုင်ဆိုင်ထားတာ...။"

ဟန်ရွှမ်၏ ဇွတ်တရွတ် ငြင်းဆိုမှုကြောင့် လင်းဖန် အတော်လေး ရယ်ချင်သွားခဲ့လေသည်။

"ခင်ဗျား ဘာပြောလိုက်တာ...။ သူက အရင်ကတည်းက ပဉ္စမအဆင့် ကျင့်ကြံခြင်းအရည်အချင်း ရှိထား တယ်လို့လား...။"

"ခင်ဗျားပြောတဲ့ ဒီတပည့်က အသက်လည်း သိပ်မငယ်တော့ဘူး...။ ဒါတောင်မှ ပဉ္စမအဆင့် ကျင့်ကြံ ခြင်းအရည်အချင်း ရှိထားရက်နဲ့ ချီစုဆောင်းခြင်းအဆင့် မှာပဲ ရှိနေသေးတယ်ပေါ့...။"

"ဒီလိုစကားမျိုးကိုတောင် ဘယ်လိုများ ပြောထွက်ရတာလဲ...။ ခင်ဗျားကိုယ်တိုင်ကော ယုံရဲ့လား...။"

ထို့နောက် လင်းဖန်သည် စင်အောက်ရှိ ပရိသတ်များဆီသို့ အကြည့်လွှဲလိုက်လေသည်။

"တာအိုရောင်းရင်းတို့...။ ဒီစကားကို ခင်ဗျားတို့ ယုံကြလား...။"

ပရိသတ်များစွာကလည်း သဘာဝကျကျပင် မယုံကြည်ကြပေ။

"ဟက်...၊ ပဉ္စမအဆင့် ဟုတ်လား...။ ဒါက နောက်နေတာပဲ...။ ငါ့ရဲ့ စတုတ္ထအဆင့် ကျင့်ကြံခြင်းအရည် အချင်း နဲ့တောင် သူ့အသက်အရွယ်လောက်ဆိုရင် ရွှေအမြုတေအဆင့် ကို ချိုးဖျက်ဖို့ ပြင်ဆင်နေ လောက်ပြီ...။"

"သူ့ပုံစံကို ကြည့်ရတာ...၊ အရင်က သူ့ရဲ့ ကျင့်ကြံခြင်းအရည်အချင်း က တတိယအဆင့် အောက်မှာပဲ ရှိလောက်တယ်...။"

ပရိသတ်များ၏ မှတ်ချက်များကို ကြားသော်လည်း ဟန်ရွှမ်က ဆက်လက်၍ ဆင်ခြေပေးနေဆဲ ဖြစ် သည်။

"ဟွန့်...၊ သူက ငါတို့ဂိုဏ်းရဲ့ တပည့်တစ်ယောက်လေ...။ အရင်က သူ့ရဲ့ အရည်အချင်း ဘယ်လောက်ရှိ လဲဆိုတာကို ငါတို့က မသိဘူးလို့ မင်းတို့ ထင်နေတာလား...။"

"သူ ဒီအသက်အရွယ်အထိ ချီစုဆောင်းခြင်းအဆင့် (၉) မှာပဲ ရှိနေရတဲ့ အကြောင်းရင်းက အရင်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းမှာ ပြဿနာတချို့ ရှိခဲ့လို့ပဲ...။"

ဟန်ရွှမ်၏ ယုတ္တိမတန်သော စကားများကို ကြားသောအခါ ပရိသတ်များစွာမှာ ဆွံ့အသွားခဲ့ကြလေ သည်။

လင်းဖန်ကလည်း သဘာဝကျကျပင် ပြန်လည်တုံ့ပြန်လိုက်လေသည်။

"အို...၊ ဒါဆို ခင်ဗျားတို့ ဆေးမီးဖိုဂိုဏ်းက ဆေးကိုစမ်းသပ်ဖို့အတွက် ကျင့်ကြံခြင်းမှာ ပြဿနာရှိခဲ့တဲ့ ကျင့်ကြံသူကို တမင်သက်သက် ရွေးချယ်ခဲ့တာပေါ့...။"

"ခင်ဗျားတို့က အဲဒီလောက်တောင် ရှုံးမှကြောက်နေတာလား...။"

"ဟားဟား...။ နားလည်ပေးလို့ ရပါတယ်လေ...။ ခင်ဗျားတို့က ကျွန်တော့်ကို မနိုင်နိုင်ဘူးဆိုတာ အစ ကတည်းက သိနေလို့ ဒီလိုလုပ်ခဲ့တာ ဖြစ်ရမယ်...။"

ထိုအချိန်တွင် ပရိသတ်ထဲမှ တစ်စုံတစ်ဦးက စကားပြောလာခဲ့လေသည်။

"ဟားဟားဟား...။ ဆေးမီးဖိုဂိုဏ်းက ဒီလိုနည်းလမ်းမျိုးကိုတောင် သုံးရလောက်အောင် ကိုယ့်ကိုယ် ကိုယ် ဘယ်လောက်တောင် ယုံကြည်မှု ကင်းမဲ့နေတာလဲ...။"

"ပွင့်ပွင့်လင်းလင်းပဲ အရှုံးပေးလိုက်တာက ပိုကောင်းမယ်လို့ ထင်တယ်...။ အနည်းဆုံးတော့ အဲဒီလို လုပ်ရင် ခင်ဗျားတို့ရဲ့ ဂုဏ်သိက္ခာကို နည်းနည်းလောက်တော့ ဆက်ထိန်းထားနိုင်ဦးမှာပေါ့...။"

သာမန်ကျင့်ကြံသူများဆိုလျှင်မူ ဤသို့ ပြောရဲမည်မဟုတ်ပေ။ သို့သော် ယနေ့ ပရိသတ်များထဲတွင် နဝမတန်းစားဂိုဏ်းများမှ ကျင့်ကြံသူ အတော်များများ ပါဝင်နေခဲ့ပေသည်။

သူတို့၏ဂိုဏ်းများသည် ဆေးမီးဖိုဂိုဏ်းလောက် အင်အားမကြီးမားလျှင်တောင်မှ သူတို့ကို ကြောက်ရွံ့ နေခြင်းတော့ မရှိပေ။

ထို့ကြောင့် သူတို့ စကားပြောသည့်အခါတွင်လည်း သဘာဝကျကျပင် မည်သည့် ထိန်းချုပ်မှုမျှ မရှိ ကြပေ။

လင်းဖန်သည် ပရိသတ်များ၏ စကားကို ကြားသောအခါ အနည်းငယ် ဦးညွှတ်လိုက်လေသည်။

"အခုလို ဝင်ပြောပေးတဲ့ တာအိုရောင်းရင်းတွေကို ကျေးဇူးတင်ပါတယ်...။"

"ကိစ္စမရှိပါဘူး...။ သူတို့ ဝန်မခံချင်လည်း ရပါတယ်...။ ဆေးစမ်းသပ်ဖို့ တခြား ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပဲ ကျွန်တော် ထပ်ရှာလိုက်ပါ့မယ်...။"

All Chapters